← Chapters

မီးဝိညာဉ် သလင်းကျောက်။

Vol. 3 Ch. 26

မီးဝိညာဉ် သလင်းကျောက်။

Vol. 3 Ch. 26

စုရီက တင်ပျဉ်ခွေထိုင်လျက် ဝိညာဉ်စွမ်းအင်များကို အသွေးအသားအတွက် အဆက်မပြတ် အာဟာရဖြည့်ပေးနေ၏။

အချိန် အတော်ကြာပြီးနောက် တိုးတက်မှု လျော့နည်းလာသဖြင့် မျက်လုံးများ ပြန်ဖွင့်ကာ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။

ဆေးဘက်ဝင် ပစ္စည်းများကို နေ့ရောညပါ အသုံးပြုခြင်းဖြင့် အကျိုးသက်ရောက်မှု နည်းပါး လာပြီ ဖြစ်၏။

ထို့​​ပြင် သွေးသန့်စင်ခြင်း ဒုတိယအဆင့် အထွတ်အထိပ်ဖြစ်သော ကြွက်သားသန့်စင်ခြင်း ရောက်ရှိလာခြင်းကြောင့်လည်း ဖြစ်သည်။

ကြွက်သားသန့်စင်ခြင်းသည် အရေပြားသန့်စင်ခြင်းထက် စွမ်းအင်များ ပိုမို လိုအပ်၏။

လက်ရှိ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှု နှုန်းများအရ ​ကြွက်သားသန့်စင်ခြင်း အဆင့်ကို ပြီးမြောက်စေရန် လဝက်ခန့် အချိန်ယူရ​ပေမည်။

ယင်းသည် ကြာမြင့်လှသည် မဟုတ်သော်လည်း ထိုထက်ပို၍ မြန်လိုသေး၏။ ရုတ်တရက် အရွက်ကိုးရွက် ဂျင်ဆင်းကို သတိရ လာသည်။

“ မေ့လိုက်ပါ ... ။ ”

သို့သော် ယောက္ခမ ချင်းချင်း၏ မျက်နှာကြီးက ဦးစွာပေါ်လာသဖြင့် ချက်ချင်း ခေါင်းရမ်းလိုက်သည်။

သူမ၏ အကျင့်စရိုက်အရ လက်ထဲ ရောက်ရှိနေသည့် ရတနာကို လုံးဝစွန့်လွှတ်မည် မဟုတ်ချေ။

“ ကျွီ ...။ ”

ထိုစဉ် ခြံတံခါးဖွင့်သံနှင့်အတူ သူ၏ ချစ်လှစွာသော ယောက္ခမ ဝင်ရောက်လာသည်။ ချက်ချင်းထရပ်ကာ ထွက်ကြိုလိုက်၏။

ချင်းချင်းသည် အနက်ရောင်ဝတ်ရုံဖြင့် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီး အသွင်မျိုး ခံယူကာ၊

“ ဒီမှာ ခေါင်းဆောင်ဟွမ်က ... အရွက်ကိုးရွက် ဂျင်ဆင်းပေးခဲ့တယ် မြို့သခင် ကလည်း လက်ဆောင်တွေ ပေးခဲ့တယ်။ ”

-ဟု တိုက်ရိုက်ပြောကြားလာသည်။

“ ဘိုးဘေးက ... ဘာတွေတွေးနေလဲ မသိဘူး၊ မင်းလိုအသုံးမကျတဲ့ သမက်ကို ဒါတွေ ပေးချင်နေတယ် ... ။ ”

ထိုစကားကြောင့် စုရီက ပြုံးသည်။ ဝမ်ဘိုးဘေးသည် လက်ဆောင်များ ရင်မြစ်နှင့် ချင်းချင်း၏ စိတ်ထားကို သိသဖြင့် သူ့ထံ ပေးအပ်ရန် အမိန့်ပေးလိုက်ပုံရသည်။

“ သေချာနားထောင် ... ဒီလက်ဆောင် နှစ်ခုလုံးက မင်းနဲ့ငါ့သမီးအတွက် ... ဖြစ်တာမို့ မင်းပိုင်တဲ့ ဝေစုကိုပဲ ယူပါ။ ”

သည့်နောက် လက်ဆောင်သေတ္တာ နှစ်လုံးကို ထုတ်ယူလိုက်ပြီး ပထမသေတ္တာကို အရင်ဖွင့်၏။

အတွင်း၌ ပန်းသွေးရောင် ဂျင်ဆင်းအပင် နှစ်ပင်ပါ ရှိသည်။ ၎င်းတို့တွင် ချည်မျှဉ်များကဲ့သို့ ကြည်လင်သော အမြစ်များနှင့် မွှေးရနံ့များ လှိုင်လှိုင်ထွက်နေသည်။

ရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် စိတ်ကို ကြည်လင်လန်းဆန်းကာ သက်တောင့်သက်သာ ဖြစ်စေ၏။

“ ဂလု ... ။ ”

ချင်းချင်းက တံတွေးကို မျိုချလိုက်ပြီး ပေးကမ်းရန်ခိုင်းစေခဲ့သော ဝမ်ဘိုးဘေးအပေါ် နာကြည်းလာတော့၏။ အံကြိတ်လျက်၊

“ တစ်ခု ယူပါ။ ”

-ဟု ရွေးခွင့်ပြုလိုက်သည်။

စုရီက ရယ်ချင်စိတ်ကို ထိန်းနေရသည်။ ယောက္ခမ ရင်ထဲ နှလုံးသွေးများ ယိုစီးနေမည်ကို ပြောနိုင်၏။

“ အဆင်ပြေတာ ပေးပါ။ ”

“ မင်းမဆိုးဘူး ငါတို့မိသားစုက မင်းကို တစ်နှစ်လောက် ထောက်ပံ့ ကျွေးမွေးခဲ့ရတာ ထိုက်တန်တယ်။ ”

ချင်းချင်းက ပျော်သွား၏။ စကားဆုံး သည်နှင့် ခပ်သေးသေး ဂျင်ဆင်း တစ်ပင်ကို အမြန် ထုတ်ယူပေးလာသည်။

“ ဒီမှာ မင်းအတွက်ပဲ။ ”

စုရီ တစ်ယောက် ပို၍ ရယ်ချင်လာသဖြင့် မျက်နှာလွှဲလိုက်မိ၏။ အရွက် ကိုးရွက်ဂျင်ဆင်း ဟူသည် မှော်ဆေးပင် ဖြစ်သည်။

အရည်အသွေးနှင့် သက်တမ်းအပေါ် ဂျင်ဆင်း အရွယ်အစားဖြင့် မဆုံးဖြတ်နိုင်ချေ။ ချင်းချင်းပေးသော ဂျင်ဆင်း အသေးပင်သည် ကျန်တစ်ပင်ထက် သက်တမ်း ပိုရင့်၏။

ချင်းချင်းသည် ကျင့်ကြံသူတစ်ဦး မဟုတ်သောကြောင့် ထိုအချင်းအရာများကို မသိခြင်း ဖြစ်လေသည်။

ထို့နောက် ချင်းချင်းက လက်ဆောင် သေတ္တာအမြန် ပိတ်လိုက်သည်။ သူ စိတ်ပြောင်း မည်ကို စိုးရိမ်နေပုံရ၏။

“ ဒီတစ်ပင်ကို လင်ကျောက်အတွက် ချန်ထားရမယ် ... သူမက အခု ကောင်းကင်မူလ အကယ်ဒမီမှာ လေ့ကျင့်နေတယ် သေချာပေါက် လိုအပ်လိမ့်မယ် ...

... ဒီမှာ နောက်ထပ် လက်ဆောင် သေတ္တာတစ်ခု ရှိသေးတယ် ... မြို့သခင်ဖူက မင်းနဲ့လင်ကျောက်ကို ပေးရမယ်လို့ ပြောတယ် မင်းကိုယ်တိုင် ဖွင့်ပြီး ကြည့်ပါ။ ”

စုရီက ခေါင်းညိတ်လျက် ဒုတိယသေတ္တာကို ဖွင့်ကြည့်လိုက်လေသည်။ ချင်းချင်းသည်လည်း စူးစမ်းလိုစိတ်များဖြင့် ခြေဖျားထောက် ကြည့်၏။

သေတ္တာအတွင်းမှ ရွှေရောင် အဆင်းများ လွင့်ပျံလာပြီး သေသပ်လှပလွန်းသော လက်စွပ် နှစ်ကွင်းကို မြင်လိုက်ရသည်။

ခရမ်း-ရွှေအဆင်းများ တောက်ပလျက် မျက်လုံးတွင် နီရဲသော ကျောက်မြက် နှစ်လုံးကို ထည့်သွင်းထား၏။ ဤသည်မှာ ပျံသန်းနေသော ဖီးနစ်ပုံသဏ္ဍာန် လက်စွပ်ဖြစ်သည်။

နောက်တစ်ကွင်းသည် လေထဲတွင် လွင့်မျောနေသော ပါးသိုင်းမွှေးများ ပါရှိသည့် နဂါးဦးခေါင်းကြီး ဖြစ်၏။

“ နဂါး-ဖီးနစ် လက်စွပ်မောင်နှံ။ ”

“ အား ... ကံကောင်းလိုက်တာ၊ ဒါက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ရတနာတစ်ခုပဲ သူ့ရဲ့ စျေးနှုန်းက တိုင်းတာလို့ မရဘူး။”

ချင်းချင်း တစ်ယောက် နှလုံးသွေးများ တဒိတ်ဒိတ် ခုန်လာ၏။ လက်စွပ် နှစ်ကွင်းသည် သာမာန် ရွှေငွေများဖြင့် တန်ကြေး မဖြတ်နိုင်ချေ။

ခရမ်း-ရွှေဖြင့် ပြုလုပ်ထားပြီး ပိုင်ရှင်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြု၏။ ဥပမာအားဖြင့် နဂါး-ဖီးနစ်၏ မျက်လုံးများဖြစ်သည်။

၎င်းတို့သည် နှမ်းစေ့အရွယ် မျှသာ ဖြစ်သော်လည်း တန်ဖိုးရှိကြောင်း ချင်းချင်းမှ သိ၏။

မဟာကျိုး အင်ပါယာတွင် ဤအဆင့် ရတနာသည် တန်ဖိုးမဖြတ်နိုင်သော ရတနာ တစ်ပါး ပေပင်။

“ ဒီမြေးအဖိုးက တကယ် ရက်ရောတာပဲ။ ”

စုရီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤလက်စွပ်တစ်စုံသည် အရိုင်းမြေ ကိုး​ပါးတွင် အမှိုက်သာ ဖြစ်သော်လည်း ကွမ်လင်တွင် ကြွယ်ဝမှုတစ်ခု ဖြစ်သည်။

“ အဟမ်း ... ။ ”

ချင်းချင်းက လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး၊

“ စုရီ ... နှစ်ခုလုံး ငါသိမ်းထားပေးမယ် လင်ကျောက် ပြန်လာတဲ့အခါ ... မင်းတို့ကို ပေးမယ် ဘယ်လိုလဲ။ ”

-ဟု လောဘကြီးစွာ မေးမြန်းလိုက်သည်။

“ အဆင်ပြေသလိုလုပ်ပါ။ ”

စုရီက ခေါင်းညိတ်လိုက်၏။ သို့သော် ချင်းချင်းက ဝမ်ဘိုးဘေး စကားများကို ပြန်သတိ ရလာပြီး၊

“ မေ့လိုက်ပါ ... အရင်းအမြစ်တွေကို အဲဒီအဖွားကြီးက ဖြုန်းတီးချင်နေတာ ... ငါနဲ့ ဘာဆိုင်လဲ။ ”

-ဟု ညည်းတွားလျက် နဂါးလက်စွပ်ကောက်ကိုင်ကာ စုရီထံ ကမ်းပေး လာ၏။

“ ဒီမှာ ယူ ... မပျောက်စေနဲ့။ ”

စုရီက ရယ်ချင်စိတ်ကို ထိန်းနေရသည်။ ချင်းချင်းသည် မည်မျှပင် လောဘကြီးစေကာမူ ဝမ်ဘိုးဘေးအမိန့်ကို မနာခံဘဲ မနေဝံ့ကြောင်း သူသိ၏။

“ ဟမ့် ... ဒီမှာ စာတစ်စောင်ပါလား။ ”

သေတ္တာ အောက်ခြေတွင် ကပ်နေသော စာတစ်စောင်ကို ချင်းချင်းမှ ထုတ်ယူ လိုက်၏။

“ ဆရာစု ... ဘယ်က ဆရာစုလဲ။ ”

“ ကျွန်တော်ပါ ... ။”

စုရီက စာကို ဆွဲယူလေသည်။

“ ဟမ့် ဆရာစုဆိုတာ ... နင်လား ဟား ဟား ဟား။ ”

ချင်းချင်းက ဟာသတစ်ပုဒ် ကြားလိုက်ရသလို လှောင်ရယ် ရယ်၏။ သို့သော် ဝမ်မိသားစုတွင် စုဟူသော အမည်သည် စုရီ တစ်ယောက်တည်းတွင်သာ ရှိသဖြင့် ဆက်၍ ငြင်းခုန်ခြင်း မပြုတော့ချေ။

ချင်းချင် ထွက်သွားသည်နှင့် စုရီက စားပွဲခုံတွင် ထိုင်ကာ စာအိတ်ကို ဖွင့်ဖတ်မိ၏။ ဤသည်မှာ ရှောင်တျန်းချွယ်၏ နှုတ်ဆက်စာ ဖြစ်သည်။

အဆုံးတွင် ပြဿနာ တစ်စုံတစ်ရာ ကြုံလာပါက ဖူရှန်းထံ တောင်းဆိုနိုင်ကြောင်း အလေးပေး ပြောကြားထား၏။

စာဖတ်ပြီးသောအခါ ဖယောင်းတိုင်မီး​​ဖြင့် ဖြည်းညှင်းစွာ ပြာချပစ်လိုက်သည်။ ထို့နောက် အရွက်ကိုးရွက်ဂျင်ဆင်းနှင့် လက်စွပ်ထံ အကြည့်ရောက်သွား၏။

မှော်ဆေးပင်များကို အရည်အသွေးအရ အဆင့် ကိုးဆင့် ခွဲခြားထားသည်။ ပထမတန်း အဆင့်သည် အနိမ့်ဆုံးဖြစ်ပြီး နဝမတန်းမှာ အမြင့်ဆုံးဖြစ်၏။

ဤကိုးရွက် ဂျင်ဆင်းပင်သည် ဒုတိယတန်းစား ဝိညာဉ်ရေးရာ ဆေးဘက်ဝင် အပင် ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ အတွက်ပင် အကျိုးသက်‌ရောက်မှု ရှိချေ၏။ ခေါင်းဆောင်ဟွမ်ယွင်ချုံးသည် တကယ်ပင် ရက်ရောချေပြီ။

ဒုတိယတန်းစား ဝိညာဉ်ရေး ဆေးဘက်ဝင်သည် အဖိုးတန်​ပြီး ကွမ်လင်၌ အလွယ်တကူ မရနိုင်ချေ။

သည့်နောက် အကြည့်များက ခရမ်း-ရွှေနဂါးလက်စွပ်ထံ ရောက်ရှိပြီး ကောက်ကိုင် လိုက်သည်။

နဂါးမျက်လုံးများထံ သတိထား စစ်ဆေးကြည့်မိ ပြီးနောက် သူ့နှလုံးသွေးများ ချက်ချင်း တဒိတ်ဒိတ် ခုန်လာတော့သည်။

“ မီးဝိညာဉ် သလင်း‌ကျောက်။ ”

***

All Chapters