← Chapters

မင်းသိဖို့ကောင်းတယ်

Vol. 5 Ch. 36

မင်းသိဖို့ကောင်းတယ်

Vol. 5 Ch. 36

သူစရောက်လာတာ ၅ တန်းနှစ်ကလို့ပြောရမယ် ၊ သတိထားမိသွားတာက သတိမထားမိလောက်အောင် တမင်တကာကို ကိုယ်ယောင်ဖျောက်နေလို့။

ဒါမျိုးဆို အရမ်းအသည်းယားလို့ သူ့ကိုမှတ်ထားလိုက်တယ်။

ပုံစံက ဆိုးဝါးနေတာလည်း မဟုတ်ဘဲ သူ့မှာဘာပြဿနာတွေရှိလို့လဲ ၊ ရိုင်းရိုင်းပြောရရင် ကျက်သရေမရှိတဲ့ပုံပေါက်နေတယ်။

ချောင်ထဲကနေ လင်းလင်းရှင်းရှင်းထဲ ခဏလေးတောင်မထွက်ဘူး ၊ သူ့ရုပ်လေးကိုမှ အားမနာ … ‘ ငါ ကလည်း ဘာလို့သူ့ကိုယ်စား နှမျောနေရတာပါလိမ့် … ’

ဆပ်သွားကျေးရွာအုပ်စုထဲမှာ ရွာတွေတော်တော်များတယ် ၊ တချို့ရွာတွေဆို မူလတန်းကျောင်းတောင်မရှိလောက်အောင် ခေါင်ကြတယ်။ တချို့ရွာတွေကျ အလယ်တန်းကျောင်းအထိရှိကြတယ် ၊ ဒါပေမယ့် အထက်တန်းကျ ဒီကိုလာတက်ကြရတာပါပဲ။

သူက ဆပ်သွားတံတားအထက် ဟိုး … ချောင်းအဖျားဘက် ကူးတို့ရွာကတဲ့ ၊ သူတို့အဖွဲ့ကထူးထူးခြားခြား ‌ယောက်ျားလေးတွေချည်းပဲ။ အဲ့ထဲက တယောက်က သူငယ်ချင်းနဲ့ မုန့်စားဖော်မုန့်စားဖက် ၊ သူလည်း ပုန်းနေတဲ့ဒီကောင်လေးနဲ့ ခင်ချင်မိတယ် … ။

၆ တန်းကို သူဘယ်လိုအောင်သွားလဲလို့တောင် စဉ်းစားယူရတယ် ၊ ကံတော့ အတော်ကောင်းပုံရတယ်။

၇ တန်းလည်း သူပါလာတယ် ၊ သူစာခိုးလုပ်နေတာလား။

၈ တန်းရောက်ပြီ ၊ ဒီနှစ်က အစိုးရစစ် , သူဘာဆက်လုပ်မလဲ စောင့်ကြည့်အုံးမယ်။

သူငယ်ချင်းဆီက တဆင့်ကြားရတာတော့ သူက ကပ်ကျက်သမားတဲ့ ၊ ဉာဏ်လည်းတော်တော်ကောင်းတယ်တဲ့။

ဒါဆို အားလပ်ချိန်တွေသူဘာလုပ်နေတာလဲ ၊ ဘောလုံးကန်တာ , ဘောလုံးပွဲကြည့်တာလည်းမတွေ့မိဘူး။ သူ့မိဘတွေကများ ကျောင်းကပြန်ရောက်ရင် သူ့ကိုအလုပ်,လုပ်ခိုင်းနေကြတာလား ၊ ဆပ်သွားလိုရွာကြီးမှာတောင် ဒါမျိုးတွေ သူတွေ့ဖူးတယ်။

သူကငပျင်းလား ၊ သူဘာတွေကြောက်နေတာလဲ။

_______________________

သူက ပုံဆွဲတော်သားပဲ ၊ နှမျောစရာကောင်းတာက ဒီနှစ်ပြိုင်ပွဲသူမမှီတော့ဘူး။ ပြီးတော့ သူဆွဲတာတွေက နည်းနည်း … အရမ်းကလေးဆန်တာပဲ ၊ သူ ဖွံ့ဖြိုးမှုနောက်ကျနေတာလား။

ဒါပေမယ့် လူကဖွံ့ဖြိုးနေပါပြီ ၊ ပိန်တယ်ဆိုပေမယ့် သွယ်သွယ်လေးပုံပေါက်တယ်။ အရပ်လည်းရှည်ပြီး အသားကလည်း စိုစိုပြေပြေရှိတယ် ၊ နေ့တိုင်းလာကြောင်နေတဲ့ ပိုးဟပ်ဖြူလိုမဟုတ်ဘဲ ညိုစိမ့်စိမ့်လေး။ သန့်သန့်ပြန့်ပြန့်သာနေလိုက်ရင် လူချောလေးလို့ပြောရမယ် ၊ မျက်နှာကျကလည်း ဂျူမုံမင်းသားကျနေတာပဲ ... သူ့ဆံပင်ဘုတ်သိုက်ကတော့ ရုပ်ကိုဖျက်စီးနေတယ်။

‘ သူ ... ငါ့ကိုကြည့်နေတာလား ၊ သူ ငါ့ကိုခိုးကြည့်နေတာပဲ။ နေပါအုံး ... ငါ ဘာလို့ပျော်နေရတာလဲ ၊ ဘယ်သူက ငါ့ကိုမကြိုက်တဲ့သူရှိလို့လဲ ’

ရွာကကောင်တွေကလည်း ဧည့်ဝတ်ကျေမှုတောင်မရှိကြဘူး ၊ သူ့ဘာသာပုံဆွဲနေတာကို သွားစနေတယ်။ အဲ့ကြောင့်လည်း ဟိုက တုတ်တုတ်မှ မလှုပ်ရဲတာနေမယ် ၊ ဆရာမ‌လေးကို သွားပြောထားအုံးမှ။ အတန်းခေါင်းဆောင်ကလည်း မသိယောင်ဆောင်နေသလိုပဲ ၊ ကိုယ်တိုင်စောင့်ရှောက်မှ ဖြစ်တော့မယ်။

_______________________

တရက် ကျောင်းကိုလာတော့ အားလုံးကထူးထူးဆန်းဆန်းပုံစံနဲ့ကြည့်နေကြတယ် ၊ အရင်လို လှလို့ကြည့်ကြတာမျိုးမဟုတ်ဘဲ တခုခုဖြစ်နေပုံရတယ်။

သူငယ်ချင်းပြောတာတော့ ကောင်လေးက သူ့ပုံတွေခိုးဆွဲနေတယ်တဲ့ ၊ သူလည်း အရူးအမူးဖြစ်နေပြီလား , မှားလို့ … သူအရူးအမူးဖြစ်နေပြီပဲ။

ဒီရက်ထဲ သူ့အကြည့်တွေပိုရဲလာတယ် ၊ သူလည်းရင်တွေတုန်နေမိတယ်။ သူ … သူ ရင်ခုန်နေပြီလား ...။

_______________________

အတန်းခေါင်းဆောင်ဖြစ်ရတာပျော်တယ် ၊ ဆရာမဆီကပဲ ခွင့်ပြုချက်လိုတော့မယ်။ ရှေ့ကမသမာမှုတချို့ကို သူ တရားဝင်ကိုင်တွယ်နိုင်တော့မယ် … ‘ ကောင်လေး ... မင်းလည်း လုံခြုံပြီလို့သာ မှတ်လိုက်တော့ ’

ဒါပေမယ့် ဘာမှားသွားလို့ပါလိမ့် … သူဒီဘက်ကိုမကြည့်တော့ဘူးပါလား ၊ နှစ်ဝက်စာမေးပွဲအတွက် စိတ်တွေဖိစီးနေလို့လား။ သူ့ကို သွားကူညီပေးသင့်လား ၊ ကျောင်းပြေးချင်နေတဲ့ ပုံစံလည်းပေါက်တယ်။

_______________________

ဆရာမလေးကတော့ စံပဲ … မိဘပါ ခေါ်တွေ့ပစ်လိုက်တာ ၊ သူ့အချိုးတွေ အများကြီးပြောင်းလဲသွားပြီ ... စာမေးပွဲကျတာမှာလည်း တော်တော်ရင်နာသွားတယ်နဲ့တူတယ် ။

ဒီဘက်ကို ပြန်လှည့်ကြည့်လာပြီ။

အရမ်းကြာသလိုခံစားရတယ် ၊ ဒီအတိုင်းဆို နောက်နှစ်ကူးမယ်နဲ့တူတယ်။ နည်းနည်းလေး … လမ်းဖောက်ပေးလိုက်မယ်။

_______________________

သူ့ English လက်ရေးတွေက မဆိုးဘူးဘဲ ၊ ဒါပေမယ့် ဆပ်သွားမြို့ , ဂွမြို့နယ် , ရခိုင်ပြည်နယ်မှာ ဆပ်သွားက စာလုံးပေါင်းမှားနေတယ် ၊ ဒါကိုအသုံးချပြီး သူ့စိတ်အခြေအနေကို အကဲခပ်ကြည့်ရမယ်။

လူကြီးလူကောင်းလို့ပြောရမယ် ၊ ဒါပေမယ့် နောက်ကြုံရင် ထပ်စမ်းကြည့်ရအုံးမယ်။ လောလောဆယ် သူ့ဘက်က လှုပ်ရှားသင့်နေပြီ ၊ စာအုပ်ငှားတဲ့နည်းသုံးပေးထားတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။

“ အတန်းခေါင်းဆောင် … စာ ”

မှေးငေါ့ပြတဲ့နေရာကို သူကြည့်လိုက်တယ် ၊ နောက်ဆုံးတော့ ဘူတာဆိုက်ပြီလို့တွေးပြီး ဖွင့်လိုက်တယ်။

မြင်လိုက်ရတာကို သူခဏတွေပြီးကြည့်နေမိသေးတယ် ၊ စာလာပို့တဲ့ သူ့သူငယ်ချင်းကတော့ ထွက်သွားပြီ။

သူ့ကို လှောင်တာလား ၊ သူကြိုက်နေတာကို သိလို့ တမင်လုပ်တာလား။ ရုတ်တရက် ဒေါသကထောင်းခနဲထွက်သွားတယ် ၊ ဒါပေမယ့် … ခုံထောင့်မှာ ပုံဆွဲနေတဲ့သူက အပြစ်ကင်းစင်နေသလိုပဲ။

စာလာပို့သွားတဲ့သူ့သူငယ်ချင်းရဲ့အခြေအနေကို ပြန်တွေးကြည့်လိုက်တယ် ၊ ‘ ငါ့ကိုပေး ’ ဆိုတဲ့ အသံကိုလည်း သူကြားလိုက်ရသလိုရှိတယ်။ သူတောက်လျှောက် စောင့်ကြည့်လာတဲ့သူ့ရဲ့ သဘောထားက သူ့အပေါ်ဒီလိုမလုပ်‌လောက်ဘူးလို့ ကောက်ချက်ချလိုက်တယ် ၊ ဒါပေမယ့် သူ့စိတ်ထဲ ရင်းနှီးလွန်းလာရင်ဖြစ်တတ်တဲ့ အကျင့်ဆိုးတခုက ပေါ်လာတယ်။

သူလိုချင်တာမရရင်တောင် အနည်းဆုံး စလိုက်ရနိုင်တယ် ‘ ကောင်လေးရေ ... တောင်းပန်ပါတယ် ’

#သုတဈာန်

#သာလွန်ပညာရှင်

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters