← Chapters

ချင်းဝမ်။

Vol. 3 Ch. 33

ချင်းဝမ်။

Vol. 3 Ch. 33

“ ရွှပ် ... ။ ”

ည၏ ငြိမ်သက် အေးချမ်းမှု အလယ်တွင် မိုးမခ အကိုင်းအခက်များသည် ကြာပွတ်ကဲ့သို့ လွင့်စင်သွားကာ သွေးအလင်းများအဖြစ် ထွက်ပေါ် လာသည်။

“ အား ... ။ ”

ဝေဟင်မှ ပုံသဏ္ဍာန်တစ်ခုက နောက်ပါးထံသို့ ပြန်ဆုတ်လျက် နာကျင်စွာ အော်ဟစ်သံ ပြုလာ၏။

၎င်းသည် အသွင်အပြင် မရှိခဲ့ဘဲ တိုးလျိုပေါက် မြင်နေရသော ယင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် တစ္ဆေဖြစ်သည်။

ထို့နောက်တွင် ဆီးပင်တစ်ပင်လုံး ပြင်းစွာလှုပ်ခါလျက် အကိုင်းအခက်များက လေတိုက်သည့်အလား မြည်ဟီးလာ၏။

ဒေါသထွက်လာပုံရသည်။ ထို့နောက် လေနှင့်တစ္ဆေသည် စုရီကို နောက်တစ်ကြိမ် တိုက်ခိုက်တော့၏။

စုရီက နောက်ဆုတ်ရမည့် အစား ရှေ့သို့ လှမ်းတက်လိုက်သည်။ မိုးမခ အကိုင်းအခက် များသည် မရေမတွက်နိုင်သော နှင်တံများ အလား ကွဲထွက်သွားတော့၏။

တစ္ဆေက အချိန်မီ မရှောင်နိုင်ချေ။ တဆတ်ဆတ် တုန်ခါလျက် အနက်ရောင် အခိုးအငွေ့အဖြစ် ထွက်ပေါ်လာ၏။

စုရီက စိတ်ပျက်သွားသည်။ မိုးမခ အကိုင်းအခက်နှင့် ကြက်သွေးသည် တစ္ဆေနှင့် အခြားသော အမှောင်စွမ်းအားများကို တိုက်ခိုက်နိုင်သည်။

သို့သော် အစွမ်းထက် လွန်းသည် မဟုတ်ချေ။ ရိုက်ချက် တစ်ချက်ဖြင့် ပြုတ်ကျ လာသည်မှာ ဤတစ္ဆေသည် အားနည်း လွန်းလှ၏။

“ ရွှပ် ... ။ ”

အတွေးနှင့် နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်သည်။ သည်တစ်ကြိမ်တွင် ဝန်းရံထားသော ယင်ချီများ ပေါက်ကွဲ ထွက်သွားသည်။

“ ဝှစ် ... ။ ”

၎င်းအတွင်း ပုန်းကွယ်နေသော အနီရောင်ဝတ် အမျိုးသမီးငယ် တစ်ယောက် ပြုတ်ကျလာ၏။

အသက်(၁၅)နှစ် အရွယ်မျှသာ ရှိပြီး အသားအရေသည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ နေသည်။

သေးသွယ်သော သူမ ခန္ဓာကိုယ်သည် တုန်ယင်လျက် နာကျင်မှုကြောင့် မျက်ရည်များ စီးကျနေ၏။ သူ့ကို မကြည့်ရဲချေ။

“ တာအိုဆရာ ... ကျေးဇူးပြုပြီး ငါ့ကို သနားပါ ... ငါဘယ်​သူ့ကိုမှ ထိခိုက်​အောင် မလုပ်ပါဘူး။ ”

စုရီက သူမကို စိုက်ကြည့်ပြီး သက်ပြင်းချ လိုက်သည်။

“ ဒါဆို ... ဒီနေရာမှာ ... ခြောက်လှန့်နေတယ်ဆိုတဲ့ သရဲက အဆင့်နိမ့် ယင်ဝိညာဉ် တစ်ကောင်ပေါ့ ... ။”

သရဲတစ္ဆေများကို အမျိုးအစား လေးမျိုးခွဲခြားထားသည်။ ယင်ဝိညာဉ်များ၏ ခြောက်လှန့်မှု မြင်ကွင်းများမှာ မှော်ဆန်၏။

သို့သော် ၎င်းတို့သည် အနိမ့်ဆုံးနှင့် အဖြစ်အများဆုံး ဝိညာဉ်များ ပေပင်။ သာမန် လူများအကြား ယှဉ်တွဲ နေထိုင်တတ်၏။

အကြွင်းအကျန် ဝိညာဉ်များ၊ ရန်လိုသော ဝိညာဉ်များနှင့် မကောင်းဆိုးဝါး ဝိညာဉ်များ စသည်တို့ အားလုံးသည် ယင်ဝိညာဉ် အမျိုးအစားထဲ ပါဝင်သည်။

၎င်းတို့သည် သေမျိုးများကို ခြောက်လှန့်နိုင်ရုံသာ တတ်နိုင်ကြသည်။ အမှန် တကယ် အစွမ်းထက်သော ဝိညာဉ်များသာ ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်၏။

“ ဒီဆီးပင်မှာ မင်းတစ်ချိန်လုံး ရှိနေတာလား။ ”

ဤအနီဝတ် ယင်ဝိညာဉ်သည် ရက်စက်ကြမ်းကြုတ် သွေးဆာခြင်း မရှိဘဲ ဖြူစင်အားနည်းလွန်း ချေပြီ။

“ ဒါ အမှန်ပါပဲ၊ တာအိုသခင်။ ”

“ မင်း ... လိမ်နေတာ။ ”

စုရီ မျက်မှောင်ကြုတ် လိုက်သည်။ ဤသို့ဆိုသော် လွန်ခဲ့သောကိုးနှစ်ကဆေးခန်း၏ သမားတော်နှင့် အလုပ်သင် နှစ်ယောက်ကို မည်သူ သတ်သနည်း။

“ ဝှစ် ... ။ ”

ထိုစဉ် အနီဝတ် အမျိုးသမီးကို ကျော်လွန်ကာ အေးစက်သော အနက်‌ရောင် အလင်းတန်းတစ်ခု စုရီထံ ပြေးဝင် တိုက်ခိုက်လာသည်။

“ အခု ထွက်လာပြီလား။ ”

စုရီတစ်ယောက် အေးစက်သွားပြီး အပြုံးတစ်ပွင့်နှင့်အတူ သူ့လက်ကို ပေါ့ပေါ့ပါးပါး ရွေ့လျားလိုက်၏။

“ ဘုန်း ... ။ “”

မိုးမခအကိုင်းအခက်များက ဓားတစ်လက်သကဲ့သို့ ထိုအငွေ့တန်းကို ရိုက်မိသွားသည်။

“ ကွီး ... ။ ”

မြည်သံပြုလျက် တစ်ချက်တည်းနှင့် အနက်ရောင် အလင်းတန်းကိုခမျာ မြေပြင်ပေါ် ပြုတ်ကျ သေဆုံးသွား၏။

အနီးကပ် စစ်ဆေးကြည့်ရာ ကလေး လက်သီးအရွယ်ခန့်ရှိသော ကပ်ပါးပိုးကောင် တစ်ကောင် ဖြစ်နေသည်။

၎င်းသည် နက်မှောင်ပြီး ခြေထောက် ခြောက်ချောင်း ပါရှိကာ ပါးစပ်၌ ချွန်ထက်သော အစွယ်များပါ၏။

“ အလောင်းကောင် ကပ်ပါးပိုး။ ”

ဤသည်မှာ အလောင်းကောင်များ၏ အရေပြားအောက်၌ ရှင်သန်နိုင်သော အဆိပ်ရှိ ကပ်ပါးပိုးတစ်မျိုး ဖြစ်သည်။ တစ္ဆေသန်ကောင် အဖြစ် လူသိများ၏။

“ သူတို့ကို ဘယ်သူ မွေးထားတာလဲ။ ”

စုရီက အနီရောင် မိန်းကလေး တစ္ဆေမလေးကို လှည့်ကြည့်ကာ မေးသည်။ ဤပိုးကောင်၏ ခန္ဓာကိုယ်တွင် အဆိပ်များနှင့် ပြည့်နှက်နေ၏။

သာမန်လူတစ်ယောက် အကိုက်ခံရသော် ခန္ဓာကိုယ် ပေါက်ထွက်ကာ ပွဲချင်းပြီး သေဆုံးရ ပေလိမ့်မည်။

သွေးသန့်စင်ခြင်း ကျင့်ကြံသူ တစ်ဦး သည်ပင် အနည်းဆုံး တစ်နာရီသာ ခုခံနိုင်၏။ သို့သော် ၎င်းထက် ထိန်းချုပ်သူအပေါ်သာ ပို၍ အလေးအနက်ထား ဖြေရှင်းသင့်သည်။

“ အဲဒါ ... ။ ”

“ ကျွီ ... ။ ”

“ ဝုန်း ... ။ ”

မိန်းကလေး တစ္ဆေက တုံ့ဆိုင်း သွားတော့သည်။ ကြောက်ရွံ့ နေပုံရ၏။ ထိုစဉ် သံကြိုး ပွတ်တိုက်သံများ ထွက်လာပြီး ရေတွင်း အဖုံး ကွဲထွက်သွားသည်။

“ ဝှစ် ... ။ ”

ချက်ချင်းပင် အနက်ရောင် အလင်းတန်းများစွာ ပျံသန်းလာပြီး စုရီကို တိုက်ခိုက်တော့၏။

“ ..... ။ ”

အကောင်ရေ တစ်ရာကျော် ရှိသည်။ ကြောက်မက်ဖွယ် ကောင်းသော ချွန်ထက်ထက် ပါးစပ်များကို ဟလျက် စူးစူးဝါးဝါး မြည်သံ ပြုနေကြ၏။

ယင်စွမ်းအင်များက ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံလာသဖြင့် အမျိုးသမီး တစ္ဆေမှ တုန်ယင် သွားတော့သည်။

ဤသည်မှာ သွေးသန့်စင်ခြင်း အဆင့် တစ်စုံတစ်ယောက် ဖြေရှင်းနိုင်သော အရာမျိုး မဟုတ်ချေ။

“ ဝှစ် ... ။ ”

စုရီက သွေးအတွင်းရှိ စွမ်းအင်ကို စုစည်းလျက် မိုးမခသစ်ကိုင်းထံ သွန်းလောင်းပြီး လေထဲ ခုတ်ပိုင်းချလိုက်သည်။

“ ဖျောက် ... ဖျောက် ... ။ ”

လမ်းကြောင်းပေါ်ရှိ အရာခပ်သိမ်း မှောက်လှန်သွားစေသော ကြယ်မြစ်ကြီး တစ်စင်းကဲ့သို့ သွေးမီးများ ပွင့်ကုန်၏။

မီးပွင့်တစ်လျှောက် ပေါက်ကွဲသံ များနှင့်အတူ သွေးမြူများ ထွက်ပေါ်လာသည်။ လူဝင်စားပြီးနောက် ပထမဆုံး ဓားရောင်ဝါ ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။

“ ဘောင်း ... ဘောင်း ... ။ ”

​အလောင်းကောင် ကပ်ပါးပိုးများအားလုံး အမှုန့် ဖြစ်ကုန်၏။ အဆုံးတွင် စုစည်းထားသော မိုးမခ အကိုင်းအခက်များသည်လည်း ပေါက်ကွဲကုန်တော့သည်။

မိန်းကလေး တစ္ဆေက မဝံမရဲဖြင့် ခေါင်းမော့ကြည့်လိုက်၏။ ဆီးပင် အပါအဝင် ခြံဝင်းတစ်ခုလုံး ငြိမ်သက်သွားသည်။

“ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ် ... မင်းဘယ်ကလာတာလဲ ... မင်းသိသမျှ ပြောပြပါ မင်းရဲ့အဖြေက ငါ့ကို ကျေနပ်မှုပေးရင် ရှင်သန်ခွင့်ရမယ်။ ”

စုရီက အနီရောင် မိန်းကလေး တစ္ဆေကို ကြည့်ကာ ပြောကြားလိုက်သည်။

“ တာအိုသခင် ငါ ... ငါ့နာမည်က ချင်းဝမ်ပါ ဒါကလွဲပြီး မမှတ်မိပါဘူး ... ငါသတိပြန်ရလာတဲ့ အချိန်မှာ ဝူရို့ချွယ်လို အမည်ရတဲ့

... တာအိုသခင် တစ်ပါးရဲ့ ဖမ်းဆီးတာ ခံနေရပါပြီ ဒီဆီးပင်ထဲမှာ ငါ့ကိုအကျဉ်းချပြီး အမိန့်ကို နာခံစေခဲ့ပါတယ်။ ”

“ ဟမ့် ... မင်းလို အားနည်းပြီး အသုံးမဝင်နိုင်တဲ့ ယင်ဝိညာဉ်ကို ဘာအတွက် ဖမ်းဆီးထားရတာလဲ။ ”

စုရီအမြင်၌ ဤသရဲမလေးသည် အရက်ငှဲ့ရုံမှလွဲပြီး အသုံးမဝင်ချေ။

“ ဒီမှာနေပြီး လူတွေကို ... ခြောက်လှန့် လိုင်းပါတယ် ... ခြံဝင်းထဲကို ဝင်လာတဲ့ လူရှိရင် မနေနိုင်အောင် မောင်းထုတ်ပေးရပါတယ်။ ”

“ ဒါဆို ရေတွင်းထဲမှာရှိတဲ့ အလောင်းကောင်ကပ်ပါးပိုးတွေကို မွေးမြူနိုင်ဖို့ မင်းကို အသုံးချထားတာပေါ့။ ”

အဆုံးတွင် သဘောပေါက်သွား၏။ ဤခြံဝင်းသည် လမ်းလွဲတာအိုသခင် ဝူရို့ချွယ်၏ ကပ်ပါးမွေးမြူရေးခြံ ဖြစ်လာသည်။

