သူကလူဆိုး
Vol. 5 Ch. 31
သဇင်ကျော် အိမ်ပြန်ရောက်တော့ မှောင်လေပြီ။ အဖေနှင့်အမေက ဘာမှမပြောသော်လည်း ၃ နှစ်ငယ်သည့်မောင်လေးက ဆူပုတ်နေ၏။
“ အစ်မ .. နင်ကလည်း ကြာလိုက်တာ ၊ ဆရာမပါနေလို့နော် ၊ မဟုတ်ရင် ငါပြောပြီးပြီ ”
ကောင်လေးက အစ်မကို အလွန်အူတိုသူပီပီ ဗျစ်တောက်ဗျစ်တောက်ပြောသည်။
“ အေးပါဟာ ၊ ရော့ နင့်အတွက် မုန့်ဝယ်လာတာ ”
သဇင်ကျော်က မောင်လေးအထာကို သိသည်မို့ မုန့်ကျွေး၍လျော့လိုက်သည်။ ထို့နောက် ရေတွင်းဘက်သွားကာ ရေချိုးရန်ပြင်လိုက်၏။
“ သမီးရေ .. နင့်မောင်ကို အရေးလုပ်မနေနဲ့၊ အအေးလည်းမိအုံးမယ် .. မြန်မြန်ချိုးနော် ”
ဗွီဒီယိုကြည့်နေရင်းမှ အမေဖြစ်သူက လှမ်းအော်လိုက်သည်။ အဖေကတော့ လူအေးကြီးဖြစ်၏။
အမေ့ကို စိတ်ချရန်ပြောပြီး ရေခပ်ရန် တွင်းဘက် သူထွက်လာခဲ့သည်။ အင်တုံထဲ ရေအပြည့်ဖြစ်သော်လည်း မနက်သုံးရအောင် ချန်ထားချင်၍ဖြစ်၏။
“ ခလောက် ”
“ ခလောက် ”
“ ရေက ဘယ်ရောက်သွားတာလဲ ”
သဇင်ကျော့်ရေဘုံးက တွင်းအောက်ခြေကို ထိမိသံသာထွက်လာသည်။
“ အမေ ရေတွေအကုန်သောက်လိုက်ပြီ ”
ခပ်ချောချောအမျိုးသမီးတယောက် သူ့နောက်မှ ရုတ်တရက်ပေါ်လာသည်။
“ ဘယ်က အမေလဲ ၊ ရှင်က ကျမအမေမှ မဟုတ်ဘဲ ”
သတ္တိကောင်းလှသော်လည်း သဇင်ကျော် အနည်းငယ်တော့ လန့်သွား၏။ အဝတ်အစားမှာ ဇာတ်ပွဲများတွင်ပါသည့် မင်းသမီးကြီးပုံစံကိုမှ မြင်ဖူးသည်ထက် ၅ ဆမက သားနားနေသည်။ ဆံပင်ပုံစံကလည်းထူးဆန်းနေကာ ခြေက ဗလာနှင့်ဖြစ်၏။
“ အစ်မက ဘယ်သူလဲ ၊ သူများခြံထဲ ဘာဝင်လုပ်တာလဲ ၊ ကျမအော်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ ”
အမေညွန့်စကားကိုနားထဲပြန်ကြားယောင်မိပေမယ့် မဖြစ်နေဖို့သာဆုတောင်းရင်း သူ ယုတ္တိရှိရှိတွေးကာ ခပ်တင်းတင်းမေးလိုက်သည်။
“ သမီးက အခြေအနေကို လက်မခံချင်တာဘဲ၊ အော်ကြည့်လိုက်လေ ၊ ပြီးတော့ အမေက သမီးကောင်းဖို့အတွက် လာခဲ့တာပါ ”
ထီးဟန်နန်းဟန်နှင့်အမျိုးသမီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
