မက်မွန် ဆေးခန်း။
Vol. 3 Ch. 28
နောက်ရက် အနည်းငယ်အတွင်း စုရီတစ်ယောက် သူ့နရီအတိုင်း ပြုမူနေထိုင် ခဲ့သည်။
နံနက်မလင်းခင် မိုးပြာြမစ်ကမ်းသို့ လမ်းလျှောက်ကာ ထင်ရှူးကြိုးကြာ နည်းစနစ် ကျင့်ကြံ၏။
မွန်းတည့်ချိန်၌ မြို့သို့ပြန်လာကာ ဆေးဖက်ဝင်အပင်များ ဝယ်လျက် ရေချိုးသည်။ သုံးရက်ကုန်လွန်ပြီးနောက် နှမ်းစေ့အရွယ် မီးသလင်းကျောက်မှာ ပြာဖြစ်သွား၏။
ကျင့်ကြံမှုသည်လည်း ကြွက်သား သန့်စင်ခြင်းကို ဖြတ်ကျော်နိုင်ကာ ခြင်ဆီ သန့်စင်ခြင်းသို့ ရောက်ရှိလာ၏။
(သိုင်းတာအို နယ်ပယ်-သွေးသန့်စင်ခြင်း တတိယအဆင့်။)
ဤအရှိန်အဟုန်သည် အမှန်ပင် ထိုက်တန်ချေပြီ။ အဆုံးတွင် (၁၅၀၀)တန်သော ဆေးဖက်ဝင် အပင်များကို နေ့စဉ် သုံးစွဲခဲ့ရ၏။ ထိုပြင် မီးဝိညာဉ် သလင်းကျောက်ပါ အစစ်ပါခဲ့သည်။
“ ငါ့မှာ ငွေနှစ်ထောင်ပဲ ကျန်တော့တယ် ... ။ ”
စုရီက ညည်းတွားလိုက်သည်။
ဆယ်ရက်အတွင်း ငွေရှစ်ထောင် ကုန်ကျခဲ့၏။ ရှေ့လျှောက်တွင် ဝင်ငွေရမည့် နည်းလမ်းကို ကြံဆရန် လိုအပ်လာချေပြီ။
စားပွဲပေါ်ရှိ ဂျင်ဆင်း လက်ဖက်ရည်ကို ကောက်သောက်လိုက်၏။ အပူစီးကြောင်းတစ်ခု ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းကာ နွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဤသည်မှာ အရွက်ကိုးရွက် ဂျင်ဆင်း၏ အရွက်များကို ခတ်ထားသော ရေနွေးကြမ်းများ ဖြစ်သည်။
သွေးမှို၊ ကြက်လည်ဆံပန်း အမြစ်နှင့် အခြားသော ဆေးဘက်ဝင် ပစ္စည်းများကိုလည်း ထည့်သွင်းခဲ့၏။ ထွက်ပေါ်လာသော အရည်တွင် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ပါရှိသည်။
အရွက်ကို ရေနွေးကြမ်း ခတ်သောက်ကာ အမြစ်များကို ပြုတ်သောက်ပြီး အပင်ကို ဝါးစား ရချေပြီ။
ဤဂျင်ဆင်းပင် တစ်ပင်သည်ပင် ရက်ပေါင်းများစွာ ကျင့်ကြံရန် လုံလောက်သော စွမ်းအင်များ ရရှိနိုင်၏။
၎င်းသည် အဆင့်နှစ် ဝိညာဉ်ရေး ဆေးဘက်ဝင်အပင် ဖြစ်သည်။ ချီသန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူကိုပင် အကျိုး သက်ရောက်မှု ပေးနိုင်မည်။
“ ဓားတစ်လက် လိုတယ် ။ ”
လက်စွပ်ရှိ မီးသလင်းကျောက်ကို သုံးစွဲပြီးနောက် ခရမ်းရွှေသတ္ထုဖြင့် ဓားရှည် တစ်လက် သွန်းရန် စိတ်ကူးထားသည်။
လူပြန်ဝင်စားခြင်းသည် ဓားတာအိုအပေါ် သည့်ထက်ပို၍ မြင့်မြင့်မားမား နာလည်နိုင်ရန် ဖြစ်၏။
“ စုရီ ... သခင်မ ချင်းချင်းက မင်းကို တွေ့ချင်နေတယ်။ ”
ရုတ်တရက် အစေခံ တစ်ယောက် ခြံဝရောက်ရှိလာပြီး အော်ပြောသွားသည်။ စုရီ တစ်ယောက် မျက်ခုံးပင့်လျက် ထရပ်လိုက် ရ၏။
သူရောက်လာသည်ကို မြင်သည်နှင့် နေ့လည်စားရန် ပြင်ဆင်နေသော ဝမ်ချောင်ထုံမှ ထမင်း ဝင်စားရန် လက်ပြလိုက်သည်။
“ လာထိုင် ... ထမင်းစားရအောင်။ ”
“ နေဦး ... ။ ”
ချင်းချင်းမှ မကျေမနပ်ဖြင့် ဟန့်တား၏။ ဝမ်ချောင်ထုံခမျာ စကားမဆိုတော့ဘဲ ထမင်း ဆက်စား နေတော့သည်။
စုရီအတွက် ဤအချင်းအရာအပေါ် ကျင့်သားရနေပြီ ဖြစ်သည်။ ယောက္ခထီးသည် ရိုးသားပြီး စိတ်ကောင်း ရှိချေပြီ။
ရည်မှန်းချက် မရှိဘဲ နေ့ရက်တိုင်းကို သက်တောင့်သက်သာ ဖြတ်သန်းလိုသူ ပေပင်။ ယောက္ခမသည် လောဘကြီးပြီး အမြင်ကျဉ်းသည်။
ချင်းချင်းက ဝါးတူကို ပြန်ချကာ ရေနွေးကြမ်း တစ်ငုံ သောက်လျက်၊
“ လင်ကျောက်က ကောင်းကင် မူလ အကယ်ဒမီမှာ ... ဒုနန်းတော်သခင်ရဲ့ တပည့် ဖြစ်တော့မယ်ဆိုတာ နင်သိလား။ ”
စုရီမှ ခေါင်းညိတ် ပြလိုက်သည်။
“ ကျွန်တော် ကြားပါတယ်။ ”
ဘိုးဘေး မွေးနေ့ပွဲ အခမ်းအနားအပြီးတွင် ဤသတင်းမှာ ကွမ်လင်တစ်မြို့လုံး ပျံ့နှံ့နေခြင်း ဖြစ်သည်။
တိမ်မြစ် စီရင်စုအတွင်း၌ အင်္ဂါငါးပါး သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူသည် ရှားပါး လှချေပြီ။
သာမန် ကျင့်ကြံသူများ အတွက် ထိုအဆင့်ကျွမ်းကျင်သူသည် နဂါးတစ်ကောင် ဖြစ်သည်။
ဝမ်လင်ကျောက်သည် ကောင်းကင် မူလ အကယ်ဒမီနှင့် ဆက်သွယ်သည်မှာ လဝက်ပင် မပြည့်သေးချေ။
အင်္ဂါငါးပါး သန့်စင်သူ တစ်ယောက်မှ တပည့်အဖြစ် ခေါ်ခံရခြင်းသည် လေးစားဖွယ် ဖြစ်၏။ ချင်းချင်း အသွင်က ရွှင်မြူးနေခဲ့ပြီး၊
“ ဒါ ... ငါတို့ မိသားစုရဲ့ ကံကြမ္မာပဲ ဒီနေ့မနက်မှာပဲ မိသားစု ခေါင်းဆောင်ဝမ်က ငါတို့ကို ရွှေတစ်ထောင်၊ ပုလဲဆယ်လုံး၊ ...
... စံအိမ်တော် ကိုးလုံး ပေးအပ်လာတယ် ပြီးတော့ ငှက်ပြာလမ်းက မက်မွန်ဆေးခန်းကို စီမံခန့်ခွဲဖို့ ပြောတယ်။ ”
ဤသည်မှာ သူမ ဘဝတစ်လျှောက် အကောင်းမွန်ဆုံးသော နေ့ရက်များ ဖြစ်ချေပြီ။ စံအိမ်ရှိ အစေခံနှင့် မိသားစုဝင်တိုင်းမှ သူမကို ပြုံးချိုစွာ နှုတ်ဆက်ကြ၏။
မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများ သည်ပင် ချွင်းချက် မရှိချေ။
“ ဒါက တကယ့်ကို ဝမ်သာစရာ သတင်းပါပဲ။ ”
စုရီက အလိုက်သင့် ပြောကြားမိသည်။ သို့သော် ချင်းချင်းမှ သတိရသွားပြီး ဒေါသဖြင့်၊
“ ဟမ့် ... ဒါက မင်းအတွက် မဟုတ်ဘူး ... နည်းနည်းလေးတောင် မတွေးနဲ့။ ”
-ဟု အော်ငေါက်လိုက်၏။
ယင်းကြောင့် စုရီက နှာခေါင်းကို လက်ညှိုးဖြင့်ပွတ်ကာ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ချင်းချင်းသည် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပုံရ၏။
“ ဒါပေမယ့် ... မင်းလည်း ငါတို့မိသားစုနဲ့ နေလာတာ တစ်နှစ်ရှိပြီ ... ငါတို့ တသက်လုံး မင်းကို စောင့်ရှောက် မနေနိုင်ဘူး ... ဒါကြောင့် မက်မွန်ဆေးခန်းကို စီမံခန့်ခွဲဖို့ ... မင်း တာဝန်ယူပါ။ ”
စုရီတစ်ယောက် မျက်ခုံးပင့်လိုက်၏။ မက်မွန်ဆေးခန်းသည် ဝင်ငွေ အကောင်းဆုံး လုပ်ငန်း တစ်ခု မဟုတ်ချေ။
သို့သော် ထိုလမ်းတွင် စီးပွားရေး လုပ်ငန်းများဖြင့် စည်ကား သိုက်မြိုက်နေသည်။ ယင်းသည် သူ့အပေါ် ကြင်နာ၍ ပေးခြင်းမျိုး မဖြစ်နိုင်ချေ။ စုရီမှ သံသယဝင်လာ၏။
သူ့ယောက္ခမသည် အကျိုးအမြတ် တစ်စုံတစ်ရာကို သူ့ထံပေးကမ်းရန် စေသနာ ရှိနေသူမျိုး မဟုတ်ချေ။
“ ဒီအတွက် ... မင်းငါ့ကို တစ်လ ငွေတစ်ထောင် ရှာပေးပါ၊ တပြားမှ မလျော့ ပါစေနဲ့။ ”
ဤသည်မှာ သူ့ယောက္ခမ ပေပင်။ အကြောင်းပြချက် မရှိဘဲ သူ့အပေါ် စေသနာ မထားချေ။
“ တစ်လကို ငွေတစ်ထောင် တောင်လား။ ”
ဝမ်ချောင်ထုံမှ မျက်လုံးပြူးသွား၏။ ထမင်းပင် နင်သွားလေသည်။ ရေနွေးကြမ်းကို အမြန်သောက်ချလိုက်ရ၏။
“ ဘာလို့လဲ ... မနေ့ညက ငါတစ်ညလုံး ဆေးခန်းရဲ့ စာရင်း ဇယားတွေကို ... တွက်ချက် ကြည့်ပြီးပြီ ...
... လုပ်ငန်းက လက်ရှိနှုန်းထားနဲ့ ... ဆက်လုပ်နေရင် တစ်လ ငွေတစ်ထောင် အသာလေး ရနိုင်ပါတယ်။ ”
စုရီခမျာ ကူကယ်ရာမဲ့စွာ နားထောင် နေရသည်။ အရိုင်းမြေကိုးပါးကို အုပ်စိုးသော တာအို တစ်သောင်း သခင်သည် ယောက္ခမ၏ အမြက်ထုတ်ခြင်း ခံနေရချေ၏။ သနားစရာ ပေပင်။
“ တစ်လ တစ်ထောင်မရရင် ဘာဖြစ်မလဲ။ ”
ဝမ်ချောင်ထုံမှ မေးသည်။
“ ဟမ့် ... လွယ်လွယ်လေးပဲ အကြွေး မှတ်ထားမယ် သုံးလအတွင်း ပေးချေနိုင်တယ် မဟုတ်ရင် အတိုးနဲ့ မှတ်မယ် ... အဲဒီအတိုး အတွက် ... မပေးနိုင်ရင် ထပ်မှတ်မယ်။ ”
နားထောင်ရုံဖြင့် ဝမ်ချောင်ထုံအတွက် မောဟိုက်လာစေ၏။ ခေါင်းရမ်းလျက် စုရီကို သနားစွာ လှမ်းကြည့်လိုက်မိသည်။
ချင်းချင်းက ရေနွေးကြမ်း တစ်ခွက် ငှဲ့သောက်ကာ၊
“ မင်းအကြွေးအဆပ်မချင်း အတိုးက ထပ်တိုးနေမှာပဲ။”
-ဟု ပြောကြား လိုက်တော့သည်။
“ တစ်လကို ငွေတစ်ထောင် ကျော်ရရင် ဘယ်လို လုပ်ရမလဲ။ ”
“ ဟား ဟား ဟား ... မင်းက အသုံးမကျပေမယ့် ရည်မှန်းချက်တွေ တကယ် ရှိတာပဲ ... ကောင်းတယ် ဒါဆို ငါမင်းကို တစ်ထောင် အထက် ဝင်ငွေအတွက် သိမ်းခွင့်ပေးမယ်။ ”
“ သဘောတူတယ်။ ”
စုရီက ချက်ချင်း သဘောတူလိုက်သည်။ ယင်းကြောင့် ချင်းချင်းမှ သံသယဖြင့် ပြန်ကြည့် လာတော့၏။
“ ပြောစရာ မရှိတော့ရင် သွားခွင့်ပြုပါဦး။ ”
စုရီက နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ ဤသည်မှာ သူ့အတွက် သတင်းကောင်းတစ်ပုဒ် ပေပင်။
ထိုအချိန်တွင် ဝမ်ချောင်ထုံမှ ထမင်းစားခြင်းကို လက်စသပ် လိုက်သည်။
“ မိန်းမ ... မင်းက ဘာလို့ ... စုရီကို ဆေးခန်းသွားစေရတာလဲ ... ဒုတိယ အစ်ကိုက အဲဒီနေရာကို ချုပ်ကိုင်ထားတာ မင်းအသိပါ။ ”
“ မက်မွန်ဆေးခန်းဟာ တစ်ချိန်က ဒုတိယအစ်ကိုရဲ့ စီမံခန့်ခွဲမှု လက်အောက်မှာ ရှိနေတာ သိပါတယ်၊ ဒါပေမယ့် အခု ...
... ငါတို့ ပိုင်ပြီ ... ဟမ့် ... နေပါဦး ရှင်က စုရီအနိုင်ကျင့်ခံရမှာ စိုးရိမ်လို့လား ရှင့်သမက်ကို အထင်မသေးနဲ့ ... ဟိုကောင် လူရမ်းကား ဟွမ်ချမ့်ကျွယ်ကိုတောင် ရိုက်ဝံ့တာ ...
... ပြီးတော့ ဒီကောင်က မဆိုးပါဘူး အသုံး မကျပေမယ့် သူ့မှာ တစ်စုံတစ်ရာ ခြားနားချက် ရှိနေတယ် ...
... မြစ်ပြာဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီး မဟုတ်တော့တာ နှမျောစရာပဲ ... မဟုတ်ရင် လင်ကျောက်နဲ့ လိုက်ဖက်ညီလိမ့်မယ်။ ”
ချင်းချင်းက သက်ပြင်းချကာ ညည်းတွား လိုက်သည်။ ထိုစကားကြောင့် ဝမ်ချောင်ထုံမှ ခေါင်းရမ်းလျက်၊
“ သူသာ မြစ်ပြာဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီး ဖြစ်နေသေးရင်လည်း ငါတို့ သမက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ”
-ဟု ဝင်ပြောလိုက်၏။
စုရီတစ်ယောက် ပြင်ပတပည့်ကြီး ဖြစ်စဉ်ချိန်က လင်ကျောက်သည် မြစ်ပြာဓား စံအိမ်သို့ပင် ဝင်ခွင့် မရသေးချေ။
“ ပါး စပ် ပိတ် ထား ... ။ ”
ချင်းချင်းက ဒေါသတကြီးဖြင့် စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ ထို့နောက် အမုန်း တရားများနှင့် လက်စားချေတော့၏။
“ ရှင် ... ဒီညအပြင်မှာ အိပ်ပါ ... အခန်းထဲလုံးဝ ဝင်မလာနဲ့ ... နေဦး တစ်ရေးနိုး စောင်လာယူဖို့လည်း မစဉ်းစားနဲ့ ညနေထဲက တစ်ခါတည်း ယူထား။ ”
***