အလောင်းကောင် ကပ်ပါးပိုးများကို အာဟာရ ဖြစ်စေရန်နှင့် အသွင်ပြောင်းရန် လူသေအလောင်းများ ကျွေးမွေးရ၏။

“ ဒီနေရာမှာ လူမနေတာ ကိုးနှစ်ရှိပြီ ဝူရို့ချွယ်က သူ့ရဲ့ အလောင်းကောင် ကပ်ပါးတွေ ငတ်သေမှာ မစိုးရိမ်ဘူးလား။ ”

စုရီမေးခွန်းကို ချင်းဝမ်မှ ခေါင်းခါပြ၏။

“ အဲဒီလို မဖြစ်ပါဘူး ... တာအိုသခင်ဝူက သုံးရက်တစ်ကြိမ်လာပြီး ရေတွင်းထဲကို လူသေ အလောင်းအချို့ ပစ်ချပေးပါတယ်။ ”

“ ဒါဆို သူ လာသွားပြီလား ဘယ်နေ့က လာသွားလဲ။ ”

“ လွန်ခဲ့တဲ့ နှစ်ရက်က ... ဒီနေ့ သူရောက်လာရမဲ့ နေ့ပဲ သန်းခေါင်ကျော်ရင် ရောက်လာပါလိမ့်မယ်။ ”

“ သူ့ရဲ့ ကျင့်ကြံမှုကရော ဘယ်အဆင့်လဲ။ ”

“ စွမ်းအင်လမ်းကြောင်းများ ဖွင့်လှစ်ခြင်း အဆင့် ... မကြာခင် အပ်စိုက်မှတ် ချဲထွင်ခြင်း အဆင့် ရောက်တော့မယ်။ ”

သိုင်းတာအို နယ်ပယ်တွင် သွေးသန့်စင်ခြင်းအဆင့်၊ ချီသန့်စင်ခြင်းအဆင့်၊ အတွင်းအင်္ဂါသန့်စင်ခြင်းနှင့် ပြီးပြည့်စုံခြင်းဟူ၍ ရှိသည်။

ချီသန့်စင်ခြင်းသည် သိုင်းတာအို ဒုတိယအဆင့်ဖြစ်၏။ ၎င်း၌ စွမ်းအင်လမ်း သန့်စင်ခြင်း၊ အပ်စိုက်မှတ် ရှင်းလင်းခြင်းနှင့် ကြယ်ထင်ရှားခြင်း ဟူသော လုပ်ငန်းစင် သုံးရပ် လုပ်ဆောင်ရ၏။

မြို့သခင်ဖူရှန်း၊ မဟာမိသားစုသုံးစု၏ အကြီးအကဲများနှင့် နီပိုင်ဟွာပင် ချီသန့်စင်ခြင်း အဆင့်၌ ဖြစ်သည်။

လမ်းလွဲတာအိုသခင်သည် သိုင်းတာအို နယ်ပယ် ချီသန့်စင်ခြင်း ပထမအဆင့် ဝင်သာ ရှိသဖြင့် မျှော်လင့်ထားသည်ထက် ပို၍ လွယ်ကူပေမည်။

“ မင်းဆီးပင်ကို ပြန်သွားပါ ... ငါသူ့ကို ဖြေရှင်းပြီးရင် ... မင်းကိုဘာဆက်လုပ်ရမလဲ ဆိုတာ ဆုံးဖြတ်မယ်။ ”

“ တာအိုသခင် ... ငါ့ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

ချင်းဝမ်မှ ဝမ်သာအားရဖြင့် နောက်ပြန်ဆုတ်ကာ ဆီးပင်နှင့် ပေါင်းစည်းသွား လေသည်။

စုရီက ဆီးပင်အောက်တွင် ငြိမ်သက်စွာ ရပ်လျက် သူ့ခွန်အားအပေါ် တွက်ဆနေမိသည်။ သူသည် သွေးသန့်စင်ခြင်း တတိယအဆင့်တွင် ဖြစ်၏။ ၎င်းဖြင့်ပင် ချီသန့်စင်ခြင်း ပထမအဆင့် ကျွမ်းကျင်သူကို သတ်ပစ်ရန် လွယ်ကူနိုင်သည်။

သို့သော် ပြိုင်ဘက်သည် အမှောင်နှင့် ရက်စက် ကြမ်းကြုတ်သော ပညာရပ်များစွာကို တတ်ကျွမ်းနေနိုင်၏။

သတိထားခြင်းသည် မမှားနိုင်ချေ။ လိုအပ်ပါက ဝှက်ဖဲအချို့ကိုပင် ထုတ်သုံးရ ပေမည်။ ထိုအတွေးဖြင့် စိတ်လက် ပေါ့ပါး သွားတော့သည်။

***

All Chapters