ထင်သည့်အတိုင်း သဇင်ကျော်အော်ခေါ်သော်လည်း မည်သူမျှ ရောက်မလာကြချေ။ သူ ထမိန်ရင်ကန့်ကိုနောင်းနောင်းတင်းလိုက်ရင်း
“ ကြောက်စရာကောင်းတာပဲ ၊ အခုက ဒီတိုင်း သရဲလာခြောက်တာလား ၊ လူကိုအန္တရာယ်ပြုချင်နေတာလား ၊ ကျမက မကြောက်တတ်ဘူးနော် ”
အမျိုးသမီးက သဘောကျစွာပြုံးရင်း
“ အမေက အဲ့လောက်ရုပ်ဆိုးနေလို့လား ၊ သတ္တိတော့ ကောင်းသားပဲ ၊ တော်သေးတယ် စောစောလာမိတာ ”
သဇင်ကျော် အမျိုးသမီးကို နားမလည်စွာကြည့်ပြီး
“ ရှင်နဲ့ ကျမက ထံကုန်ကွာမှ ၅ နှစ်ပေါ့ ၊ ဘာလဲ … ရူးနေတဲ့သရဲလား ၊ ဘယ်သူ့မှ အကူအညီမတောင်းနိုင်ပေမယ့် ကျမမှာ ခြေတွေ လက်တွေရှိသေးတယ်နော် ”
အမျိုးသမီးမျက်နှာ အနည်းငယ်တည်သွားပြီး ပြန်ပြုံးလိုက်ကာ
“ အမေက သမီးကိုလာခေါ်တာ ၊ ဒီဘဝက သမီးပျော်ရအောင် ခဏပေးနေထားရုံပဲ ၊ သမီးတကယ့်ဘဝက အမေ့သမီးဘဝလေ ”
ဤအပြောအဆိုကို အနောက်ပိုင်းဇာတ်ထုတ်များတွင် သူကြားဖူးသည်။ သဇင်ကျော် ကြောက်ဒူးတုန်မိသွားကာ စဉ်းစားမိသမျှ ဘုရားစာများကို လျှောက်ရွက်တော့၏။
“ သမီးက ဘုရားစာတကြောင်းမှကောင်းကောင်းမရဘဲ ၊ အမေတောင်ပြန်သင်ပေးရမယ်ထင်တယ် ”
အမျိုးသမီးက ရယ်ရင်း ရှေ့တိုးလာကာ သဇင်ကျော့်ကို ပွေ့ဖက်လိုက်သည်။
“ အ … ”
___________________
ငထက်တယောက် ရေချိုးရန်ထွက်သွားသည့် အစ်မကို စောင့်ရင်း စိတ်မရှည်ဖြစ်လာသည်။ သူ အခုထိ ထမင်းမစားရသေးချေ။
“ အမေ , အဖေ … အစ်မသွားတာကြာနေပြီနော် ၊ ခေါ်ကြည့်အုံး .. လင်နောက်လိုက်သွားအုံးမယ် ”
“ တယ် … ဒီကောင်လေး ကိုယ့်အစ်မကို အဲ့လိုပဲပြောရလား ၊ ငါခေါ်ကြည့်ပေးမယ် ”
မငုဝါ ဗွီဒီယိုကြည့်နေရာမှထ၍ အနောက်သို့ထွက်လာရင်း သဇင်ကျော့်ကို လှမ်းခေါ်ကြည့်သည်။ သို့သော် ပြန်ထူးသံမကြားရပေ။
“ ယောက်ျား ထအုံး ”
မငုဝါ သမီးဖြစ်သူ တကယ်ပဲ လင်နောက်လိုက်ပြီထင်ပြီး လန့်သွားသည်။ ငထက်ပါ ထလာပြီး
“ ဖြစ်ပြီမလား ၊ အစ်မကို လိုက်နေတဲ့ကောင်တွေရှိပါတယ်ဆို ၊ ကျနော့်သူငယ်ချင်းတွေတောင်ပါသေးတယ် ”
