ပုလဲဝိညာဉ် အနှစ်သာရ ကျမ်း ။
Vol. 3 Ch. 25
ခြံဝန်းတစ်လျှောက်တွင် နှင်းဆီပင်များ၏ အရွက်များသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေ ခဲ့သည်။
စုရီအိမ်သို့ သွားရာလမ်း၌ ဝမ်လင်ရွယ် တစ်ယောက် ချီတုံချတုံ ဖြစ်နေခဲ့ပြီး အဆုံးတွင် ဆုံဖြတ်လိုက်ဟန်ဖြင့် မော့ကြည့်၏။
“ အစ်ကိုစု ... လင်ရွယ် ပြောစရာရှိတယ်။ ”
“ အင်း ... ပြော။ ”
“ လွန်ခဲ့တဲ့ ခုနစ်ရက်လောက်က အစ်မလင်ကျောက်ကို ငါတို့ လိုက်ပို့လိုက်တယ် ငါကအစ်ကိုစုကို ခေါ်ချင်ပေမယ့် မေမေက ခွင့်မပြုဘူး။ ”
စုရီနှင့် ဝမ်လင်ကျောက်သည် သူစိမ်းများ ဖြစ်ချေပြီ။ မင်္ဂလာဆောင်ပေးခဲ့သည့် နေ့မှာပင် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ပြီး ထိုနေ့သည် ဒုတိယအကြိမ် ဖြစ်၏။
“ ဝေကျန်းရန်က တကယ့်ကို မုန်းစရာ ကောင်းပါတယ် ... အဓိပ္ပာယ်မဲ့တဲ့ မှတ်ချက်တွေ ပေးခဲ့တာ လင်ရွယ် ပြန်ကြားတယ် ... အစ်ကိုစု စိတ်ထဲ မထားနဲ့ ...
... ပြီးတော့ ငါ့အစ်မအကြောင်း ငါသိတယ် သူက အနေအထိုင် အေးစက်ပေမယ့် လူတွေကို ဒီလိုစော်ကားဖို့ စိတ်ကူးမရှိပါဘူး။”
စုရီက ဝမ်လင်ရွယ်ကို ကြင်နာစွာ ပြန်ကြည့်မိ၏။ နှစ်ထောင်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နွေးထွေးမှုကို ခံစားရသည်။
အတိတ်ဘဝတွင် ဘဝတစ်လျှောက်လုံး တာအိုကို ရှာဖွေခဲ့၏။ အလောင်း တောင်ကြီးနှင့် သွေးပင်လယ်အပေါ် ဖြတ်ကူးခဲ့ရသည်။
လက်ရှိဘဝတွင် ကျင့်ကြံမှု ဆုံးရှုံးပြီး အထီးကျန်နေချိန်၌ ဝမ်လင်ရွယ်သာ သူ့အပေါ် ကြင်နာပေးခဲ့၏။
“ အစ်ကိုစု စိတ်မဆိုးဘူး မဟုတ်လား ... ။ ”
“ မင်းအစ်မက မင်္ဂလာဆောင်ကို ဆန့်ကျင်ပြီး ထွက်သွားတဲ့ အပေါ် ငါနားလည် ပါတယ် ... စိတ်မဆိုးပါဘူး ... ပြီးတော့ တခြားသူတွေရဲ့ ထင်မြင်ချက်ကိုလည်း ငါဂရုမစိုက်တတ်ဘူး။ ”
စုရီက ပြုံးပြီး ပြန်ဖြေလိုက်၏။ သို့မှသာ ဝမ်လင်ရွယ် တစ်ယောက် သက်ပြင်းချလျက် စိတ်သက်သာရာ ရသွားသည်။
“ အစ်ကိုစုက သဘောထားကြီးတယ်။ ”
ထိုသုံးသပ်ချက်ကြောင့် စုရီကပြုံးသည်။ အရိုင်းမြေကိုးပါသခင်သည် မည်မျှ ရန်ငြိုးထား တတ်ကြောင်းကို ဤကလေးမ မသိချေ။
“ လင်ရွယ် ... ငါမင်းကို မေးချင်တာ တစ်ခုရှိတယ် ... ငါ့ကို လူတိုင်းက အထင်သေး ကြတယ် ... မင်းကဘာလို့ လေးလေးစားစား ဆက်ဆံနေရတာလဲ။”
“ ငါ့အစ်မနဲ့ လက်ထပ်တဲ့ သူဟာ ဘယ်တော့မှ အသုံးမကျတဲ့လူ မဟုတ်ဘူး ဒါကြောင့် အစ်ကိုစုကို ငါယုံတယ်။ ”
“ အကြောင်းပြချက်က ဒါလား။ ”
“ မဟုတ်ဘူး ... အစ်ကိုစုက အရမ်း ကြည့်ကောင်းလို့။ ”
“ ဟား ဟား ဟား ... ။ ”
ဤအဖြေသည် သူ့မျှော်လင့်ချက်အတွင်း မရှိသဖြင့် စုရီမှ အံအားသင့်သွားဖြင့် ရယ်မော လိုက်လေသည်။
“ အမြင်ကောင်းတယ်။ ”
ဝမ်လင်ရွယ်သည် ဖြူစင်ကာ ချစ်ခင်စဖွယ် ကောင်းချေပြီ။ အဘယ့်ကြောင့် ဆိုသော် သူ့ကို အမှန်အတိုင်း မြင်သောကြောင့် ဖြစ်၏။
“ ဒါနဲ့ လင်ရွယ် ... မင်းတို့ တိမ်ထင်ရှူးဓားစံအိမ်မှာ နှစ်ကုန်အဆင့် ပြိုင်ပွဲ ဘယ်တော့ ကျင်းပမလဲ။ ”
“ လဝက်လောက်ပဲ လိုတော့တယ် ... ဒါပေမယ့် လင်ရွယ်ရဲ့ လက်ရှိကျင့်ကြံမှုအရ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့ ခက်တယ်။ ”
ဝမ်လင်ရွယ် မျက်နှာ ပြောင်းလဲသွားသည်။ နှစ်ကုန်ပြိုင်ပွဲ၏ ထိပ်တန်းဆယ်ဦး စာရင်းဝင်သူ များသည် ပထမခြံဝင်းတပည့် ဖြစ်နိုင်မည်။
ဤအဆင့်သည် မြစ်ပြာဓားစံအိမ်သို့ သွားရောက် လေ့ကျင့်ရန်အတွက် အရည်အချင်း ပြည့်မီသည်ဟု အဓိပ္ပါယ်ရ၏။
တိမ်ထင်ရှူးဓားစံအိမ် ဟူသည် ကွမ်လင်မြို့၌သာ အာဏာရှိပြီး မြစ်ပြာဓား စံအိမ်သည် စီရင်စုတစ်ခုလုံးကို လွှမ်းမိုး နိုင်ချေ၏။
“ လွန်ခဲ့တဲ့ နှစ်ရက်က ... မင်းကို မွေးနေ့လက်ဆောင်ပေးဖို့ မေ့သွားတယ်၊ ဒီမှာ စွမ်းအင်ကျင့်ကြံမှု နည်းစနစ်တစ်ခု ငါပေးမယ် ...
... ဒါက အမြင့်ဆုံးအဆင့် မဟုတ်ပေမယ့် မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအရ အသင့်တော်ဆုံးပဲ လဝက်လောက် လေ့ကျင့်ပြီးရင် ... နှစ်ကုန်ပိုင်း ပြိုင်ပွဲမှာ ထိပ်တန်းဆယ်ယောက် စာရင်း ဝင်နိုင်ပါလိမ့်မယ်။ ”
“ ဝိုး ... တကယ်လား။ ”
“ ဒါပေါ့ ... ငါမင်းကို လိမ်ပါ့မလား တခြားသူတွေကို မပြောနဲ့ အလွတ်ကျက်ပြီး စာရွက်ကို ချက်ချင်း မီးရှို့လိုက်ပါ။ ”
စုရီက လေးလေးနက်နက် သတိပေး လေသည်။ ဤသည်မှာ ပုလဲဝိညာဉ် အနှစ်သာရ နည်းစနစ် ဖြစ်၏။
သွေးသန့်စင်ခြင်း နယ်ပယ် ကျင့်ကြံမှု နည်းစနစ် ပုံံစံမျှသာ ဖြစ်ပြီး မူရင်းကျမ်းသည် ဧကရာဇ်နယ်ပယ်များကြား၌ ထိပ်ဆုံး ဆယ်နေရာအတွင်း အဆင့်ဝင်သည်။
လွန်ခဲ့သည့် နှစ်များစွာက သူ့တပည့် ချင်းတျန်ကို လေ့ကျင့်စေခဲ့ခြင်းဖြင့် ဧကရာဇ် နယ်ပယ်သို့ စောလျင်စွာ ရောက်သွား၏။
ထို့ကြောင့် ဤနည်းစနစ်သည်သာ ပေါက်ကြားသွားသေည် ဝမ်လင်ရွယ်အတွက် ကပ်ဘေး ဖြစ်နိုင်ပေမည်။
ဝမ်လင်ရွယ်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ကာ သိမ်းဆည်း ထားလိုက်သည်။
“ အချိန်ရရင် ခုနစ်ရက်တစ်ကြိမ် ... ငါ့ဆီလာပါ ... သွေးသန့်စင်ခြင်းရဲ့ နက်နဲမှုကို သင်ပေးမယ်။ ”
“ ကောင်းပြီ ... ။ ”
အစ်ကိုစုသည် ကျင့်ကြံမှု ဆုံးရှုံးသွား သော်လည်း တစ်ချိန်က မြစ်ပြာဓားစံအိမ်၏ ပြင်ပ တပည့်ကြီး ဖြစ်သည်။ သူမကို လမ်းပြရန် ထိုက်တန်၏။
“ ကောင်းပြီ ... မင်းပြန်သင့်ပြီ ... ဒီမှာ မင်းအမေသာ သိရင် သေချာပေါက် ပေါက်ကွဲ လိမ့်မယ်။ ”
သူ့ယောက္ခမ၏ ဒေါသကို စုရီအသိဆုံး ဖြစ်၏။ ဝမ်လင်ရွယ်မှ ဝန်းကျင်ထံ ချက်ချင်း ဝေ့ကြည့်လျက် လျှာတစ်လစ် လုပ်ပြကာ ထွက်ခွာသွားတော့သည်။
အခန်းထဲ ရောက်သည်နှင့် ဝမ်လင်ရွယ်မှ ရေးချိုးကိုယ်လက်သန့်စင်ကာ စုရီပေးခဲ့သော နည်းစနစ်ကို ဖတ်ကြည့်လိုက်သည်။
အစပိုင်းတွင် အနည်းငယ် ပျင်းရိစွာဖြင့် ပက်လက်လန် ဖတ်ကြည့်နေ၏။ များမကြာခင် အိပ်ရာပေါ် ချက်ချင်း ထထိုင်လိုက်သည်။
စာအုပ်တွင် စာမျက်နှာ ဆယ်မျက်နှာသာ ပါရှိ၏။ ရုပ်ပုံများသည် ရှုပ်ထွေး လွန်းလှသဖြင့် ကျွမ်းကျင်သူများပင် အလွယ်တကူ နားလည် နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် အစ်ကိုစုမှ မှတ်ချက်များ ရေးပေးထားသဖြင့် ဝမ်လင်ရွယ် တစ်ယောက် နားလည်မိခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အံ့ဩမှုများစွာနှင့် မျက်ဝန်းများ တလက်လက် တောက်ပလာ တော့သည်။ ဤနည်းစနစ်သည် မည်မျှ အစွမ်း ထက်ကြောင်း နာလည်လိုက်ပြီ ဖြစ်၏။
ဝမ်မိသားစုတွင် သာမက တိမ်ထင်ရှူး ဓားစံအိမ်ရှိ နည်းစနစ်များ၌ပင် အားနည်းချက် များစွာ ရှိသည်။
သို့သော် ဤပုလဲဝိညာဉ် အနှစ်သာရ နည်းစနစ်သည် ပြီးပြည့်စုံလွန်း၏။ ထို့ကြောင့် အလွတ်ကျက်စေခြင်း ပေပင်။
အသက်ပြင်းပြင်းရှူလျက် အနာဂါတ်တွင် အစ်ကိုစု ကျင့်ကြံမှု ပြန်ရလာစေရန် နည်းလမ်း ရှာပေးမည်ဟု ကတိပြုလိုက်တော့သည်။
***