ဦးညွှတ်ခြင်း။
Vol. 3 Ch. 31
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ စောင့်ဆိုင်းနေသည့် လူနာ အရေအတွက်မှာ လျော့နည်းသွားပြီဖြစ်သည်။
စုရီက နဖူးကို ပွတ်သပ်လိုက်စဉ် အစေခံတစ်ယောက်မှ သူ့အတွက် ဆေးဖက်ဝင် လက်ဖက်ရည် တစ်ခွက် ငှဲ့လာပေး၏။
အမူရာသည် ယခင်ထက် များစွာ ကျိုးနွံလာသည်။ ယခုအချိန်တွင် မက်မွန် ဆေးခန်းမှ လူတိုင်း စုရီ၏ စွမ်းရည်များကို အပြည့်အဝ ယုံကြည်နေပြီ ဖြစ်၏။
စုရီက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။
“ ဒီနေ့ကစပြီး ငါဒီမှာနေမယ်။ ”
“ ဆရာစု ... ဆေးခန်း အနောက်မှာ လူမနေတဲ့ အိမ်ရှိတယ် ... အဲဒါကို သန့်ရှင်းရေး လုပ်ပေးပါ့မယ် ... အဝတ်အစား လျှော်ဖို့နဲ့ စားဖိုမှူးတစ်ယောက် ပို့ပေးမယ်။ ”
အဖိုးအိုဟူချွမ်မှ အစီစဉ်များကို ရှင်းပြပေးလာသည်။ စုရီက ခေါင်းခါပြလိုက်၏။
“ မလိုပါဘူး ... အခန်းတွေကို သန့်ရှင်းရေးလုပ်ပြီး ခြံဝင်းကို လုံခြုံအောင် လုပ်လိုက်ရင် အဆင်ပြေပါတယ် …
… လူတိုင်း ကိုယ့်တာဝန်ကိုယ် ဆက်လုပ်ကြပါ ... အသက်အန္တရာယ် ရှိနိုင်တဲ့ ရောဂါမျိုတွေ ရှိလာရင် ငါ့ကိုခေါ်ပါ ...
... သာမာန် ရောဂါတွေအတွက် ငါတို့မက်မွန်ဆေးခန်းရဲ့ သမားတော်တွေ ဆက်ကုပါစေ။ ”
ထိုစဉ် သန်မာသော လူရွယ်တစ်ယောက် ဆေးခန်းထဲဝင်လာ၏။ ဤသည်မှာ အစောပိုင်း သမားတော်ဝူ မရှိသဖြင့် ချက်ချင်း လှည့်ထွက်သွားသူ ဖြစ်သည်။
“ ဆရာစု ... ငါအရင်က ရိုင်းပျမိတဲ့အတွက် ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
ထိုလူက သူ့လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ တောင်းပန် လာလေသည်။
“ မင်းမှာ အိမ်ထောင်မရှိဘူး မဟုတ်လား။ ”
စုရီမေးခွန်းက ထူးဆန်းလှ၏။ သို့တိုင် ထိုလူထွားကြီးက ကမန်းကတန်း ခေါင်းညိတ် ပြလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
စုရီမှ စာရွက်တစ်ရွက် ထုတ်ယူပြီး စာတိုလေး တစ်စောင် ရေးသားကာ သူ့ထံ ကမ်းပေးလိုက်သည်။
“ မင်းမှာ ရောဂါ မရှိဘူး ... ငါ့ညွှန်ကြားချက်အတိုင်း လိုက်နာပါ သုံးလ အတွင်း ပြန်ကောင်းလာမယ်။ ”
ထိုလူထွားကြီးက ခေါင်းညိတ်ကာ စာရွက်ကို ဖတ်ကြည့်လိုက်သည်။
“ ရှောင်ကြဉ်ပါ ... ၊ မင်းရဲ့ညီလေး ... ၊ ဆရာစု ဒါကဘာကို ဆိုလိုတာလဲ။ ”