မငုဝါ ထိတ်ထိတ်ပြာပြာနှင့် ခြုံအနောက်ဘက်ဆင်းသွားသည်။
“ ဟင် ”
“ သမီး … ”
သဇင်ကျော့်ကို မြေပေါ်တွင် ပက်လက်ကလေး လဲကျနေသည်ကို တွေ့ရ၏။ ခန္ဓာကိုယ်က အေးစက်နေသည်။
“ ငထက် .. စောင်သွားယူ ”
“ ဟုတ် အမေ ”
အဝေးမှ ကြောင်အအဖြစ်နေသည့် သားအဖနှစ်ယောက်လည်း စောင်ပြေးယူပြီး ပြန်လာကြသည်။
“ ယောက်ျားရေ … သမီးလေးကို ခေါ်မရဘူး ၊ တကိုယ်လုံးလည်း အေးစက်နေတာပဲ ၊ ဆရာပြန်ရောက်ပြီလား … ဆရာ့ဆီသယ်သွားကြမယ် ”
မငုဝါ ငိုကြီးချက်မ,ဖြစ်ကာ တက်မတတ်ဖြစ်နေ၏။ သွေးခုန်နှုန်း စမ်းကြည့်နေသည့် အဖေ့တွင်လည်း မျက်ရည်များက စီးကျနေသည်။
“ မိန်းမ … သမီးလေး အသက်မရှိတော့ဘူးဟ ”
ဘေးတွေကြောင်ကာရပ်နေသည့် ငထက် သွေးပျက်သွားသည်။
“ အစ်မ … ”
“ အစ်မ … ဟီး ”
“ အစ်မ … နင် မေ-ရဘူး ”
“ ဟီး … အစ်မ ”
“ သမီးရေ … ”
“ ဟီး ဟီး ”
အိမ်နီးနားချင်းများရောက်လာကြသည်။ အသက်မဲ့နေသည့် သဇင်ကျော့်ကို ကြည့်ကာ အားလုံး စုတ်တသတ်သတ်ဖြင့်ရှိနေကြ၏။
___________________
“ အမေ ”
“ သမီး အကုန်ပြန်မှတ်မိပြီလား ”
သဇင်ကျော် ရင်းနှီးနေသည့် ပတ်ဝန်းကျင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ လူ့ဘဝကိုရောပဲ … ”
ဘေးမှ အမျိုးသမီးက
“ ဒါတွေက ကြာရင်မေ့သွားမှာပါ ၊ အမေတို့အတွက်တော့ အချိန်တွေ ပိုလွန်းလှပါတယ် ”
သဇင်ကျော် မည်သို့မျှ ပြန်မပြောဖြစ်ပေ။ အမျိုးသမီးလည်း အခြေအနေကိုရိပ်မိဟန်ဖြင့် အနားမှ ထွက်သွား၏။
___________________
“ သမီး ဘာပြောလဲ ”
“ ဘာမှတော့ မပြောဘူး ၊ ဒါပေမယ့် သိပ်ကျေနပ်ပုံလည်းမရဘူး ”
“ ဘယ်ကျေနပ်မလဲ ၊ အခုကိစ္စက နဂိုအစီအစဉ်မှ မဟုတ်တာ ၊ ဟိုကောင်လေးသာ ဝင်မရှုပ်ရင် ငါတို့ကြားမှာ အခုလို စိတ်ဝမ်းကွဲရမှာ မဟုတ်ဘူး ”
