ဆီးပင်ပေါ်က တစ္ဆေ။
Vol. 3 Ch. 32
နေရောင်ခြည်များက ခြံဝင်းအတွင်း ဖြာဆင်းလျက် သက်တောင့်သက်သာရှိစေသည့် လေထုကို ဖန်တီးပေး၏။
စုရီသည် ကုလားထိုင်ပေါ် ထိုင်လျက် မိုးမခအကိုင်းအခက်များကို အစုအဝေးတစ်ခု အဖြစ် ချည်နှောင်လိုက်သည်။
အစေခံများသည် တံမြက်စည်းများ လှည်းပြီးသည်ဖြစ်ရာ အခြားလိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ပေးနေသည်။
သမားတော် သုံးဦးက လူနာများကို ကြည့်ရှုရန် ဆေးခန်းသို့ ပြန်ရောက်သွားပြီ ဖြစ်၏။
“ အစ်ကိုစု၊ ကြက်ဖက ဘာအတွက်လဲ။ ”
မနီးမဝေးတွင် စောင့်ကြည့်နေသော ဟွမ်ချမ့်ကျွယ်က ပျင်းရိလာသဖြင့် ကြက်ဖကို အော်သံထွက်လာအောင် ကစားနေသည်။
“ သတ်ပြီး သူ့သွေးကို ယူ ... ။ ”
“ ကောင်းပြီ ... ။ ”
ဟွမ်ချမ့်ကျွယ်မှ ဓားကို ဆွဲထုတ်ပြီး လုပ်ဆောင်တော့၏။ မကြာမီ ကြက်ဖသွေး တစ်ပန်းကန် စုရီထံ ပေးအပ်လာသည်။
“ ဒီနေ့အတွက် အိမ်ပြန်လို့ရပြီ။ ”
စုရီက ထုပ်ပိုးထားသော မိုးမခသစ်ကိုင်းအစည်းကို ကောက်ကိုင်လိုက်ပြီး သွေးပန်းကန်လုံးထဲ နစ်ချလိုက်၏။
“ အစ်ကိုစု ... ဝမ်ချောင်ချင်းရဲ့ အစေခံတွေကို မင်းနှင်ထုတ်လိုက်တဲ့ အတွက် လက်စားချေလာမှာ ငါကြောက်မိတယ် ... ငါ့အဖေနဲ့ သတိ ပေးခိုင်းဖို့ လိုလား။ ”
“ မလိုတော့ဘူး ... မင်းအားနေရင် အတော်ဆုံးပန်းပဲဆရာ ဘယ်မှာရှိလဲ စုံစမ်း ပေးလာခဲ့ .... ။ ”
“ အိုက်ရား ... အစ်ကိုစု၊ အဲဒါက လွယ်ပါတယ် ဟွမ်မိသားစုက ပန်းပဲလုပ်ငန်းနဲ့ စီးပွားရှာနေတာ မင်းမေ့နေတာလား ... ငါတို့မှာ ကျွမ်းကျင် ပန်းပဲသခင် အယောက် သုံးဆယ်ကျော်ရှိတယ်။ ”
ကွမ်လင်မြို့တွင် ဝမ်မိသားစုသည် ဆေးဘက်ဝင်ပစ္စည်းများ၊ လီမိသားစုသည် စပါးနှင့် စားသောက်ကုန်များ စသည်တို့ကို တာဝန်ယူ ရောင်းဝယ်ကြသည်။
ဟွမ်မိသားစုမှာမူ လက်နက်နှင့် သတ္တုအရည်ကြို လုပ်ငန်းကို လက်ဝါးကြီး အုပ်ထား၏။
“ ငါဓားတစ်လက် လိုနေတယ်။ ”
“ ဓားလား ... ဒါဆိုရင် ဝမ်တျန်းရန်နဲ့ သွားတွေ့ရမယ် ... အဲဒီအဖိုးကြီးဝမ်က ဓား လုပ်တဲ့ နေရာမှာ ပါရဂူပဲ။ ”
“ ကောင်းပြီ မနက်ဖြန်တွေ့မယ်။ ”
စုရီခေါင်းညိတ်လိုက်၏။ ထို့နောက် ဟွမ်ချမ့်ကျွယ်က နှုတ်ဆက်ကာ ထွက်ခွာသွား တော့သည်။
၎င်းပုံရိပ် ပျောက်ကွယ်သွားချိန်တွင် မက်မွန်သားကို ကောက်ယူကာ ဓားပုံသဏ္ဍာန် ခုတ်ထွင်မိ၏။
အဆုံးတွင် တာအိုသခင်များ ကိုင်ဆောင်သည့် သုံးပေရှည်သော မက်မွန်ဓား ရရှိလာသည်။
၎င်းဓားကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်း ကြည့်လိုက်ပြီး အကြည့်များက ဇီးပင်ကြီးပေါ် ကျရောက်သွား၏။
ဇီးပင်များ၏ သဘာဝသည် ယင်နှင့် ဆက်စပ်မှုရှိသောကြောင့် အခြားသောသစ်ပင် များထက် သရဲတစ္ဆေများကို ပို၍ ဆွဲဆောင်နိုင်သည်။
ခြံဝင်း၏ ပုံသဏ္ဍန်နှင့် ရေတွင်းသည်လည်း အခရာ ကျပေ၏။ အိပ်ဆောင်၊ စားဖိုဆောင်နှင့် ဧည့်ခန်းဆောင်ကို တြိဂံပုံ ဖွဲ့စည်းထားသည်။
အမှောင်စွမ်းအင် ဖြစ်သော ယင်စွမ်းအင်သည် ရေတွင်းမှ စိမ့်ထွက်လာပြီး သရဲခြောက်သောအိမ် အဖြစ်သို့ ပြောင်းလဲ သွားစေသည်။
တစ်စုံတစ်ယောက်သည် ဤအရာကို သတိပြုမိသည်မှာ ကြာချေပြီ။ သို့သော် ၎င်းမှ ဖြေရှင်းရန် ဆန္ဒ ရှိပုံမရချေ။
ထိုအချိန်တွင် ဝမ်ကျိယွင်သည် သူ့အဖေ ဝမ်ချောင်ချင်းထံ ယနေ့သတင်းများကို တင်ပြ နေခဲ့သည်။
သူသည် ဆယ့်ကိုးနှစ်အရွယ် ဖြစ်ပြီး သွေးသန့်စင်ခြင်း ဒုတိယအဆင့် နှောင်းပိုင်း ဖြစ်၏။
“ သူ ... အခုဘယ်မှာလဲ။ ”
ဝမ်ချောင်ချင်း အသွင်မှာ အေးစက်နေခဲ့သည်။
“ မက်မွန်ဆေးခန်း အနောက်က သရဲခြောက်တဲ့ အိမ်မှာ ... နေထိုင်မယ်လို့ သတင်းကြားတယ် အဖေ။ ”
“ ဟမ့် ... ။ ”
ထိုအဖြေက ဝမ်ချောင်ချင်းကို ချက်ချင်း ပြုံးရယ်စေသည်။
“ ဒါဆို ... ငါတို့ ဘာမှလုပ်စရာ မလိုတော့ပါဘူး ... အဲဒီအမှိုက် ဒီတစ်ညပဲ အသက်ရှင်လိမ့်မယ်။ ”
“ ဘာလို့လဲ အဖေ။ ”
ဝမ်ကျိယွင်က သူ့အဖေစကားကြောင့် အံ့အားသင့်သွားသည်။
“ လွန်ခဲ့တဲ့ ကိုးနှစ်လောက်က အဲဒီမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ် ငါတို့ရဲ့ဆရာဝန်တစ်ဦးနဲ့ အလုပ်သင်နှစ်ဦးက ထူးထူးဆန်းဆန်း သေဆုံးခဲ့ကြလို့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲပဲ ...
... မကြာဖူး အဲဒီအိမ်က သရဲခြောက်တဲ့ သတင်းထွက်လာတယ် တာအိုသခင်တစ်ပါးကို စျေးကြီးကြီးနဲ့ ငှားရမ်း နှိမ်နင်းလိုက်ရတယ် ...
... တာအိုသခင်က ရေတွင်းကို ပိတ်ပြီး အင်္ဂါငါးပါးသန့်စင်ခြင်း အဆင့်အောက် ဘယ်သူ မဆို ... အဲဒီခြံထဲမှာ မနေဖို့ သတိပေး သွားခဲ့တယ်။ ”
ဝမ်ကျိယွင်တစ်ယောက် ထိတ်လန့်သွားလေသည်။
“ ဒါဆို ...။ ”
“ မှန်တယ် ... သူနေရင် အဲဒီသရဲ ထွက်လာပြီး သူ့ကို သတ်လိမ့်မယ်။ ”
“ ဟား ဟား ဟား ... စုရီ မင်းက ငါတို့ရဲ့ဆေးခန်းကို ... ဒီလောက်လွယ်လွယ်နဲ့ ရနိုင်မယ်လို့ ထင်နေတာလား ... ကြည့်စမ်း မင်းကို မင်းယောက္ခမက သေလမ်းပို့ လိုက်တာပဲ။ ”
“ တိတ်စမ်း ... သူမက မင်းအဒေါ်ပဲ ... လင်ကျောက်ရဲ့အမေ ... ရှေ့လျှောက် လေးလေး စားစား ဆက်ဆံပါ။ ”
ဝမ်ချောင်ချင်းက ပြုံးလျက် သူ့သားကို သတိပေးစကား ပြောကြား လိုက်လေသည်။ ဝမ်ကျိယွင်မှ ခေါင်းညိတ်ပြ၏။
များမကြာခင် လမင်းကြီးကို တိမ်များ ဖုံးကွယ်သွားသဖြင့် ညသည် ပို၍ နက်မှောင် လာတော့သည်။
တစ်နေကုန် အလုပ်လုပ်ကြပြီးနောက် မက်မွန်ဆေးခန်းသည် မီးများငြိမ်းသတ်လျက် တံခါးများ ပိတ်သွားခဲ့၏။
စုရီသည်သာ နေအိမ်သုံးလုံး အလယ်တွင်ထိုင်ပြီး အသက်ရှူ လေ့ကျင့်ခန်း ထုတ်ဖော်နေသည်။
ခြင်ဆီသန့်စင်ခြင်း အထွတ်အထိပ်။ ဤလုပ်ငန်းစဉ်သည် ပေါ့ပါးသွက်လက်ကာ ကြောင်တစ်ကောင်ကဲ့သို့ လှုပ်ရှားနိုင်၏။
အရေပြားနှင့် အသားကို သန့်စင်ရန် လွယ်ကူသော်လည်း ခြင်ဆီနှင့် အရိုးများကို သန့်စင်ရန် ခက်ခဲသည်။
ခဏအကြာတွင် ကျင့်ကြံမှုကို ရပ်နားလိုက်ကာ ပြင်ဆင်ထားသည့် ဂျင်ဆင်း ရည်ကို မော့သောက်ချလိုက်သည်။
သွေးများ ပွက်ပွက်ဆူလာပြီး မီးမြိုက်ထားသလို ပူလောင်သွား၏။ လူဝင်စား ပြီးနောက် ပထမဆုံးရန်သူသည် တစ္ဆေ ဖြစ်နေချေပြီ။ မမျှော်လင့်မိချေ။
ထို့နောက် မိုးမခ အကိုင်းအခက်နှင့် မက်မွန်သစ်သားဓားကို ကောက်ကိုင်ကာ ထရပ်လိုက်သည်။
မိုးမခ သစ်ခတ်များသည် ကြက်သွေး၌ နာရီပေါင်းများစွာ စိမ်ထားသဖြင့် အနီရောင် သစ်စည်းတစ်စည်းကဲ့သို့ ပူးတွဲသွား၏။
သူသည် တစ္ဆေများကို တိုက်ခိုက်ရာ၌ အတွေ့အကြုံရှိသည်။ အထူးသဖြင့် စုရွှမ်ကြွယ် ဘဝတွင် အနောက်ပင်လယ်မှ ဝိညာဉ် ဧကရာဇ်ကို အနိုင်ယူဖူး၏။
ထို့ကြောင့် တစ္ဆေ ကျင့်ကြံသူများ၏ အမြင်တွင် သူသည် ပြိုင်ဘက်ကင်းတာအိုသခင် ပေပင်။
ညနက်လာသည်နှင့်အမျှ လေပြေလေညှင်းများ တိုက်ခတ်လာပြီး ကောင်းကင်ကြီး ပိုမှောင်လာ၏။
ယနေ့ညတွင် တိမ်များ ပိုထူထပ်ကာ ကြယ်ရောင်များ တိုးမဖောက် ဖြစ်နေခဲ့သည်။ ခြံဝင်းအတွင်း ထွန်းညှိထားသော ဆီမီးက ခပ်ဖျော့ဖျော့ လင်းနေ၏။
“ ဖရူး ... ။ ”
ရုတ်တရက် ဆီးပင်၏ အကိုင်းအခက်များ တဆတ်ဆတ် တုန်ခါကာ အရွက်များ ကြွေကျ ကုန်သည်။ အမှောင်ထုအတွင်း စကားသံများ အလား အသံအချို့ကို ဝိုးတဝါး ကြားလာရ၏။
“ ကျွီ ... ၊ ကျွီ ... ။ ”
သံချေးတက်နေသော သံကြိုးများက ရေတွင်းကို ပွတ်တိုက်ကာ ခြောက်ခြားဖွယ် မြည်သံများ ပေးလာသည်။
“ ဝှစ် ... ။ ”
ပတ်ဝန်းကျင် တစ်ခုလုံး အပူချိန်များ လျော့ကျသွားသည်။ မြေပြင်ရှိ ဆီးရွက်များက လေထဲလွင့်ဝဲလျက် စုရီထံလွင့်ပျံလာ၏။
“ ရွှပ် ... ။ ”
ဝတ်ရုံစ တဖျပ်ဖျပ်ခတ်နေသော စုရီက လက်ထဲရှိ မိုးမခသစ်ကိုင်းများဖြင့် အမှောင်ထဲ ရိုက်ချပစ်လိုက်သည်။
“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”
မိုးမခအကိုင်းအခက်များ သွားရာ လမ်းတစ်လျှောက် အမှောင်ထုတွင် သွေးရောင် မီးပွင့်များ လိုက်ပါသွားတော့၏။
***