လူထွားကြီးက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။ သူ့ဘေးမှ လူအချို့က ခြေဖျားထောက်ပြီး ဖတ်ကြည့်ကြ၏။
“ ဟား ဟား ဟား ... ။ ”
“ ဟား ဟား ဟား ... မိတ်ဆွေကြီး ... မင်းရဲ့ညီလေးဆိုတာ နာမ်စားသုံးထားတာပါ မင်းလက်ကို သုံးတာလျော့ဖို့ ဆရာစုက ပြောချင်နေတာ နားလည်ပြီလား။ ”
“ ကျေးဇူးတင်ပါတယ် ဆရာစု။ ”
ဆေးအလုပ်သင်အချို့မှ ရယ်မောလျက် လူထွားကြီးကို ရှင်းပြလိုက်သည်။ လူထွားကြီး ခမျာ မျက်နှာနီမြန်းသွားပြီး ရှက်ရွံ့စွာ လှည့်ထွက်သွားတော့၏။
“ သူက အရမ်း သန်မာပေမယ့် လက်တစ်ဖက်တည်းနဲ့ တိုက်ရတာကို ပို ကြိုက်နေတာပဲ။ ”
အဆုံးတွင် ဟွမ်ချမ့်ကျွယ်တစ်ယောက် ဆေးညွှန်းကို သဘောပေါက်ကာ အော်ဟစ် ရယ်မောမိလေသည်။
ဤနည်းဖြင့် ဆေးခန်းအတွင်းရှိ လေထုမှာ ပေါ့ပါးသွက်လက်လာတော့၏။ ဟူချွမ့်သည်ပင် ပြုံးရယ်လိုက်မိသည်။
လူနာများ ရှင်းသွားသည်နှင့် ဟူချွမ်က အစေခံနှစ်ယောက်ခေါ်ကာ စုရီအတွက် အနား ယူရန်ပြင်ဆင်ပေး၏။
ဆေးခန်း နောက်ကျော၌ လူမနေသော ခြံဝင်းတစ်ခု ရှိသည်။ ခြံဝန်း အလယ်ဗဟိုတွင် ဆီးပင်ကြီးတစ်ပင် ပေါက်နေ၏။ ဆီးပင်ကို မြင်သည်နှင့် စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားတော့သည်။
ထိုအချိန်တွင် မက်မွန်ဆေးခန်းနှင့် မနီးမဝေးအရပ်ရှိ လက်ဖက်ရည်ဆိုင်၌ စုရီ၏ ဆေးညွှန်းကို ဖတ်နေသော လူသုံးယောက် ရှိသည်။
သုံးယောက်အလယ်မှ လူသည် သမားတော်ဝူဖြစ်၏။ သူ့ဘေးရှိ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက သက်ပြင်းချ လိုက်သည်။
၎င်းအမည်မှာ တန်ဖုန်း ပေပင်။ သူသည်လည်း မက်မွန်ဆေးခန်း၏ သမားတော် တစ်ပါးဖြစ်သည်။
ကျန်တစ်ယောက်မှာ ဝေတုံဟု ခေါ်၏။ ၎င်းတို့သုံးဦးက စုရီကို ခက်ခဲအောင် ပြုလုပ်ရန် ခွင့်ယူပြီး စောင့်ကြည့်နေခြင်း ပေပင်။
သို့သော် အချိန်အတော်ကြာပြီးနောက် လူနာများ ပြုံးရွှင်စွာ ပြန်လည်ထွက်လာခဲ့ကြ သဖြင့် ဆေးစာကို တောင်းကြည့်နေခြင်း ဖြစ်သည်။
“ သမားတော်ဝူနဲ့ ... သမားတော်တန် ... ဒီအသုံးမကျတဲ့စုရီရဲ့ ဆေးညွှန်းက တကယ့်ကို မျက်စိပွင့်စရာပါပဲ။ ”
ဝေတုံက သက်ပြင်းချကာ အသိအမှတ်ပြု လိုက်မိသည်။ အထူးသဖြင့် ပုံမှန်မဟုတ်သော ကုသမှုတစ်ခုအကြောင်း ကြားသိပြီးနောက် လေးစားလာတော့၏။
ထိုလူနာသည် စကားပြောချိန်တိုင်း သူ့ဗိုက်ထဲမှ အသံတစ်သံ ယောင်ဝါးဝါး လိုက်ပါ ပဲ့တင်ထပ်နေခြင်းဖြစ်၏။
ထို့ကြောင့် စုရီက ဆေးဘက်ဝင် အပင်များ၏ အမည်စာရင်းချရေးကာ လူနာကို အသံကျယ်ကျယ် ဖတ်စေ၏။
သူ့ဗိုက်ထဲရှိ သန်ကောင်မှလည်း လိုက်ပါရွတ်ဆိုသည်။ မြက်ကြားမှို အမည်ကို ရွတ်ဆိုရာတွင် ထိုသန်ကောင်၏ အသံမှာ တိတ်ဆိတ်သွား၏။
ယင်းကြောင့် မြက်ကြားမှိုတစ်ပွင့် ကောက်ယူပြီး လူနာကို ဝါးစားစေလိုက်ခြင်းဖြင့် သွေးအန်လျက် လက်သည်းအရွယ် သန်ကောင်ထွက်လာသည်။
ထိုစဉ် သမားတော်ဝူမှ စကားမဆိုဘဲ ချက်ချင်း ထရပ်ကာ မက်မွန်ဆေးခန်းဆီသို့ လျှောက်လှမ်းသွားတော့၏။
“ သမားတော်ဝူ ... မင်း ဘာလုပ်မလို့လဲ။ ”
“ သဘာဝအတိုင်း ငါတောင်းပန်ရမယ်။ ”
သမားတော်ဝူမှ တုန့်ဆိုင်းခြင်း မရှိ ပြန်ဖြေ၏။ တန်ဖုန်းနှင့်ဝေတုံက အချင်းချင်း ပြန်ကြည့်ကာ အမြန်ပြေးလိုက်သွားသည်။
***
စုရီက ဆီးပင်ထံမှတဆင့် သံကြိုးများ ချည်နှောင် ပိတ်ဆို့ထားသော ရေတွင်းဆီသို့ အကြည့်ရွေ့လိုက်၏။
ရေတွင်း အနားတဝိုက် ပင့်ကူအိမ်များ၊ ပေါင်းပင်များနှင့် ပြည့်နှက်နေသည်။ ဟူချွမ်က အစေခံနှစ်ယောက်ကို ချက်ချင်း သန့်ရှင်းရေး လုပ်ခိုင်းတော့၏။
“ ဆရာစု၊ ခြံဝင်းက လူ မနေတော့တာ နှစ်အတော်ကြာနေပြီ ... ဒါပေမယ့် စိတ်မပူပါနဲ့ အရာအားလုံး သန့်ရှင်းသပ်ရပ်သွားအောင် လုပ်ပေးပါ့မယ်။ ”
စုရီက ဟူချွမ့်စကားကို စိတ်မဝင်စားချေ။ ဇီးပင်အောက်တွင်ရပ်လျက် အိမ်ငယ်သုံးလုံးထံ မျှော်ကြည့်ကာ ၊
“ ဒီမှာ တစ်ခုခု ဖြစ်သွားလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ အိုက်ရား ... ဒီအဖိုးကြီး မေ့သွားတယ် လွန်ခဲ့တဲ့ (၉)နှစ်က သမားတော်တစ်ဦးနဲ့ သူ့ရဲ့ တပည့်နှစ်ဦး ဒီခြံထဲမှာ နေထိုင်ဖူးတယ်၊ ဒါပေမဲ့ တစ်ညမှာတော့ သူတို့ သုံးယောက်လုံး ရုတ်တရက် သေဆုံးသွားတယ်။”
ဟူချွမ့်က အလုံပိတ် ရေတွင်းကို ညွှန်ပြကာ၊
“ သမားတော်က ရေတွင်းထဲ ပြုတ်ကျသေနေပြီး အလောင်းကို ဆည်ယူတဲ့ အခါမှာ အရိုးပဲကျန်တော့တယ် ... အလုပ်သင် နှစ်ဦးကတော့ အရေခွံနဲ့ အရိုးပဲကျန်ပြီး ဒီဇီးပင်မှာ တွဲလောင်းသေနေတယ်။ ”
-ဟု ပြန်လည်ဖြေကြားပေးလာ၏။
စုရီမှ မျက်ခုံးပင့်လိုက်သည်။
“ အဲဒီကတည်းက လူမနေတော့ တာလား။ ”
“ ဟုတ်တယ် ဆရာစု ... လူတိုင်းက ဒီအိမ်မှာ သရဲခြောက်တယ်လို့ ပြောခဲ့ကြတယ် ၊ အိုး ... ဆရာစု ငါမင်းကို ရည်ရွယ်ချက် ရှိရှိ ဒီမှာနေခိုင်းတာ မဟုတ်ပါဘူး ... ငါတို့မှာ နေအိမ်ဆိုလို့ ဒါပဲရှိလို့ပါ။ ”
ဟူချွမ်က စုရီ ဒေါသထွက်သွားမည်ကို စိုးရိမ်ကာ အမြန်ရှင်းပြလိုက်သည်။ စုရီမှ ပြုံး၏။
“ အဆင်ပြေပါတယ် ဒီနေရာက တော်တော်တိတ်ဆိတ်တယ် ငါကြိုက်တယ်။ ”
“ အစ်ကိုစု ... မင်းတစ်ယောက်တည်း အထီးကျန်နေမှာ သေချာတယ် ... အလှမယ် တချို့ကို ငါစီစဉ်ပေးရမလား။ ”
ဟွမ်ချမ့်ကျွယ်က အိမ်သုံးလုံးကို မျှော်ကြည့်ကာ ပြုံးလျက် မေးမြန်းခဲ့လေသည်။
“ မင်းငါ့ကို တကယ် ကူညီပေးချင်ရင် အနီးဆုံးစျေးမှာ ကြက်ဖတစ်ကောင် ... ၊ မိုးမခ သစ်ခတ်နဲ့ သုံးပေရှည်တဲ့ ဆယ်နှစ်သက်တမ်း မက်မွန်သစ်သားတစ်ချောင်း ဝယ်လာပေးပါ။ ”
“ ကောင်းပြီ ... အစ်ကိုစု ခဏစောင့် ... ငါချက်ချင်း ပြန်လာမယ်။ ”
ဟွမ်ချမ့်ကျွယ် တစ်ယောက် ဝမ်းသာအားရ ပြေးထွက်သွားသည်။ ဤမြင်ကွင်းက ဟူချွမ့်ကို သက်ပြင်းချ မိစေ၏။
နာမည်ဆိုးဖြင့် ကျော်ကြားသော သခင်လေးဟွမ်သည် ဝမ်မိသားစု၏ သားမက် ခိုင်းစေသမျှနာခံရန် အသင့် ရှိနေချေပြီ။ အမှန်ပင် အမြင်ကျယ်စေ၏။
“ ဆရာစု အဲဒါတွေက ဘာလုပ်ဖို့လဲ။ ”
ဟူချွမ်တစ်ယောက် သူ့အတွေးထဲ တစ္ဆေဟူသော ဝေါဟာရတစ်စု ပေါ်လာသည်။ သို့သော် မယုံဝံ့ချေ။ စုရီက ပြုံး၏။
“ ကိစ္စလေး ရှိလို့ပါ။ ”
ထိုစဉ်အချိန်တွင် ကူချွမ့်နှင့် သက်တူရွယ်တူခန့်ရှိသော အဖိုးကြီး လူသုံးဦး ခြံဝင်းထဲ ဝင်ရောက်လာလေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူသည် သမားတော်ဝူဖြစ်၏။
“ ငါ့နာမည် ဝူကောင်းလင်းပါ ... တောင်းပန်ပါတယ် ဆရာစု။ ”
တန်ဖုန်းနှင့် ဝေတုံကလည်း အရိုအသေပေးလျက် တောင်းပန်ဟန်ပြသရာ စုရီမှခေါင်းညိတ်ပြီး၊
“ တောင်းပန်စရာ မလိုပါဘူး ... ဒီကိစ္စတွေကို ဒီနေရာမှာပဲ ထားလိုက်ရအောင် ရှေ့ဆက် မင်းတို့သုံးယောက်က ဆေးခန်းကို အရင်လို တာဝန်ဆက်ယူပါ ... ထပ်မလုပ်ဖို့ ငါမျှော်လင့်တယ်။ ”
-ဟု ပြောကြားတော့၏။
သို့မှသာ သမားတော် သုံးယောက် စိတ်သက်သာရာ ရသွားလေသည်။ ဟူချွမ့် သည်လည်း ပြုံးပျော်သွား၏။
“ မင်းတို့ စိတ်မပူနဲ့ ... ဆရာစုက အသက်ငယ်ပေမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု နက်ရှိုင်းပါတယ်။ ”
သမားတော် သုံးယောက်မှ ခေါင်းညိတ် လိုက်ကြသည်။ ဆရာစု၏ နည်းလမ်းများသည် သူတို့ကဲ့သို့ သမားအိုကြီးများကို အမှန်ပင် အမြင်ကျယ်စေ၏။ လေးစားစရာ ပေပင်။
***