← Chapters

ထူးဆန်းတဲ့ဂိုဏ်း

Vol. 5 Ch. 33

ထူးဆန်းတဲ့ဂိုဏ်း

Vol. 5 Ch. 33

အချိန်ကား ညနေ ၄ နာရီဝန်းကျင်ဟုဆိုရမည်။ မမှောင်ခင် ပြန်ရမည်ဖြစ်၍ မောင်ရင့် အနည်းငယ်တော့ လောနေသည်။

“ ဆရာမတို့ ဂိုဏ်းကို ကြုံဖူးတဲ့သူတွေက နတ်သမီးဂိုဏ်းလို့ ခေါ်ကြတယ် ၊ ဆရာမတို့ ဆရာစဉ်ဆက် လက်ဆင့်ကမ်းလာတာကတော့ နတ်မျိုးနွယ် ၊ နတ်သမီးဂိုဏ်းလို့ နာမည်တွင်သွားတာက သူတို့တွေ့ဖူးတဲ့ သူတိုင်းက အမျိုးသမီးတွေချည်းပဲကို ”

ဆရာမလိုဖြစ်ရမည်ဟု မောင်ရင့်မှတ်လိုက်သည်။

“ ပြီးတော့ ဆရာမတို့ဂိုဏ်းက လူမများဘူး ၊ မများဘူးဆိုတာထက် လူနည်းတယ်လို့ပြောရမယ် ၊ အခုတောင် သားမရောက်လာခင်အထိ လူနှစ်ယောက်ပဲရှိသေးတယ် ”

‘ ဟင် ’

မောင်ရင့် အံ့ဩသွားကာ ဆရာအောင်မျိုးထွန်း၏ ဖိတ်ခေါ်ချက်ကို ပြန်မြင်ယောက်မိသွားသည်။

“ ဆရာမနဲ့ ဆရာမရဲ့ဆရာမပေါ့ ၊ ဒါပေမယ့် ဆရာမရဲ့ဆရာမက မရှိတော့ဘူး ၊ ရှမ်ဘဲလားက နတ်မျိုးနွယ်ဝင်ပေါက်ထဲမှာပျောက်သွားပြီ ၊ တပည့်တွေ ကိုယ့်ဘာသာကြီးပြင်းလာပြီဆိုရင် ဆရာတိုင်းက ဂိုဏ်းကိုလက်ဆင့်ကမ်းပြီး မျိုးနွယ်စုနောက်ကို လိုက်သွားရတယ် ၊ အကြောင်းပြချက်ကို နောက်မှ ဆရာမ ထပ်ရှင်းပြမယ် ”

ထို့နောက် မောင်ရင့်လက်ထဲမှ ခြုံထည်ကို ညွှန်လိုက်ကာ

“ ဒါက မျိုးနွယ်စုဝင်အသစ်မွေးလာပြီဆိုတဲ့ လက္ခဏာပဲ ၊ သားအသက် ၁၂ နှစ်ကျော်ပြီမလား ”

မောင်ရင့် ခေါင်းငြှိမ့်လိုက်သည်။

“ ဒီခြုံထည်လည်း ၁၂ နှစ်ကျာ်ပြီပြောရမယ် ၊ ပြီးတော့ ဒါတွေက သက်ဆိုင်ရာမျိုးနွယ်စုဝင်ပဲ သုံးလို့ရတယ် ၊ ဆရာမတောင် သုံးလို့မရဘူး ”

မောင်ရင့် ခြုံထည်ကိုပြန်ကြည့်ကာ အမျိုးမျိုးတွေးမိသွား၏။

“ ဒါနဲ့ သားရဲ့ ခြုံထည်က သားမမွေးခင်က တခါပေါ်လာဖူးသေးတယ် ၊ ဒါကတခါမှ မဖြစ်ခဲ့ဖူးဘူးတဲ့ ၊ ဒါပေမယ့် အခုလို သားနဲ့တိုက်ဆိုင်ဖို့ အကြောင်းဖန်သွားတယ်လို့ပဲ ဆိုရမှာပေါ့ ”

မောင်ရင့်အနည်းငယ်နားမလည်ဖြစ်သွားသည်။

“ ဂိုဏ်းက ဘယ်မှာရှိလဲ ဆရာမ ၊ ဆရာမလာတဲ့ ရန်ကုန်မှာပဲလား ၊ ဒါမှ မဟုတ် တရုတ်ကားထဲကလို တောင်ပေါ်တခုခုမှာလားမသိ ”

ဆရာမလေးကြောင်သွားသည်။ ထို့နောက် တခုခုကို တွေးမိဟန်ဖြင့်ပြုံးလိုက်ကာ

“ လူလေးနှစ်ယောက်တည်းကို နေရာတခုခုက လိုတာလား သားရဲ့ ၊ ဒါပေမယ့် ရှမ်ဘဲလားမှာတော့ ဆရာမတို့နေရာတခုရှိပါတယ် ၊ လူတော့မရှိဘူး ၊ ဆရာမသွားရင် ခေါ်သွားပေးမယ် ”

မောင်ရင့် ရှမ်ဘဲလားအကြောင်းကို ဆရာကြီးမင်းသိင်္ခ၏ဝတ္ထုများတွင်တော့ ဖတ်ဖူးသည်။ သို့သော် တကယ့်နေရာက အတူတူပဲလားဟု သူ သိချင်မိ၏။

“ မဟာမြိုင်နဲ့ ရှမ်ဘဲလားက အတူတူပဲလား ဆရာမ ၊ ဆရာအောင်မျိုးထွန်းတို့ပြောတဲ့ မဟာမြိုင်ကိုလည်း သားကြားဖူးတယ် ”

“ ဆရာမတော့ နတ်မျိုးနွယ်ဝင်ပေါက်ရှိလို့သာ ဗဟုသုတရအောင်သွားကြည့်ရင်း ရောက်ဖြစ်တာ ၊ နာမည်သေချာမသိဘူး ၊ တခြားသူတွေနဲ့ အဆက်အဆံနည်းတော့ ကြားဖူးနားဝနာမည်တခုကောက်ပြောလိုက်ရုံပဲ ”

မောင်ရင့် အံ့ဩသွားသည် ၊ ဆရာမလေးက သူ့ထက်ပင် ဗဟုသုတနည်းနေပါသေးသည်။ နောက်မှ လိုက်သွားကြည့်ရင်း သူ့ဘာသာဆုံးဖြတ်ရမည်။

“ သားတို့ဂိုဏ်းရှိတာကိုတော့ သူတို့သိကြမှာပါနော် ဆရာမ ”

“ သိကြမှာပါ ၊ သားပြောတဲ့ဆရာတောင် ခြုံထည်ကိုရင်းနှီးနေတယ်လို့ပြောတယ်မလား ၊ ဒါပေမယ့် ဆရာမတို့က ဧည့်သည်လိုတော့ဖြစ်နေတယ် ”

မောင်ရင့်နောက်မှသေချာလေ့လာရန်မှတ်ထားလိုက်သည်။

“ ဂိုဏ်းအကြောင်းက ဒီနေ့ ဒီလောက်ပဲမှတ်သွားအုံး ၊ ခဏ တခုပြောအုံးမယ် ”

မောင်ရင့် နားစိုက်လိုက်သည်။

“ ဘာသာရေးတွေ တခမ်းတနားပေါ်လာပြီးနောက်ပိုင်းမှာ ဆရာမတို့လောကကြီးက အရင်လိုမဟုတ်တော့ဘဲ အမျိုးအစားကြီးနှစ်မျိုး အကြမ်းဖျင်းကွဲသွားတယ် ၊ တမျိုးက ယုံကြည်ရာဘာသာရေးအတွက် လေ့ကျင့်ကြတာ ၊ တမျိုးက အရင်လမ်းဟောင်းအတိုင်း ကိုယ်ပိုင်ရည်ရွယ်ချက်အမျိုးမျိုးအတွက်လေ့ကျင့်ကြတာ ၊ ဆရာမတို့ကတော့ နတ်မျိုးနွယ်ဝင်ပေါက်ထဲဝင်နိုင်ဖို့ လေ့ကျင့်ရတာ ၊ မဝင်ချင်လည်းရတယ် ”

မောင်ရင့်အတွက် ရည်ရွယ်ချက်ကတော့ ရွာကိုကာကွယ်နိုင်ဖို့ , ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့နှင့် သဇင်ကျော့်ကိုရှာဖို့ပင်။ နောက်ပြီး သူ့အိမ်မက်ဖြစ်သည့် Super Hero ဖြစ်ရန်ကြိုးစားမည် ၊ ထူးဆန်းတာတွေကြုံနေရပြီမို့ လုပ်ချင်တာတွေ အများကြီးလည်း ရှိသေးသည်။ သူ့အတွက် အမျိုးက သူ့မိဘဆွေမျိုးတွေပင် ၊ ဆရာမလေးပြောနေသည့် နတ်မျိုးနွယ်နှင့် ပတ်သက်ပြီး သူမကြိုက်ပေ။

_____________________

ဆရာမလေးနေထိုင်ရာအိမ်ကား ကျောင်းနှင့်လမ်းကြားတခုသာခြားသည်။ တထပ်အိမ်ဆိုသော်လည်း အတော်ကျယ်၏။ ခြံဝန်းကြီးမားကာ သစ်ပင်ပန်းမန်များဖြင့် ပြည့်နေသည်ဟုဆိုရမည်။

“ ဒါဆို ဆရာမတို့ အခမ်းအနားစလိုက်ရအောင် ”

မောင်ရင့်မေးစရာများကျန်နေသေးသော်လည်း အသင့်ပြင်လိုက်သည်။ ရုတ်တရက် တထပ်တိုက်ခံအိမ်လေးထဲ အပြင်အလင်းရောင်တခုမှ ဝင်လို့မရလောက်အောင် ပိန်းပိတ်ကာမှောင်ကျသွား၏။

ဖြစ်စဉ်ကို မောင်ရင့်၏ ၅ ဆ အာရုံများဖြင့် အသေချာတော့ မြင်လိုက်ရသည်။ တံခါးများပိတ်ကာ ခန်းစီးစများကျသွားခြင်းပင် ၊ ထို့နောက် ဆရာမဆီမှ လှုပ်ရှားမှုတခုပေါ်လာကာ သူ့အာရုံ ၅ ဆပါ အမှောင်ချခံလိုက်ရ၏။

“ ပတ်ဝန်းကျင်ကို မစူးစမ်းနဲ့သား ၊ တခုခုဖြစ်လာရင်လည်း မရုန်းကန်နဲ့ ၊ ဆရာမတခုခုခိုင်းရင်လည်း မတွေဝေနဲ့ ၊ ဆရာမအသံကိုသာ အာရုံစိုက်နေ ”

ထို့နောက် အမှောင်ထုက တိတ်ဆိတ်ကျသွားသည်။ ငုံ့လျှိုးနေသည့်ကြောက်စိတ်များပင် ပြန်ဝင်လာသည်။

“ အဝတ်တွေအကုန်ချွတ်လိုက် ”

မောင်ရင့်ကြောင်အံ့အံ့ဖြစ်ကာ တချက်တုံ့သွား၏။

“ မြန်မြန် ”

အဝတ်များပုံကျသွားသည်။

“ ခြုံထည်ကို စိတ်ထဲကနေပတ်ရုံလိုက် ”

ခြုံထည်ရောက်လာသည်။ အချိန်ခဏကြာသည်အထိ အမှောင်ထုက ပြန်တိတ်ဆိတ်သွား၏။ ထို့နောက်

“ မျိုးနွယ်စုထံ ဆက်သွယ်ပါတယ် ”

“ မျိုးနွယ်စုထံ ဆက်သွယ်ပါတယ် ”

“ မျိုးနွယ်စုထံ ဆက်သွယ်ပါတယ် ”

ဆရာမအသံက သာယာနာပျော်ဖွယ် ဆက်တိုက်ထွက်လာသည်။ ကြိမ်နှုန်းအချို့ကြောင့်လည်း မောင်ရင့် ခန္ဓာကိုယ်တလျောက် တုန်ရီသွားကာကြက်သီးများပါထလာ၏။

“ … ”

မောင်ရင့် တခါမှ မကြားဖူးသည့် ကြည်နူးဖွယ်သံစင်တခုနှင့်အတူ အလင်းရောင်တခု ဖြေးဖြေးချင်း

ပေါ်လာသည်။ ထို့ကဲ့သို့ဖြစ်စဉ်မှာ တခုပြီးတခုပေါ်လာကာ အတော်ကြာမှ ရပ်သွား၏။

အမည်းရောင်ကောင်းကင်ပြင်ကြီးတွင် ကြယ်ရောင်များတလက်လက်ဖြစ်‌နေသကဲ့သို့မြင်ကွင်းပင် ၊ ထိုအလင်းရောင်များကြောင့် ဘေးမြင်ကွင်းများလည်း အဆုံးမရှိလောက်အောင် ပေါ်လာသည်။

“ ဒါ … ဒါ ”

မောင်ရင့်တို့ရှိနေသည်မှာ အိမ်ထဲတွင်မဟုတ်လောက်တော့ပေ ၊ ဒါဆို သူ့အဝတ်အစားတွေ …

‘ ဆရာမအိမ်မှာ အဝတ်တွေရှိပါတယ် ’

ခေါင်းထဲဝင်လာသည့်အသံကြောင့် မောင်ရင့်စိတ်အေးသွားသည်။ ဤရက်ထဲ အသုံးအဖြုန်းများနေမိ၍ စိုးရိမ်ရသည်။

“ ဒါက ရှမ်ဘဲလားက ဆရာမတို့နေရာပဲ ၊ အခုမြင်နေရတဲ့ ကြယ်တွေက အရှင်သခင်တွေချန်ထားခဲ့တဲ့ စိတ်ဆန္ဒတွေ ”

“ ဒါပေမယ့် … ဒါက ကမ္ဘာအပြင်မှာရောက်နေသလိုပဲ ၊ အခန်းအကျယ်အဝန်းကလည်း အဆုံးမရှိသလိုပဲ ၊ ပြီးတော့ သားက လေပါ်မှာရပ်နေတာလား ... သားပျံနေတာလား ”

မောင်ရင့် ဤမြင်ကွင်းကို သိပ္ပံကားများတွင် တွေ့ဖူးသည်။ ဘယ်လိုမှ အခန်းတခုထဲတွင် မဟုတ်နိုင်ပေ။

“ အခန်းတခုပါပဲ ၊ နောက်မှ ဆရာမရှင်းပြမယ် ၊ ဆရာမစကားပဲ နောက်ကလိုက်နားထောင်နော် ”

ထို့နောက် ဆရာမကိုယ်မှ အလင်းရောင်များတောက်ပလာကာ ကြယ်ရောင်တွင်မမြင်ရသည့် အစိတ်အပိုင်းများပါ ထွက်လာသည်။ ဤ အသွင်သဏ္ဍာန်ကို သူမှတ်မိသည် ၊ မောင်ရင့် အံ့ဩတကြီးဖြင့် ငေးနေမိ၏။

“ မျိုးဆက်သစ်ကိုယ်စားလှယ် ရဲရင့်မောင်လို့ခေါ်ပါတယ် အရှင်သခင်တို့ ၊ ကျမ … သူအခြေကျသွားတာနဲ့ နောက်ကနေ အမြန်ဆုံး လိုက်လာခဲ့ပါမယ် ၊ သွေးမျိုးဆက်မပျောက်ပျက်ဖို့ အသိအမှတ်ပြု စောင်ရှောက်ပေးကြပါအုံး အရှင်သခင်တို့ ”

ဆရာမလေးစကားဆုံးသည်နှင့် ရပ်လျက်နေသည့် မောင်ရင့်တကိုယ်လုံး တုန်တက်လာကာ ဒူးထောက်ကျသွား၏။ ဂါရဝါပြုခိုင်းခြင်းဖြစ်မည်ဟု မှတ်ကာ မောင်ရင့် လွှတ်ပေးထားလိုက်သည်။

“ ... ”

အလင်းရောင်များကျိန်းစက်မတတ်တောက်ပလာကာ နားထဲတွင် တီးတိုးစကားပြောသံများပါ ကြားလာရသည်။ တကိုယ်လုံးကို စပ်စုခံနေရသလိုတွေ့ပြီး ဖုံးကွယ်ထားမှုများလည်း အကုန်ထွင်းဖောက်ခံလိုက်ရ၏။

“ … ”

ဆရာမလေးထံမှ သံရှည်တခုထွက်လာကာ မောင်ရင့်ကို သက်တောင့်သက်သာဖြစ်သွားစေပြီး ခွန်အားများပြည့်လာသလို ခံစားရစေသည်။

၁၀ မိနစ်

၁ နာရီ

၂ နာရီ

သို့သော် သူမပင်ပန်းပေ ၊ တရုတ်ကားများတွင် အတွင်းအားပေးခံနေရသကဲ့သို့ မြင်ယောင်နေလိုက်သည်။

အချိန်မည်မျှအထိကြာသွားပြီလဲသူသတိမရတော့ချေ ၊ အိမ်ပြန်ချိန်ပါမေ့သွားသည်။ ဝိုးတဝါးမှတ်ဉာဏ်များလည်း စိတ်ထဲထင်လာ၏။

“ မောင်ရင့် , ထတော့ … ရပြီ ”

မောင်ရင့်မျက်လုံးများဖွင့်လိုက်ရာ သူ့ကို ငုံ့မိုးကြည့်နေသည့် ဆရာမလေးကို တွေ့လိုက်ရသည် ၊ နတ်သမီးပုံစံ မဟုတ်တော့ပေ။ သို့သော် စိတ်ထဲတမျိုးဖြစ်နေ၏ ၊ သူသေချာမပြောတတ်ချေ။

“ သားတို့ ပြန်ရောက်ပြီလား ”

မောင်ရင့် အိပ်ရေးကောင်းကောင်းဝပြီး ထလာရသလိုသာ ခံစားရသည် ၊ ခရီးရှည်ထွက်ခဲ့ခြင်းမှာ အိမ်မက်တခုလိုပင်။

“ မင်းက အခု နတ်မျိုးနွယ်ရဲ့ မျိုးဆက်သစ်ကိုယ်စားလှယ်ဖြစ်သွားပြီ ၊ ငါ့ရဲ့ လက်ရှိနေရာကို ရောက်သွားပြီ ၊ ဒီမှာ ဆရာတပည့်ဆိုတာမရှိဘူး ၊ အားလုံးက ဒီတိုင်းမျိုးနွယ်စုဝင်တွေပဲ ”

မောင်ရင့်နားမလည်ပေ ၊ နောက်ပြီး ဆရာမလေး သူ့အပေါ် ဆက်ဆံပုံနှင့် ကြည့်‌နေပုံက ထူးဆန်းလှသည်။

“ ငါ့ကို နှစ်ယောက်တည်းဆို ဆရာမလို့မခေါ်နဲ့တော့ ... ငါတို့က တမျိုးနွယ်ထဲဖြစ်သွားပြီ ”

“ ဒါဆို … ”

“ မျိုးနွယ်စုထဲမှာ တန်ခိုးအဆင့်နဲ့ အကြီးအငယ်ကို ခွဲခြားကြတယ် ၊ အစ်မလို့ ခေါ်လေ … တန်းတူပြောချင်ရင်တော့ အမြန်အဆင့်တက်အောင် ကြိုးစားပေါ့ ”

မောင်ရင့် အနည်းငယ် ကသိကအောက်ဖြစ်သွားသည် ၊ သို့သော် ကျောင်းဆရာမနှင့်ကျေးဇူးရှင်ဆိုသည်ကို ခွာချလိုက်လျှင် ဆရာမလေးကြည့်ရသည်မှာ အလွန်ငယ်ရွယ်ပုံပေါက်၏။ အစ်မဆိုသည်မှာ အနည်းငယ်လွန်သကဲ့သို့ ရှိသော်လည်း ဆရာမလေး အတည်ပေါက်ပြောနေ၍ သူ ခေါင်းသာငြှိမ့်လိုက်သည်။

“ ငါတို့က သူ့ဘာသာလည်ပတ်နေတဲ့ ဖြစ်တည်မှုတွေနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် ဝင်မပါဘူး ၊ ဒါပေမယ့် တို့မျိုးနွယ်စုဝင်တွေနိုးထလာတိုင်း တာဝန်ယူမယ့်တခုတော့ ပြရတယ် ၊ မဟုတ်ရင် နယ်မြေအရှင်တွေက ငါတို့ကို လက်မခံကြဘူး ၊ ငါဆို ရောက်လေရာမှာ နယ်မြေအရှင်တွေကို သူတို့အလုပ်မှာ ဝိုင်းကူပေးရတယ် ၊ ကြာလာတော့ နတ်မျိုးနွယ်ဝင်ပေါက်ကပဲ ငါတို့ရဲ့ လွတ်မြောက်ရာတခုနဲ့ အိမ်ဆိုတဲ့ခံစားချက်ကို ပေးတော့တယ် ၊ သွေးမျိုးဆက်ဖြတ်ပြီး ဒေသခံလုပ်ပစ်လိုက်ကြတဲ့သူ‌တွေလည်းရှိတယ် ၊ တချို့ကျလည်း ကြားဖူးနားဝရှိထားတော့ နိုးထခြင်းမလုပ်ဘဲ သာမာန်ဘဝနဲ့ပဲနေပြီး မျိုးဆက်သွေး ဖျောက်လိုက်ကြတယ် ”

မောင်ရင့်နိုးထပြီးသွားပြီမို့ မည်သည့်တာဝန်ကျလာမည်လည်း ခေါင်းကိုက်သွားသည် ၊ သူမနိုင်လောက်တော့ပေ။

“ ဒါပေမယ့် … မင်းက အခုအလုပ်ရှိနေပြီ ၊ ပြီးတော့ မင်းကို သူတို့ဘက်ကသူတွေ လိုချင်နေပုံရတယ် ၊ ငါ သေချာစုံစမ်းကြည့်လိုက်အုံးမယ် ၊ စာရင်းပါတဲ့ ကိစ္စလည်း မေ့မထားနဲ့နော် ၊ ညတိုင်း ယူရမယ့် တာဝန်အတွက်ရော ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ရော အရင်အရေးကြီးနေတာဆိုတော့ ဖြတ်လမ်းနည်းတွေ အရင်‌သင်ပေးလိုက်မယ် ”

သူလိုအပ်နေသည်နှင့် ကွက်တိဖြစ်သွားသည်။

“ ဆရာတော်ပေးထားတဲ့ အာနာပါနကျင့်စဉ်ကို ဆက်လုပ်မယ် ၊ သူအသေအချာလမ်းညွှန်ပေးထားတယ်မလား ၊ နောက်ပြီး ထပ်လုပ်ရမှာက မျိုးဆက်သွေးပြည့်ဝဖို့အခြေခံလက်ဟန်ခြေဟန်တွေပဲ ”

“ ဒါတွေက ခုခံကာကွယ်ဖို့နဲ့ ပြန်ပြီးတိုက်စစ်ဆင်ဖို့တော့ အသုံးမဝင်သေးဘူး ၊ ငါတို့မှာ အဲ့ဒီအပိုင်း နည်းနည်းအားနည်းတယ် ၊ အခြေခံအရင် အေးအေးဆေးဆေးမတည်ဆောက်ရပဲ ဒီအရှုပ်ထုတ်တွေ တန်းရှင်းရတာက ကံဆိုးတာပဲ ”

“ ခဏ … ပစ္စည်းတချို့ပေးလိုက်မယ် ”

ဆရာမလေး အလုပ်ရှုပ်သွားသည်။

“ အ …အစ်မ ၊ သား … တခုလောက်ပြောရမလား ”

“ သားလို့ မသုံးနဲ့တော့ ၊ ကျနော်လို့ ကိုယ့်ကိုယ်ကို ပြော ”

မောင်ရင့် နင်သွား၏။

“ ဒါပေမယ့် အမေက … ”

“ ငါနဲ့ပဲပြောခိုင်းတာပါ ”

မောင်ရင့် ကြိုးစားကြည့်လိုက်သည်။

“ ကျနော် … အခု , ကိုယ့်ဘာသာလည်း တိုက်ခိုက်နိုင်ပါတယ် ၊ မနေ့ညက တိုက်ခဲ့သလို ပြန်တိုက်လို့မရဘူးလား အစ်မ ”

“ မရဘူး … ငရဲပြည်ပြန်ရောက်သွားချင်လို့လား ၊ မင်း တကယ် သေသွားရင် သွေးမျိုးဆက်ပြတ်ပြီနော် ”

မောင်ရင့်နားမလည်ပေ။

“ ဒါဆို ကျနော် ခွေးတကောင်လုံးအသွင်‌မပြောင်းတော့ဘူး ၊ အသက်နှုတ်တာ , သွေးစုပ်တာတွေ မလုပ်တော့ဘူး ၊ အားဖြစ်အောင်လည်း မစားတော့ဘူး ၊ လက်ရှိခွန်အား ၅ ဆနဲ့ပဲ အစ်မပေးမယ့် ပစ္စည်းတွေသုံးပြီး ခုခံလိုက်မယ် ”

ဆရာမလေးကျေနပ်သွားဟန်တူ၏။

___________________

အပြန်က အချိန်တော်တော်လေးလောက်ငှ၍ သူအသက်ရှူချောင်သွားသည်။ ဆရာမလေးဆီမှာ အချိန်သိပ်မကြာလိုက်ချေ ၊ လက်တလောအခြေအနေများကြောင့် အချိန်နှင့်ပတ်သက်၍လည်း သူအတော်စိတ်ဝင်စားမိသည်။

“ ဘယ်သူပါလိမ့် … ”

နေမဝင်သေးသော်လည်း ထိုနားတဝိုက်တွင်မှောင်လွန်း၏။ မီးခိုးသဖွယ်အငွေ့များနှင့် မြင်ကွင်းက သေချာမရှင်းချေ။

“ စကားပြောစရာရှိလို့ …ခဏလောက် လိုက်ခဲ့ပါ ”

နေရာက ဘုရားလေးမရောက်ခင်လမ်းဘေးတခုတွင်ဖြစ်သည်။ သရဲလား , သဘက်လား , သူမကြုံဖူးသေးသည့် မကောင်းဆိုးဝါးလား မောင်ရင့် မျက်မှောင်ကြုပ်သွားသည်။

“ ကျနော့်ကို သခင်မက သင့်ကိုအခေါ်လွှတ်လိုက်လို့ပါ၊ သဇင်ကျော်ကိုတွေ့ချင်ရင် လိုက်ခဲ့ပါတဲ့ ”

“ သခင်ကျော် …”

မောင်ရင့်ဝမ်းသာသွားသည် ၊ သို့သော် အတုအယောင်များလည်း ရှိတတ်၍ သတိထားရမည်။ နောက်ပြီးအစစ်အမှန်နေရာတခုကို ရောက်သွားခဲ့လျှင်တောင် သူ့ပါဖမ်းချုပ်ထားပါက အားလုံး ဒုက္ခရောက်ပါပြီ။

“ မင်းကို … ငါဘယ်လိုယုံရမလဲ

“ ဒီစာလေးဖတ်ကြည့်ပါ ”

မောင်ရင့်ဖွင့်ကြည့်လိုက်သည်။

“ ရှေ့ကသွား ”

‌နေကားမဝင်သေးချေ။ သူတို့လျှောက်သွားပြီးနောက် ပတ်ဝန်းကျင်က ပြန်လည်ကြည်လင်သွားသည်။ အစအဆုံးကို ဘုရားလေးကုန်းပေါ်မှ တယောက်က ခါးထောက်ကာ ကြည့်နေဟန်တူ၏။

#သုတဈာန်

#သာလွန်ပညာရှင်

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters