← Chapters

ရက်စက်သော အမှန်တရား

Vol. 104 Ch. 1360

ရက်စက်သော အမှန်တရား

Vol. 104 Ch. 1360

‘လုံရှောင်လို သားရဲမျိုးနဲ့ မတွေ့အောင် ရှောင်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ’

ချင်မူမှာ စိုးရိမ်ပူပန်နေမိသည်။ လုံရှောင်သည် စွမ်းအားကြီးလွန်း၏။ အမိကမ္ဘာမြေ သူ့ကို ဆင့်ခေါ်ခဲ့စဉ်က သူ၏ဦးခေါင်းကိုးလုံးက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းသောကြောင့် ချင်မူမှာ ထိုသို့ဖြစ်တည်မှုမျိုးကို ရန်မစလိုပေ။

သူက ရှုကျွင်း၏ ဝိညာဉ်အရှိန်အဝါနောက်သို့ ဆက်လိုက်သွားသည်။

ရှုကျွင်းဝိညာဉ်၏ အရှိန်အဝါသည် ပိုပို၍ ရှင်းလင်းလာသောကြောင့် ချင်မူ အတော်လေး အားတက်သွားမိသည်။ ရှုကျွင်း၏ တည်နေရာအတိအကျကိုပင် အာရုံခံနိုင်လာသည်။

‘ထင်တဲ့အတိုင်း အသက်ရှင်နေတုန်းပဲ”

ချင်မူ စိတ်အေးသွားမိသည်။ ရှုကျွင်းနှင့် လူအတော်များများ ရှိနေကြောင်း အာရုံခံမိလိုက်ပြီး ထိုသူများမှာ လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ ပထမလူသားဧကရာဇ်နှင့် တခြားသူများ ဖြစ်ပေလိမ့်မည်။

ထိုသူများ အသက်ရှင်နေသရွေ့ ဘိုးဘေးနန်းတော်အနောက်ဘက်မှ ကယ်ထုတ်နိုင်သေးပြီး ရေရှည်အစီအစဉ်ကို စီစဉ်နိုင်ပေလိမ့်မည်။

ဝှစ်…

ချင်မူက အားလုံး၏ အသိစိတ်အလျဉ်ကို ဦးဆောင်ကာ ရှုကျွင်းနှင့် တခြားသူများဆီ ချဉ်းကပ်သွားသည်။ အနားကပ်သွားနိုင်သရွေ့ အသိစိတ်အလျဉ်ကို အသက်သွင်းကာ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို တည်ဆောက်၍ သူတို့အား သစ်နက်တောင်တန်းပေါ်သို့ ဆင့်ခေါ်နိုင်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှုကျွင်း၏ အသိစိတ်အလျဉ်က ချင်မူ၏ အသိစိတ်အလျဉ်နှင့် ရုတ်တရက် ထိတွေ့လာ၏။ ရှုကျွင်းက သူ လာရောက်လာသည့် အကြောင်းအရင်းကို ချက်ချင်းပင် သဘောပေါက်သွားပြီး သူ၏အသိစိတ်အလျဉ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွား၏။ “ကောင်းကင်နတ်အရှင်မူ၊ မြန်မြန်ထွက်သွားတော့…”

ချင်မူမှာ အနည်းငယ် ကြောင်အကာ ဇဝေဇဝါ ဖြစ်သွားသည်။ ရှုကျွင်း၏ အသိစိတ်အလျဉ်က ပြင်းထန်စွာ တုန်ခါလာ၏။ “လုံရှောင်က ဒီကိုရောက်နေပြီး ငါတို့အားလုံးကို ချုပ်ထားတာတာ… မင်းတို့ရောက်လာတာကိုလည်း သိထားလို့ သူ့ထောင်ချောက်ထဲ ဝင်လာမှာ စောင့်နေတာပဲ”

ချင်မူမှာ ထိတ်လန့်သွားပြီး အသိစိတ်အလျဉ်ကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။

ရုတ်တရက် ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော အသိစိတ်အလျဉ်လှိုင်းက ချင်မူနှင့် ရှုကျွင်း၏ အသိစိတ်အလျဉ်ထိတွေ့မှုကို တိုက်ခိုက်ကာ ခွဲထုတ်ပစ်လိုက်၏။

အသိစိတ်အလျဉ်မှာ ရုပ်ခန္ဓာမရှိသော အတွေးတစ်မျှင်သာ ဖြစ်သည်။ သို့သော် ဤထိတ်လန့်ဖွယ် အသိစိတ်အလျဉ်သည် ရုပ်ခန္ဓာတည်ရှိနေသော တောင်ကြီးပမာ ချင်မူနှင့် ကျန်သူတို့ အသိစိတ်အလျဉ်များအရှေ့တွင် ရပ်တည်နေချေပြီ။

ရွှမ်း…

နှိုင်းယှဉ်မရနိုင်အောင် တောက်ပသော အလင်းတန်းတစ်တန်းက ထွက်ပေါ်လာသဖြင့် ဝေစွေ့ဖုန်း၊ အဘွားစစ်၊ မင်းယားယိုမင်းနှင့် ကျန်သူတို့၏ အသိစိတ်အလျဉ်များမှာ နေတစ်စင်းနှင့် ထိပ်တိုက်တွေ့နေရသကဲ့သို့ အလျင်အမြန် အရည်ပျော်လာတော့သည်။

ထိုစဉ် အံ့မခန်းလိလိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးတစ်ခုအား မြင်လိုက်ရ၏။ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည့် နဂါးဦးခေါင်းကိုးလုံးသည် သူတို့ အသိစိတ်အလျဉ်၏ ‘အမြင်အာရုံ’ တွင် ပြည့်နှက်သွားပြီး အသိစိတ်အလျဉ်များကို အဆက်မပြတ် ပြိုလဲလာစေသည်။

မဟာဧကရာဇ်နှင့်ပင် ခွန်အားချင်းယှဉ်နိုင်သော ကြောက်စရာကောင်းလွန်းသည့် ကမ္ဘာဦးသားရဲ လုံရှောင်၏ အသိစိတ်အလျဉ် ထွက်ပေါ်လာမှုကိုပင် သူတို့ခံနိုင်ရည် မရှိကြချေ။

“လုံရှောင်ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်”

ချင်မူက မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်နယ်ပယ်ကို ပေါက်ကွဲထွက်စေလိုက်သည်။ နယ်ပယ် ထွက်ပေါ်လာသည့်အခါ အချိန်မှာ ကျုံ့သွားသကဲ့သို့ အရာအားလုံး အလွန်တရာ နှေးကွေးသွား၏။

လုံရှောင်၏ ကြောက်မက်ဖွယ်အသိစိတ်အလျဉ်မှာလည်း သက်ရောက်ခံလိုက်ရသည်။ သူ၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်နယ်ပယ်ကို ထိုးဖောက်ခြင်းက အတောမသတ်နိုင်အောင် ရှည်ကြာနေပြီး သူတို့၏ အသိစိတ်အလျဉ်များကို တစ်ခါတည်းနှင့် မဖျက်ဆီးနိုင်တော့ပေ။

မှန်ပါသည်။ အချိန်မှာ အမှန်စင်စစ် နှေးမသွားပေ။ ဤသည်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှ ဖန်တီးထားသော ပုံရိပ်ယောင်သာ ဖြစ်၏။ ၎င်းက အပြင်သူများ၏ အသိစိတ်အလျဉ်ကို ဖိနှိပ်ပေးနိုင်သည်။

ဖိအားမှာ နှစ်ဖက်လုံး ခံစားရလေသည်။ ချင်မူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှာ အတုဖြစ်၏။ သူ၏ အသိစိတ်အလျဉ် မဟာတာအိုမှာ မဟာဧကရာဇ်၏ အဆင့်အထိ မကျင့်ကြံရသေးပေ။ ထို့ကြောင့် လုံရှောင်၏ အသိစိတ်အလျဉ် ကျူးကျော်လာမှုကို တားဆီးနေသည့် တစ်ချိန်တည်းမှာပင် သူ့အပေါ်လည်း ဖိအားများစွာ သက်ရောက်လာတော့သည်။

သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ထလာကာ သူ၏အသိစိတ်အလျဉ်ပါ အက်ကွဲလာသည့်အထိ ဖိနှိပ်နေ၏။

လုံရှောင်မှာ သန်မာလွန်းသဖြင့် ဖိနှိပ်၍ မရပေ။

သို့သော် ချင်မူသည် အခွင့်အရေးရသွားသောကြောင့် ဝေစွေ့ဖုန်း၊ အဘွားစစ်နှင့် ကျန်သူများ၏ အသိစိတ်အလျဉ်ကို သစ်နက်တောင်တန်းဆီသို့ ချက်ချင်း ပြန်ပို့လိုက်သည်။

သူတို့အားလုံး သစ်နက်တောင်တန်း၏ ယဇ်ပလ္လင်ထက်တွင် နိုးထလာကြပြီး သူတို့၏ အသိစိတ်အလျဉ်များက ရုပ်ခန္ဓာထဲသို့ ပြန်ဝင်သွားကြသည်။ အဘွားစစ်၊ လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်နှင့် ကျန်သူများက ချင်မူ့ရုပ်ခန္ဓာကို ချက်ချင်း စစ်ဆေးကြည့်လိုက်ကြသည်။ သူ၏မူလဝိညာဥ်သည် ရှိနေသေးသော်လည်း အသိစိတ်အလျဉ်ကတော့ ပြန်မရောက်သေးကြောင်း တွေ့လိုက်ကြရ၏။

“ဒုက္ခပဲ… ကောင်းကင်နတ်အရှင်မူရဲ့ အသိစိတ်အလျဉ်က အဲဒီ ကြောက်စရာသားရဲကြီးကြောင့် ပိတ်မိနေပြီလား”

“ဒုက္ခပါပဲ… အဲဒီသားရဲကြီးက ကြောက်စရာကြီး...”

….

အားလုံးမှာ စိုးရိမ်ပူပန်လာကြပြီး ဝေစွေ့ဖုန်းက တည်ကြည်လေးနက်စွာ ပြော၏။ “အားလုံးပဲ စိတ်မပူကြပါနဲ့… ကျုပ်ညီလေး ကျုပ်တို့ကို ပြန်ပို့နိုင်တယ်ဆိုရင် သူလည်း သေချာပေါက် လွတ်နိုင်မှာပါ… သူ ပြန်မလာသေးတာက လုံရှောင်ကို တွေ့ချင်လို့ ဖြစ်လိမ့်မယ်”

အဘွားစစ်၊ လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်နှင့် အခြားသူများမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ ၎င်းကို မတွေးမိဘဲ ပူပန်ခဲ့မိကြခြင်းပင်။

ချင်မူသည် သူတို့ကို ပြန်ပို့နိုင်သဖြင့် သေချာပေါက် သူ့ဘာသာသူလည်း လွတ်မြောက်နိုင်ပေလိမ့်မည်။

“ဒီကောင်စုတ်လေးက သတ္တိကောင်းနေတာပေါ့လေ...”

အဘွားစစ်က အံတင်းတင်းကြိတ်၍ ဒေါသတကြီး အော်လိုက်သည်။ “သူ့တင်ပါးလေးကို တုတ်ကြီးကြီးနဲ့ ရိုက်သင့်တယ်”

သူမ ထိုသို့ပြောလိုက်သည်နှင့် အားလုံး၏ မျက်လုံး‌များ တောက်ပသွားပြီး မင်းသားယိုမင်းက ချောင်းဟန့်လိုက်သည်။ “တာအိုမိတ်ဆွေစစ်၊ စကားတည်ရမယ်နော်… ရိုက်မယ်ပြောပြီး မရိုက်ဘဲနေလို့ မရဘူး”

ဝေ‌စွေ့ဖုန်း၊ ယွီချွီးတုနှင့် ကျန်သူများကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။ “ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို ၀င်ရောက်ပြီးတဲ့သူ တစ်ယောက်အနေနဲ့ စကားဖျက်လို့မရဘူးနော်..”

နဂါးချီလင်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် အမြှီးကို ခါယမ်းနေသည်။ သူလည်း စကားထပြောချင်သော်လည်း ချင်မူ သိသွားမည် စိုးရိမ်နေလေသည်။ သူ့နဖူးပေါ်ရှိ နဂါးစာကလေးကလည်း တောင်ပံများခတ်လျက် ထောက်ခံနေ၏။

အဘွားစစ်က အငြင်းပွားလိုစိတ်မရှိသဖြင့် တုံ့ပြန်လိုက်သည်။ “သူ ပြန်ရောက်လာတဲ့အချိန်ကျ ပြောကြတာပေါ့”

ရုတ်တရက် အလွှာကိုးလွှာ ယဇ်ပလ္လင်သည် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ကျယ်ပြောနက်နဲသော အသိစိတ်အလျဉ်တစ်ခုသည် အခြားအချိန်နှင့် နေရာဟင်းလင်းပြင်တစ်ခုမှ သစ်နက်တောင်တန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာချေပြီ။ ၎င်းက ယဇ်ပလ္လင်ပေါ်ရှိ ချင်မူ့ခန္ဓာကိုယ်ကို မြှောက်ယူလိုက်သဖြင့် အလွှာကိုးလွှာ ယဇ်ပလ္လင်ပင်လျှင် မြောက်တက်သွားတာ အခြား‌အချိန်နှင့် နေရာဟင်းလင်းပြင်တစ်ခုသို့ ပျံသန်းသွားတော့မည့်အလား ထင်ရသည်။

ယဇ်ပလ္လင်ပေါ်တွင် ရှိနေကြသူအားလုံး၏ ခန္ဓာကိုယ်များလည်း မတည်မငြိမ်ဖြစ်သွားကြ၏။ ထိုစဉ် မင်းသားယိုမင်းနှင့် ‌ဝေစွေ့ဖုန်းက စတင်လှုပ်ရှားလိုက်ကြသည်။ သူတို့က ချင်မူ ဘိုးဘေးနန်းတော် အနောက်ဘက်သို့ ဆွဲခေါ်မခံရအောင် ခြေလက်များကို လှမ်းဆွဲထားကြသည်။

သူတို့မှာ အံ့ဩမှင်သက်နေကြသည်။ ဤအသိစိတ်အလျဉ်၏ ပိုင်ရှင်မှာ လုံရှောင်မှလွဲ၍ တခြားသူမဟုတ်ပေ။ ဤကြောက်မက်ဖွယ်သားရဲကြီးသည် ချင်မူ့အသိစိတ်အလျဉ်ကို ခြေရာခံလိုက်လာ၍ ချင်မူ့ရုပ်ခန္ဓာအား ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ဆင့်ခေါ်ရန် ကြိုးစားနေလေသည်။

ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းမှာ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း လုံရှောင်၏ ကြောက်မက်ဖွယ် အသိစိတ်အလျဉ်ကို မခုခံနိုင်ကြချေ။ သူတို့၏ခန္ဓာကိုယ်များလည်း လေပေါ် မြောက်တက်ကုန်ကြသည်။

“သူ့ကို ဆွဲထားကြ”

ဝေစွေ့ဖုန်းက ‌ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ မူလဝိညာဉ် ထွက်ပေါ်လာသည်။ သူ့အနောက်တွင် ကောင်းကင်နန်းဆောင် ထွက်ပေါ်လာပြီး မူလဝိညာဉ်က ဧကရာဇ်ပလ္လင်ထက်မှ ဝုန်းခနဲ ထရပ်လိုက်၏။ သူက မှော်စွမ်းအင်မှန်သမျှ စုစည်းလိုက်သည်။

အခြားတစ်ဖက်တွင် မင်းသားယိုမင်း၏ လိပ်နက်မူလဝိညာဉ်ကလည်း လေထဲတွင် မြောလွင့်လျက် ခွန်အားအလုံးစုံသုံးကာ ချင်မူ့ခန္ဓာကိုယ်ကို ဆွဲထားသည်။

ကျန်သူများလည်း အသီးသီး လှုပ်ရှားကြ၍ ချင်မူ့ခန္ဓာကိုယ်ကို အလွှာကိုးလွှာယဇ်ပလ္လင်မှ ပြန်ဆွဲထားကြသည်။

သို့သော် အလွှာကိုးလွှာယဇ်ပလ္လင်က အခြားကမ္ဘာသို့ ပျံသန်းသွားသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

ထိုစဉ် ချင်မူ၏ ခြေနှစ်ဖက်က ယဇ်ပလ္လင်ပေါ်သို့ ကျသွားသည်နှင့် သူ၏မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သူ့မူလဝိညာဉ်က ဝှစ်ခနဲ ပျံတက်သွားသည်။ သူက ‌အော်ဟစ်လိုက်၏။ “ကောင်းကင်ရတနာနယ်ပယ်”

သူ၏မူလဝိညာဉ်မှာ နှိုင်းယှဉ်မရနိုင်အောင် ကျယ်ပြန့်လာသည်။ အလွှာကိုးလွှာ ယဇ်ပလ္လင်ပေါ်ရှိ သင်္ကေတများလည်း တောက်ပလာကြ၏။ ဆင့်ခေါ်ခြင်းယဇ်ပလ္လင်ပေါ်ရှိ သင်္ကေတများက‌ ပြောင်းပြန်လန်သွားပြီး တစ်ပြိုင်နက် ပြောင်းလဲသွားကြကာ အသိစိတ်အလျဉ်ကို ပြန်လည်ဆွဲယူရန် ကြိုးစားနေသည်။

၎င်းကိုမြင်လျှင် အားလုံးမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိကြသည်။ သူတို့၏ စုပေါင်းခွန်အားနှင့် အလွှာကိုးလွှာယဇ်ပလ္လင်၏ ခွန်အားမှာ လုံရှောင်၏ ဆင့်ခေါ်ခြင်းနှင့် အားပြိုင်နိုင်လေသည်။ နှစ်ဖက်စလုံး လေထဲတွင် မတိုးသာမဆုတ်သာဖြစ်နေကြပြီး တစ်ဖက်ခွန်အားကို ဖိနှိပ်ရန် အခက်တွေ့နေကြသည်။

“ဖန်သားကောင်းကင်စေတီကို သုံးလိုက်…”

ရွှေအက ဒေါသတကြီး အော်သည်။ ထိုအခါမှ မျက်ကန်း၊ မင်းသားယိုမင်း၊ ဝေစွေ့ဖုန်းနှင့် ကျန်သူများ အသိစိတ်ဝင်သွားကြသည်။ အတိတ်က နံပါတ်တစ် ရတနာဖြစ်ခဲ့သော ဖန်သားကောင်းကင်စေတီဆီမှ စွမ်းအားတို့ ချက်ချင်း ပေါက်ကွဲထွက်လာပြီး အလွှာကိုးလွှာ ယဇ်ပလ္လင်ကို ဖိချ၍ လုံရှောင်၏ ဆင့်ခေါ်ခြင်းကို ချက်ချင်း ဖိနှိပ်လိုက်သည်။

အလွှာကိုးလွှာယဇ်ပလ္လင် မြေပေါ် ပြုတ်ကျသွားမှ အားလုံး စိတ်အေးသွားကြသည်။

ဖန်သားကောင်းကင်စေတီမှာ အမှန်တကယ်ပင် နံပါတ်တစ် ရတနာဖြစ်ချေသည်။ မျက်ကန်းနှင့် ရွှေအသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ စက်မှုလက်မှုပညာရှင်များနှင့်အတူ အဆက်မပြတ် ပြုပြင်ပြောင်းလဲခဲ့သဖြင့် ၎င်း၏စွမ်းအားမှာ အတိတ်ကထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်၏။

၎င်း၏အလယ်ဗဟိုတွင် ထိုက်စုဥ မရှိတော့သဖြင့် အသွင်ပြောင်းရာတွင် အနည်းငယ် လိုအပ်နေသော်လည်း စွမ်းအားကတော့ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

ချင်မူ့မူလဝိညာဉ်မှာ မူးဝေနေဆဲဖြစ်သဖြင့် သူ၏အသိစိတ်အလျဉ်ကို ပြန်မရုတ်သိမ်းရသေးသည်မှာ သိသာလှ၏။

အားလုံးက တည်ကြည်လေးနက်နေသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဘိုးဘေးနန်းတော်အနောက်ဘက်တွင် ချင်မူ၏ အသိစိတ်အလျဉ်က ချင်မူ့အသွင်သဏ္ဍာန် ဖွဲ့တည်သွားသည်။ သူက လုံရှောင်၏ အသိစိတ်အလျဉ်အရှေ့တွင် အင်္ကျီစများ တဖျတ်ဖျတ် လွင့်လျက် ပျံဝဲနေပြီး ပြုံးလျက် ပြော၏။ “နတ်ဘုရင်ပိုယန်ရဲ့ စီးတော်ယာဉ်လုံရှောင်၊ ကျွန်တော်တို့ စကားပြောကြစို့”

“နတ်ဘုရင်ပိုယန်ရဲ့ စီးတော်ယာဉ်တဲ့လား”

လုံရှောင်၏ အသိစိတ်အလျဉ်က တဟားဟား ရယ်လိုက်ပြီး လှောင်ပြောင်သော အရိပ်အယောင်များက သူ၏မျက်နှာထက်တွင် နေရာယူသွားသည်။ “ဖန်ဆင်းရှင်လေး၊ မင်း မှားနေပြီ.. ရှေးခေတ်က နတ်ဘုရင်သုံးပါးက ပိုယန်၊ ရှုကျွင်းနဲ့ ကုန်းယွင် မဟုတ်ဘူး… လုံရှောင်၊ ရှုကျွင်းနဲ့ ကုန်းယွင်ပဲ… နတ်ဘုရင်ပိုယန်က ငါ့စီးတော်ယာဉ်ပဲကွ”

All Chapters