← Chapters

မောက်မာလိုက်၊ ရိုသေလိုက်

Vol. 104 Ch. 1363

မောက်မာလိုက်၊ ရိုသေလိုက်

Vol. 104 Ch. 1363

ဘိုးဘေးနန်းတော်ထဲတွင်

သစ်နက်တောင်တန်း၏ ယဇ်ပလ္လင်ပေါ်၌ ချင်မူ၏ အသိစိတ်အလျဉ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်၀င်ရောက်လာပြီး သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် မျက်လုံးများ ဖွင့်လိုက်၏။

သူ ပြန်ရောက်လာသည်ကို မြင်လျှင် ဝေစွေ့ဖုန်း၊ အဘွားစစ်နှင့် ကျန်သူများမှာ စိတ်အေးသွားကြသည်။

ဖြန်း…

အဘွားစစ်က သူ၏တင်ပါးကို ဖြန်းခနဲ ရိုက်ချလိုက်၏။

ချင်မူမှာ တင်ပါးကို ပွတ်ရင်း ကြောင်နေမိသော်လည်း စိတ်ထဲမထားပေ။ ‘လုံရှောင်က သန်မာသလို ခေါင်းလည်းမာတော့ ရှုကျွင်း၊ လန်ယွီတျန်းနဲ့ တခြားသူတွေကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး…. ကြည့်ရတာ ငါကိုယ်တိုင် ဘိုးဘေးနန်းတော်အနောက်ဘက် သွားပြီးတော့ ကယ်ရမယ့်ပုံပဲ’

သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ လုံရှောင်‌သည် ပြောပြမရနိုင်အောင် သန်မာသော်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးအဆင့်ထိတော့ မရောက်သေးပေ။ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ယှဉ်လျှင် များစွာနိမ့်ကျနေသေးသည်။

ထိုမျှသာမက ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကား ကြွယ်ဝချမ်းသာလွန်းသဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် သေချာပေါက် လိုချင်ကြလိမ့်မည်။

ချင်မူ တင်ပါးအရိုက်ခံလိုက်ရမှန်း မြင်သောအခါ ဝေစွေ့ဖုန်း၊ နဂါးချီလင်နှင့် မင်းသားယိုမင်းတို့ ဝမ်းသာအားရသွားကြသည်။ သို့သော် ပထမလူသားဧကရာဇ်၊ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူများ၏ ဘေးကင်းလုံခြုံရေးကိုတော့ စိုးရိမ်နေကြသေး၏။

“စိတ်မပူကြပါနဲ့၊ သူတို့ အသက်ရှင်နေပါသေးတယ်…. လုံရှောင်က သူတို့ကို မသတ်ဘဲ ဖမ်းထားတယ်… သူတို့ကို ထိန်းချုပ်ပြီး သူ့ရဲ့စီးတော်ယာဉ်တွေ ဖြစ်လာစေချင်တာ…ဒီကိစ္စက အတော်လေး အပြောင်းအလဲ ဖြစ်သွားနိုင်တယ်…. ဘာလို့လဲဆိုတော့ ရှုကျွင်းက မဟာဧကရာဇ်ရဲ့ ဦးခေါင်းကို ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းဆီ ယူသွားလို့ပဲ…”

ချင်မူ လက်ကို ဝှေ့ရမ်းလိုက်ရာ ယဇ်ပလ္လင်ကိုးခုက လွင့်ပြယ်သွားပြီး သူ့စိတ်ထဲ ပြန်၀င်လာသည်။ “လုံရှောင်က ရှုကျွင်းနဲ့ တခြားသူတွေကို ဘာမဆို လုပ်လို့ရပေမယ့် မဟာဧကရာဇ်ကိုရော လုပ်လို့ရလား” သူက တည်ကြည်လေးနက်စွာ မေးသည်။ “ရှုကျွင်းက မဟာဧကရာဇ်ရဲ့ဦးခေါင်းကို ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းဆီ ယူသွားတာဆိုတော့ မဟာဧကရာဇ်လည်း ဘိုးဘေးနန်း‌တော်အနောက်ဘက်ခြမ်းရဲ့ ကြွယ်ဝချမ်းသာမှုအပြင် ကမ္ဘာဦးသားရဲကြီးတွေရဲ့ အင်အားကိုလည်း သိသွားမှာပဲ”

“မဟာဧကရာဇ်ရဲ့ ဦးခေါင်းလား” အားလုံးမှာ ကြောင်အသွားကြသည်။ မဟာဧကရာဇ်ဦးခေါင်းကြီးသည် ရှုကျွင်းလက်ထဲသို့ ဘယ်အချိန်တုန်းက ရောက်သွားခဲ့မှန်း သူတို့မသိကြချေ။

ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ “မဟာဧကရာဇ်ရဲ့ ဦးခေါင်းက ကောင်းကင်နတ်အရှင်ဟောင် လက်ထဲမှာမလား…. ကောင်းကင်နတ်အရှင်ဟောင်က မဟာဧကရာဇ်ရဲ့ ဦးခေါင်းကို ရတနာအဖြစ် သန့်စင်ပြီး ကမ္ဘာဦးဘုံကို‌ ခြောက်လှန့်ပြီးပြီလေ”

“အခုခေါင်းက ဖမ်းဆီးပြီး ဖိနှိပ်ထားတဲ့ နောက်ထပ်ခေါင်းတစ်လုံးပဲ”

ချင်မူက ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်လက်ထဲက ဦးခေါင်းကတော့ အင်အားအကြီးဆုံးပေါ့ … ကျွန်တော် ဖိနှိပ်ခဲ့တာက မဟာဧကရာဇ် ပြန်ဖန်ဆင်းထားတဲ့ ရုပ်ခန္ဓာ… မသန်မာပေမယ့် လုံရှောင်ကတော့ သိနိုင်မှာမဟုတ်ဘူး”

သူသည် နတ်အရှင်မချန်း သိမ်းပိုက်ထားသည့် ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ရှိရာသို့ လှမ်းကြည့်လိုက်၏။

နတ်အရှင်မချန်းကား မဟာဧကရာဇ်ပင် မဟုတ်လော။ သူ၏ခန္ဓာကိုယ်အစစ်အမှန်မှာ သိပ်မကျန်ခဲ့သည့်အပြင် လက်တစ်ဖက်က အမိကမ္ဘာမြေလက်ထဲ ရောက်သွား၍ ဦးခေါင်းကမူ ကောင်းကင်နတ်အရှင်ဟောင်လက်ထဲ ရောက်သွားသော်လည်း နတ်အရှင်မချန်းတွင် အကန့်အသတ်မဲ့သော စွမ်းအားတို့ ပိုင်ဆိုင်ထားသေးသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့် နတ်အရှင်မချန်းသည် သေချာပေါက် ငြိမ်ခံလိမ့်မည် မဟုတ်ချေ။

‘နတ်အရှင်မချန်းက ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို ပထမဆုံး စဖျက်စီးပြီး ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို ပေါ်လာစေမှာတော့ မဟုတ်ဘူး…. အဲ့တာဆိုရင် သူ ဘိုးဘေးနန်းတော့အနောက်ဘက်ခြမ်းရဲ့ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်နိုင်မှာ မဟုတ်တော့ဘူးလေ… သူ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို လက်ဝါးကြီးအုပ်နိုင်ဖို့ အရိုးအရှင်းဆုံး နည်းလမ်းက လုံရှောင်ကို အနိုင်ယူဖို့ပဲ”

ချင်မူ့မျက်လုံးများ မှေးကျဉ်းသွားသည်။ နတ်အရှင်မချန်းသည် ဘိုးဘေးနန်းတော်သို့ ရောက်ရှိနေပြီးဖြစ်ရမည်။

'သူ ဘိုးဘေးနန်းတော်အနောက်ဘက်ဆီ သွားချင်ရင် နည်းလမ်းနှစ်နည်း ရှိတယ်… တစ်နည်းက ငါ့ကို လာရှာဖို့ပဲ…. နောက်တစ်နည်းက အမိကမ္ဘာမြေကို ရှာဖို့… အမိကမ္ဘာမြေက ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းတွေမှာ ကျွမ်းကျင်တော့ ပြောင်းပြန်ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို အဖြေထုတ်နိုင်တယ်… အဲ့ဒီကနေ သူ ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို မဖျက်ဆီးဘဲ ဘိုးဘေးနန်းတော်အနောက်ဘက်ဆီ သွားနိုင်လိမ့်မယ်”

ချင်မူက ရေရွတ်လိုက်သည်။ “နည်းနည်းတော့ ခက်လိမ့်မှာပေါ့… ပြောရရင် အမိကမ္ဘာမြေက ငါ့လောက် ဉာဏ်မကောင်းဘူးလေ”

“ဒါကြောင့် ငါ့ကို လာရှာတာက အလွယ်ကူဆုံး နည်းလမ်းပဲ”

ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦး၏ အသံသည် သစ်နက်တောင်တန်းအပြင်ဘက်မှ ထွက်ပေါ်လာ၏။ “ကောင်းကင်နတ်အရှင်မူ၊ နတ်အရှင်မချန်း ကောင်းကင်နတ်အရှင်မူဆီ လာလည်ပါတယ်”

“မဟာဧကရာဇ် ရောက်လာပြီပဲ”

ချင်မူက တဟားဟား ရယ်လိုက်ရင်း ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။ “နတ်အရှင်မက အဝေးကြီးကနေ ကျွန်တော်တို့ တောင်တန်းဆီ ရောက်လာတာပါလား… အားလုံးပဲ အရှင်မရဲ့ ရထားလှည်းကို ကြိုဆိုဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြပါ”

ဝေစွေ့ဖုန်း၊ မင်းသားယိုမင်းနှင့် ကျန်သူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မဟာဧကရာဇ်ကို ရင်ဆိုင်တွေ့ဆုံရမည်ဖြစ်သဖြင့် အနည်းငယ် စိုးရိမ်ပူပန်နေကြမိသည်။

ချင်မူ့အင်္ကျီလက်စများက လေထဲတွင် မြောလွင့်နေ၏။ သူက အားလုံးကို ဦးဆောင်၍ တခမ်းတနား ကြိုဆိုလေသည်။ နတ်အရှင်မချန်း၏ ရထားလှည်း ရောက်ရှိလာသော်လည်း ၎င်းကို ဇာမဏီငှက်တစ်ကောင်က ဆွဲယူလာခြင်းမဟုတ်ပေ။ ထိုအစား ဘိုးဘေးနန်းတော်၏ အံ့မခန်းလိလိ သားရဲကြီးတစ်ကောင်က ဆွဲယူလာသဖြင့် ၎င်း၏အမြန်နှုန်းမှာ အလွန်တရာမြန်ဆန်လှသည်။

ရထားလှည်းက ရပ်တန့်သွားပြီး နန်းတွင်းသူများက ကန့်လန့်ကာများကို ဖွင့်ဟလိုက်ကြသည်။ နတ်အရှင်မချန်းက ခေါင်းက‌လေးငုံ့လျက် ရထားလှည်းထဲမှ ထွက်လာသည်။ သူမက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည့်အခါ ချောမောလှပသော သူမ၏ မျက်နှာနှင့် ညှို့ဓာတ်သည် သက်ရှိသတ္တဝါမှန်သမျှအား ‌မိန်းမောသွားစေနိုင်၏။ ချင်မူက အားလုံးကို ဦးဆောင်၍ ရထားလှည်း၏ ဘေးတစ်ဖက်တစ်ချက်စီ၌ တရိုတသေ ရပ်နေကြစေသည်။

သူမ၏ မျက်၀န်းလှလှလေးများက ပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီးသော် သူမက တခစ်ခစ် ရယ်လေသည်။ “ဘာလို့ ကောင်းကင်နတ်အရှင်မူက ဒီလောက် ရိုကျိုးနေရတာလဲ”

ချင်မူက ခေါင်းမော့၍ ပြုံးလိုက်သည်။ “ကျွန်တော် ရိုကျိုးတာ မဟုတ်ရပါဘူး… နတ်အရှင်မက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ချစ်လှစွာသော မိဖုရားလေ… ကျွန်တော်က ကောင်းကင်နတ်အရှင် ဆိုပေမယ့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ လက်အောက်မှာပဲ ရှိနေသေးတော့ မလေးမစား မလုပ်ဝံ့ပါဘူး”

နတ်အရှင်မချန်းက ပြုံး၏။ “အရင်တုန်းက မောက်မာခဲ့တုန်းကတော့ ဒီလိုမျိုး ပြောခဲ့တာ မဟုတ်ပါဘူးနော်”

ချင်မူက လက်ဆန့်တန်း၍ သူမကို ဖိတ်ခေါ်လိုက်သော်လည်း နတ်အရှင်မချန်းသည် သစ်နက်တောင်တန်းထဲသို့ ဝင်ရောက်လိုစိတ်မရှိပေ။ သူမက ခေါင်းရမ်း၍ပြော၏။ “နင့်နေရာက ထူးဆန်းလွန်းတယ်… ငါ မဝင်ချင်ဘူး… အပြင်မှာပဲ စကားပြောကြစို့”

ချင်မူ့ရင်မှာ အနည်းငယ် လှုပ်ခတ်ခဲ့သည်။ နတ်အရှင်မချန်း ဟင်းလင်းပြင်သားရဲတို့အား စုစည်း၍ သစ်နက်တောင်တန်းအား တိုက်ခိုက်ခဲ့စဉ်က ချင်မူသည် တစ်ကောင်မကျန် သတ်ဖြတ်ပစ်ခဲ့၏။ ဟင်းလင်းပြင်သားရဲထက်၀က်ကျော် သေဆုံးခဲ့ကာ အကျအရှုံးများခဲ့ကြသည်။

သို့သော် နတ်အရှင်မချန်းသည် ထိုကိစ္စကြောင့် သစ်နက်တောင်တန်းအပေါ် ခြေမချလိုခြင်း ဖြစ်မည်မဟုတ်ပေ။ သူမက မဟာဧကရာဇ်ဖြစ်သည့်အတွက် ဟင်းလင်းပြင်သားရဲများမှာ သူမအတွက် အသုံးချခံများသာ မဟုတ်လော။

‘ကမ္ဘာဦးခေတ်တုန်းက မဟာဧကရာဇ်လည်း ဒီနေရာရဲ့ ထူးဆန်းမှုကို သိခဲ့တာဖြစ်မယ်… ဒါကြောင့် မဝင်ရဲတာ နေမှာ' သူက စိတ်ထဲမှ တွေးနေသည်။

နတ်အရှင်မချန်းက တည့်တိုးပင် မေးမြန်းလိုက်၏။ “ငါ ဘိုးဘေးနန်းတော်အနောက်ဘက်ဆီ သွားချင်တယ်….. ကောင်းကင်နတ်အရှင်မူ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးမလား”

ချင်မူက ပြုံးလိုက်သည်။ “နတ်အရှင်မရဲ့ တောင်းဆိုချက်ကို ဘယ်လိုလုပ် ငြင်းဝံ့ပါ့မလဲဗျာ… ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ အကျိုးအမြတ်တွေက များပြားလွန်းလို့ အရှင်မ တစ်ခါတည်းနဲ့ မသိမ်းပိုက်နိုင်မှာပဲ စိုးရိမ်မိပါတယ်”

“အဲ့ဒါကို နင် စိုးရိမ်စရာ မလိုပါဘူး”

နတ်အရှင်မချန်းက မှင်သေသေ ပြော၏။ “ရိုးရိုးသားသား ပြောရရင် နတ်ဧကရာဇ်လန်ရွှမ်က ဘိုးဘေးနန်းတော်ဆီ ရောက်လာပြီး အဲ့ဒီငတုံး အမိကမ္ဘာမြေကို ဖမ်းထားပြီးပြီ… သူ့ရည်ရွယ်ချက်က အမိကမ္ဘာမြေကို သုံးပြီး နင့်ရဲ့ ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ပြောင်းပြန်လှန်ဖို့ပဲ…. သူ့ဉာဏ်ရည်နဲ့ဆို အဖြေထုတ်ဖို့ ခက်မှာမဟုတ်ဘူး…. သူ့ပန်းတိုင်ကလည်း လုံရှောင်ပဲ… ဒါ့အပြင် ငါ့ချစ်ဇနီးကုန်းယွင်နဲ့ ထိုက်ချူရဲ့ သားမလို့ သူ့အသိစိတ်အလျဉ် အောင်မြင်မှုတွေကလည်း အတော်လေး မြင့်မားတယ်… သူသာ လုံရှောင်ကို ဖမ်းလိုက်ရင် မင်း အန္တရာယ်ရှိတယ်”

ချင်မူမှာ အံ့ဩမှင်သက်သွားတော့သည်။

နတ်ဧကရာဇ်လန်ရွှမ်သည် ဘိုးဘေးနန်းတော်သို့ ရောက်လာ၍ အမိကမ္ဘာမြေကို ဖမ်းဆီးပြီးပြီတဲ့လော။

ဤက ကိစ္စကြီးတစ်ရပ်ပင်။

နတ်ဧကရာဇ်လန်ရွှမ် လုံရှောင်ကို ဖမ်းဆီးနိုင်သည်ဟူသည့် စကားကိုတော့ သဘောမတူပေ။ နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်သည် လုံရှောင်နှင့် မနှိုင်းယှဉ်နိုင်သဖြင့် လုံရှောင်ကို ဖမ်းဆီးရန် လွယ်ကူလိမ့်မည်မဟုတ်။ သို့သော် နတ်ဧကရာဇ်လန်ရွှမ်၏ စွမ်းဆောင်နိုင်ရည်တို့ကတော့ အမှန်တကယ် မှန်းဆမရအောင် အင်အားကြီးမားသည်။

သူသာ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အဖြေထုတ်နိုင်ပြီး ဘိုးဘေးနန်းတော် အနောက်ဘက်ခြမ်းသို့ ၀င်ရောက်နိုင်ပါက အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။ အသိစိတ်အလျဉ်ကို သုံး၍ လုံရှောင်အား မဖမ်းချုပ်နိုင်သော်လည်း လုံရှောင်ကို အပြင်းအထန် ဒဏ်ရာရစေခြင်းဖြင့် နှိမ်နင်းသိမ်းပိုက်နိုင်ချေသည်။

လန်ရွှမ်နှင့် ချင်မူတို့အကြားရှိ ဆက်ဆံရေးမှာ အင်မတန် ဆိုးရွားလှသည်။ ချင်မူသည် လန်ရွှမ်‌နတ်နန်းတော်ကို နှစ်ကြိမ်၊ သုံးကြိမ် ကျူးကျော်၍ သူ၏ တပည့်များစွာကို သတ်ဖြတ်ဖူးခဲ့သည် မဟုတ်ပါလော။

လန်ရွှမ်သာ တစ်လောကလုံးတွင် ခွန်အားအကြီးဆုံး လုံရှောင်ကို သိမ်းပိုက်နိုင်ပါက ချင်မူ့အနေဖြင့် ဇာတ်သိမ်းလှမည်မဟုတ်ချေ။

“ငါသာ လုံရှောင်ကို ရမယ်ဆိုရင် နင့်မိတ်ဆွေလေးတွေလည်း အသက်ရှင်နိုင်လိမ့်မယ်”

နတ်အရှင်မချန်းက တောက်ပစွာ ပြုံးလျက် မေး၏။ “ကောင်းကင်နတ်အရှင်မူ၊ ဘယ်လိုထင်လဲ”

ချင်မူက တခဏ စဉ်းစားနေပြီးနောက် ‌ခေါင်းမော့လိုက်သည်။ “ကောင်းပါပြီ… အရှင်မ ကျွန်တော့်ကို ပြင်ဆင်ခွင့်ပေးပါ”

“နင်က ငါ အထင်ကြီးအောင် ‌ကောင်းကင်နတ်အရှင်ကုန်းကို အသိပေးချင်တာလား” နတ်အရှင်မချန်းက မှင်သေသေ မေးသည်။

ချင်မူ့မျက်လုံးထောင့်များ တဆတ်ဆတ် တုန်သွားသည်။ သူသည် မြေခွေးအား ဝါးမြိုဖို့ ကျားအား စေလွှတ်ပြီး ကောင်းကင်နတ်အရှင်ကုန်းကိုပါ ဆွဲထည့်ရန် ကြံစည်ခဲ့၏။

“နင် မသေချင်ရင် ဒီအကြံကို လက်လျှော့လိုက်တာ ကောင်းမယ်နော်” နတ်အရှင်မချန်းက ခပ်ရေးရေးပြုံးလျက် သတိပေးသည်။

ချင်မူက မီးအိမ်တစ်လုံး ထုတ်၍ အဘွားစစ်အား ပေးလိုက်ရင်း တဟားဟား ရယ်၏။ “ကျွန်တော် တကယ်ပဲ ကောင်းကင်နတ်အရှင်ကုန်းကို အသိပေးချင်ခဲ့တာ… ကောင်းကင်နတ်အရှင်ကုန်းက အရှင်မရဲ့ မဟာရန်သူတော်မလား….. သိသွားတာတော့ နှမြောစရာပဲဗျာ…. ကဲပါ… ထားလိုက်ပါတော့… အရှင်မ၊ သွားကြတော့မလား”

နတ်အရှင်မချန်းက ခပ်ဟဟ ရယ်သည်။ “ကောင်းကင်နတ်အရှင်မူက တကယ်ကို အံ့ဩစရာလူပဲ… ချက်ချင်းကို မျက်နှာပြောင်းသွားတာ… ကဲ သွားကြစို့”

ချင်မူက ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး နှစ်ယောက်သား ယဇ်ပလ္လင်ပေါ်တွင် ရပ်နေကြသည်။ ချင်မူက နဂါးချီလင်ကို တစ်ချက်ကြည့်ပြီးနောက် သူ့ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ကာ နှစ်ယောက်လုံး ပျောက်ကွယ်သွားကြသည်။

အားလုံး မျက်မှောင်ကြုတ်သွားကြပြီး ဘာလုပ်ရမည်လဲ မသိကြချေ။

အဘွားစစ်က ပြော၏။ “ငါ ကောင်းကင်နတ်ဘုံဆီ သွားပြီး ကောင်းကင်နတ်အရှင်ကုန်းကို သွားခေါ်မယ်… ဖက်တီးနဂါး၊ ယဇ်ပလ္လင်ကို ပြောင်းပြန်ဆင့်ခေါ်ဖို့ အသင့်ပြင်ထားပြီး ငါနဲ့ ကောင်းကင်နတ်အရှင်ကုန်းကို စောင့်နေ… ငါတို့ကို ဘိုးဘေးနန်းတော်အနောက်ဘက်ဆီ ပို့ပေး”

All Chapters