← Chapters

ချစ်၍ခေါ်ရာ

Vol. 5 Ch. 37

ချစ်၍ခေါ်ရာ

Vol. 5 Ch. 37

“ သခင်မက သဇင်ကျော့်အစ်မလား ”

ထိုသို့ဆိုလျှင် သဇင်ကျော့်အနေအထားက ဒုက္ခရောက်နေသည့်ပုံမဖြစ်နိုင်တော့ပေ ၊ သူအခွင့်မသာသေး၍သာ ဒီဘက်ကို မဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်မည်။

“ ဟဟ .. တကယ်မသိတာလား ”

သခင်မဆိုသူအမျိုးသမီးက အနည်းငယ်စိတ်ဆိုးသွားဟန်ရသော်လည်း သူ့အနားထပ်တိုးလာကာ နှုတ်ခမ်းကို နားနားကပ်၍

“ မောင်က … အခုလိုပဲလား ”

‘ မောင် … ’

မောင်ရင့် အံ့ဩသွားကာ မယုံနိုင်လည်းဖြစ်သွား၏ ၊ ဤကြားထဲ သခင်က အနားအရမ်းကပ်နေပြီး မွှေးပျံ့သည့်ရနံ့များဖြင့်ပါ လွှမ်းခြုံထားရာ ခံစားချက်များမှာ ပွင့်ထွက်မတတ်ဖြစ်သွားသည်။

“ သ .. သဇင်လား ”

“ မောင် ”

မောင်ရင့် သခင်မ,တဖြစ်လဲ သဇင်ကျော့်ကိုကြည့်ကာ ဝမ်းသာအားရဖြစ်သွားသည် ၊ သို့သော်လည်း အမြင်မှာ တကယ့်သဇင်‌ကျော်,မဖြစ်နေ၍ အခြေအနေက တမျိုးထူးဆန်းနေ၏။

ထို့ကြောင့် သူစတွေ့ကတည်းက ရင်းနှီးသလိုခံစားရပြီး ရင်တွေပါခုန်နေမိခြင်းဖြစ်ရမည် ၊ သူ ဦးလေးစိန်အဖြစ်ကိုပင် ပြန်‌တွေးမိသွားသည်။ ဤသို့ဆိုလျှင် သဇင့်ကို မူလအခြေအနေပြန်ဖြစ်အောင် လုပ်၍မရတော့သည့်ပုံပင် ၊ တကယ်လုပ်မည်ဆိုလျှင်လည်း သူ့ကဲ့သို့မျောနေခြင်းမဟုတ်ဘဲ တကယ်‌တေသွားခြင်းဖြစ်၍ ပြန်တူးဆွ ... သူ ခေါင်းတွေရှုပ်သွားသည်။

ထို့ကြောင့် ဆရာမလေးက သူ့ကိုလက်လျှော့လိုက်ဖို့ ပြောခြင်းဖြစ်ရမည် ‘ အသားလွတ်ခေါင်းမာခြင်းတွေက လက်တွေ့တွင်အသုံးမဝင် ’ ဆိုသည်မှာ မှန်လေစွ။

သူ့ပြောင်းလဲခြင်းများက သိပ်များများစားစားမရှိသည့်ပုံပင် ၊ သူ ဖွံ့ဖြိုးမှုနောက်ကျလွန်းသည်။

“ ဒီတိုင်းပဲ ငေးပြီးရပ်နေတော့မှာလား ”

သဇင်ကျော် မောင်ရင့်ကိုစလိုက်သည်။

“ ဒီ .. ပုံစံက တမျိုးဖြစ်နေလို့ပါ ”

မောင်ရင့်စကားများထစ်နေသည်။

“ အသက်ကြီးသွားလို့ မကြိုက်တော့တာလား ”

“ မဟုတ်ပါဘူး … ”

“ ဒါဆို အသက်ကြီးတာကို ကြိုက်တယ်ပေါ့ ”

“ မဟုတ်ပါဘူး … ”

မောင်ရင့် ခေါင်းကိုက်သွားသည် ၊ သို့သော် တကယ့်သဇင်ကျော်ဟု သူခံစားလာရ၍ ဝမ်းလည်းသာသွားသည်။

“ အဝတ်တွေက … ”

“ ဒါလား … ရန်ကုန်သူတွေကို အတုယူထားတာလေ ၊ ဆရာမလေးဝတ်တာမြင်ဖူးပြီးကတည်းက ဝတ်ကြည့်ချင်နေတာ ၊ လှလား …”

“ လှတယ် … အရမ်းလိုက်တယ် ”

သဇင်ကျော် ကျေနပ်သွားသည်။

“ သခင်မဆိုတော့ ဘယ်သူက ခေါ်သွားတာလဲ ”

မောင်ရင့် သိချင်နေတာကို မေးလိုက်သည် ၊ ယခင်က သူထင်နေသည်မှာ သဇင်ကျော့်ကို ဤကဲ့သို့ မဟုတ်ပေ။

“ အဲ့ဒါ နောက်မှပြောပြမယ် ”

မောင်ရင့် ခေါင်းငြိမ့်ကာ သဇင်ကျော့်ကို ကြည့်လိုက်သည်။ တစိမ်းကနေ အသိဆိုသည့်စိတ်ဝင်သွားပြီမို့ ချစ်သူချင်း နီးကပ်ချင်သည်။

သို့သော် နေရာကို သူ့စိတ်ထဲ မလုံမလဲဖြစ်နေသည် ၊ သိသာသိစေ မမြင်စေနဲ့ဟုသော စကားအတိုင်းတွဲလာကြခြင်းဖြစ်၍ စိတ်ထဲတုံ့နေသည်။ နောက်ပြီး တကူးတက ထူးထူးဆန်းဆန်းတွေ့နေကြရသည်ဖြစ်သည့်အပြင် ဘဝချင်းလည်း ခြားနေ၍ သူ့ကို တမျိုးမြင်သွားမည်လည်း စိုး၏။

“ အများကြီး ပြောင်းလဲသွားတာတောင် ဒီအကျင့်ကတော့ အခုထိ မပျောက်သေးဘူးနော် ”

သူ့စကား သူသဘောတကျ ရယ်ရင်း သဇင်ကျော် မောင်ရင့်လက်ကိုကိုင်ကာ တနေရာသို့ ဆွဲခေါ်သွားသည်။

မောင်ရင့်လည်း သဇင်ကျော့်လက်ကို ပြန်ကိုင်လိုက်သည် ၊ သူ့အဖြစ်က မိန်းကလေးတယောက်နှင့် အရှင်လတ်လတ် နောက်ဘဝအထိပါ ချစ်ခွင့်ရနေခြင်းပင်။ ဟုတ်တယ် , သူ သဇင်ကျော့်အပေါ်မှာ မဖောက်ပြန်ဘူး ၊ သူသစ္စာရှိနေတုန်းပဲ , ဒါကလည်း သဇင်ကျော်ပဲလေ။

“ လှလိုက်တာ …”

မောင်ရင့် မြင်လိုက်ရသည့် မြင်ကွင်းက ရှုမငြီးချင်စရာကောင်းလှသည် ၊ လသာသည့်ညတွင် တလက်လက်လင်းနေသည့် ကောင်းကင်ပြင်ကြီးကို အနီးကပ်ကြည့်လိုက်ရသကဲ့သို့ပင်။ လမ်းခရီးမြင်ကွင်းနှင့် သိပ်မကွာသော်လည်း ဤမြင်ကွင်းက များစွာအသက်ဝင်ပြီး အရောင်အသွေး ပိုမိုစုံလင်လှသည်။

“ ဒါက … ”

သဇင်ကျော့်လက်ကို ဆုပ်ကိုင်ထားရင်း မောင်ရင့်မေးလိုက်သည် ၊ ထူးဆန်းသည့်ပြင်ညီတခုတွင် အတူရပ်ကာ ဘေးဘီဝဲယာကို ကြည့်နေကြခြင်းပင်။

“ ဒါက အုပ်ချုပ်ရေးမျှော်စင်ထိပ်ကနေမြင်ရတဲ့ မြို့ထဲမြင်ကွင်းလေ ၊ ဟိုး … ဘက်က ကြယ်လေးတွေ တွေ့လား ”

မောင်ရင့် ခေါင်းငြှိမ့်လိုက်သည် ၊ ၅ ဆအာရုံမို့ ရွေ့လျားနေသည်ကိုပါ သတိထားမိသည်။

“ အဲ့ဒါ ကင်းလှည့်တပ်ဖွဲ့လေ ”

“ ဒီရက်ထဲ ထူးဆန်းတာတွေ အများကြီးပဲ ၊ ကိုယ်ကိုယ်တိုင်ရာ … ကိုယ့်အနားကလူတွေရော … ကိုယ်ကြုံနေရတာတွေရောပဲ ”

သဇင်ကျော် မောင်ရင့်ကို နားလည်ဟန်ဖြင့် ကြည့်လိုက်ကာ ... “ ရွတ် ” ... အရပ်ကအတူတူလိုဖြစ်နေ၍ နှုတ်ခမ်းတည့်တည့်ပင်။

“ ကိုရီးယားအနမ်းလေ ၊ အရင်ကတောင်းထားတာ အခု ပေးပြီးပြီနော် ... ”

မောင်ရင့် ရင်ခုန်သွားသည်။

“ ထပ်ပေးလို့ ရအုံးမလား … ”

“ မရဘူး … ထပ်စောင့်ရမယ် ”

သူ အားမလိုအားမရဖြစ်သွားသည်။

“ ဒီကမ္ဘာက သဇင့်တို့ကမ္ဘာရဲ့ လက်အောက်ခံကမ္ဘာတွေထဲက သဇင်အုပ်ချုပ်ရတဲ့ ကမ္ဘာတခုလေ ”

“ သဇင်တို့က ဂြိုဟ်သားတွေလား ”

လူဝင်စားတဲ့ ဂြိုဟ်သား ၊ ဂြိုဟ်သားဝင်စားတဲ့လူဟု သူမကြားဖူးသော်လည်း မေးကြည့်လိုက်သည်။

“ ဟဟ .. မောင်ကလည်း ”

“ ဂြိုဟ်သူမလေးလို့ခေါ်ရမလား ”

“ ဂြိုဟ်ကောင်မလို့ မခေါ်ရင်ရတယ် ”

“ ဟားဟားဟား … ”

အတော်ကြာအောင် စကြနောက်ကြပြီးနောက်

“ အတည်ပြောပြပါ … ”

“ သဇင်ဒီမှာ နေတုန်းက တကယ့်လူသားတယောက်အနေနဲ့ လူပြည့်မှာနေဖူးချင်ခဲ့တယ် ၊ ဒါနဲ့ ခဏမျောလိုက်ပြီး မောင်တို့ဆီရောက်လာခဲ့တာပေါ့။ အမေနဲ့အဖေက အစက အပျော်ဆိုပြီး မသိချင်ယောင်ဆောင်ထားကြတာ ၊ သဇင်တို့ အဓိကကမ္ဘာနဲ့ မောင်တို့လူ့ကမ္ဘာကလည်း ဒီကမ္ဘာလေးနဲ့ မောင်တို့ကမ္ဘာကြားမှာ အချိန်အရမ်းကွာသလို ကွာကြတယ်လေ။ ပထမ အားလုံးအဆင်ပြေနေပေမယ့် မောင့်ဆီက ရုတ်တရက်အပြောင်းအလဲက သူတို့ကို စိုးရိမ်စိတ်တွေဖြစ်သွားစေတယ် ”

သူ့အကြောင်းကို ဘယ်သူတွေ ဘယ်လောက်တောင် ဘယ်လိုတွေ သိထားနှင့်ကြပြီလဲမသိဟု မောင်ရင့်စိတ်ရှုပ်သွားသည် ၊ ထိုကဲ့သို့ အခြေအနေကို မည်သူမှ သဘောကျကြလိမ့်မည်မထင်ပေ။

“ သူတို့က သဇင့်အနားမှာ အစောင့်ထားထားပေးတော့ အဲ့ကနေတဆင့် သိသွားကြတာ ၊ မောင့်ဆီသတင်းလာမေးတုန်းက … မောင်လည်း ဆရာမလေးလိုပဲဖြစ်လာလိမ့်မယ်ဆိုပြီး သူတို့စိုးရိမ်သွားကြတယ် ၊ ဒါနဲ့ သဇင်ထားခဲ့တဲ့ အဓိဌာန်စိတ်အကူအညီနဲ့ အတင်းပြန်ခေါ်လိုက်ကြတာ ”

မောင်ရင့် သိပ်နားမလည်ပေ ၊ သူနှင့်သဘောမတူ၍ ခွဲခြင်းကိုတော့သိသည်။ သိုက်မဟုတ်သော်လည်း သိုက်နှင့် ဆင်ပုံရ၏ ၊ သို့သော် ယူကြဖို့နေနေသာသာ နောက်နှစ်မှပင် အထက်တန်းကျောင်းတက်ရအုံးမည့် အရွယ်တွေပင်။

နောက်ထပ်ထူးဆန်းသည်က သူနှင့်ဆရာမလေးအကြောင်းကိုလည်း သေသေချာချာသိနေကြသည့်ပုံရသည်။

‘ နတ်မျိုးနွယ်က လူဆိုးဂိုဏ်းလား … ဒီဂိုဏ်းသားနှစ်ယောက်တည်းက ဘယ်လိုတွေအန္တရာယ်များလို့လဲ … ဆရာမလေးကြည့်ရတာလည်း နည်းနည်းထူးဆန်းသွားတာကလွဲရင် အခုထိလူကောင်းပါပဲ ’

“ မောင်နဲ့ဆရာမလေးက လူမိုက်အားပေးတွေတဲ့ ၊ ပြီးတော့ အပြင်လူတွေ ၊ မောင်က တချိန်ကျရင် ဒီကထွက်သွားမှာ … အဲ့ခါကျရင် သဇင့်ကိုခေါ်သွားမှာစိုးရိမ်ကြလို့တဲ့ ”

မောင်ရင့် လူမိုက်အားပေးကလွဲ၍ အခြေအနေတော်တော်များများကို နားလည်သွားသည်။

“ မောင် ထွက်မသွားပါဘူး ၊ ဒီနေရာကမှ မောင့်ရဲ့ဇာတိပဲလေ ၊ ပြီးတော့ မောင်ချစ်ရတဲ့သူတွေကလည်း အကုန်လုံး ဒီမှာပဲ ”

#သုတဈာန်

#သာလွန်ပညာရှင်

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters