← Chapters

တောင်ကောင်းကင်မုခ်ဝ

Vol. 104 Ch. 1359

တောင်ကောင်းကင်မုခ်ဝ

Vol. 104 Ch. 1359

ယဇ်ပလ္လင်ပေါ်ရှိ လူအားလုံးမှာ ချင်မူ့စကားကို ကြားသည်နှင့် အသိစိတ်အလျဉ်များ ထုတ်လွှတ်လိုက်ကြသဖြင့် ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်း၏ စွမ်းအားတို့ ပေါက်ကွဲထွက်လာကြသည်။

အားလုံး၏ အသိစိတ်အလျဉ်များက ချင်မူ၏ အသိစိတ်အလျဉ်နှင့် ဆက်နွယ်သွားကာ မျက်စိကျိန်းမတတ် အလင်းတန်းများနှင့်အတူ အခြားကမ္ဘာလောကတစ်ခုဆီသို့ ရောက်ရှိသွားကြ၏။

ဘိုးဘေးနန်းတော် ပြောင်းပြန်ဘက်ခြမ်းတွင် …

ဤကမ္ဘာလောကထဲတွင် အရာရာတိုင်းသည် နှိုင်းယှဉ်မရနိုင်အောင် ကြီးမား၏။ တောတောင်တို့သည် ခံညားထည်ဝါစွာ လှပနေပြီး မြစ်ချောင်းရေပြင်တို့မှာလည်း ကြည်လဲ့တင့်တယ်နေကြကာ ဘိုးဘေးနန်းတော်၏ အတည့်ဘက်ခြမ်းထက်ပင် အသက်ဝင်နေတော့သည်။

ဘိုးဘေးနန်းတော်၏အရှေ့ဘက်ခြမ်းမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ကန္တာရတစ်ခုသာ ဖြစ်နေခဲ့သေးသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါး အထဲသို့ ဝင်ရောက်၍ ပိုက်နက်မြေပြင်အသီးသီး သိမ်းပိုက်ခဲ့ကြပြီး ဟင်းလင်းပြင်သားရဲများကို နဂါးချီလင်ထိန်းချုပ်ခဲ့သည့်အချိန်မှသာ အပင်များ ပေါက်လာခဲ့၏။

အမိကမ္ဘာမြေ ဘိုးဘေးနန်းတော်သို့ ရောက်လာသည့်အချိန်တွင်တော့ သူမ၏စွမ်းအားသည် အပင်များကို တဟုန်ထိုး‌ ပေါက်ရောက်စေခဲ့သောကြောင့် ဘိုးဘေးနန်းတော်မှာ တဖြည်းဖြည်း စိမ်းစိုလာခဲ့သည်။

သို့သော် ဘိုးဘေးနန်းတော်၏ အနောက်ဘက်ခြမ်းထက်တော့ များစွာ နိမ့်ကျနေသေး၏။

ဘိုးဘေးနန်းတော်အရှေ့ဘက်ခြမ်းမှာ ဟင်းလင်းပြင်သားရဲများ၏ စားသောက်မှုဒဏ်အား ခံခဲ့ရပြီး ဘိုးဘေးနန်းတော်တွင်သာ ပေါက်ရောက်သည့် ရှားပါးပရဆေးပင်များနှင့် သစ်ပင်များမှာလည်း ဟင်းလင်းပြင်သားရဲများကြောင့် မျိုးသုဉ်းခဲ့ရသည်။ ကျောက်တုံးတွင်းငါးတွင်းနှင့် မဟူရာသစ်ပင်ကဲ့သို့ အန္တရာယ်များသော နေရာများသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာများတွင်သာ အနှိုင်းမဲ့အောင် အဖိုးတန်သော ပရဆေးပင်များနှင့် အပင်များ ကျန်နေသေး၏။

သို့သော် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှာတော့ ဟင်းလင်းပြင်သားရဲများ၏ ဖျက်ဆီးချေမှုန်းခြင်းအား မခံခဲ့ရပေ။

အားလုံး၏ အသိစိတ်အလျဉ်များက ချင်မူ့နောက်မှ လိုက်၍ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရှိ အံ့မခန်းလိလိ မြစ်များ၊ တောတောင်များကို ဖြတ်သန်းသွားကြသည်။ အံဩဖွယ်စွမ်းအင်တို့ ထုတ်လွှတ်နေသည့် ပရဆေးပင်များကိုလည်း မရေမတွက်နိုင်အောင် တွေ့မြင်နေရ၏။

ဧရာမပန်းပွင့်ကြီးတစ်ပွင့်ဆိုလျှင် လူတစ်ယောက်နီးပါး အရပ်ရှည်ပြီး နှစ်ပေါင်းမည်မျှကြာမှန်း မသိအောင် တည်ရှိခဲ့ဟန်တူသည်။ ပန်းပွင့်အမြစ်က နက်ရှိုင်းလွန်းပြီး စွမ်းအင်ရေပန်းများက ၎င်းထံမှ ပန်းထွက်နေကြ၏။ ဤပရဆေးပင်သည် စွမ်းအင်အများအပြား စု‌ဆောင်းခဲ့မိသဖြင့် ၎င်းအတွင်းမှ စွမ်းအင်အပိုများကို ပြန်ထုတ်နေရခြင်း ဖြစ်၏။

ပရဆေးပင်၏ သက်တမ်းကား အလွန်အိုမင်းနေလောက်ချေသည်။

ထို့နောက် နောက်ထပ်ပရဆေးပင်တစ်ပင်အား တွေ့မြင်ရသည်။ ထိုပရဆေးပင်သည် ပရဆေးပင်ငယ်များစွာဖြင့် ဝန်းရံခံထားရပြီး ဆေးပင်တစ်ပင်ချင်းစီမှ ထုတ်လွှတ်နေသော စွမ်းအင်တို့မှာ သမုဒ္ဒရာတစ်စင်းအလားပင် အိုင်ဖွဲ့နေတော့၏။

ထိုမြင်ကွင်းမှာ ငေးမောအသက်ရှူမှားဖွယ်ပင်။

အားလုံး၏ အသိစိတ်အလျဉ်များမှာ အံ့အားသင့်လွန်း၍ မတည်မငြိမ် ဖြစ်နေကြသည်။ ဤမြင်ကွင်းမျိုးမှာ အသင်္ချေသော ကမ္ဘာလောကများတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသည်သာမက ဘိုးဘေးနန်းတော်၌ပင်လျှင် မမြင်ဖူးချေ။

ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်း၌ ပရဆေးပင်များစွာ ရှိသည့်အပြင် အရည်အသွေးစုံလှ၏။

“ဆေးဆရာသာ ဒါကို တွေ့ရင် ရူးသွားလောက်တယ်” အဘွားစစ်က ရေရွတ်၏။

ထိုအခိုက်အတန့်တွင် ချင်မူ၏ အသိစိတ်အလျဉ်က သူတို့၏အသိစိတ်အလျဉ်ကို သယ်‌ဆောင်သွားရင်း အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ ဤသည်က ရှုကျွင်း သူ၏ဝိညာဉ်ကို ရှာခဲ့တုန်းက အသုံးပြုခဲ့ဖူးသော နည်းလမ်းဖြစ်သည်။

ဤသည်က ဝိညာဉ်လမ်းညွှန်၏ အသုံးပြုနည်း‌နောက်တစ်ခုပင်။

ကောင်းကင်နတ်သိုင်းတို့၏ ဆန်းကြယ်မှုသည် အသုံးပြုသူ၏ နှလုံးသားပေါ်တွင်သာ မူတည်သည့်အကြောင်း သူ ပြောခဲ့သည်က အလကား မဟုတ်‌ပေ။ ကောင်းကင်နတ်သိုင်းများကို သူကိုယ်တိုင် အသုံးပြုပါက ပို၍အံ့ဩဖွယ်ကောင်းသည်။

အားလုံး၏ အသိစိတ်အလျဉ်က ဘိုးဘေးနန်းတော်၏ ကောင်းကင်တစ်လျှောက် လေပြင်းတစ်ချက်ဝှေ့လိုက်သည့်အလား ဖြတ်သန်းသွားကာ ရှုကျွင်း၏ ဝိညာဉ်အနောက်သို့ လိုက်နေသည်။

ထိုစဉ် သူတို့အသိစိတ်အလျဉ်များသည် ပိုမိုအံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ သူတို့အရှေ့တွင် ကောင်းကင်ပေါ်က လမင်းကြီးကဲ့သို့ ကြီးမားသော ပုလဲလုံးကြီးများ မြောလွင့်နေကြောင်း တွေ့လိုက်ရသည်။ ပုလဲလုံးတစ်လုံးစီမှာ မိုင်တစ်ရာ‌ကျော် ရှည်လျားပြီး တဖျတ်ဖျတ် တောက်ပနေ၏။

ပုလဲလုံးများအောက်တွင်မူ ကမ်းခြေတစ်ခုရှိပြီး ကမ်းခြေပေါ်တွင် ဧရာမကမာကောင်ကြီးများက ကမာခွံများကို ဖွင့်ဟထားကြသည်။

သူတို့သည် ကမ္ဘာဦးသားရဲမျိုးစိတ်တစ်စိတ် ဖြစ်၏။

ချင်မူနှင့် ကျန်သူများ၏ အသိစိတ်အလျဉ်များ ပျံသန်းလာစဉ်တွင် တိုက်ခတ်သွားသော ပင်လယ်လေပြေက ကမာကောင်များကို နိုးနိုးကြားကြား ဖြစ်သွားစေသည်။ ကောင်းကင်ပေါ်ရှိ ပုလဲလုံးများက ကမာခွံများထဲသို့ ကျဆင်းသွားကြ၏။ ပင်လယ်ကမာကောင်များက အခွံများအား ဂွပ်ခနဲ ပိတ်၍ ပင်လယ်ရေများ ခါထုတ်ကာ ကမ်းခြေအနက်ပိုင်းထဲသို့ ၀င်ရောက်သွားကြတော့သည်။

ပုလဲလုံးများမှာ ထိုဧရာမသားရဲများ၏ ခန္ဓာကိုယ်ထဲမှ ရတနာများ ဖြစ်ကြသည်။

သူတို့၏အသိစိတ်အလျဉ် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရှိ တောင်တန်းများအပေါ်မှ ဖြတ်၍ ပျံသန်းလာသည့်အခါ သားရဲကြီးများ အချင်းချင်း တိုက်ခိုက်၍ ကမ္ဘာလောကအား ဖျက်ဆီးနေကြသည်ကိုပင် တွေ့လိုက်ရသည်။ ဤသားရဲကြီးများသည် ဘိုးဘေးနန်းတော် အနောက်ဘက်ခြမ်း၌ နှစ်ထောင်သောင်းပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ဟန်တူပြီး ၎င်းတို့၏ ကြွက်သားများနှင့် ခန္ဓာကိုယ်များက နှိုင်းယှဉ်မရနိုင်အောင် သန်မာဖွံ့ဖြိုးနေကြ၏။ သိုင်းပညာကောင်းကင်ဆရာသခင်နှစ်ယောက် အင်အားသုံး၍ တိုက်ခိုက်နေကြသည့်အလား ကောင်းကင်နှင့် မြေကြီးကို ကွဲအက်နေစေသည်။

ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းတွင် ယခုလို အတိုက်အခိုက်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည့် သားရဲများစွာ ရှိကြ၏။

ရုတ်တရက် ချင်မူ့အသိစိတ်အလျဉ်က ရပ်တန့်သွားသဖြင့် သူတို့အားလုံး၏ အသိစိတ်အလျဉ်များလည်း ရပ်တန့်သွားကြသည်။

အားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း ချင်မူ ရပ်လိုက်ရသည့် အကြောင်းအရင်းကို တွေ့သွားကြ၏။

သူတို့သည် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်း၌ မွေးဖွားလာခဲ့သော ကမ္ဘာဦးနတ်ဘုရားတစ်ပါးကို တွေ့မြင်လိုက်ရချေပြီ။

၎င်းက အသွင် ပြောင်းလဲနေသည့် ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောတစ်ကြောပင်။

တောင်တန်းသည် လှဲလျောင်းနေသော နဂါးတစ်ကောင်အသွင် ရှိနေပြီး မိုင်ထောင်ပေါင်းများစွာ ရှည်လျားနေ၏။ သက်တမ်း အလွန်အိုမင်းလာသည့်အလျောက် ဝိညာဉ်စွမ်းအင်တို့သည် တောင်နှင့် တစ်သားတည်း ဖြစ်သွားရင်း တောင်ထဲ၌ ဝိညာဥ်စွမ်းအင်များ ပြည့်ဝမှန်းမသိ ပြည့်ဝလာကာ အသွေးအသားခန္ဓာကိုယ်တစ်ခု မွေးဖွားပေးနေသည်။

၎င်း၏ခန္ဓာကိုယ်တွင် ပရဆေးပင်အမျိုးမျိုး လွှမ်းခြုံနေသည်။ ယင်းဆေးပင်များကြောင့် နဂါးသွေးကြောသည် အာဟာရဓာတ် အဆက်မပြတ် ရရှိနေပြီး အသိစိတ်တစ်ခုလည်း မွေးဖွားလာ၏။

ယနေ့တွင်တော့ ၎င်းသည် အသွင်ပြောင်း၍ ကမ္ဘာဦးနတ်ဘုရားတစ်ပါး ဖြစ်လာလေပြီ။

တောင်၏ ကျောက်တုံးကျောက်စိုင်များက အသွေးအသားအဖြစ် ပြောင်းလဲနေသည်ကို သူတို့အားလုံး မြင်နေရသည်။ မြေကြီးထဲတွင် နစ်မြုပ်နေသည့် တောင်ခြေမှာ နဂါးလက်သည်းစွယ် ဖြစ်လာသည်။ နဂါးလက်သည်းစွယ် မြောက်တက်လာသည့်အချိန်တွင် မြေကြီးနှင့် တောင်တန်းများ လှုပ်ခါသွားပြီး နဂါးခန္ဓာကိုယ်ကြီးကား ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

ဤရှေးဟောင်းနတ်ဘုရားနတ်နဂါးကြီးသည် ထွက်ပေါ်လာတော့ပေမည်။

“ဘိုးဘေး‌နန်းတော်အနောက်ဘက်ခြမ်းက တကယ်ပဲ ရတနာတွေနဲ့ ပြည့်နေတာပဲ”

အားလုံးမှာ အံ့ဩငေးမောနေမိကြသည်။ ကောင်းကင်နှင့် မြေကြီးမှ ရှေးဟောင်းနတ်ဘုရားတစ်ပါး မွေးဖွားလာခြင်းကို သူတို့ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်၏။ အတော်လေး အံ့ဩဖွယ်ကောင်းပေသည်။

ဤအခိုက်အတန့်တွင် အရွယ်ရောက်ပြီးသော ကမ္ဘာဦးသားရဲ ဒါဇင်ကျော်က ရုတ်တရက် ပျံသန်းလာကြသည်။ ၎င်းတို့က အသွင်ပြောင်းနေဆဲဖြစ်သော ရှေးဟောင်းနတ်ဘုရားနဂါးကို တိုက်ခိုက်ကြသည်။ တခဏအတွင်း ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောဖြစ်ခဲ့သော နတ်နဂါးမှာ ပြိုကွဲသွားတော့သွား၏။

ဤကမ္ဘာဦးသားရဲများမှာ သားရဲများအကြား ဘုရင်ဖြစ်သည့်အတွက် သူတို့၏ အစွမ်းအစက အင်မတန်မြင့်မားကြသည်။ ရှေးဟောင်းနတ်ဘုရားနဂါးကို သတ်ဖြတ်ရခြင်းက ဖုန်မှုန့်လေးတစ်မှုန့်အား မှုတ်ထုတ်လိုက်ရသည့်အလား လွယ်ကူပေသည်။

အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ထိုစဉ် ကမ္ဘာဦးသားရဲတစ်ကောင်၏ အားကောင်းသော အသိစိတ်အလျဥ်က သူတို့ကို ရှာတွေ့သွားသည်။ ၎င်းက ဟိန်းဟောက်လိုက်သဖြင့် ချင်မူလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး အသိစိတ်အလျဉ်ကို ချက်ချင်း အသက်သွင်းကာ ထွက်ပြေး၏။

သူတို့အနောက်မှ ကမ္ဘာဦးသားရဲများစွာ လိုက်ဖမ်းနေကြသော်လည်း ကံကောင်းစွာဖြင့် ချင်မူ၏ အသိစိတ်အလျဉ်မှာလည်း အနှိုင်းမဲ့အောင် အင်အားကြီးကြပေသည်။ မကြာမီ ၎င်းသားရဲများကို

မျက်ခြေဖြတ်နိုင်ခဲ့သည်။

‘ဘိုးဘေးနန်းတော်အနောက်ဘက်က နည်းနည်းထူးဆန်းတယ်…. ဘာလို့ အဲဒီသားရဲကြီးတွေက ဘိုးဘေးနန်းတော်အနောက်ဘက်မှာ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ရတာလဲ’

ချင်မူ ထိုသို့တွေးနေစဉ် သူ၏အသိစိတ်အလျဉ်က ရုတ်တရက် ရပ်တန့်သွားသည်။ အားလုံးသည် အသိစိတ်အလျဉ်မှတဆင့် အရှေ့တွင် မားမားမတ်မတ် ရပ်တည်နေသော ကောင်းကင်မုခ်၀အမြင့်ကြီးတစ်ခုအား တွေ့လိုက်ရသည်။

အမှန်တွင် ရဲရဲတောက် နီရဲနေသည့် ဧရာမရှေးဟောင်းတောင်ကြီးနှစ်လုံး ဖြစ်သည်။ တောင်ကြီးများတွင် မီးတောက်များ တောက်လောင်နေပြီး ထိုမီးတောက်များက အဆက်မပြတ် ပြောင်းလဲနေသည့် ထူးဆန်းသော အမှတ်အသားမျိုးစုံကို အလိုအလျောက် ဖော်ဆောင်နေကြသည်။

သူတို့အရှေ့တွင် ထိုတောင်ကြီးနှစ်လုံးမှာ တံခါးတစ်ချပ်၏ ဘယ်၊ညာ ဘောင်နှစ်ခုပမာ ဖြစ်နေသည်။ တောင်နှစ်လုံး၏ အနားသားတစ်ဖက်ခြမ်းက အ‌ပေါ်သို့ မို့မောက်ကော့တက်သွားကာ ခုံးသွားသည်။ တစ်ဖက်ခြမ်းကမူ မြေပြင်ပေါ် ဒေါင့်မတ်ကျနေသကဲ့သို့ မတ်စောက်နေသည်။ တောင်နှစ်လုံးသည် ထပ်တူကျနေသဖြင့် ၎င်းတို့အလယ်ရှိ နေရာလွတ်မှာ ဝင်ပေါက်မုခ်ဝတစ်ခုပမာ ပေါ်လွင်နေ၏။

တောင်တန်းနှစ်ခုကြားတွင် ထူးဆန်းသော စွမ်းအင်က စုဝေးလျက် တံခါးဝအား တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် ပြည့်နှက်နေစေသည်။

“တောင်ကောင်းကင်မုခ်ဝ”

သူတို့မှာ ဘိုးဘေးနန်းတော်ထဲတွင် ကောင်းကင်မုခ်၀ လေးခုရှိကြောင်း ချင်မူ ပြောခဲ့သည်ကို ကြားခဲ့ရတုန်းက သံသယဝင်ခဲ့မိကြသည်။ အစစ်အမှန် တောင်ကောင်းကင်မုခ်၀ကို ဘိုးဘေးနန်းတော်အနောက်ဘက်၌ တွေ့မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထိုအချိန်မှသာ ချင်မူ့စကားက မှန်ကန်ကြောင်း သိခဲ့ရသည်။

“ထူးဆန်းလိုက်တာ”

ချင်မူ၏ အသိစိတ်အလျဉ်သည် လှိုင်းထန်သွားပြီး တွေးတောစဉ်းစားနေ၏။ “ဘာလို့ ဘိုးဘေးနန်းတော်ရဲ့ တောင်ကောင်းကင်မုခ်၀က ဘိုးဘေးနန်းတော်အနောက်ဘက်မှာ ရှိနေတာလဲ… ကောင်းကင်မုခ်၀လေးခုက ဘိုးဘေးနန်းတော်အရှေ့ပိုင်းမှာ ရှိနေတာ မဟုတ်ဘူးလား”

သူ့မှာ ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်နှင့် ကျောက်စိမ်းမြို့တော်တို့အားလုံးမှာ ဘိုးဘေးနန်းတော်အရှေ့ပိုင်းတွင်သာ ရှိသည်ဟု ထင်ခဲ့မိသည်။ ရှုကျွင်းသည် ထိုနေရာများ၏ တည်နေရာကို သိထားသည့်အတွက် အသိစိတ်အလျဉ်ဖြင့် ရှုကျွင်းကို ပြန်ခေါ်ရန် ပြင်ထားခြင်း ဖြစ်၏။

ပြောရလျှင် ဘိုးဘေးနန်းတော်အနောက်ဘက်သည် လုံရှောင်ကဲ့သို့ ကြောက်မက်ဖွယ်သားရဲကြီးများ၏ ပိုင်နက်မဟုတ်ပါလော။ နမော်နမဲ့ ဝင်ရောက်သွားလျှင် ဘိုးဘေးနန်းတော်အနောက်ဘက်ရှိ ကမ္ဘာဦးသားရဲတို့အား ထိန်းချုပ်ထားပြီး အင်အားကြီးမားလှသော လုံရှောင်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

သူ ယခုလို ဝင်လာခြင်းက သူ့လူများကို ကယ်တင်ရန်အတွက်သာ ဖြစ်၏။ ထိုသို့ဖြစ်တည်မှုမျိုးကို ရန်စ,စရာ မလိုပေ။

ယခုတွင် ကောင်းကင်မုခ်၀လေးခုမှာ ဘိုးဘေးနန်းတော်အနောက်ဘက်တွင် ရှိနေပုံရသဖြင့် သူတို့လည်း ခန္ဓာကိုယ်အစစ်များဖြင့် ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ဝင်ရောက်သင့်လျှင် ဝင်ရောက်ရပေတော့မည်။

All Chapters