မျှော်နေမယ်
Vol. 5 Ch. 40
“ပြီးပြီလား”
မောင်ရင့်လက်များကတုန်နေသည်။
“ခဏလေး…”
သဇင်ကျော်စိတ်မရှည်ဟန်လုပ်ပြရင်း
“ကြာတာဟယ်…”
“ပြီး…ပြီးပြီ”
မောင်ရင့်ရေးပြီးသားစာရွက်ကိုပေးလိုက်သည်။
“ကြည့်စမ်းမယ်…နင့်ခံစားချက်တွေကို”
သဇင်ကျော်စာရွက်ကို သေချာဖြန့်ပြီးဖတ်လိုက်သည်။
“ဟဲ့…နင့်စာကြီးကလည်းရိုးလိုက်တာ၊ ဘယ်လိုရည်းစားစာကြီးလဲ၊ နင်စာဖတ်အားကောင်းတယ်ဆို”
“ငါ..ငါကသိုင်းစာအုပ်နဲ့စွန့်စားခန်းတွေပဲဖတ်တာ၊ အဲ့ဒီမှာရည်းစားစကားပြောတာတွေမပါလို့”
“နင်ဟာလေ…”
သဇင်ကျော် စိတ်ထဲမှကြိတ်ရယ်ရင်း မောင်ရင့်ကိုစလိုက်သည်။
“ဒါပေမယ့်…ငါ နင့်ကိုပေးချင်တာရှိတယ်”
မောင်ရင့် လွယ်အိပ်ထဲသို့ လက်နှိုက်လိုက်သည်။
“ဒါလေးငါနင့်ကိုပြချင်နေတာ”
သူ့လက်ထဲတွင် ပုံဆွဲဗလာစာအုပ် ၃ အုပ်။
“ငါ့ပုံတွေလား”
“ဟုတ်တယ်”
“နင့်ရည်စားစာပေးနည်းပေါ့”
“ဟုတ်…ဟုတ်တယ်”
သဇင်ကျော် ပထမစာအုပ်ကိုအရင်ယူပြီးလှန်ကြည့်လိုက်သည်။
“နင့်ကပုံဆွဲတော်တာပဲ”
“ငါ…”
ဒုတိယစာအုပ်ကို သူထပ်ကြည့်သည်။
“ဟဲ့…နင်…ဒါတွေပါ လိုက်ကြည့်ထားတာလား”
သဇင်ကျော့်နားရွက်များအနည်းငယ်နီသွားကာ ပါးလေးများပါ ပန်းရောင်သန်းသွားသည်။
မောင်ရင့်ငေးနေမိ၏။
“မေးနေတယ်လေ…နင်ကနှာဘူးပဲ”
မောင်ရင့်ကို စဖို့လာသောသဇင်ကျော်…သူကိုယ်တိုင် အစခံလိုက်ရသလိုဖြစ်ကာ ရှက်ရမ်းရမ်းပြီးထွက်ပြေးသွားသည်။
“စာအုပ်…”
‘အဲ…စာအုပ်တွေယူသွားတာပဲ’
သူ အခြေအနေကောင်းသည်ဟု မှတ်ရမည်လား …။
__________________
တခုသောမုန့်စားဆင်းချိန်၏ ကျောင်းထောင့်နေရာတခုရှိ အရိပ်ကောင်းသည့်အပင်အောက်၌။
“နင် ငါ့ကိုတကယ်ချစ်တာလား”
“ဟုတ်တယ်”
“ဒါဆိုရင် ဘာလို့အဖြေမတောင်းတာလဲ”
“ငါ အငြင်းခံရမှာကြောက်လို့”
သဇင်ကျော် မကျေမနပ်ဖြစ်သွားသည်။
“နင် ငါ့ကိုမပိုင်ဆိုင်ရလည်းဖြစ်လား”
“နင့်မှာ တခြားသူရှိနေပြီလား”
“ငါမေးတာပဲဖြေပါ”
မောင်ရင့်မျက်နှာ အနည်းငယ်ညှိုးသွားကာ
“နင့်မှာရည်းစားမရှိသေးရင် ငါနင့်ရည်းစားဖြစ်ချင်တယ်”
“အဖြေတောင်းတာလား”
“အာ…နင်ကအဖြေပေးချင်လို့လား”
“ဟဲ့…ငါလုပ်လိုက်ရ”
မောင်ရင့်ဇစ်ပုသွားသည်။
“နင်ဘာဖြစ်နေတာလဲ၊ ယောက်ျားမဟုတ်ဘူးလား…စကားကိုပြတ်ပြတ်သားသားပြော”
သဇင်ကျော်အနည်းငယ်စိတ်ဆိုးသွားသည်။
“ငါ နင့်ကိုလိုချင်တယ်၊ ဒါပေမယ့်…အခုမဟုတ်သေးဘူး၊ ငါဆယ်တန်းပြီးရင် နင့်ကိုဖွင့်ပြောဖို့လုပ်ထားတာ”
“နင်…”
သဇင်ကျော် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“နင်ဖွင့်ပြောပြီးပြီ”
“အဲ့ဒါကြောင့် ငါဒုက္ခရောက်နေတာ”
“ငါက ဒုက်ခလား”
“မဟုတ်..မဟုတ်ပါဘူး”
“ဒါဆို…နင်ဘာဆက်လုပ်မလဲ”
“ငါ…ငါဘာလုပျရမလဲ”
“အ…”
သဇင်ကျော် မောင်ရင့်ပုခုံးကိုရိုက်လိုက်သည်။
“ဘာလဲ မကြိုက်တော့ဘူးလား”
“ကြိုက်ပါတယ်”
“နင် ငါ့ကိုအဖြေတောင်းရမှာလေ”
“ဒါပေမယ့်…ဆယ်တန်းတောင်မရောက်သေးဘူး”
“နင်ဘာဖြစ်နေတာလဲ…အိပ်ရေးရောဝရဲ့လား၊ ပတ်ဝန်းကျင်ကိုလည်း မျက်စိဖွင့်ကြည့်အုံး”
မောင်ရင့် နင်သွားသည်။
“ငါရှက်တယ်”
“ငါရှက်ဖို့လည်းထားပါအုံးဟဲ့”
သဇင်ကျော် မောင်ရင့်ဘက်သို့တိုးလိုက်သည်။
“ဆရာမပြောပြဖူးတဲ့ပုံပြင်တပုဒ်ကိုမှတ်မိလား”
“ဘယ်ပုံပြင်လဲ”
“သျှင်ရဲထွက်အကြောင်းလေ”
မောင်ရင့်မျက်နှာရဲသွားသည်။
“နင်ကဒါမျိုးကျ မရိုးပြန်ဘူး”
“မဟုတ်ပါဘူး…ငါ...”
“ထားပါ…ငါပြောချင်တာက နင်ကြောက်နေတဲ့ အသက်အရွယ်က အဓိပ္ပါယ်မရှိဘူးဆိုတာ”
မောင်ရင့် မငြင်းပေ။
သူသိသည်၊ သူ…ခေါင်းမာနေခြင်းပင်။
“တပင်ရွှေထီးနန်းတက်တော့ ၁၄ နှစ်၊ ငယ်တယ်ဆိုတာမရှိဘူးတဲ့ ဆရာမပြောတာ၊ ကိုယ်တာဝန်ယူနိုင်သလောက် ရိုးသားလို့ရတယ်တဲ့၊ နင့်မှာ ငါ့ကိုအဖြေလေးတောင်းဖို့လောက်တောင် ခွန်အားမရှိဘူးလား”
မောင်ရင့် အနည်းငယ်အရှိုက်ထိသွားသည်။
“ငါ့ကိုယူခိုင်းနေတာလည်းမဟုတ်ဘူး၊ ငါကလည်း ခွင့်မပြုပါဘူး၊ ဒါက…နင့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေလား၊ ဒါဆိုရင်တော့ ငါဆက်မပြောတော့ဘူး၊ ငါတို့…နင်အဆင်သင့်ဖြစ်တဲ့အချိန်မှ ပြန်တွေ့ကြတာပေါ့”
သဇင်ကျော်ထလိုက်သည်။
“ငါ…”
ရုတ်တရက် မောင်ရင့် သဇင်ကျော့်လက်ကို လှမ်းဆွဲလိုက်သည်။
“ဖြေးဖြေးရှင့်…”
သဇင်ကျော် ခိုးရယ်ကာ ပြန်ထိုင်လိုက်သည်။ မောင်ရင့်လည်း ရှက်သွားကာ ခေါင်းငုံလိုက်၏။
“ငါ…ငါ နင့်ကိုချစ်တယ်”
“အင်း”
“နင်ရော ငါ့ကို…ချစ်လား၊ အချိန်…”
“ချစ်တယ်”
သဇင်ကျော် စိတ်မရှည်တော့ချေ။
“ဝမ်းသာလိုက်တာဟာ”
“နင်မပြောနဲ့…အဲ့ဒီစကားကို ငါပြောရမှာ”
စိတ်ဆိုးနေသည့်သဇင်ကျော့်ကိုကြည့်ပြီး မောင်ရင့် စပ်ဖြီးဖြီးလုပ်ကာခေါင်းကုပ်လိုက်၏။
“ဒေါင်…”
အရေးကောင်းတုန်း ကျောင်းတက်ခေါင်းလောင်းသံက မစာနာစွာထွက်ပေါ်လာသည်။ မုန့်စားဆင်းချိန်စေ့ပြီမို့ သဇင်ကျော် ထလိုက်၏။
“သွားရအောင် မောင်”
“မောင်…”
“စာထဲမှာ သဇင်လို့ရေးထားတယ်မလား၊ သဇင်လည်း နာမည်အဖျားစွပ်ခေါ်ကြည့်လိုက်တာ၊ ဘာလဲ မကြိုက်ဘူးလား…”
“ကြိုက်တယ်…အများကြီးကြိုက်တယ်”
“လူဆိုးလေး…”
ရယ်ရင်း သဇင်ကျော်ရှေ့မှပြေးထွက်သွား၏။ မောင်ရင့် အိမ်ဘက်သို့လှည့်ကာ မိဘများကိုဦးခိုက်လိုက်သည်။
‘ရဲရင့်မောင်ဆိုတဲ့နာမည်အတွက် ကျေးဇူးပါ’
__________________
ထပ်နေချင်သေးသော်လည်း သူ့ကမ္ဘာမှအချိန်နှင့်အရမ်းကွာမနေရန် ခဏသာနေပြီးပြန်လာခဲ့လိုက်ရသည်။ နောက်ပြီး သဇင်ကျော်ကလည်း သူ့မိဘတွေနှင့်တွေ့ရမည့်အချိန်ကိုရောက်ပြီမို့ဟုဆိုကာ ရှေ့မှထွက်သွားနှင့်၏။
သူတို့ဆုံခဲ့သည့်နေရာသို့ပင် သဇင့်ကျော့်ငယ်သားက ပြန်ပို့ပေးလေသည်။ အပြန်လမ်းက သိပ်မထူးခြားပေ။ သတိထားမိသည်က ထိုသူမှာ သူ့အပေါ်အလွန်ရိုကျိုးနေခြင်းကိုပင်။ သို့သော် ထုံးစံအတိုင်း စကားတော့ သေချာပြန်မပြောချေ။
မြေပြင်သို့ခြေချမိလိုက်သည်နှင့် အမှောင်ထုမြူခိုးများက တခါမှ မရှိခဲ့ဘူးသကဲ့သို့ ထိုသူနှင့်တကွ အစရှာမရအောင် ပျောက်ကွယ်သွားသည်။
ကမ္ဘာ့ဝင်ပေါက်က တဖက်ကဖိတ်ခေါ်မှဝင်၍ရသည်ထင်၏ဟု မောင်ရင့်မှတ်ချက်ချလိုက်သည်။ လိုလိုပိုပို နေရာကိုတော့ သူ့စိတ်ထဲတွင် အလွတ်ကျက်မှတ်ထားလိုက်၏။
“ကောင်လေး”
မောင်ရင့် ထိုလူကြီးကို သတိထားမိသည်။ ထို့ကြောင့်လည်း အမှောင်ထုထဲမှထွက်လာသည့် ပုံထက် တနေရာရာမှရောက်လာသကဲ့သို့ ကြိုပြင်ကာ လမ်းမဘက်သို့ထွက်လိုက်ခြင်းပင်။
“ဟုတ်ကဲ့”
လူကြီးက အရပ်ခပ်တိုတို၊ အသားဖြူဖြူနှင့်ပုဆိုးအပြာကွက်ကြားကြီးကိုဝတ်ထားသည်။ ကတီပါညှပ်ဖိနပ်က ရွံ့များပေနေဟန်တူ၏။ ဤနေရာတွင် သူမို့ဝတ်ရဲသည်။
လွယ်အိတ်ဖောင်းဖောင်းတလုံးကိုလည်းလွယ်ထားကာ အင်္ကျီမှာ အမည်းရောင်လက်ရှည်ပြောင်ကို အနည်းငယ်သာ ခေါက်တင်၍ထားသည်။ ဗိုက်အနည်းငယ်ထွက်နေ၍ မြန်မာကားများထဲမှ ရွာလူကြီးနှင့်ပင်တူနေ၏။
ဆံပင်ကား ဗိုလ်ကေမကျတကျဟုဆိုရမည်။ ဆီတော့ အတော်သုံးထားဟန်တူ၏။ ပြုံးရွှင်နေသည့်မျက်နှာသာမကယ်လျှင် ထိုလူကြီးကို သူအမြင်ကပ်မိလိမ့်မည်ထင်သည်။
“ငါ့တူကိုအဝေးကတွေ့လိုက်သေးတယ်၊ လမ်းမေးမလို့ဆင်းလာရင်း ဒီမှာရုတ်တရက်တွေ့လိုက်ရတာပဲ”
သူသွားသည်မှာအချိန်အနည်းငယ်ပင်မကြာလိုက်ဟန်တူ၏။ မောင်ရင့် လူကဲခတ်ကာ
“သား အပေါ့သွားပြီးထွက်လာတာ၊ မေးလေ ဦးလေး”
“ကူးတို့ရွာက ဘယ်ဘက်လား ညာဘက်လား”
“ဦးလေးက ဘယ်ကလာတာလဲ”
“အဲ…ဦးလေး တာဝန်နဲ့လာတာပဲ”
အဆက်အစပ်မရှိသည့်စကားများကို နားထောင်ပြီး မောင်ရင့်ကြောင်သွားသည်။ ကားလမ်းမဘက်ကလာလျှင် ဟိုမေးဒီမေးနှင့် ကူးတို့ရွာကို သိပြီးနိုင်သည်။ အနည်းဆုံး ဘယ်ညာ သူ့ကိုလာမေးနေစရာမလိုပေ။
ချောင်းဘက်ကလာလျှင်ရော…ဒါတော့ ဖြစ်နိုင်သည်။ သို့သော် ဒီလမ်းပေါ်ရောက်ဖို့ရာ ရွာဘက်က တက်လာမှရမည်။ ရွာကိုကျော်ပြီး ရွာဘယ်မှာလဲ လာမေးသကဲ့သို့ ဖြစ်နေသည်။ ဘယ်ကဘယ်လို လာရင်း လမ်းပျောက်နေသည့်လူပါလိမ့်…။
“သားက အဲ့ရွာကပါ၊ အခုပဲရွာပြန်မလို့၊ သားနဲ့ လိုက်ခဲ့လို့ရပါတယ်”
“ကျေးဇူးပါပဲ ငါ့တူရယ်၊ မမှောင်ခင်ရောက်မှဖြစ်မှာကွဲ့၊ ဦးလေးလည်း အမြန်လာရတော့ ဘာမှသေချာမမေးခဲ့ရဘူးဖြစ်နေတာ”
“ရပါတယ်ဦးလေး”
မောင်ရင့်စိတ်ထဲ အနည်းငယ်တော့ ထင့်နေသည်။ သူ အရှေ့မှသွားရသည်ကိုပင် စိတ်မဖြောင့်ဖြစ်နေ၏။
“သား လွယ်အိပ်ကူသယ်ပေးရမလား”
မောင်ရင့်စကားရှာကာ ဘေးချင်းယှဉ်လိုက်သည်။ အကောင်းဟုထင်ကာ လူကြီးက အားနာသွားဟန်တူ၏။
“ရတယ်တူလေး၊ ဦးလေးလွယ်နေကျပါပဲ၊ ငါ့တူမှာ ကျောင်းလွယ်အိပ်အလေးကြီးကလည်း တဖက်နဲ့”
ဟုတ်လည်းဟုတ်သည်။ မောင်ရင့်လွယ်အိပ်က သဇင်ကျော်ပေးလိုက်သည်များပါ ပါ၍အဆမတန်ဖောင်းကားနေသည်။ သို့သော် ခွန်အား ၅ ဆနှင့်ဖြစ်၍ လုံးဝမလေးပေ။
“ငါ့တူက အတော်သန်တာပဲ၊ နာမည်ဘယ်လိုခေါ်တုန်းကွဲ့၊ ဦးလေးရွာရောက်ပြီးနေရာကျတာနဲ့ ကျေးဇူးဆပ်ချင်လို့ပါ”
“ရပါတယ်ဦးလေးရဲ့၊ ကျနော့်နာမည် ရဲရင့်မောင်ပါ၊ အားလုံးကတော့ မောင်ရင့်လို့ အလွယ်ခေါ်ကြပါတယ်”
“ဘယ်သူ…ဘယ်သူ၊ မောင်ရင့်လား”
လူကြီးက စိတ်လှုပ်ရှားသွားဟန်ဖြင့် ခဏရပ်လိုက်သည်။
“ဦးလေး ကြည့်ပါရစေအုံး”
‘အမ်’
မောင်ရင့်ကြောင်သွားသည်။ လူကြီးက သူ့ကို နွားပွဲစားကဲ့သို့ ဟိုကကြည့် သည်ကကြည့်နှင့် တချက်တချက် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ကျေနပ်နေပုံလည်း ရသေး၏။
“ငါ့တူသတင်းကြားဖူးနေတာကြာပြီ၊ ဒီရက်ပိုင်းထဲ ဟိုအဘိုးကြီးတွေပြောနေကြတာ မကြားချင်မှအဆုံးပဲ”
‘ဟင်’
မောင်ရင့်လန့်ကာ ခုန်ဆုတ်လိုက်သည်။
“ဦးလေးက အန္တရာယ်ပေးဖို့ရောက်လာတာမဟုတ်ပါဘူး၊ ငါ့တူတို့ရွာအတွက် တာဝန်ကျလို့လာတဲ့ ရွာစောင့်နတ်ပါ”
‘ဟမ်…ဒီလူကြီးက’
မောင်ရင့်အကြည့်ကြောင့် အနည်းငယ်ရှက်သွားဟန်ဖြင့် စပ်ဖြီးဖြီးပြန်လုပ်ပြသည်။
“ဟီး…ဦးလေးက ဒီလိုပဲနေတတ်လို့ပါ”
မောင်ရင့် ရွာအတွက်ဝမ်းသာသွားသော်လည်း ရောက်လာမည့်နတ်မင်းကို ဤကဲ့သို့မမှန်းထားမိ၍ အနည်းငယ် ရယ်ချင်သွား၏။
“အဲ…ဟုတ်၊ နတ်မင်းကိုမျှော်နေကြတာ”
စိတ်ထဲတွင်ကား…ဘယ်မှာလဲ ဇာတ်ထဲကလို အချွန်အတက်တွေနှင့်အဝတ်အစား။ ဘယ်မှာလဲ တိမ်တွေ။ ဘယ်မှာလဲရွှေရောင်အသားအရေ။ သူ့ကို မော်မော်ကြည့်ပြီး စကားပြန်ပြောနေသည်ကို ကြည့်ရသည်ကလည်း အဆင်မပြေ။ နတ်မင်းလား…လူရွှင်တော်လား…မသဲကွဲပေ။
“ဟီးဟီး…ပျော်စေရပါမယ်ကွ”
‘ငိ’
#သုတဈာန်
#သာလွန်ပညာရှင်
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