← Chapters

သူ့ထံသို့

Vol. 5 Ch. 35

သူ့ထံသို့

Vol. 5 Ch. 35

မောင်ရင့် အတွေးများပျံ့လွင့်နေရာမှ အာရုံပြန်စိုက်လိုက်သည်။ အရမ်းကြာမည်ဆိုလျှင် ညပိုင်းတာဝန်လစ်ဟင်းသွားနိုင်သည်။ အိမ်စာများလည်း ပါလာသည်မို့ မည်သို့ပင် ၅ ဆတိုးတက်လာပါစေ သူ့တွင်လည်း အခက်အခဲရှိသွားနိုင်၏။

မြင်နေကျလမ်းဘေးတွင် ဤကဲ့သို့အမှောင်ထုကို သူယခုမှ တွေ့ဖူးသည်။ ပတ်ဝန်းကျင်က မြူခိုးသဖွယ်အ‌ငွေ့များဖြင့်လည်း မှိုင်းနေသည်။ သိုက်သို့ သွားနေသည်မို့ ကိုဘုန်းကြွယ်နှင့် မမြစိမ်းဇာတ်ထုတ်ကိုပင် သတိရသွား၏။

ရွာတွင် ဇာတ်ပိုးထိုးသူများသည်မို့ နှစ်တိုင်း အငြိမ့်မပြတ်ပေ။ ထိုအထဲတွင် ကိုဘုန်းကြွယ်တို့၏ အလွမ်းဇာတ်ထုတ်လည်း အမြဲလိုလိုပါတတ်၏။ သို့သော် မရိုးရအောင် မင်းသားမင်းသမီးများက တော်ကြ၍ စောစောစီးစီးငိုယိုပြီးမှသာ ပြန်နိုင်ကြသည်။

တကယ်တမ်းလက်တွေ့တွင်တော့ သူမလွမ်းချင်ပေ။ အဿေထွက်မို့ မည်သို့ပြန်ခေါ်ရမည်ကိုလည်း စဉ်းစားရကြပ်နေ၏။

ဆရာမလေးဆီမှလည်း သူစိတ်တိုင်းကျ အားကိုးစရာမယ်မယ်ရရ မရခဲ့ချေ။ ကိုယ့်ကိုယ်ကို ဇာတ်လိုက်ဟု ထင်နေရာမှ အသုံးချခံ‌တယောက်ဖြစ်သွားသလို ခံစားရသည်။ နတ်မျိုးနွယ်ကို သူစိတ်မဝင်စားပေ ၊ နတ်စွမ်းအားကိုသာလိုချင်သည်။ မျိုးနွယ်တူနဲ့ မတွေ့ချင်ပေ ၊ သူ့တွင် အမျိုးဆိုသည်မှာ အဖေ့ဘက်နှင့် အမေ့ဘက်ဖြင့်ပင် များနေပြီ။

ဆရာမလေးကိုအသွင်တမျိုးဖြင့်မြင်ရသည်မှာလည်း စိတ်လှုပ်ရှားစရာဖြစ်သွားသော်ငြား တခုခုပါ ဆုံးရှုံးလိုက်ရသလို ခံစားရသည်။

“ ဒီကျောက်တုံးလေး ဆုပ်ကိုင်ပေးပါ ”

ရှေ့မှသွားနေသည့် ပုဂ္ဂိုလ်မှ တောင်းဆိုဟန်ဖြင့် ပြောလိုက်သည်။ သိုက်မှသူများ နှုတ်ချိုယဉ်ကျေးလှသည်ဟု မှတ်ချက် ချကာ လှမ်းကိုင်ပေးလိုက်သည်။

၅ ဆအာရုံဖြစ်သည်မို့ မြူများကို ဖောက်မြင်လိုက်ရသည်။ အမည်းရောင်ကောင်းကင်ပြင်ကြီးမှာ ကြယ်များဖြင့် တလက်လက်တောက်ပနေသည်။ ပတ်ဝန်းကျင်မှာတော့ မည်သည့်ဒေသဟု သတ်မှတ်ရလောက်အောင် ရှုခင်းသေချာမရှိချေ ၊ ဥပမာပြောရလျှင် ရှမ်ဘဲလားရှိ နတ်မျိုးနွယ်ခန်းမတွင် မြင်ခဲ့ရသည်နှင့် ဆင်တူရိုးမှားပင်။ အနည်းငယ်ကွာသည်က ယခုအတွေ့အကြုံမှာ စကြာဝဠာအမှောင်ထုထဲရောက်နေရဟန်တူပြီး ရှမ်ဘဲလားရှိနတ်မျိုးနွယ်ခန်းမတွင်ကျ စကြဝဠာရှိဂြိုဟ်တခုပေါ်မှ မိုး၍ ထူးဆန်းသည့်မြင်ကွင်းများကို ကြည့်နေရဟန်တူသည်။

“ အမှောင်ထုမြူခိုးထဲဝင်လိုက်ပြီးကတည်းက ကျနော်တို့ လောကထဲကိုရောက်သွားပြီးပါပြီ ၊ ဒီမှာ အချိန်စီးဆင်းပုံက လူပြည့်နဲ့မတူပါဘူး ၊ လူပြည့်တရက်က ဒီမှာတနှစ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ် ၊ သင်ကထူးဆန်းနေပေမယ့် သာမန်လူသားပဲလို့ ယူဆရတာမို့ ဒီကျောက်တုံးလေးကို မလွတ်တမ်းကိုင်ထားပေးပါ , အန္တရာယ်ရှိလို့ပါ ၊ ခဏနေ တာဝေးယာဉ်ရောက်လာရင် မြို့တော်ကိုသွားလို့ရပါပြီ ”

မည်သည့်အန္တရာယ်နည်းဟု သိချင်သွားသော်လည်း စေတနာစကားမို့ သူလျှောက်မလုပ်ဖြစ်ပေ။ တာဝေးယဉ်ဆိုသည်ကိုတော့ စိတ်ဝင်စားသွားသည်။ မယ်သီတာကို ဒဿဂီရိသွားခိုးတုန်းက စီးသည့်ယာဉ်ကို ဇာတ်ကားထဲတွင်သူမြင်ဖူးသည် ၊ ထိုကားထဲတွင် လှအဉ္ဇလီတင့်က မယ်သီတာဖြစ်၍ အောင်ပိုင်က ဒဿဂီရီနေရာကသရုပ်ဆောင်ထားသည်။ အချိန်နှင့် ပတ်သက်ပြီးတော့ , တော့ သူယဉ်ပါးနေပြီဖြစ်၍ ခေါင်းထဲမှ ထုတ်ထားလိုက်၏။

____________________

ကျောက်တုံးလေးလည်း စိတ်ဝင်စရာကောင်းသည် ၊ ကြည်လင်သည့် အဝါရောင်သတ္ထုအပိုင်းအစလေးတခုပင်။ လက်ထဲရောက်လာကတည်းက ခန္ဓာကိုယ်ကို အလွှာတထပ်ဖုံးအုပ်ပေးထားသကဲ့သို့ နွေးနွေးကလေးခံစားရ‌စေသည်။

ဤကျောက်တုံးလေးကြောင့်လည်း မြူကိုထိုးမပေါက်နိုင်သည့် ၅ ဆအာရုံတို့ ပြန်ပွင့် သွားခြင်းဖြစ်သည်။ ထပ်ကြုံလာလျှင်သုံးဖို့ရာပင် သိမ်းထားချင်စိတ် ပေါက်သွား၏။

“ တာဝေးယာဉ်ရောက်ပါပြီ ”

အသံတခုနှင့်အတူ ပုံသဏ္ဍာန်သေချာမထင်ရှားသည့် အရာဝတ္ထုကြီးတခု ရှေ့တွင်ပေါ်လာသည်။ မြူလည်း ကာမနေ , ဝေးလည်းဝေးမနေဘဲ ရေးတေးတေးဖြစ်နေသည်။ မောင်ရင့် ကျောက်တုံးကလေးကို သံသယဖြစ်သွား၏။

“ ကျောက်တုံးလေးကို ကိုင်ထားပေးပါအုံး ၊ သင့်အနေနဲ့ မသိသင့်တာ , မမြင်သင့်တာတွေကို မစူးစမ်းချင်ပါနဲ့ ၊ မြို့တော်ကို မရောက်ခင် တခုခုဖြစ်သွားရင် ကျနော်တို့မှာ ဒဏ်သင့်ရပါလိမ့်မယ် ”

‌အသံနှစ်ခုက တောင်းပန်ဟန်ဖြင့် ထွက်လာသည်။ မောင်ရင့်ကိုလာခေါ်သောပုဂ္ဂိုလ်မှာ ထိတ်ထိတ်ပြာပြာပင် ဖြစ်နေသည်။ မမြင်ရသည့် အရာကိုတော့ သူမခန့်မှန်းတတ်ပေ။ စဉ်းစားထားသည့် ယာဉ်ပုံစံမဟုတ်သည်မှာတော့ သေချာသည်။

အနည်းဆုံး မောင်းနှင်ပေးမည့် ပုဂ္ဂိုလ်ကိုတော့ သူ မြင်ဖူးချင်သည်။ အရှေ့မှ ပုဂ္ဂိုလ်မှာ မထူးခြား၍ သိုက်ကို သွားနေရသကဲ့သို့ သူမခံစားရချေ ၊ သာမန်ရွာသားတဦးပုံစံမို့ ပထမ မယုံဖြစ်သွားရခြင်းမှာလည်း မလွန်ပေ။

“ သွားကြတာပေါ့ ”

မောင်ရင့် ကြောက်စိတ်တော့ မရှိချေ ၊ ရေရေရာရာ ဘာပညာမှမတတ်လာသေးသော်လည်း ပစ္စည်းကောင်းတချို့သူ့တွင်ပါသည်။ အခြေအနေမဟန်လျှင် ဆရာမလေးအပေါ်ကတိဖျက်ကာ အသွင်ပြောင်းလိုက်မည် ၊ သူဒုက္ခခံရထားသည့်အရာကို လွယ်လွယ်နှင့် မစွန့်လွှတ်နိုင်ပေ။

ခရီးက ကားစီးနေရသကဲ့သို့ပင် ၊ သို့သော် မထင်ရှားသည့်အရာမှာ များစွာဇိမ်ရှိလှ၏။

“ ဘယ်လောက်ကြာမှာလဲ ”

“ ဒီယာဉ်က အထူးယာဉ်မို့ သိပ်မကြာပါဘူး ”

မောင်ရင့် ဘေးဘီဝဲယာလှည့်ကြည့်လိုက်ရာ ကြယ်များနှင့် အမှောင်ထုသာတွေ့ရသည်။ စူးစမ်းချင်စိတ်ကို စိတ်တိုင်းကျလွှတ်မရ၍ အားမလို အားမရတော့ဖြစ်သည် ၊ လူက ငုတ်တုတ်ဖြစ်နေ၏။

သူ သိုက်ကိုယခုကဲ့သို့ တခါမှ မတွေးဖူးပေ ၊ ကိုဘုန်းကြွယ်တို့ဇာတ်ထုတ်၏ လွှမ်းမိုးမှုကြောင့်လည်း ပါမည်ထင်၏။ ယခုက အာကာသထဲ ကားစီးသွားနေရသကဲ့သို့ ခံစားရသည် ၊ သိပ္ပံကားများ၏ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်နိုင်သည်။

“ မင်းတို့က ဘာသိုက်လဲ ”

ရုတ်တရက်အမေးကို ကြောင်သွားဟန်ဖြင့်

“ ကျနော်က သိုက်က မဟုတ်ပါဘူး ”

မောင်ရင့် ကြောင်အလှည့်ဖြစ်သွားသည်။

“ ဒါဆို … ဒါက ဘယ်နေရာလဲ ”

“ ဒါက ကျနော်တို့ကမ္ဘာပါ ”

“ ဒါက အာကာသထဲမှာမဟုတ်ဘူးလား ”

“ ဒါကို အာကာသလို့မခေါ်ပါဘူး ”

“ မင်းတို့က သိုက်မဟုတ်ရင် ဘာအမျိုးအစားလဲ ”

ထိုပုဂ္ဂိုလ်ခဏတွေသွားကာ

“ ဒါကို ကျနော် အခုပြောလို့ မရပါဘူး ”

မောင်ရင့်စိတ်ရှုပ်သွားသည်။

“ ဒါကို အာကာသကမ္ဘာလို့ခေါ်လား ”

“ အဲ့လို မခေါ်ပါဘူး ”

“ ငါတို့ ကမ္ဘာထဲမှာပဲလား ”

“ မဟုတ်ပါဘူး ”

“ ငါတို့ ကမ္ဘာအပြင်မှာပေါ့ ”

“ … ဟုတ်ပါတယ် ”

“ အခု ငါတို့က မင်းတို့ကမ္ဘာကိုသွားနေတာလား ၊ ဒါမှမဟုတ် မင်းတို့ ကမ္ဘာထဲမှာပဲလား ”

“ အမှောင်ထုမြူခိုးထဲ ဝင်လိုက်ပြီးကတည်းက ကျနော်တို့ ကမ္ဘာထဲကို ရောက်သွားပြီးပါပြီ ”

“ ငါတို့ ကမ္ဘာတွေက ဆက်နေကြတာလား ”

“ … အဲ့လိုပြောလို့ရပါတယ် ”

မောင်ရင့် လိုလိုမယ်မယ် အမှောင်ထုမြူခိုးနေရာကို စိတ်ထဲမှတ်ထားလိုက်သည်။ ကျောက်တုံးကလေးကိုလည်း ပြန်မပေးရန် ဆုံးဖြတ်လိုက်သည်။

“ ဒါမျိုးကျောက်တွေအများကြီးရှိလား ”

“ မရှိပါဘူး … ဒါက သင့်အတွက် အထူးသီးသန့်ယူလာတာပါ ၊ ကျနော်တို့က မလိုအပ်ပါဘူး ”

အကြံတခုပျက်သွားသည်။

“ မင်းတို့ကမ္ဘာကလည်း ခေါင်လိုက်တာ ၊ ကြယ်တွေနဲ့ အမှောင်ထုပဲရှိတယ် ... ပျင်းစရာကြီးကွာ ”

“ … သင် , ကြယ်တွေကို တွေ့နိုင်တာလား ”

မျက်စိမျက်နှာ အနည်းငယ်ပျက်သွားဟန်တူသည်။ မောင်ရင့်လည်း သူမြင်နေရသည်ကို အမှတ်တမဲ့ ထုတ်ပြောလိုက်မိ၍ နောင်တရသွားသည်။

“ သင် ဘာတွေမြင်ရသေးလဲ ၊ သင့်ကိုယ်ကထူးဆန်းနေတာ ဒါကြောင့်လား ”

“ ကြယ်နဲ့အမှောင်ထုကိုမြင်ရတယ် ၊ အခုစီးထားတဲ့ ကားကိုလည်း တခုခုကို စီးထားတယ်ဆိုရုံမြင်ရတယ် ၊ ဒါပါပဲ … မစိုးရိမ်ပါနဲ့ ”

သက်ပြင်းချလိုက်ပုံဖြင့် ငြိမ်သွားသည်။

“ မင်းတို့ဆီမှာ အခုလို ငယ်ငယ်လေးတွေက ပိုများလား ၊ မင်းက တခြားဘာတွေလုပ်ရသေးလဲ ”

ကြီးကြီးမားမားမေးလျှင် အဖြေမရနိုင်ဘူးထင်၍ ပုဂ္ဂိုလ်ရေးပဲ သူ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

“ ကျနော်က သင့်ထက်မငယ်ပါဘူး ၊ အခုက … ”

ဆက်ဖြေလို့မရပုံဖြင့် အသံတိတ်သွားသည်။

“ နန်းတော်အဝကို ရောက်ပါပြီ ”

အသံနှင့်အတူ ကားရပ်သွားသည်။

“ ကျနော့်နောက်က ထပ်ကြပ်မကွာလေး လိုက်ခဲ့ပေးပါ ၊ ဘေးဘီဝဲယာကို မကြည့်မိပါစေနဲ့ ”

စိုးရိမ်သံနှင့် ရှေ့မှဦးဆောင်ခေါ်သွားသည်။ မောင်ရင့် လိုက်မသွားမှီ ခိုးကြည့်မိသော်လည်း ရေးတေးတေးပင် ဘာတခုမှ မတွေ့ရပေ။

အချိန်အနည်းငယ်ကြာပြီးနောက်

“ သခင်မ … သူရောက်လာပါပြီ ”

သတင်းပို့သံနှင့်အတူ အ‌ရှေ့မှပုဂ္ဂိုလ်ပျောက်သွားသည်။ ထို့နောက်ပြန်ပေါ်လာကာ

“ အရှေ့ကို ၁၀ လှမ်းတိုးပြီး ရပ်စောင့်နေလိုက်ပါ ၊ ကျေးဇူးပြုပြီး ကျောက်တုံးလေးကိုလည်း သေချာကိုင်ထားပေးပါ ”

မောင်ရင့် သူပြောသည့်အတိုင်း ရှေ့တိုးကာ စောင့်နေလိုက်သည်။ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သဇင်ကျော် ဆက်သွယ်လာမှ တွေ့နိုင်သည်မို့ ဤအခွင့်အရေးကို သူအမိအရဆုပ်ကိုင်မှ ဖြစ်မည် ၊ သူ သဇင်ကျော့်ကို ရရာနည်းဖြင့် ကယ်ထုတ်သွားမည်။

သဇင်ကျော်က သူ့အတွက် အချစ်ဦးပင် ၊ မနိုင်လျှင် ဆရာမလေးကိုလှမ်းခေါ်လိုက်မည်။ ဆရာမလေးက ထူးဆန်းနေသော်လည်း သူနှင့် သဇင်ကျော့်အပေါ်အစစအရာရာကောင်းခဲ့သည် ၊ ကျောင်းတွင်လည်း စေတနာနှင့် ပတ်သက်၍ နာမည်ကြီးသည်။ နောက်ပြီး ယခုအထိ သူကြုံဖူးသမျှထဲတွင် ဆရာမလေးကို အစွမ်းဆုံးဟု ထင်သည် ၊ ဆရာမလေးကိုယ်တိုင်မနိုင်လျှင်ပင် သူ့တွင်နည်းလမ်းကောင်းများ အများကြီးရှိနိုင်သည်။

အမှောင်ထုထဲမှ အလင်းရောင်တချက်လက်သွားကာ အမျိုးသမီးတဦးထွက်လာသည်။ အဝတ်အစားအသွင်အပြင်ကို ကြည့်ရသည်မှာ ခမ်းခမ်းနားနားမို့ သခင်မဆိုသူပင် ဖြစ်ရမည်။ သို့သော် ဇာတ်ထဲတွင်ကဲ့သို့ နန်းဝတ်နန်းစားခမ်းခမ်းနားနားများတော့ မဟုတ်ပေ ၊ မြို့ကြီးသူကဲ့သို့ ခေတ်မှီကာ ပြောင်ပြောင်ရောင်ရောင်ပုံစံနှင့်ဖြစ်သည်။

ရုတ်တရက် ဆရာမလေးကိုပင် ပြေးမြင်မိသွားသည် ၊ ဆရာမလေးလည်း ဒါမျိုး ဘောင်းဘီရှည် ဒဲ့ပွကို အင်္ကျီအထဲထည့်ဝတ်သည့် ယောကျ်ားဆန်ဆန်ပုံစံဖြင့် ဝတ်ဖူးသည်။ သို့သော် ဤအမျိုးသမီးက ဆရာမလေးလောက်မလှပေ ၊ သဇင်ကျော်နှင့်တော့ ယှဉ်၍ရသည်။ နောက်ပြီး သူ့အဝတ်များက ပို၍တောက်ပြောင်ဆန်းသစ်ကာ ဟိတ်ကြီးဟန်ကြီးအသွင်ကိုဆောင်နေသည်။

ဆံပင်ကတော့ သဇင်ကျော်ကဲ့သို့ ဂုတ်ထောင့်အဝိုင်းပင် ၊ သူနှင့်ကျ ယောက်ျားဆန်သည့်အသွင်ဖြစ်သွားသည် ၊ မာနကြီးဟန်လည်းရ၏။

“ ငါ့ကို သိလား ”

“ ဟုတ်ကဲ့ ၊ ကျနော် သဇင်ကျော်နဲ့ တွေ့ချင်ပါတယ် ”

သခင်မဆိုသူမှ သူ့အနားတိုးကပ်လာသည်။ ရုပ်ရည်မထူးခြားသော်လည်း သူ့စိတ်ထဲ လှုပ်ရှားနေသလို ခံစားရသည် ၊ မွှေးပျံသည့် အနံ့တမျိုးလည်း နှာခေါင်းထဲတိုးဝင်လာသည် ၊ အလွန်ဆွဲဆောင်မှုရှိသည့် အမျိုးသမီးဟု ဆိုရမည်။

“ ဘာလုပ်မလို့လဲ ”

မောင်ရင့်ကြောင်သွားကာ

“ သူနဲ့တွေ့ရအောင် ခေါ်လိုက်တာ မဟုတ်ဘူးလား ”

“ ဘယ်သူကပြောတာလဲ ”

“ … ”

သူ့တပည့်ပဲ သဇင်ကျော့်ကို တွေ့ရအောင်လိုက်ခဲ့ဆိုပြီး ခေါ်လာပြီးမှဟု မောင်ရင့် အထွန့်တတ်ရန် ကြံလိုက်ပြီးခါမှ တခုတွေးမိသွားသည်။

#သုတဈာန်

#သာလွန်ပညာရှင်

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters