သေချင်နေတာလား
Vol. 104 Ch. 1361
ချင်မူမှာ မှင်သက်သွားပြီး အလန့်တကြား ရေရွတ်လိုက်မိသည်။ “နတ်ဘုရင်ပိုယန်က ခင်ဗျားရဲ့ စီးတော်ယာဉ်လား”
သူ့စိတ်ထဲတွင် ဗလာကျင်းသွားတော့သည်။ သူ ငေးကြောင်သွားသည့် အခိုက်အတန့်မှာပင် လုံရှောင်၏ အသိစိတ်အလျဉ်က သူ၏မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို တိုက်ခိုက်လာပြန်သဖြင် ပို၍ပြင်းထန်စွာ ပျက်စီးသွားလေသည်။
“ဟုတ်တယ်…. နတ်ဘုရင်ပိုယန်က ငါ့ကို ချိုးနှိမ်ပြီး စီးတော်ယာဉ် လုပ်ချင်ပေမယ့် သူ့အစွမ်းအစတွေက ငါ့အောက် နိမ့်ကျတယ်လေ….. ငါ့ကို ဘယ်လိုလုပ် ချိုးနှိမ်နိုင်မှာလဲ”
လုံရှောင်၏ အသိစိတ်အလျဉ်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို ဖျက်ဆီးကာ ချင်မူ၏ မူရင်းအသိစိတ်အလျဉ်နားသို့ နီးကပ်သထက် နီးကပ်လာသည်။ “ဒါပေမဲ့ ငါက အပေါ်ယံတော့ ခွင့်ပြုခဲ့တယ်…. ငါက သူ့စီးတော်ယာဉ်လို့ ငတုံးဖန်ဆင်းရှင် ထင်သွားအောင်ပေါ့…. ဒါပေမဲ့ အမှန်မှာတော့ သူက ငါ ပြောသမျှ နားထောင်ရတယ်… ငါ့ကို ကိုးကွယ်ပေးရင်း ငါ့ရဲ့အစွမ်းအစတွေကို ကြီးထွားသထက် ကြီးထွားလာစေတာ …. သူ့အစွမ်းအစတွေကတော့ ငါ့အောက် နိမ့်ကျပြီးရင်း နိမ့်ကျကျန်ခဲ့တယ်”
သူက ဂုဏ်ယူ၀င့်ကြွားစွာ ပြုံးလိုက်သည်။ “နောက်တော့ ငါက နတ်ဘုရားဖြစ်လာတာပေါ့… သူ့မျိုးနွယ်ရဲ့ ကာကွယ်သူ အစောင့်အရှောက်ပေါ့လေ… သူ့မျိုးနွယ်မှာ ငါ့ရဲ့မြင့်မြတ်မှုက နတ်ဘုရင်ပိုယန်ထက်တောင် သာလွန်သေးတယ်…. သူက ငါ့ရဲ့အစွမ်းအစတွေကြောင့် နတ်ဘုရင်သုံးပါးရဲ့ ခေါင်းဆောင်ဖြစ်လာတာပဲ”
ချင်မူမှာ အံ့အားသင့်နေသော်လည်း အကောင်းဆုံး ကြိုးစားလျက် သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို လှည့်ပတ်နေသညည်။ “ဒါဆိုရင် ခင်ဗျားက လူထိန်းကျမ်းရဲ့ ဘိုးဘေးပေါ့… နဂါးချီလင်သာ ခင်ဗျားကိုတွေ့ရင် လေးစားအားကျသွားပြီး ခင်ဗျားပြောသမျှ ယုံမိမှာပဲ… ခင်ဗျားမှာ ဒီလောက် ပြိုင်ဘက်ကင်းတဲ့ စွမ်းအားမျိုး ရှိနေရင် ဘာလို့ ခင်ဗျားကိုယ်တိုင် နတ်ဘုရင်ဖြစ်မလာဘဲ ပိုယန်ကို အစားနေရာယူခိုင်းခဲ့တာလဲ”
လုံရှောင်က ပြုံးသည်။ “ဖန်ဆင်းရှင်လေး၊ မင်းက သိပ်စိတ်၀င်စားဖို့ကောင်းတယ်… အဲ့ဒီကမ္ဘာဦးခေတ်တုန်းက ဖန်ဆင်းရှင်တွေက တစ်လောကလုံးကို အုပ်ချုပ်ခဲ့ကြတာမလား…. သူတို့က ရှေးဟောင်းနတ်ဘုရားတွေကို အုပ်ချုပ်ပြီး ရှေးဟောင်းနတ်ဘုရားအသုတ်လိုက် ဖန်ဆင်းခဲ့ကြတယ်လေ… ငါတို့လို စွမ်းအားကြီးသားရဲတွေက သူတို့ရှေ့မှာတော့ အားနည်းလွန်းသေးတယ်… ငါ့အနေနဲ့ ငါ့မျိုးနွယ် ရှင်သန်ဖို့အရေး တိုက်ခိုက်ဖို့ နတ်ဘုရင်ပိုယန်ကို နောက်ကွယ်ကနေ ထိန်းချုပ်ဖို့ပဲ တတ်နိုင်ခဲ့တယ်…”
သူက ပြုံးလျက် ဆက်ပြော၏။ “ဒါကြောင့် ရှေးဟောင်းနတ်ဘုရားတွေ ပုန်ကန်ကြလို့ ကပ်ဘေးကြီး ကျရောက်လာတဲ့အခါ ဖန်ဆင်းရှင်တွေ မျိုးသုဉ်းပြီး ငါတို့မျိုးနွယ်ကတော့ ကျန်ခဲ့တာပဲ”
သူ့ရယ်သံတွင် ပျော်ရွှင်၀မ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူက အေးအေးလူလူ ပြောနေသည်။ “ရှေးဟောင်းနတ်ဘုရားတွေက နတ်ဘုရားတစ်ပိုင်းတွေကို ဦးဆောင်ပြီး စကြ၀ဠာထဲက ကမ္ဘာလောကမှန်သမျှ အုပ်စိုးခဲ့တယ်… ပိုင်နက်လေးရဖို့ အသေအကြေ တိုက်ခိုက်ခဲ့ကြရတယ်… အကျအဆုံးတွေလည်း အများကြီး ခံစားခဲ့ရတယ်… ငါတို့ကရော... ငါတို့က ဘာအားမှ စိုက်စရာမလိုတဲ့အပြင် စစ်သည်တော်တစ်ယောက်ကိုတောင် ထိခိုက်စရာ မလိုခဲ့ဘူး…. ကမ္ဘာလောကတွေရဲ့ ပြောင်းပြန်ဘက်ခြမ်း အနောက်ခြမ်းကို အုပ်စိုးထားနိုင်တယ်မဟုတ်လား…”
သူ၏ ဧရာမခေါင်းကြီးကိုးလုံးက ချင်မူ့ကို အသိစိတ်အလျဉ်ထဲတွင် မတူညီသော ရှုထောင့်အမျိုးမျိုးမှ ကြည့်ကာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ထဲရှိ ပြစ်ချက်အား ရှာဖွေနေလေသည်။ သူက ပြုံးလိုက်ရင်း ပြော၏။ “ဘယ်သူက အစစ်အမှန်အောင်နိုင်သူ လို့ ထင်လဲ…. ငါပဲ.. ဦးနှောက်မရှိဘဲ တုံးအလွန်းတဲ့ ငါတို့သားရဲတွေပေါ့”
“ငါ့အုပ်ချုပ်မှုအောက်မှာ သားရဲတွေ ကမ္ဘာလောကအခြားတစ်ဖက်မှ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြတယ်…”
“ငါ့အုပ်ချုပ်မှုအောက်မှာ ငါတို့မျိုးဆက်တွေ သာယာ၀ပြောကြတယ်”
“ငါ့အုပ်ချုပ်မှုအောက်မှာ ငါတို့ လောကတခွင် အုပ်စိုးနိုင်ကြတယ်”
“ငါ့အုပ်ချုပ်မှုအောက်မှာ ငါတို့ပိုင်နက်ထဲကို အခြားဘယ်မျိုးနွယ်မှ ၀င်မလာရဲဘူး”
“ဖန်ဆင်းရှင်လေး၊ မင်း ငါ့ရဲ့စီးတော်ယာဉ် ဖြစ်ချင်လား”
ချင်မူမှာ ကမ္ဘာဦးသားရဲအား ငေးကြောင်လျက် ကြည့်နေမိသည်။ သားရဲကြီး၏ မျက်လုံးများသည် အတွေးအခေါ် အမျှော်အမြင်မရှိသည့် သားရဲတစ်ကောင်၏ မျက်လုံးများ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အဆုံးမရှိသော ဉာဏ်ပညာအမျှော်အမြင်တို့ဖြင့် ပြည့်နှက်နေ၏။
“ရှုကျွင်းက ခင်ဗျားကို ချိုးနှိမ်ပြီး စီးတော်ယာဉ် လုပ်ချင်နေတယ်… ကြည့်ရတာ သူ ခင်ဗျားရဲ့ စီးတော်ယာဉ် ဖြစ်မလာတာပဲ ကျေးဇူးတင်ရတော့မယ်”
ချင်မူသည် ခံစားချက်များ ရောထွေးစွာဖြင့် သက်ပြင်းချလိုက်၏။ ခေါင်းကြီးကြီးလူငယ် ရှုကျွင်း၏ အတွေးအခေါ်၊ အပြုအမူများကြောင့် ခေါင်းရမ်းလိုက်မိပြီး ဘဝင်မကျမိပေ။
ရှုကျွင်း၏ လက်ရှိအစွမ်းအစများသည် ယခင်ဘ၀အား လိုက်မမှီချေ။ သူသာ လုံရှောင်ကို တွေ့ခဲ့ပါက အလွယ်တကူ ဖိနှိပ်ခံရပြီး လုံရှောင်၏ စီးတော်ယာဉ် ဖြစ်လာလိမ့်မည်။
“ငါ ရှုကျွင်းကို မဖိနှိပ်နိုင်တာ မဟုတ်ဘူး … ငါ သူ့ကို မကြိုက်တာ”
လုံရှောင်၏ ဦးခေါင်းကြီးက ပြုံးလိုက်သည်။ “သူက ငါ့စီးတော်ယာဉ် ဖြစ်လာဖို့ အဆင့်မမှီဘူး… ကမ္ဘာဦးခေတ်ရဲ့ နတ်ဘုရင်သုံးပါးထဲမှာ သူ့အစွမ်းအစတွေက ပိုယန်နဲ့ နှိုင်းလို့မရဘူး… သူက ရုပ်လည်း ဆိုးသေးတယ်”
သူ၏ ကျန်ခေါင်းတစ်လုံးက မော့၍ ချင်မူ့ကို စိတ်၀င်တစား ကြည့်နေသည်။ “ဒါပေမဲ့ မင်းက မတူဘူး… မင်းက သူ့ထက် ချောတယ်…. မဟာဧကရာဇ်နောက်တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာလည်း ရှိတယ်… ငါ့ရဲ့စီးတော်ယာဉ်ဖြစ်ဖို့ ရုပ်ချောတဲ့အပြင် သန်လည်း သန်မာတယ်”
သူ၏ တတိယဦးခေါင်းက အေးအေးလူလူ ပြုံးလိုက်ရင်း ပြောသည်။ “ရှုကျွင်းက အဆင့်မမှီပေမယ့် လူနှစ်ယောက်တော့ ခေါ်လာခဲ့တယ်… တစ်ယောက်က လန်ယွီတျန်း၊ နောက်တစ်ယောက်က ရှုရှန်းဟွာတဲ့… နှစ်ယောက်လုံးက ငါ့ရဲ့စီးတော်ယာဉ်တွေ ဖြစ်လာနိုင်တယ်... မင်းကတော့ တတိယပေါ့…”
ချင်မူက ရုတ်တရက် တဟားဟား အော်ရယ်လိုက်သဖြင့် သူ၏ အသိစိတ်အလျဉ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ “လုံရှောင်၊ ခင်ဗျားက ကပ်ဘေးကြီးတစ်ခုကို ကြုံနေရတာတောင် နွေဦးနဲ့ ဆောင်းဦးကို အိပ်မက်မက်နေတာပဲ… ကျွန်တော်သာ ခင်ဗျားဆိုရင် ထူးချွန်ရုပ်ချောတဲ့ စီးဝောာ်ယာဉ်တွေကို ရှာနေမှာမဟုတ်ဘူး… အဲ့ဒီအစား ကပ်ဘေးကို ရှောင်ဖို့ မဟာမိတ်တွေ ရှာနေမှာပဲ… ဒါပေမဲ့ ခင်ဗျားက တုံးအလွန်းပြီး အဓိပ္ပာယ်မရှိတာတွေကို ခေါင်းမာမာနဲ့ လုပ်နေသေးတယ်…. ကမ္ဘာဦးခေတ်က နတ်ဘုရင်သုံးပါးရဲ့ ခေါင်းဆောင်အနေနဲ့ ခင်ဗျားရဲ့ ဉာဏ်ပညာတွေ မြောင်းထဲ ရောက်သွားပြီလား…”
“ဒါက ခင်ဗျားရဲ့ ပထမဆုံး တိုက်ခိုက်မှုဆိုတော့ ရှင်းပြဖို့ အခွင့်အရေးပေးမယ်”
လုံရှောင်သည် ခပ်အေးအေးပင် တုံ့ပြန်၏။ “ငါက ကပ်ဘေးကြီး ကြုံနေရတယ်လို့ မင်း ပြောတယ်နော်… ငါ့ကပ်ဘေးက ဘယ်မှာလဲ..”
ချင်မူက အနည်းငယ် ပြုံးလိုက်သည်။ “ခင်ဗျား ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို သိမ်းပိုက်ထားတာနိုင်တာ ခင်ဗျားတစ်ယောက်တည်း သန်မာနေလို့ပဲ… ဒါပေမဲ့ ဘိုးဘေးနန်းတော်ထဲမှာ ဟင်းလင်းပြင်သားရဲတွေက မျိုးသုဉ်းသွားပြီ… အပြင်လောကအတွက် အန္တရာယ်မရှိတော့ဘူး… ဒါကြောင့် ကောင်းကင်နတ်အရှင်ဆယ်ပါးက ဘိုးဘေးနန်းတော်ချိပ်တံဆိပ်ကို ဖွင့်ကြလိမ့်မယ်… ဘိုးဘေးနန်းတော်က ကောင်းကင်နတ်အရှင်ဆယ်ပါး ဝင်ထွက်သွားလာနိုင်တဲ့ နေရာတစ်နေရာ ဖြစ်လာတော့မှာ… ဘိုးဘေးနန်းတော်ရဲ့ ချိတ်တံဆိပ်ပွင့်သွားရင် ငြိမ်းချမ်းမှုက တည်မြဲနေမယ် ထင်လို့လား…”
လုံရှောင်၏ နဂါးမျက်လုံးများသည် မှေးကျဉ်းသွားပြီး သူက ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးလား… ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုတာ မျိူးဆက်သစ် လူငယ်တွေသက်သက်ပဲ”
ချင်မူက နှာခေါင်းရှုံ့လိုက်သည်။ “မျိုးဆက်သစ် လူငယ်တွေတဲ့လား… ခင်ဗျား ဘ၀င်မြင့်လွန်းနေတာ မဟုတ်ဘူးလား… သူတို့ထဲက တစ်ယောက်က မဟာဧကရာဇ်နော်… ခင်ဗျား သူ့ကို ယှဉ်နိုင်လို့လား”
လုံရှောင် အနည်းငယ် မျက်နှာပျက်သွားသည်။
“ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်က ထိုက်ချူပဲ… သူ့ကိုရော ယှဉ်နိုင်လား”
ချင်မူက ဆက်ပြောသည်။ “ထိုက်ချူနဲ့ မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အဖွဲ့ဝင်တွေပဲ… အမိကမ္ဘာမြေတောင် ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်လာဖို့ အဆင့်မမှီဘူး…. ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အတိုက်အခိုက်စွမ်းရည် ဘယ်လောက်တောင် ပြင်းထန်သလဲ ခင်ဗျား မှန်းဆကြည့်ဖူးလား… ခင်ဗျား အခုနေတော့ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို အုပ်ချုပ်နိုင်နေပေမယ့် ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ် ပွင့်သွားခဲ့ရင် ခင်ဗျားက အဖမ်းခံရင် ခံရ၊ မခံရရင် စားသောက်ဖို့ သတ်ဖြတ်ခံရမှာပဲ..”
သူက မှင်သေသေ ပြောသည်။ “လုံရှောင် ခင်ဗျား ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အုပ်ချုပ်တာခံရပြီး ခင်ဗျားရဲ့မျိုးဆက်တွေ အစားမခံရစေချင်ရင် ပူးပေါင်းမယ့် မဟာမိတ်တစ်ယောက် လိုတယ်… အဲ့ဒီလူက ကျွန်တော်ပဲ”
သူက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။ “ခင်ဗျား ရှာနေတဲ့ မဟာမိတ်က အနာဂတ်အတွက် မျှော်လင့်ချက်ပဲ… ကျွန်တော်ရဲ့ မဟာမိတ်တွေမှာ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ရှေးဟောင်းနတ်ဘုရားတွေ၊ ကောင်းကင်နတ်အရှင်တွေအပြင် မဟာလေဟာနယ်က ဖန်ဆင်းရှင်တွေလည်း ပါတယ်”
သူသည် အင်္ကျီလက်စကို ခါ၍ ဟင်းလင်းပြင်ဆီသို့ ရိုက်ချလိုက်ရာ ဟင်းလင်းပြင်မှာ တုန်ခါသွား၏။ “ကျွန်တော့်အနောက်မှာ ခင်ဗျားရဲ့ သားရဲလောကထက် အင်အားကြီးတဲ့ အင်ပါယာတစ်ခုရှိတယ်…. ကျွန်တော့်မှာ စစ်သည်တော်တစ်သန်းကျော်ရှိတဲ့ စစ်အင်အားလည်း ရှိတယ်…. ကျွန်တော့်ရဲ့ စစ်သင်္ဘောတွေက ကောင်းကင်မှာ အပြည့်နေရာယူနိုင်တဲ့အပြင် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှာ နေရောင်တောင် မမြင်စေနိုင်တဲ့အထိ များတယ်… ကျွန်တော့်စစ်သည်တော်တွေက နတ်လက်နက်တွေ သုံးပြီး အသိစိတ်အလျဉ်တွေနဲ့ မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံတွေကို ရိုက်ခွဲပစ်နိုင်တယ်…”
သူက လက်ဆန့်တန်းလိုက်သည်။ “ကျွန်တော်နဲ့ ပူးပေါင်းပြီး မဟာမိတ် ဖြစ်လာပါ… အနာဂတ်မှာ ခင်ဗျား အသက်ရှင်နိုင်လိမ့်မယ်”
လုံရှောင်၏ ဦးခေါင်းကိုးလုံးသည် မျက်လုံးများ မှေးကျဉ်းလျက် သူ့အား အကဲခတ်နေ၏။ ချင်မူ့ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူက မှင်သေသေ ဆက်ပြောသည်။ “ကျွန်တော် အခွင့်အရေးပေးပြီးပြီ… ခင်ဗျား ဆုပ်ကိုင်သင့်တယ်”
လုံရှောင်က တီးတိုးရေရွတ်နေပြီး သူ၏ ဦးခေါင်းကိုးလုံးက ချင်မူ့အား လှည့်ပတ်နေသည်။ သူက ရုတ်တရက် ပြုံးလျက် ပြော၏။ “အားလုံးက အပြောပဲ ရှိတာ… သက်သေမရှိဘူး… မင်း ဒီလောက်ခွန်အားကြီးရင် ငါ့စီးတော်ယာဉ်ဖြစ်လာတဲ့အခါကျ မင်းပိုင်တဲ့ အင်အားက ငါ့အပိုင် ဖြစ်လာမှာပဲလေ…”
သူ၏ ဦးခေါင်းကိုးလုံး၏ အသိစိတ်အလျဉ်တို့သည် ပေါက်ကွဲထွက်လာပြီး ချင်မူ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်သွားတော့၏။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ် အက်ကွဲပျက်စီးသွားသော်လည်း ချင်မူ၏ အသိစိတ်အလျဉ်ကတော့ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားလေပြီ။