← Chapters

ငရဲဘုံကိုးပါးဓား ရောင်ဝါ။

Vol. 3 Ch. 34

ငရဲဘုံကိုးပါးဓား ရောင်ဝါ။

Vol. 3 Ch. 34

ညသည် နက်မှောင်ပြီး ဆီးပင်တစ်ပင်လုံး ငြိမ်သက်နေသည်။ ရုတ်တရက် ခြံဝန်းအတွင်း အသွင်အပြင်တစ်ခု ပေါ်လာ၏။

ဝါးကဲ့သို့ ပိန်လှီနေသော အနက်ရောင်ဝတ် တာအိုသခင်တစ်ပါး ဖြစ်သည်။ လက်တစ်ဖက်၌ အလောင်းတစ်လောင်း ကိုင်ဆောင်လျက် လေနှင့်အတူ လွင့်ပါးလာ၏။

“ ချင်းဝမ် ဒီမှာ တစ်ယောက်ယောက် နေနေတာလား။ ”

သန့်ရှင်းသပ်ရပ်နေသော ခြံဝန်းကို သတိထားမိပြီး တာအိုသခင်မှ မေးမြန်းသည်။

“ ဝူရို့ချွယ် ... ၊ နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”

စုရီက နှုတ်ဆက်လိုက်သည်။ ထို့နောက် ဝါးကုလားထိုင်မှ ထရပ်ကာ ညာဘက်လက်က မက်မွန်ဓားကို ဆွဲကိုင်လိုက်၏။

ဝူရို့ချွယ်သည် အသက်လေးဆယ်ခန့်ရှိကာ အသားအရေ ဖြူဖျော့နေပြီး နောက်ကျောတွင် ဓားတစ်လက် ပိုးလွယ်ထားသည်။

ခါး၌ အဝါရောင် ဘူးသီးခြောက်တစ်လုံး ချိတ်ဆွဲထား၏။ လောကီရေးရာ နှောင်ကြိုးများ အတွင်းမှ လွတ်မြောက်နေသူ တစ်ဦးနှင့် တူသည်။

“ မင်းက ဘယ်သူလဲ။ ”

ဝူရို့ချွယ်မှ မျက်ခုံးပင့်လျက် စူးရှသော အသံများ ထုတ်လွှတ်လိုက်၏။ အချိန်အတော် ကြာသည့်တိုင် တုန့်ပြန်မှု မရှိသောကြောင့် မျက်နှာပျက်ယွင်းသွားသည်။

“ တောင်းပန်ပါတယ် ... မင်းရဲ့ အလောင်းကပ်ပါးပိုးတွေ အားလုံး ငါသတ်လိုက် မိပြီ။ ”

“ မင်း ... ။ ”

ဝူရို့ချွယ်မှ သတိကြီးစွာဖြင့် စုရီထံ လှမ်းကြည့်လေသည်။

“ မင်းကို မေးချင်တာတစ်ခု ရှိတယ်။ ”

စုရီက ဝူရို့ချွယ်နှင့် ဆယ်ပေအကွာသို့ လျှောက်လှမ်းသွား၏။ ဝူရို့ချွယ်က စုရီကို အကဲ ခတ်နေဆဲဖြစ်သည်။

သွေးသန့်စင်ခြင်း တတိယအဆင့်၌သာ ရှိသော လူငယ်တစ်ယောက် ဖြစ်နေခဲ့သဖြင့် စိတ်သက်သာရာ ရသွား၏။

“ ကောင်လေး ... မင်းက ငါနဲ့ ဆွေးနွေးဖို့ အရည်အချင်း မပြည့်သေးဘူး ... မင်းရဲ့ဆရာကို သွားခေါ်ပါ ... သူ့တပည့်တွေကို ဘယ်လို သင်ပေးလဲလို့ မေးချင်တယ်။”

ရေတွင်းထဲမှ အလောင်းကပ်ပါးနှင့် ချင်းဝမ်ကိုပင် ဆက်သွယ်၍ မရသောကြောင့် စုရီတွင် ဆရာ ရှိရမည်ဟု ယူဆခဲ့သည်။

“ ငါ့ဆရာဖြစ်ထိုက်တဲ့ သူနဲ့တွေ့ရင် အရမ်းပျော်မိမှာ ... ကံမကောင်းစွာနဲ့ပဲ ဒီလို လူမျိုး မတွေ့သေးဘူး။ ”

စုရီက ခေါင်းယမ်းကာ ပြောကြားလိုက်၏။ ဝူရို့ချွယ်တစ်ယောက် ဒေါသ ထွက်လာခဲ့ပြီး သူ့ ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။

