ပဋိပေက္ခ
Vol. 5 Ch. 32
“ မောင်ရင့် ဘာဖြစ်လို့လဲ ”
ကျောင်ခေါင်စိုးရိမ်တကြီးမေးလိုက်သည်။
“ ရင်ထဲတမျိုးကြီးဖြစ်သွားလို့ … သေချာမပြောတတ်ဘူး ”
“ နေကောင်းခါစမို့နေမှာပါ ၊ ကျောင်းနောက်ကျနေမယ် … သွားရအောင် ”
လှမြင့်လောဆော်ကာ စက်ဘီးပေါ်တက်လိုက်သည်။ သူတို့သုံးယောက်ပဲ နောက်တွင်ကျန်ခဲ့သည်မို့ အမြန်အမှီလိုက်ချင်နေ၏။
“ မင်းကလည်း မလောပါနဲ့ ၊ မောင်ရင့်ကြည့်ရတာ အဆင်မပြေသလိုပဲ .. လမ်းကျမှ တခုခုဖြစ်ရင် ပိုဆိုးမယ်နော် ”
ကျော်ခေါင် မူမမှန်သလိုခံစားရ၍ဖြတ်ပြောလိုက်သည်။
“ ရတယ် … သွားကြမယ် ”
မောင်ရင့် စက်ဘီးပေါ်တက်လိုက်သည်။ ဤအုပ်စုတွင် အမြဲလူကြီးနေရာက ဝင်ယူနေရသည်မှာ ကျော်ခေါင်ဟူ၍ပင် ဆိုရမည်။ တယောက်က တကိုယ်ကောင်းဆန်ကာ အကျင့်မကောင်းတာများပြီး , တယောက်က အလွန်အေးကာ ပြဿနာများသည်။ သို့သော် နေပြန်ကောင်းလာသည့်မောင်ရင့်ကိုကြည့်ရသည်မှာ သူသေသေချာချာမသိတော့သလို ခံစားနေရ၏။
သုံးယောက်သား စေတီကိုဦးခိုက်ကာ အရှေ့မှ အဖွဲ့ကို အမှီနင်းကြသည်။ ရှေ့ဆုံးတွင်က လှမြင့် , အလယ်တွင်က မောင်ရင့်နှင့် နောက်မှပိတ်၍စီးလိုက်လာသည်က ကျောင်ခေါင်ဖြစ်၏။
“ သဇင်ကျော်တို့အိမ်မှာ လူတွေအများကြီးပဲ ပါလားဟ ”
အဝေးမှလှမ်းမြင်နေရသည်ကပင် လူတရုံးရုံးနှင့်မို့ မြင်ကွင်းက ထင်ရှားလှသည်။ ကျောင်းကိုက ဤအိမ်ရှေ့မှ ဖြတ်မောင်းပြီး ၅ မိနစ်ကြာသည်အထိစီးရသေးသည်။
“ အလှူလားမသိဘူးနော် … ခဏရပ်ကြည့်ကြမလား ”
“ အခုတောင် ကျောင်းနောက်ကျနေပြီ ၊ ဟိုရောက်မှ သဇင်ကျော့်ကို မေးကြည့်ကြမယ် ”
“ ခဏလောက် ရပ်ကြည့်ရအောင် ”
မောင်ရင့်စိတ်ထဲထင့်နေ၍ အခြေအနေကိုသိချင်နေ၏။
“ ထူးဆန်းကုန်မှာပေါ့ဟ ၊ အဘိုးကြီးကလည်း ကောင်လေးတွေဆိုကြည်တာမဟုတ်ဘူးနော် ၊ ပြီးတော့ ဒါမျိုးက ကျောင်းကအကောင်တွေ လုပ်နေကျ ၊ မင်းက အအော်ခံနိုင်လို့လား ”
ကျော်ခေါင်ဝင်ဟန့်လိုက်၍ ကျောင်းသို့သာ ပြန်ဦးတည်လိုက်ကြ၏။ မောင်ရင့်တို့တွဲနေသည့်ကိစ္စက လူသိရှင်ကြားဖြစ်၍မရပေ။
“ ဟာ … ကမ္ဘာမကြေတောင် ဆိုနေပြီ ”
လှမြင့် မျက်နှာကြီးရှုံ့မဲ့သွားကာ စက်ဘီးပေါ်မှ ဆင်းလိုက်သည်။ တဖွဲ့လုံး သတိအနေအထားဖြင့် သီချင်းဆုံးသည်အထိ နေပူခံလိုက်ရ၏။
“ အပေါက်ဝမှာ ဆရာမကြီးကိုယ်တိုင် စစ်နေတာပါလား ၊ ဟေ့ရောင်တွေ ပြန်ခံမပြောနဲ့နော် ၊ ငါ့အတွေ့အကြုံအရ ပိုဆိုးသွားလိမ့်မယ် ”
ကျော်ခေါင်ဆရာကြီးလုပ်ရင်း ရှေ့မှဦးဆောင်ဝင်လိုက်သည်။ ဤသို့ဖြင့် ကျော်ခေါင့်စကားအလေးထားမိ၍ အဆင်ချောချောဖြင့် ကျောင်းထဲ မြန်မြန်ရောက်သွားကြ၏။
“ တိတ်ဆိတ်လှချည့်လား ”
မောင်ရင့်စိတ်ထဲထူးဆန်းသွားသည်။ ကျောင်းပထမဆုံးအချိန်က အများအားဖြင့် ဆူညံနေတတ်သည်။
“ အေးဟ ဘာကိစ္စရှိလို့လဲမသိဘူး ”
သူတို့အထဲရောက်တော့ ထုံးစံအတိုင်း ဆရာမလေးကိုစားပွဲမှာတွေ့ရသည်။ သို့သော် စာသင်မနေဘဲ ကျောင်းသူကျောင်းသားများထံမှ တခုခုကို စောင့်နေဟန်တူသည်။ စာမေးနေတာများလား သူတို့ကြောင်သွားကြ၏။
“ ဆရာမ သားတို့ကို ဝင်ခွင့်ပြုပါ ”
အုပ်စုလိုက်နောက်ကျနေ၍ ရပ်ဝေးသူတို့မှာ ဆရာမကြီးလက်ကပင်လွတ်လေ့ရှိသည်မို့ သဘောကောင်းသည့် ဆရာမလေးကိုတော့ တွေးပူစရာမရှိကြပေ။
“ အေး … ထိုင်ထိုင် သားတို့ ”
မောင်ရင့်အာရုံကြောများက ပုံမှန်ထက်, ထက်မြက်နေပြီမို့ ဆရာမလေး အားနည်းနေသည်ကို သတိထားမိလိုက်သည်။
‘ ငါ့ကိုကုပေးတုန်းက ဒဏ်ရာရ သွားတာများလား ’
သူစိတ်ထဲ ထင့်နေသည်က ဤကိစ္စကြောင့်ဖြစ်နိုင်သည်။ စက်ဘီးပေါ်မှ သဇင်ကျော်တို့ အိမ်ဘက် ခဏစောင်းကြည့်ရသည်မှာလည်း အလှူပုံစံသာ တွေ့ရ၏။
“ မင့်ရတနာထွန်းက နေမကောင်းဘူးထင်တယ် ၊ ကြည့်ပါအုံး ငိုထားပုံလည်း ရတယ် ၊ ဘာတွေဖြစ်သွားတာလဲ မသိဘူး ”
လှမြင့် ကျော်ခေါင့်ကို တိုးတိုး တိုးတိုးပြောလိုက်သည်။ ကျော်ခေါင်လည်း ခေါင်းကုပ်ကာ မစဉ်းစားတတ်ဖြစ်နေ၏။
‘ သဇင်ကျော်က အလှူရှိလို့ ကျောင်းမလာတာလား ’
မောင်ရင့် သဇင်ကျော့်ကို ရှာမတွေ့ဖြစ်နေသည်။ ပုံမှန်ဆိုလျှင် အတန်းခေါင်းဆောင်လည်းဖြစ် , စာလည်းကြိုးစားသူမို့ အတန်းပျက်တာမျိုး မရှိဖူးပေ။
“ ဆရာမ ခဏနေထွက်သွားပြီးရင် အခြားဆရာ , ဆရာမတွေကတော့ စာသင်ဖို့ လာကြမှာပဲ ၊ သွားချင်တဲ့သူတွေက ညနေဆရာမအချိန်ကျမှသွားကြပါ ၊ ဆရာမ စောစောလွှတ်ပေးလိုက်မယ် ”
ဆရာမလေး မောင်ရင့်တို့ကို အကြောင်းစုံမပြောအားတော့၍ သူ့ဘာသာသိပါစေဟုသာ သဘောထားကာ အခြားအခန်းသို့ စာသင်ရန် ကူးသွားလိုက်၏။
“ အလှူကိစ္စကြောင့်လား … ထူးဆန်းလိုက်တာ ၊ အရင်တုန်းကလည်း အလှူတွေကြုံဖူးတာပဲကို ”
မောင်ရင့်တို့အဖွဲ့မှ ကျောင်းသားတယောက်ကပြောလိုက်ခြင်းဖြစ်သည်။
“ မင်းတို့ မသိကြသေးဘူးလား ၊ အဲ့ဘက်က လာခဲ့ကြတာမလား ”
အနောက်တန်းမှ ကျောင်းသားတယောက်က ပြန်ပြောလာသည်။
“ ကဲ ကလေးတို့ … အိမ်စာပြီးလာကြပြီလား ”
စကားသေချာမပြောလိုက်ရပေ။ သင်္ချာဆရာဝင်လာ၍ အားလုံး အသံတိတ်ကာ လန့်သွားကြသည်။ ဤဆရာက အလွန်ကြမ်းလွန်း၏။
‘ ဆရာကလည်း … ’
မောင်ရင့်စိတ်ညစ်သွားသည်။ အိမ်စာ စာအုပ်ထုတ်ကာ သွားထပ်လိုက်၏။
၁၀ မိနစ်
၃၀ မိနစ်
၄၅ မိနစ်
သူ့အချိန်ကွက်တိပြန်ထွက်သွားသည်။
“ ဘာတွေဖြစ်သွားတာလဲ ”
မောင်ရင့် ခုနက ကျောင်းသားကို စကားစလိုက်သည်။
“ မောင်ရင့် မင်းကအသိသင့်ဆုံးလေ … ဟေ့ရောင်ရ ၊ ငထက်က မင်းကို မကျေနပ်တောင် ဖြစ်နေတာနော် ”
မောင်ရင့် ပိုပြီးခေါင်းရှုပ်သွားသည်။
“ ပြောစမ်းပါကွာ … ”
ယခင်ထက် သွက်နေသည့်မောင်ရင့်ကို ကျောင်းသား အနည်းငယ်လန့်သွားသည်။
“ အေးပါဟာ … ငါပြောပါ့မယ် ၊ သဇင်ကျော် မနေ့က ညနေက ရေတွင်းနားမှာလဲကျပြီး ဆုံးသွားတယ် ၊ အဲ့ဒါ ညနေကျရင် ငါတို့တွေ သူ့အသုဘ သွားကြမလို့ ”
“ ငထက်က … ”
မောင်ရင့်အာရုံ ငထက်တွင် မရှိတော့ပေ ၊ သဇင်ကျော် မရှိတော့ဘူး ဖြစ်သည်။ နောက်အတန်းချိန် ဆရာမ မဝင်လာချေ ၊ မောင်ရင့်လည်း စိတ်နဲ့လူမကပ်တော့ပေ။
“ ဟေ့ရောင် မောင်ရင့် … ”
ကျော်ခေါင် မောင်ရင့်ကိုထိန်းလိုက်သည်။ အရင်လိုတော့ သူမနိုင် ၊ အရှက်သည်းလွန်းသည့် မောင်ရင့်ကိုတောင် သူပြန်လိုချင်မိသွား၏။
“ မောင်ရင့် … နင်အခုမှဖြစ်မနေနဲ့ ၊ ဟိုနေ့က သူနဲ့ စကားကောင်းကောင်းပြောခဲ့သင့်တယ် ၊ အပြန်တုန်းက ငါ့ကို နင်နဲ့တောင် စကားသေချာမပြောလိုက်ရဘူးလို့ပြောသေးတယ် ”
ရတနာထွန်း မောင်ရင့်အပေါ်ဒေါသပုံချကာ သူ့နေရာ သူပြန်သွားပြီး ကြိတ်ငိုနေပြန်သည်။ တခန်းလုံးလည်း ငြိမ်နေကြ၏ ၊ သဇင်ကျော်က အစားထိုးမရလောက်အောင် သူတို့အပေါ်ကောင်းခဲ့သည့် အတန်းခေါင်းဆောင်ကောင်းတယောက်ပင်။ ဤညနေ သူတို့ဦးတည်ရာမှာ သဇင်ကျော့်အိမ်မှ တပါး အခြားမရှိတော့ချေ။
_____________________
ကျော်ခေါင်တို့စိုးရိမ်နေသလို ငထက်သောင်းကျန်းမလာချေ။ သို့သော် အချီကြီးတခုခု ကြံနေဟန်ကားရ၏။
အားလုံးအလုပ်ကိုယ်စီရှုပ်နေကြ၍ မောင်ရင့်မူမမှန်သည်ကလည်း သိပ်မသိသာခဲ့ပေ။ ခဏနေ အလောင်းမြေချရန်ပင် ပြင်နေကြပြီဖြစ်၏။
“ မောင်ရင့် ”
ဆရာမလေး မြေချအမှီရောက်လာသည်။ သင်္ချိုင်းတွင် သဇင်ကျော့်အသိချည်းပဲသီးသန့်ပင် လူကမနည်းဟု ဆိုရမည်။
“ ဆရာမ … ”
မောင်ရင့် ယခုအချိန်တွင် ထူးထူးဆန်းဆန်းတွေပါပြောပြီးရင်ဖွ့င်လို့ရတာဟူ၍ ဆရာမလေးသာရှိတော့၏။
___________________
ကျော်ခေါင်တို့ကို “ သူအဆင်ပြေတယ် ၊ နောက်ကနေလိုက်လာခဲ့မယ် ၊ သွားနှင့် ” ဟုဆိုကာ မောင်ရင့် ဆရာမလေးနှင့် အတူကျန်ခဲ့သည်။ လှမြင့်ပင် စောင့်နေမည်ဟု အတန်တန်ပြောသေးသည်။
သို့သော် ဆရာမလေးကပါ “ သားတို့သွားနှင့်ပါ ၊ သူနေမကောင်းသေးတာလည်း ဆရာမ လက်ကျန်ကုပေးစရာလေးရှိလို့ ” ဟု ဆိုခါမှ စိတ်ချလက်ချထွက်သွားကြခြင်းဖြစ်၏။
“ သူ့ကို အသက်ပြန်သွင်းလို့မရဘူးလားဆရာမ ”
မောင်ရင့် မဖြစ်နိုင်မှန်းသိသော်လည်း သာလွန်လောကသားဖြစ်သွားပြီမို့ အနည်းငယ်တော့ မျှော်လင့်မိ၏။
“ သူက တကယ်သေသွားပြီလေ သား ”
ဆရာမလေးစိတ်မကောင်းဖြစ်သွားကာ သူသိထားသည့်အခြေအနေကို ပြောသင့်မပြောသင့် ချင့်ချိန်နေသည်။
“ သား ကမူးရှူးထိုးမလုပ်ဘူးလို့ ကတိပေးရင် ဆရာမ ပြောပြချင်တာ တခုရှိတယ် ”
မောင်ရင့်ခေါင်းထောင်သွားကာ
“ သား ကတိပေးပါတယ်ဆရာမ ”
မစဉ်းစားဘဲပြောမှန်းသိသော်လည်း ဖုံးထားစရာကိစ္စမဟုတ်၍
“ သဇင်ကျော်က သိုက်ဆက်လို့ ဆရာမထင်တယ် ၊ အခုသူ့ကို သိုက်က ပြန်ခေါ်သွားတာ ၊ ဆရာမပြောချင်တာက သဇင်ကျော်ဆိုတဲ့ ဘဝက သူ့ရဲ့ အဓိက ဘဝမဟုတ်ဘူး ၊ သဇင်ကျော်ဆိုတာ သူ့ရဲ့ ခဏလာအပန်းဖြေတဲ့ဘဝတခုသာသာပဲ ”
“ ဒါဆို …သားက ”
မောင်ရင့် ဝမ်းနည်းနေရင်းမှ ပိုဝမ်းနည်းသွားသည်။
“ သိုက်တည်နေရာကို ဆရာမရှာကြည့်တာ ဘာသဲလွန်ဆမှ မရဘူး ၊ ဖြစ်စဉ်ကိုကြည့်ကြည့်တာတော့ အလိုမတူဘဲ အခေါ်ခံရတာ ”
“ သူတို့ဘယ်လိုပုံစံတွေလဲ ဆရာမ ”
မောင်ရင့် ဒေါသသံ အနည်းငယ်ပါသွားသည်။
“ အဲ့ဒီပုံစံတွေက သူတို့မြင်စေချင်လို့ ပြတဲ့ပုံရိပ်တွေလောက်ပဲ ၊ အတည်ယူလို့မရဘူး ၊ လောလောဆယ် ဟိုဘက်က ဆက်သွယ်တာပဲ စောင့်လို့ရမယ် ”
“ သူ သားကိုမေ့သွားရင်ရော ဆရာမ ”
“ ဒီလိုလည်းဖြစ်နိုင်တယ် ၊ လောလောဆယ် သူ့ရဲ့အဆင့်အတန်းနဲ့ အခြေအနေကို ဆရာမတို့ ဘာမှ မသိရသေးဘူး ”
ဆရာမလေး ကတိကြိုမတောင်းထားလျှင်ပင် မောင်ရင့် ကမူးရှူးထိုးလုပ်ဖို့ရာ မည်သို့မျှမတတ်နိုင်သည့် အခြေအနေပေ။
“ သား ဒီတိုင်းမနေချင်ဘူး ဆရာမ ”
“ အရင်ဆုံး သားပြဿနာတွေရှင်းကြတာပေါ့ ၊ သားမှာ လုပ်စရာတွေ အရမ်းများနေပြီ ”
အမှန်တရားမို့ မောင်ရင့် ငြိမ်ကျသွားသည်။ ရွာကိုလည်း စောစောပြန်ရအုံးမည်။
“ ဆရာမ ပြန်ပြီးနောက်ပိုင်း ဘာထူးခြားသေးလဲ ၊ ခြုံလွှာရောပါလာလား ၊ ကျောင်းကြီးမှာပဲ အိပ်တယ်မလား ”
မောင်ရင့် ဆရာမလေး ထွက်သွားပြီး နောက်ပိုင်း ဖြစ်စဉ်တွေကို အရှိအတိုင်း အကုန်ပြောပြလိုက်သည်။
“ တခြားသူတွေကိုတော့ အခုလို အကုန်မပြောပြနဲ့နော် ၊ ဆရာမကိုတောင် ဆရာမနဲ့ဆိုင်မယ်ထင်တာတွေလောက်ပဲပြောပြ ၊ သတ္တဝါတွေက သားထင်သလောက်မရိုးရှင်းဘူး ၊ နောက်မှတ်ထားနော် ”
“ ဟုတ် ဆရာမ .. သားဘာဆက်လုပ်ရမလဲ ”
ဆရာမလေး မောင်ရင့်ပြောပြသည်များကို စိတ်ထဲဦးစားပေးစီကာ အဓိက ပြဿနာများကို ဖြေရှင်းရန် ဦးတည်လိုက်၏။
“ သားခန္ဓာကိုယ်အသစ်က ကောင်းပေမယ့် တိရစ္ဆာန်ဇာတိဘက်ကို ရောက်သွားလို့မဖြစ်ဘူး ၊ ဒါကြောင့် အစွမ်းတချို့အဆုံးရှုံးခံပြီးကို သား မလုပ်ရမှာတွေ ရှိတယ် ”
ပြောချင်တာကိုနားလည်ဟန်ဖြင့် မောင်ရင့် ခေါင်းငြှိမ့်လိုက်သည်။
“ အိပ် , စား , ကာမ လိုတာထက် ပိုလို့မရဘူး ၊ ပြီးတော့ ညစ်ပတ်တဲ့အစွမ်းတွေကိုလည်း မစွဲလန်းနဲ့ ၊ သား နောက်တခါ အကောင်တွေမစားမိအောင် သတိထားနော် , သူတို့ကို စားစရာမလိုဘဲ ထိန်းနိုင်အောင် ဆရာမသင်ပေးမယ် ၊ သွေးတွေလည်း မစုပ်နဲ့တော့ , ဒီအစွမ်းလေးတွေမှာ မသာယာနေနဲ့ ”
ကပ္ပိယအဘနှင့် လူငယ်ပညာရှင်တို့မှ မည်သို့မျှ မပြောခဲ့သော်လည်း ဆရာမလေးက မကြိုက်ဟန်တူ၏။
“ သား နောက်တခါဆင်ခြင်ပါ့မယ်ဆရာမ ”
ဆရာမလေးဆက်ပြောသည်။
“ သားနောက်ဆုံးထုတ်သုံးခဲ့တဲ့အစွမ်းက ငရဲပြည်ရဲ့ အဓိကပညာရပ်ကြီးတွေထဲမှာပါတယ် ၊ သင်ထားလို့တတ်တာတော့ မဟုတ်ဘူး , အားလုံးက မွေးရာပါ အစွမ်းလို့ ပြောရမယ် ၊ ဆရာမ သေချာပြန်လေ့လာရမှာမို့ ... သား မလိုအပ်ရင် မသုံးနဲ့အုံးနော် ”
မောင်ရင့် “ ဟုတ် ” ဟုပြောကာ ခေါင်းငြိမ့်လိုက်သည်။
“ လောလောဆယ် သားမှာ အန္တရာယ်တွေရှိတော့ ငရဲသန္ဓေကို ခွဲပစ်လို့မရသေးဘူး ၊ ဒါပေမယ့် လိုအပ်လို့ ခွာထုတ်ရမယ့်အခါ သံယောဇဉ်မကျန်ခဲ့အောင် အခုကတည်းက စိတ်ကိုဖြတ်ထားနော် ”
ဒါတော့ သူ သိပ်အဆင်မပြေသလိုပင်။
“ ဆရာတော်က ဒီကာလထဲ ခရီးထွက်သွားတာ ဘာထူးလို့လဲမသိဘူး ၊ ဒါပေမယ့် ရွာကိုယ်စားလှယ်နတ်အစီအစဉ်က သားအတွက် အလုပ်များလွန်းတယ် , အခုအခြေအနေနဲ့လည်း တကယ်တမ်းဆို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး ၊ သား ဆရာမဆီ ပြောင်းလာလို့လဲ မရတော့ဘူး ”
မောင်ရင့် ငြိမ်ပြီးပဲနားထောင်နေသည်။
“ ဟိုဆရာနှစ်ယောက်ဆိုတာ သားစိတ်ထဲ လူကောင်းလို့ ခံစားရတာသေချာလား ”
“ သေချာပါတယ်ဆရာမ ၊ ဒါပေမယ့် သား ဆရာမဆီမှာပဲ တပည့်ခံချင်ပါတယ် , ကျောင်းမှာရော ဒီလောကမှာပါ ဆရာမကပဲ သားဆရာမပါ ”
ဆရာမလေးကျေနပ်သွားဟန်ဖြင့် မဟာမြိုင်ကိစ္စကို ဆက်တွေးလိုက်သည်။
“ ဆရာတော်ပေးထားတဲ့တရားထိုင်နည်းကို ဆက်လုပ်မယ်နော် ၊ ဒါက ဘယ်အဖွဲ့အစည်းနဲ့မဆို အဆင်ပြေတဲ့နည်းလို့ပြောလို့ရတယ် ၊ ဒါကြောင့်လည်း ဆရာတော်က အခြေခံအနေနဲ့ သင်ပေးလိုက်တာ ဖြစ်မယ် ”
မောင်ရင့် နေ့စဉ်လုပ်စရာတခုဟုမှတ်လိုက်သည်။
“ ပြီးရင် အခုဆရာမသင်ပေးတာလေးကို နောက်ဆက်တွဲဆက်လုပ်ပေး ၊ ဒီအဆင့်အခြေကျသွားပြီး အရှိန်ရလာမှ ဆရာမတို့ အဆင့်တက်ကြမယ် ”
မောင်ရင့် ဝမ်းသာသွားသည် ၊ သူ ဤစကားကြားချင်နေသည်မှာ ကြာပြီဖြစ်၏။ ယခုအခြေအနေဖြင့် သဇင်ကျော် ဆက်သွယ်လာလျှင်ပင် သူ ယုံကြည်ချက် မရှိဖြစ်နေသည်မလား။
“ အရင်ဆုံး ဆရာမရဲ့ဂိုဏ်းအကြောင်းပြောပြမယ် ၊ ပြီးရင် တရားဝင်တပည့်လက်ခံအခမ်းအနားလေး လုပ်ရအောင် ”
“ ဟုတ်ဆရာမ ”
မောင်ရင့်စိတ်ထဲ စိတ်ဓာတ်ကျဝမ်းနည်းနေမှုများအစား တက်ကြွမှုများက အစားထိုးဝင်ရောက်သွားတော့၏။
#သုတဈာန်
#သာလွန်ပညာရှင်
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