ဝေဝေဝါးဝါးပုံရိပ်နှစ်ခုမှ အပြန်အလှန်စကားပြောသံက အခန်းဖွဲ့စည်းပုံကြောင့် ထူးထူးခြားခြားတိတ်ဆိတ်နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အနည်းဆုံး တန်ဖိုးကြီးပစ္စည်းကပင် ရွေစင်အတုံးအခဲများဖြစ်နေ၍ ဤနေရာသို့ ရောက်လာမည့်သူများအနေဖြင့် လောဘဇောကို မည်သို့မျှ ထိန်းချုပ်နိုင်မည်မထင်ပေ။
____________________
တနင်္ဂနွေမနက်
“ ကလေးမလေးသနားပါတယ် ၊ ငယ်ငယ်ရွယ်ရွယ် လှလှပပလေးနဲ့ ၊ သူ့မိဘတွေ ဘယ်လောက်တောင် နှမျောနေလိုက်မလဲ ”
ဝေယျာဝစ္စဝိုင်းကူရင်း အဒေါ်ကြီးတစ်ယောက်မှ စကားစလိုက်သည်။
“ တိုးတိုးပြောပါအေ ၊ ညက မငုဝါ ငိုရင်းသတိလက်သွားသေးတယ် ၊ အခုလည်း ကြည့်ပါလား ခြေပစ်လက်ပစ်နဲ့မှိုင်နေတာ ၊ သူ့ယောက်ျားအထိန်းတော်လို့သာပဲ ”
“ အေးလေ ဒါနဲ့ ဟိုကလေးကြည့်ရတာ မငိုဘဲနဲ့ ဘာကိုဒေါသဖြစ်နေတာလဲမသိဘူးနော် ”
“ ပေါက်စလေးက အဲ့အတိုင်းပဲ ၊ အခုလည်း သူ့အစ်မအခုလိုဖြစ်ရတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုပြီး ဟိုလူ့ရမ်းကြိမ်း , ဒီလူ့ရမ်းကြိမ်းလုပ်နေတာ ”
“ ထူးဆန်းတယ်နော် အကောင်းကြီးကနေ ရုတ်တရက်ဖြစ်သွားတာ ၊ ဘာရောဂါမှလည်း မရှိဘဲနဲ့ ၊ ထိခိုက်ဒဏ်ရာလည်း တစ်ခုမှ မရှိဘူးတဲ့ ”
“ အေးလေ … ဆေးမှူးရှိရင်တော့ ဘာဖြစ်တာလည်း ပိုသိရမယ်ထင်တယ် ”
ဤသို့ဖြင့် သဇင်ကျော်တို့အိမ်မှာ နာရေးဖြင့် စည်ကားလျက်ရှိသည်ကို ဆရာမလေးတို့မြင်နေရသည်။
“ ဆရာမ သမီးတို့လည်း ဝင်ကြမယ်လေ ”
ရတနာထွန်းမျက်ရည်သုတ်ကာ ဆရာမလေးနှင့်အတူ အိမ်ထဲဝင်လိုက်သည်။
“ အစ်မ ကျနော့်ကိုပြောစမ်းပါဗျာ ၊ ဒီရက်ထဲ ကျနော့်အစ်မကို ဘယ်ကောင်တွေ လိုက်ချောင်းနေတာ သတိထားမိလဲ ”
ရတနာထွန်း လန့်ဖြန့်မတတ်ဖြစ်သွားသည်။ အထဲပင် မရောက်သေး အရေးတကြီးပြေးဝင်လာပြီး မေးလိုက်သည့် ငထက်စကားက အခုပဲ တစ်ခုခုထလုပ်တော့မည့်ပုံ။
“ ငထက် … နင် ခေါင်းအေးအေးထား စဉ်းစားအုံး ၊ နင့်အစ်မသာ အနားမှာရှိရင် အခုလို မဆင်မခြင်လျှောက်လုပ်နေတာတွေကို ကြိုက်မှာ မဟုတ်ဘူးနော် ”
“ ကျနော် … ”
ဘယ်သူ့မှ လာမဖြောင်းဖျအား၍ သောင်းကျန်းချင်နေသည့်စိတ်တို့ အနည်းငယ် တွေဝေသွားသည်။
“ သားအစ်မကို ဆရာမတို့နှုတ်ဆက်ချင်လို့ ၊ လိုက်ပို့ပေးပါလား သား ”
ထိုအခါမှ ငထက် အားနာသွားကာ ရုပ်ကလပ်ရှိရာဘက်သို့ ဦးဆောင်ခေါ်သွားလိုက်၏။ သို့သော် ကလေးပဲရှိသေး၍ အစ်မဖြစ်သူကို မြင်ပြီး မျက်ရည်များတစမ်းစမ်းဖြစ်လာကာ ဟိုလူ့ကြိမ်း ဒီလူ့ကြိမ်းဖြင့် ထွက်သွားပြန်သည်။
‘ ဆရာမအရောက်နေကျသွားတယ် သမီးရယ် ’
ဆရာမလေး သဇင်ကျော့်ကို ဝမ်းနည်းစွာကြည့်ရင်း ရတနာထွန်းကို ခဏထားခဲ့ကာ အိမ်အနောက်ဘက်သို့ ထွက်လာခဲ့သည်။ တခြံလုံးမှာ ချက်ပြုတ်သူ , သတင်းမေးသူတို့နှင့်ပြည့်နေ၍ လုပ်ရကိုင်ရတော့ ခက်နေ၏။
“ … ”
ရေတွင်းနားတွင် လူအနည်းငယ်ရှင်းတုန်း ဆရာမလေး လက်ဟန်တခုပြင်ကာ အသံတိုတချက်ထုတ်လိုက်သည်။ ရေးတေးတေး မြင်ကွင်းတစ်ခုခဏပေါ်လာကာ ပြန်ပျောက်သွား၏။
“ ဆရာမ ဒီရောက်နေတာလား ”
ရတနာထွန်းရောက်လာ၍ ဆရာမလေး လုပ်လက်စဖြတ်ကာ လှည့်ပြုံးလိုက်သည်။
“ အေးကွယ် … သမီးကျန်ခဲ့အုံးမလား ၊ ဆရာမ လူကြီးတွေကို နှုတ်ဆက်ပြီးရင် ပြန်တော့မလို့ ”
ရတနာထွန်း နှပ်ညှစ်လိုက်ကာ
“ သမီးကျန်ခဲ့မယ် ဆရာမ ”
နေ့လည်ခင်းဖြစ်၍ အပြင်မှာအတော်ပူနေ၏။
___________________
“ ရှင်သူ့ကို သိလား ”
ဆရာမလေးထွက်သွားတော့ ရေတွင်းနားမှ ပုံရိပ်တခုထွက်လာသည်။ သို့သော် သွားလာလှုပ်ရှားနေသူများက မရှိသကဲ့သို့ ကျော်ဖြတ်သွားကြ၏။
“ မသိဘူး ရှင်မ ၊ ဒါပေမယ့် သူ့အငွေ့အသက်က ကြောက်စရာကောင်းတယ် ၊ အောက်လမ်းဆရာတွေနဲ့မတူသလို အထက်လမ်းဆရာတွေလိုလည်း မဟုတ်ဘူး ”
နောက်ထပ်ပုံရိပ်တခုက ပြန်ဖြေလိုက်သည်။
“ အစွမ်းထက်လွန်းတယ် ၊ ကျမတောင် ကြက်သီးထသွားတာပဲ ၊ သူက ဘာအမျိုးအစားလဲ ”
“ လမ်းကြောင်းအမြန်ရှင်းလိုက်နိုင်လို့ တော်သေးတယ် ၊ ဖြစ်သလိုသာထားလိုက်ရင် သူငါတို့ဆီရောက်လာနိုင်တယ် ၊ ဒီကကောင်လေးတွေကိုလွှတ်ပေးလိုက်တော့ ... ငါတို့ပြန်ကြမယ် ”
“ ခဏနေအုံး … ”
အမျိုးသမီးဟု ထင်ရသည့်ပုံရိပ်မှ ငိုရင်း ရေတွင်းဘက်လျှောက်သော ငထက်ကို တွေ့သွားကာ အကြံတခုရသွားဟန်တူ၏။
___________________
ကြည်သန့်မေ အိမ်တံခါးပိတ်ပြီး ခုံတွင်ထိုင်ကာ စဉ်းစားနေသည်။ ဤကိစ္စက ရုတ်တရက်ဖြစ်သွားသည်မို့ သူသတိမထားမိလိုက်ချေ။
‘ သဇင်ကျော်က သိုက်ဆက်လား ’
သူမသိခဲ့ပေ ၊ သို့သော် မြင်လိုက်ရသည့် ပုံရိပ်ယောင်အရ အချက်အလက်တို့က ထို့သို့သာ ညွှန်ပြနေ၏။
‘ မောင်ရင့်တုန်းက မူလကိုယ်ကို အတင်းလဲလိုက်တာ အခုထိ ဒဏ်ခံနေရတုန်းပဲ ၊ ဘာမှ စိတ်တိုင်းကျသုံးလို့မရသေးဘူး ’
သူ ဖြစ်သွားသည်ကိုသာကြည့်နိုင်သည်။ ဘယ်ကိုလိုက်ရမယ် ရှာမရဖြစ်နေ၏။
‘ အားပြန်ဖြည့်မှရမယ် ’
ကြည်သန့်မေ အခန်းရှင်းကာ ပတ်ပတ်လည်ကို ခန်းစီးကြီးများနှင့် ဝန်းရံလိုက်သည်။ ထို့နောက် အဝတ်များချွတ်ချလိုက်ကာ ကိုယ်လုံးတီးဖြင့် အရံအတားထဲသို့ ဝင်သွား၏။ မြင်ကွင်းက မိန်းမချင်းပင် မနာလိုရလောက်အောင် နှာခေါင်းသွေးလျှံစရာတော့ ကောင်းနေသည်။
“ ဝှက် ”
လေပွေတခု အရံအတားထဲတွင်ပေါ်လာပြီး ရောင်စုံအလင်းတန်းများလည်း ဖြာထွက်နေ၏။
တနာရီ
နှစ်နာရီ
သုံးနာရီ
လေးနာရီ
ငါးနာရီ
ခြောက်နာရီ
“ ဖြတ် … ”
အလင်းရောင်များ ပြန်မှိန်သွားကာ လေပွေပါ ငြိမ်ကျသွားသည်။ ခန်းစီးစလှုပ်ခပ်သွားပြီး ခလေးမလေးတယောက် လမ်းလျှောက်ထွက်လာသည်။
တလှမ်း
နှစ်လှမ်း
သုံးလှမ်း
ခြေလှမ်းတိုင်းက လူကိုတဖြေးဖြေးအရွယ်ရောက်စေသည်ဆိုသည့်စကားမှာ ဤနေရာတွင် အလွန်မှန်သွားလေပြီ။ တမိနစ်ပင်မပြည့်လိုက် ခန္ဓာကိုယ် အချိုးအစားများ နေရာတကျပြန်ဖြစ်လာကာ ကောက်ဝတ်လိုက်သည့် အဝတ်များနောက် ပျောက်ကွယ်သွား၏။
“ ညမှောင်ပြီဆိုတော့ လုပ်ငန်းလည်း စရအုံးမယ် ”
ထို့နောက် ခြုံလွှာတခု ဘွားခနဲပေါ်လာကာ ကြည့်သန့်မေကို ထပ်မံဖုံးအုပ်သွားပြီး အလှပေါ် အယဉ်ဆင့်သလို အသွင်သစ်တခု ပေါ်လာစေသည်။ မောင်ရင့်သာ အနားမှာ ရှိလျှင် ဤ အသွင်ကို သူမှတ်မိနိုင်လောက်၏။
#သုတဈာန်
#သာလွန်ပညာရှင်
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