ဤသည်မှာ ချီသန့်စင်ခြင်းရောင်ဝါ ဖြစ်၏။ ၎င်းကို အသက်သွင်းလိုက်သောအခါ သွေးတွင်း စွမ်းအင်များ စုရုံးလာနိုင်ပေမည်။

ထိုစွမ်းအင်ဖြင့် တိုက်ပွဲတွင် အလွန်တိကျသော ပစ်မှတ်များကို ထုတ်ဖော် နိုင်ချေ၏။

ချီသန့်စင်ခြင်းတွင် အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်သည် စွမ်းအင်လမ်းကြောင်းများကို ရှင်းလင်းရကာ ဒုတိယ အဆင့်သည် အပ်စိုက်မှတ် ချဲ့ထွင်ရ၏။

တတိယ အဆင့်သည် ကြယ်ပွင့်ထင်ရှားစေခြင်း ဖြစ်သည်။ ဝူရို့ချွယ် ဟူသည် စွမ်အင်လမ်းကြောင်းများကိုသာ သန့်စင်ရသေး၏။

“ ကောင်းပြီ ချီသန့်စင်ခြင်း ပထမအဆင့်က တစ်စုံတစ်ယောက် ဘယ်လောက် ကြီးမြတ်လဲ ငါကြည့်မယ်။ ”

စုရီက ပြုံးလျက် ပြောကြားလိုက်သည်။

“ ဟား ဟား ဟား ... ငါဘဝ တစ်လျှောက်လုံး လျှောက်သွား နေခဲ့တာကြာပြီ မင်းလောက် မောက်မာတဲ့လူမျိုး မတွေ့ဖူးသေးဘူး။ ”

ဝူရို့ချွယ်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးဝင်လာတော့၏။ အဟုန်တစ်ခုတည်းဖြင့်ပင် သွေးသန့်စင်ခြင်းအဆင့်မှ တစ်စုံတစ်ဦးကို ခြိမ်းခြောက်နိုင်သည်။

သူ့အတွေးတွင် စုရီကို ဦးစွာဖမ်းမည်။ သည့်နောက် စုရီနောက်ကွယ်မှ ကျွမ်းကျင်သူကို အတင်းအကြပ် ထွက်လာစေပေမည်။

“ ဝှစ် ... ။ ”

သို့သော် စုရီကိုဖမ်းမိရန် လက်တစ်ကမ်း အလိုတွင် ရုတ်တရက် မြင်ကွင်းများ ပြောင်းလဲ သွားသည်။ အေးစက်ပြီး ကျယ်ပြောလှသော ဓားရောင်ဝါ မြစ်တစ်စင်ကို မြင်လိုက်ရ၏။

၎င်းအတွင်း၌ ကြောက်မက်ဖွယ် ကောင်းလှသော တည်ရှိမှုတစ်ခု ရှိနေသည်။ ယင်းသည် ဓားတစ်လက် ဖြစ်၏။

စိတ်ဝိညာဉ်အတွင်း လျှပ်စီးကြောင်း ပြုတ်ကျလာကာ သူ့ဝိညာဉ်ကို တဆတ်ဆတ် တုန်ယင်လျက် အရာအားလုံး မည်းမှောင် သွားစေသည်။

“ ဘာဖြစ်တာလဲ ... ။ ”

အဆုံးမဲ့ငရဲကမ္ဘာ တစ်ခုအတွင်း ခုန်ဆင်းလိုက်မိသကဲ့သို့ အရပ်လေးမျက်နှာတွင် ဓားရိပ်များဖြင့်သာ ပြည့်နှက်နေခဲ့၏။

သိမ်ဖျင်းမှု၊ အကူအညီမဲ့မှု၊ စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှု စသည့် ခံစားချက်များ တပြိုင်နက်တည်း ဝင်‌ရောက် လာတော့သည်။

စိတ်ဝိညာဉ်ကို ဆိုးရွားစွာ ထိခိုက်စေသည့် ထိုးနှက်ချက်တစ်ခု ဖြစ်သည်။ ဝိညာဉ် ပြိုလဲလု မတတ် ထိန်လန့်သွား၏။

ဤခံစားချက်သည် တခဏမျှသာ ကြာသည်။ အသိပြန်ဝင်ချိန်၌ တစ်ဖက်လူနှင့် ခြေငါးလှမ်းမျှသာ ကွာဝေးတော့၏။

ဤအကွာအဝေးသည် ကျင့်ကြံသူများ ကြား၌ အသက်နှင့်သေခြင်း တိုက်ပွဲစတင်ရန် အကောင်းဆုံး အနေအထားပေပင်။

ခြေလှမ်း ငါးလှမ်းအကွာတွင် ဧကရာဇ်တစ်ပါးပင်လျှင် တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ခက်ခဲချေသည်။

“ ရွှပ် ... ။ ”

စုရီက သစ်သားဓားကို ဆွဲလိုက်၏။ ရိုးရှင်းသော ထိုးသွင်းချက်တစ်ချက်သာ ပေပင်။ သို့သော် မြန်၏။ တိကျ၏။ ရက်စက်၏။

ဤဓားကို အကြိမ်ပေါင်းများစွာ ထောင်းသောင်းမက လွှဲဖူးသူတစ်ယောက်ကဲ့သို့ တစ်သားတည်း ဖြစ်သွားသည်။

“ စွပ် ... ။ ”

“ အား ... ။ ”

သစ်သားဓားသည် အသွားတုံးနေသဖြင့် ဝူရို့ချွယ် နံရိုးကို ထိုးဖောက်သွားရာတွင် ပြင်းစွာ နာကျင်ရစေသည်။

ပုဇွန်ထုပ်ကဲ့သို့ ကွေးညွတ်လျက် မျက်လုံးများပြူးကျယ်လာကာ မယုံကြည် နိုင်စွာဖြင့် ဒူးထောက်ကျသွား၏။

“ ဝှဏ် ... ။ ”

စုရီက မက်မွန်ဓားကို ပြန်ဆွဲထုတ်ပြီး ခြေသုံးလှမ်းခန့် နောက်ပြန် ဆုတ်လိုက်သည်။ ဒဏ်ရာမှ သွေးများ ပန်းထွက်လာ၏။

ကံကောင်းစွာဖြင့် စုရီ နောက်ဆုတ်သွားသောကြောင့် စွန်းထင်းခဲ့ခြင်း မရှိချေ။

“ မင်းလို လူငယ်လေး တစ်ယောက်က ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ မင်းက မိစ္ဆာကျင့်ကြံသူလား။ ”

ဝူရို့ချွယ်မှ အသက်ကို ခက်ခက်ခဲခဲ ရှူကာ မေးမြန်းလိုက်သည်။ ဆယ်ကျော်သက် အရွယ် လူငယ်တစ်ယောက်သည် သူ့ကိုသတ်ရန် ကြံရွယ်ထားခဲ့မှန်း မထင်ထားချေ။

၎င်းဦးတည်သော ပစ်မှတ်နေရာသည် ကျင့်ကြံသူများအတွက်ပင် တစ်ချက်တည်းဖြင့် သေစေနိုင်သည့် အစိတ်အပိုင်းဖြစ်၏။

ရက်စက် ကြမ်းကြုတ်လွန်းချေပြီ။

“ ဒါ မပြီးသေးဘူး ... ငါ့ဂိုဏ်းက မင်းကို လက်စားချေလိမ့်မယ်။ ”

အဆုံးတွင် ခြိမ်းခြောက် ကျိန်ဆဲကာ နောက်ဆုံးထွက်သက်ကို ရှူထုတ် လိုက်ရ လေသည်။

ပေါ့ဆမှု တစ်ခုသည် သွေးသန့်စင်ခြင်း အဆင့်မှ ပုရွက်ဆိတ်၏ ဓား၌ အသက်ပေးခဲ့ရ ချေပြီ။

“ စိတ်ပျက်စရာပဲ ဓားတစ်ချက်တောင် မခံနိုင်ဘူး။ ”

စုရီမှ ခေါင်းခါလိုက်သည်။ မဟာကျိုးမှ ကိုယ်ခံပညာရှင်များ၏ စိတ်ဝိညာဉ်သည် အမှန် တကယ် အားနည်းလှ‌ချေပြီ။

ဤသည်မှာ ငရဲဘုံကိုးပါးဓား၏ ဓားရောင်ဝါကြိုးမျှင် တစ်မျှင်မျှသာ အသုံးပြု ခဲ့ခြင်း ဖြစ်၏။

သွေးသန့်စင်ခြင်း ပထမအဆင့်မှ ဝူရို့ချွယ်၏ဝိညာဉ်သည် ၎င်းတစ်ချက်ပင် မခံနိုင် ခဲ့ချေ။ အားနည်းလွန်းချေပြီ။

ဤမျှ အားနည်းမှန်းသိပါက ၎င်း၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်း မပြုဘဲ တိုက်ရိုက် တိုက်ခိုက်မိပေလိမ့်မည်။

သူ့အမြင်၌ ဝူရို့ချွယ်သည် လမ်းလွဲကျင့်ကြံသူ တစ်ဦး ဖြစ်သောကြောင့် ရက်စက်ကြမ်းကြုတ်သော ပညာရပ်များစွာကို ကျွမ်းကျင်ပိုင်နိုင်နေလိမ့်မည်ဟု ယူဆခဲ့သည်။

ထို့ကြောင့် ၎င်းနှင့် ထိပ်တိုက် င်ဆိုင်ရန် မရွေးချယ်ခဲ့ဘဲ ယင်းအစား ဝှက်ဖဲကို အသုံးပြု လိုက်ခြင်းဖြစ်သည်။

“ ကြည့်ရတာ ငါအလေးအနက် ထားနေမိပြီထင်တယ် ... ချင်းဝမ် ဝူရို့ချွယ် ဘယ်ဂိုဏ်းကလဲ မင်းသိလား။ ”

စုရီက ချင်းဝမ်ထံ လှမ်းမေးသည်။

“ တာအိုသခင် ... ငါ… မသိဘူး ။”

တုန်လှုပ်နေသော ချင်းဝမ်၏ မျက်နှာက သစ်ကိုင်းတစ်ကိုင်းအတွင်းမှ ထွက်ပေါ်လာ၏။ ဆုရီက မေးခွန်းများ ထပ်မမေးတော့ဘဲ ဝူရို့ချွယ်ထံ လျှောက်လှမ်းသွား၏။

၎င်းခန္ဓာကိုယ်မှ ဓားရှည်တစ်လက်၊ ဘူးသီးခြောက်တစ်လုံး၊ ငွေစအနည်းငယ်နှင့် အဝါရောင် စာလိပ်တစ်လိပ်သာ တွေ့ရှိရသည်။

အခြား စိတ်ဝင်စားစရာ မရှိချေ။ ငွေစက္ကူများနှင့် ငွေစများကို ဦးစွာသိမ်းယူပြီး စာလိပ်ကို ဖွင့်ကြည့်မိ၏။

စာလိပ်မှာ ပျက်စီးနေခဲ့သည်။ သို့တိုင် အလောင်းကောင်ကပ်ပါးများ မွေးမြူနည်းတစ်ခု ဖြစ်ကြောင်း မြင်သာ၏။

ရွံစရာ ပေပင်။ နောက်ဆုံးစာမျက်နှာ အောက်တွင် နာမည်တစ်ခုကို ရေးထိုးထား လေသည်။

“တပည့် ဝူရို့ချွယ်သို့ ... ဝမ်ယွင်ချီ (မရဏတံခါး။)”

ဆိုလိုသည်မှာ မရဏတံခါးသည် ဝမ်ရို့ချွယ်အတွက် ဤတာဝန်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ချေပြီ။

အချိန် အနည်းငယ် စဉ်းစားပြီးနောက် စာလိပ်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်သည်။

ဤကဲ့သို့ ယုတ်မာသော နည်းစနစ်ကို တစ်စုံတစ်ယောက်မှ ရှာဖွေတွေ့ရှိပါက ဥပဒ် ဖြစ်စေနိုင်မည်။

“ ချွမ် ... ။ ”

ထို့နောက်ဓားကို ကောက်ကိုင်ကာ ဆွဲထုတ်လိုက်သည်နှင့် သွေးပုပ်ရနံ့များ ဟုတ်ခနဲ ထွက်ပေါ်လာ၏။

နှာခေါင်းကို ပိတ်ကာ ရွံရှာစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ ဓားကို ထင်းရှူးသားဖြင့် ပြုလုပ်ထားသော်လည်း အဖျားတွင် ညိုပုပ်ပုပ် သွေးများ စွန်းထင်းနေ၏။

“ အပျိုစင်တွေရဲ့ ရာသီသွေးနဲ့ ဓားကို သန့်စင်ထားတာလား ဘယ်လို မိစ္ဆာကောင်လဲ ရွံစရာ ကောင်းလိုက်တာ။ ”

စုရီက ရှက်ရွံ့စွာဖြင့် ဓားကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ချိုးဖြတ်ပစ် လိုက်ပြီး မီးရှို့ပြာချလိုက်တော့သည်။

အဆုံးတွင် ဘူးသီးခြောက်ကို ကောက်ကိုင်လိုက်၏။ အနည်းငယ် စစ်ဆေး ပြီးနောက် ပြုံးရွှင်သွားသည်။ ဤသည်မှာ ဝိညာဉ်အဆင့်ပစ္စည်း ဖြစ်ချေတော့၏။

“ စိတ်ဝင်စားစရာပဲ။ ”

***

All Chapters