ရည်းစားစာ
Vol. 5 Ch. 34
အမြဲတမ်းချောင်မှာကုပ်နေတတ်လို့ ဘယ်သူ့ကိုမှ သတိမထားမိသလို , ဘယ်သူကမှလည်း သတိမထားမိလောက်ဘူး။ အတူသွား , အတူလာ သူငယ်ချင်းတချို့ကလွဲပြီး သူ့ကိုဘယ်သူကမှမသိကြဘူး ၊ ဒါမှမဟုတ် သူ ဘယ်သူ့ကိုမှ မသိဘူး။ ဆရာဆရာမကအစပေါ့ ၊ ဒါတွေအားလုံးက သူ့ရဲ့ထင်တလုံးပဲလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် ဒီရက်ထဲမှာ သူ မိန်းကလေးတယောက်ကို ခိုးခိုးကြည့်နေမိတယ်။ မိန်းကလေးဘက်အခြမ်းရဲ့ ပထမဆုံးခုံတန်းက ထောင့်ဘက်ခြမ်းတယောက်ဆီမရောက်ခင်နေရာမှာ သူထိုင်တယ်။ အရမ်းကြီးမလှဘူး ၊ ဒါပေမယ့် သူကြိုက်သလိုပဲ။
ပြန်တွေးကြည့်မှ အရမ်းကြီးလှတဲ့သူရယ်လို့လည်း သူမတွေ့မိဘူး ၊ သူပဲအမြင်ကန်းနေတာဖြစ်မှာ။ ဒီကျောင်းမှာ အရမ်းလှတဲ့ကျောင်းသူနှစ်ယောက်ရှိတယ်တဲ့ ၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကြားမှာ ပြန့်နေတဲ့ စကားပေါ့။
အတွေးလွန်နေတုန်း သူဆွဲလက်စကာတွန်းပုံတွေကို တယောက်ယောက်က ဖြတ်ခနဲယူကြည့်လိုက်တယ်။
“ သူးရိုင်း ”
“ သူးရိုင်း ”
ဒါ သူ့ကို သိုင်းရူးလို့စနေကြတာ ၊ သူစိတ်ဆိုးပေမယ့် ရန်မဖြစ်နိုင်ဘူး။ အမြဲတမ်းကြုံနေရလို့ အသားလည်းကျနေပြီ ၊ အခုယူပြေးသွားတာ ဒီရွာက ကျောင်းသားပါ။
သူက ပိုပြီးပုံဆွဲတော်တယ် ၊ ပြောင်းလာတဲ့ကျောင်းသားသစ်လည်းမဟုတ်တော့ အားလုံးက အားပေးနေကျသူတယောက်။ မြို့နယ်အဆင့်ပြိုင်ပွဲမှာတောင် စာရင်းပေးခံထားရတယ် ၊ သဘောထားအရမ်းမဆိုးပေမယ့် အခုလိုအခိုက်အတန့်တွေမှာ စိတ်ဆိုးချင်စရာကောင်းတယ်။
ဆရာတယောက်ဝင်လာတော့ ပုံပြန်ပေးတယ် ၊ ဒီတိုင်းစနောက်တာဆိုပေမယ့် ကိုယ့်ပျော်ရွှင်မှုတခုက ဘာမှအရေးမပါဘူးလို့ ခံစားရသလိုမို့ အားငယ်သွားတယ်။ ဒီလိုအဖြစ်အပျက်တွေကို သူမကြုံချင်ဘူး ၊ ရွာကသူငယ်ချင်းတွေကလည်း ဒီကသူတွေနဲ့ သူပုံစံနဲ့သူ ပြဿနာရှိထားတော့ တော်တန်ဝင်ပါလည်း မထိရောက်ဘူး။ စနေကြတာဆိုတော့ အရှိန်အဝါလေးရှိမှ ဟန့်လို့ကောင်းတယ်မလား။
သူမြင်သွားမလားလည်း စိုးရိမ်မိတယ် ၊ လူရှက်တယ် , ဒါမျိုးမမြင်စေချင်ဘူး။ သူ့နာမည်ကို မသိဘူး ၊ ဒါပေမယ့် စာတော်ပုံတော့ရတယ်။ စူးစမ်းချင်စိတ်အားကြီးပေမယ့် စပ်စုတယ်ထင်ခံရမှာဆိုးလို့ အစွန်းရောက်တဲ့အထိ တိတ်တိတ်ကလေးပဲနေမိတာမှားတယ် ၊ သိချင်တဲ့အခါကျ ဘာမှမသိထားတော့ဘူး။
“ အဆင်ပြေလား ”
ဘေးကသူငယ်ချင်းက မေးလိုက်တယ်။ ရွာကနေကျောင်းအတူတက်နေတဲ့သူငယ်ချင်းပါ။ အတန်းထဲမှာ စာတော်တဲ့အထဲပါတယ် ၊ ဒါပေမယ့် သူတို့ သိပ်တော့မရင်းနှီးဘူး။ သူက ဘယ်သူနဲ့မှ သေချာမရင်းနှီးတာပါ ၊ လူကြောက်ရင်း လူနောက်ရောက်သွားတဲ့ သူတယောက်လို့ပြောရမလား။
“ မင်း ဟိုတယောက်ကို ကြိုက်နေတာလား ”
သူ ရှက်ရမ်းရမ်းပြီး မဟုတ်ကြောင်း ငြင်းလိုက်တယ်။ ဒုတိယမေးလာသူကလည်း ရွာကနေကျောင်းအတူလာတက်တဲ့ သူငယ်ချင်းပါပဲ ၊ ဒီတယောက်ကိုတော့ သူနည်းနည်းခင်တယ်။ စာမကြိုးစားတဲ့သူအချင်းချင်းမို့လား ၊ ဘာကြောင့်လဲသူမသိဘူး။
တခုကောင်းတာက စကားစပ်မိရင်း သူတို့ဆီကနေ နာမည်နဲ့အခြေအနေကို သိလိုက်ရတယ် ၊ သူက အရမ်းလှတယ်လို့နာမည်ကြီးနေတဲ့အထဲက အလယ်တန်းကျောင်းသူတဲ့။ နောက်တယောက်က ကိုးတန်းကလို့ပြောတယ် ၊ မမတွေက ပိုကောင်းလို့လားမသိဘူး , အဲ့တယောက်အကြောင်းပြောတဲ့အချိန်မှာ သူငယ်ချင်းတယောက်ကိုကြည့်ရတာ အတော့်ကို စိတ်ပါလက်ပါနဲ့။
‘ ကောင်မလေး … ငါရှိတယ် ’
တကယ်တော့ သူ အတန်းတူဆီကနေ အငြင်းခံလိုက်ရလို့ ဘက်ပြောင်းသွားတာပါ ၊ နောက်မှပြန်သိရတယ်။
အလှဆုံးဆိုပေမယ့် သူ့ကြည့်ရတာ ရိုးရှင်းပြီး သိမ်မွေ့နူးညံ့လိုက်တာ ဆိုတဲ့အရှိန်အဝါ ပိုရတယ် ၊ လူက သွယ်သွယ်လေးနဲ့ မျက်နှာကျက ဝိုင်းစုခိုင်သိန်းလိုပဲ။ အရပ်ကလည်း အနေတော်လေး ၊ ဆံပင် ဂုတ်ဝဲလေးကိုမှ နည်းနည်းရှည်နေတာကို ဘေးနှစ်ဖက်အရှေ့ထုတ်ပြီးချထားတယ်။ နှဖူးပေါ်ကဆံပင်တွေကို ဘေးတဖက်ကို ဆံညှပ်လေးတခုနဲ့ စုသိမ်းထားတယ် ၊ သူ့ကို တခုပဲကြည့်ပြီးပြောရရင် မျက်လုံးလေးတွေ အရမ်းလှတယ်။
မည်းနက်ပြီး အရည်လဲ့နေတယ် ၊ ဝိုင်းစက်ပြီး ချစ်စရာကောင်းတယ်။ သူ့ကို သတိထားမိတဲ့ အချိန်ကနေစပြီး ခိုးခိုးကြည့်မိတော့တာပဲ ၊ အဲ့ဒီကနေ ပုံပါခိုးဆွဲမိခဲ့တယ်။
သူက ဒူးဖုံးစကပ်လှိုင်းတွန့်လေးနဲ့ ထမိန်အမြဲဝတ်တယ် ၊ အပေါ်မှာက လက်စကအဝတ်များပြီး ဇာတ်ပွဲထဲက မင်းသမီးတွေရဲ့ပုံစံလို ရင်ဖုံးအပေါ်မှာ တထပ်ကပ်တဲ့ ဒီဇိုင်းပေါ့။ ထမိန်ပါရင် အပေါ်အင်္ကျီကို ဇာသားလေးနဲ့ချုပ်ထားတာဝတ်တယ် ၊ မရိုင်းဘူး , သတိထားကြည့်မှမြင်ရလောက်အောင် ရိုးရှင်းပြီး သပ်ရပ်တယ်။
သူလွယ်နေကျ လွယ်အိပ်လေးက အဝါရောင်ပန်းဖွားနဲ့ဘေးလွယ်အိပ်လေး ၊ တခါတလေ အဖြူရောင်လေး လွယ်တတ်တယ်။ သူ့ကို အဝါရောင်မင်းသမီးလေးလို့ ခိုးပြီးနာမည်ပေးထားလိုက်တယ် ၊ တခါတလေ သူ့ပုံစံအရိပ်ပဲဆွဲချလိုက်ပြီးအဝါရောင်တွေချယ်ပစ်တတ်တယ်။
တရက် အစ်ကိုက သူဆွဲနေတဲ့ပုံတွေကိုတွေ့သွားတယ်။ သဘောကျသွားပုံနဲ့ တဟားဟားရယ်ပြီး ကျေနပ်နေဟန်တူတယ် ၊ သူပြောတာက သူကျောင်းတက်တုန်းကလည်း လိုက်ဖူးတယ်တဲ့။ ငါ့ညီအမြင်ကောင်းတာပဲဆိုပြီး ချီးကျူးသွားတယ် ၊ သူပျော်ရမလား , ရယ်ရမလားမသိပေမယ့် တယောက်ယောက်ကို လျို့ဝှက်ချက်ဝေမျှလိုက်ရတော့ စိတ်ထဲ နည်းနည်းပေါ့သွားတယ်။
ဒီလိုကနေ တယောက်စ , နှစ်ယောက်စ ထပ်သိလာတယ် ၊ ဘေးကသူငယ်ချင်းနှစ်ယောက်က ဖြစ်စေချင်လို့ဆိုပေမယ့် သူတို့လုပ်နေတာတွေကြောင့် ဝိုင်းလှောင်ခံရမှာလည်း စိုးတယ်။ ဒါပေမယ့် ထင်သလို အများကြီး အလှောင်မခံရဘူး , အရင်က စိမ်းနေတဲ့လူအုပ်ကြီးနဲ့ လည်း ပိုရင်းနှီးသွားတယ် ၊ သူ့ကိုလည်း သူပါသိသွားတဲ့ကြားက ခိုးခိုးကြည့်ရတာ အရသာတခုဖြစ်သွားတယ်။
တရက် အတန်းခေါင်းဆောင်က သူ့မိဘတွေ အရေးပေါ်နဲ့ မြို့ကိုပြောင်းရမှာမို့ဆိုပြီး ကျောင်းပြောင်းသွားတယ်။ အတန်းပိုင်ဆရာမက အတန်းခေါင်းဆောင်အသစ်ထပ်ရွေးတာ သူကျသွားတယ် ၊ လူတိုင်းနီးပါး သူ့ကိုရွေးကြတာ။ အံ့ဩသွားတယ် ၊ ဘာတွေလွတ်သွားပါလိမ့်လို့လည်း မှင်သက်သွားတယ်။
အရင်လို ခိုးမကြည့်ရဲတော့ဘူး ၊ ပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူလည်းရှက်မိတယ်။ သူ ဘာကိုကြောက်နေတာလဲ ၊ မနိုင်မှာကြောက်နေတာလား , ဒီတိုင်းအပျင်းကြီးနေတာလား။ တယောက်တည်းနေရတာကို ဘာလို့သာယာနေတာလဲ ၊ ကိုယ်ထူကိုယ်ထမရှိဘဲ တယောက်တည်း ဘယ်လောက်အထိနေနိုင်မှာလဲ။
ရင်ဖွင့်နေကျအစ်ကိုဖြစ်သူ မြို့ကိုတက်သွားတယ် ၊ သူ လဝက်စာမေးပွဲကျသွားတယ်။ သူ့အမေဆို ငိုလိုက်တာ ၊ ငါဘယ်လိုမျက်နှာနဲ့ ရွာထဲသွားရတော့မလဲတဲ့။ သူအရမ်းကြောက်သွားတယ် ၊ ဟုတ်တယ် , ဒီတခါကြောက်သွားတာက ဒါမျိုးဆက်ဖြစ်နေမှာကို။
အမေဖြစ်သူက ဗွီဒီယိုကြည့်ခွင့်ပိတ်လိုက်တယ် ၊ တနေ့စာ တနေ့ကြေအောင်လုပ်ခိုင်းတယ်။ သူ အိမ်စာတွေပုံမှန်ပြီးလာတယ် ၊ သူ့ခန္ဓာကိုယ်မှာ အရောင်တွေစုံလာသလိုပဲ။ အခြေအနေကိုကြည့်ပြီး သူ့အမေက ကျောင်းပိတ်ရက်တရက် စိတ်ကြိုက်ကားကြည့်ခွင့်ပေးတယ် ၊ ဗွီဒီယိုကြည့်ခြင်းအရသာကို အဲ့ဒီမှာ သူပိုပြီးရလိုက်တယ်။ ဆရာကြီးမင်းသိင်္ခရဲ့ ဝတ္ထုတပုဒ်ထဲက စာသားတောင် သူသတိရသွားတယ် ၊ ဆာနေတဲ့သူအတွက် ဟင်းကောင်းဆိုရင် ဘယ်လောက်တောင်အရသာရှိလိုက်မလဲတဲ့။ သူ စည်းကမ်းရဲ့အရသာကို သဘောတွေ့သွားတယ် ၊ အမေနဲ့ မိဘခေါ်တွေ့ပေးတဲ့ ဆရာမလေးကိုလည်း အရမ်းကျေးဇူးတင်သွားတယ်။
နောက်ထပ် သူ့ရဲ့ရည်ရွယ်ချက်က အတန်းခေါင်းဆောင်ကို ခိုးကြည့်နိုင်ဖို့ပဲ ၊ သူများတွေ ရည်းစားထားနေကြပေမယ့် သူမရဲသေးဘူး။ ဒါက ပုံမှန်ဖြစ်နေကျ အကြောက် , အရှက်မဟုတ်ဘဲ ဖြစ်သင့်တဲ့ သဘာဝတခုလို့ပဲသူထင်တယ် ၊ ဒါပေမယ့် ကြိတ်ချစ်ဖို့ကိုတော့ သူရွေးချယ်လို့ရတယ်။
“ စာအုပ် ခဏငှားလို့ရမလား ”
မေ့ကြည့်လိုက်တော့ အတန်းခေါင်းဆောင်ဖြစ်နေတယ် ၊ အသံမှာတင် သူသတိထားမိပေမယ့် ရင်တွေ တဒိန်းဒိန်းခုန်သွားတယ်။
“ ဟုတ်ကဲ့ ရပါတယ် ”
ဒီရက်ထဲ English Essay နဲ့ပတ်သက်ပြီး အများကြီး ချီးကျူးခံထားရတော့ စာအုပ်လာငှားတဲ့သူတွေရှိတယ် ၊ ဒီလိုနဲ့ သူနဲ့ပထမဆုံးစကားပြောဖူးသွားတယ်။
“ ဆပ်သွားကို စာလုံးပေါင်းထားတာမှားနေတယ် ”
ဆပ်သွားမြို့ , ဂွမြို့နယ် , ရခိုင်ပြည်နယ်နေရာမှာ သူပြင်ပေးထားတဲ့ ခဲသားလက်ရေးဝိုင်းဝိုင်းကလေးကို တွေ့လိုက်ရတယ်။ ကိစ္စမရှိဘူး , သူနဲ့စကားပြောရတာနဲ့တင် အဆင်ပြေနေပြီ။
“ ဟုတ်ကဲ့ မှတ်ထားပါမယ် ၊ ကျေးဇူးတင်ပါတယ် ”
သူပြန်ထွက်သွားတယ် ၊ သူ့ရင်ထဲဘယ်လိုနေလဲမသိပေမယ့် ဒီဘက်မှာ နှလုံးခုန်နှုန်းတွေမငြိမ်တော့ဘူး။ တတန်းလုံးနီးပါး သိနေကြပြီ ၊ သူလည်းသိနေမှာပဲ။ ဒါပေမယ့် နှစ်ယောက်သားကြားမှာ အခုမှ စကားပြောခန်းစရတယ်။
စကြတယ် ၊ အရမ်းစနောက်ကြတယ်။ သူ့ဘက်မှာလည်း သူ့ကိုစကြတယ် ၊ ဒီဘက်မှာလည်း ဝိုင်းစကြတယ်။ အရင်လို တစိမ်းတွေမဟုတ်တော့ဘူးမို့ လူထဲက လူတယောက်အနေနဲ့ အံ့ဝင်ခွင်ကျဖြစ်သွားတယ် ၊ စိတ်ဆိုးမယ် , ပြန်တည့်မယ် ... ဒါသဘာဝပဲ။
“ ငါ့ကိုပေး ”
ယူပြေးသွားတဲ့ သူငယ်ချင်းကို သူဘာပြောရမလဲမသိဘူး ၊ ဒါပေမယ့် စနေကျမို့ သူမေ့ထားလိုက်တယ်။
“ နင် … နင် ”
“ နင် … ဒါဘာသဘောလဲ ”
အတန်းခေါင်းဆောင် ခေါက်ထားတဲ့စာရွက်တခုကိုယူလာပြီးပြောတယ် ၊ သူငယ်ချင်း သူ့ဆီက အတင်းလုပြီး ယူပြေးသွားတဲ့ဟာ။
“ အတန်း … အတန်းခေါင်းဆောင် ”
သူကြောင်အအနဲ့ ဘာပြန်ပြောရမလဲမသိဘူးဖြစ်သွားတယ် ၊ မုန့်စားဆင်းချိန်မို့ ဒီထောင့်မှာ နှစ်ယောက်တည်းလိုဖြစ်နေတာမို့ တော်သေးတယ်။ သူအဆင်ပြေနေပြီလို့ထင်ခဲ့တာလေ ၊ အားလုံးက အလိမ်အညာတွေချည်းပဲလား။
“ ကြည့် .. နင့်စာ ”
သူဖတ်လိုက်တာလား။
“ အတန်း … အတန်းခေါင်းဆောင် ”
“ နင် ဒါပဲပြောတတ်လား ”
သူဘာပြန်ပြောရမလဲ ၊ ဖတ်ပြီးပြီဆိုရင် အဆင်ပြေနေရမှာလေ။ အခုက ဘာအတွက် စိတ်ဆိုးနေတာလဲ ၊ သူ အဲ့လိုရေးခဲ့သင့်တာလား။
“ နင့်စာက ဗလာကြီး ၊ ငါ့ကိုစော်ကားတာလား ၊ ငါအတန်းခေါင်းဆောင်ဆိုပေမယ့် ဒီကိစ္စတော့ သည်းမခံနိုင်ဘူး … စာဖြည့်ပေး ”
‘ ဟင် ’
ဒါက အဆင်ပြေတာလား ၊ မပြေတာလား။ ငြင်းမယ်ဆိုရင်တောင် စာတော့ အရသာခံဖတ်သွားအုံးမယ် ဆိုတာလား ၊ သူ့အမေပြောတဲ့စကားမှန်နေပြီ။ ကျန်းဝူကျိအမေပြောသလိုလည်း ဖြစ်နေပြီ ၊ မိန်းမတွေက လှလေ မကောင်းလေဆိုပဲ။
#သုတဈာန်
#သာလွန်ပညာရှင်
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