← Chapters

တစ်ယောက်ကို တစ်ယောက် ပြန်သတ်နေသော သားအမိ

Vol. 104 Ch. 1365

တစ်ယောက်ကို တစ်ယောက် ပြန်သတ်နေသော သားအမိ

Vol. 104 Ch. 1365

လုံရှောင်မှာ သူ၏အသိစိတ်အလျဉ်ကို မနည်းထိန်းချုပ်နေရသည်။ ဦးခေါင်းကိုးလုံး သုံး၍ အသိစိတ်အလျဉ်မှ ဖွဲ့တည်လာသော ဆင့်ခေါ်ခြင်းသိုင်းကွက်ကို ချိုးဖျက်ရန် ကြိုးစားသော်လည်း အမျိုးသမီးတစ်ယောက်၏ အသွင်သဏ္ဍာန်က အခြားကမ္ဘာတစ်ခုမှ ဆင်းသက်လာသည်။

ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးက သူ၏ ဦးခေါင်းကိုးလုံးကို ဖိချလိုက်သောကြောင့် သူ့မှာ အရှက်ခွဲခံရသလို ခံစားလိုက်ရသည်။

ဤပိန်သွယ်သွယ် အမျိုးသမီးအား မရင်းနှီးသော်လည်း အသိစိတ်အလျဉ်ကိုတော့ ရင်းနှီးနေသည်။

၎င်းက ကမ္ဘာဦးနတ်ဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်သည့် နတ်ဘုရင်ကုန်းယွင်၏ အသိစိတ်အလျဉ် ဖြစ်၏။

နတ်ဘုရင်ကုန်းယွင် ဆင်းသက်လာချေပြီ။

“နတ်ဘုရင်သုံးပါးထဲမှာ ငါက ခေါင်းဆောင်ပဲ… မဟာဧကရာဇ်လောက်တော့ အစွမ်းမထက်ပေမယ့် သိပ်မကွာဘူး… ကုန်းယွင်နဲ့ ရှုကျွင်းက ငါ့ခြေဖျားလောက်ပဲ ရှိတာ”

လုံရှောင်မှာ ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ် ကျူးကျော်လာမှုကို အတတ်နိုင်ဆုံး ကာကွယ်နေသည်။ ကောင်းကင်နတ်အရှင်ကုန်းက သူ၏ အသိစိတ်အလျဉ်ကို ကျူးကျော်ချိုးနှိမ်လျက် ဆင်းသက်လာလေရာ သူ့အား သိက္ခာကျစေ၏။

“အခု ရှုကျွင်းက အားနည်းတဲ့ ကောင်စုတ်လေးသာသာပဲ ရှိတယ် ... ကုန်းယွင်ကတော့ အစွမ်းထက်တယ်... ငါ့ထက်တောင် အစွမ်းထက်နေသေးတယ်”

ကံကောင်းစွာဖြင့် နတ်ဘုရင်ကုန်းယွင်သည် သူ့ကို အချိန်အတွင်း အနိုင်မယူနိုင်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်း လက်လျှော့လိုက်၏။သူမက ကြာပွတ်ရှည်ကြီးတစ်လက် ထုတ်၍ နတ်ဧကရာဇ်လန်ရွှမ်အား တိုက်ခိုက်နေသည့် နတ်အရှင်မချန်းအား လှမ်းရစ်ပတ်လိုက်သည်။

နတ်အရှင်မချန်းမှာ ကောင်းကင်နတ်အရှင်နှစ်ပါး ညှပ်၍ တိုက်ခိုက်နေသည်အား ခံနေရတော့သည်။ သူမသည် ကောင်းကင်နတ်အရှင်ကုန်း၏ ကြာပွတ်ဖြင့် ချုပ်နှောင်ခံလိုက်ရသည့်အခါ မည်သူ ရောက်နေမှန်း ကောင်းကောင်းသိလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိ၏။ “ကောင်းကင်နတ်အရှင်မူ ငါ့ကို အကောက်ကြံပြန်ပြီ”

နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်က လက်ညှိုးကို ဆန့်တန်း၍ သူမ၏ နဖူးဆီသို့ တိုက်ခိုက်လိုက်ကာ တဖောက်ဖောက် ထိုးဖောက်သွားသည်။ ဤလက်ညှိုးမှာ ချွန်ထက်လွန်းပြီး သူမအနောက်ရှိ ကောင်းကင်နန်းဆောင်အလွှာများအား ဖောက်ထွက်ကာ ‌ကောင်းကင်နတ်ဘုံတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေသည်။

ကောင်းကင်နတ်အရှင်မကုန်းက ကြာပွတ်ကို ခါလျက် နတ်အရှင်မချန်းအား ဆွဲလိုက်ပြီး နတ်အရှင်မချန်း၏ ကျောအပေါ်သို့ လက်ဖဝါးတင်လိုက်၏။

နတ်အရှင်မချန်း၏နဖူးတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ပေါက်နေပြီး အပေါက်ကြီးက အရှေ့မှ အနောက်အထိ ထွန်းလင်းတောက်ပနေသည်။ ကျောပေါ်သို့ ထပ်မံ ရိုက်ချခံလိုက်ရသည့်အခါ သူမပါးစပ်မှ သွေးများ ပန်းထွက်လာ၏။ သူ၏ အသက်ရှူနှုန်းမှာ သိသိသာသာ လျော့ကျသွားသည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ အရေးနိမ့်နေခဲ့ပြီး နတ်အရှင်မချန်းကို အနိုင်မယူနိုင်ခဲ့ပေ။ ကောင်းကင်နတ်အရှင်ကုန်း၏ အကူအညီကြောင့် သူ၏ နတ်စွမ်းအားမှာ တခမ်းတနား ထွက်ပေါ်လာသည်။ သူက လျှပ်တပြက် ပျံသန်းသွားပြီး အသိစိတ်အလျဉ်နှင့်အတူ နတ်အရှင်မချန်း၏ ဦးနှောက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ကောင်းကင်နတ်အရှင်ကုန်းက သူမ၏ လက်ချောင်းဆယ်ချောင်းကို ဝှေ့ရမ်းလိုက်ပြီး နတ်အရှင်မချန်း၏ ကောင်းကင်နတ်ဘုံဆီသို့ ညွှန်ပြလိုက်၏။ သူမသည် နတ်ဧကရာဇ်လန်ရွှမ် သတ်နိုင်ရန်အတွက် နတ်အရှင်မချန်း၏ ကောင်းကင်ဘုံကို ဖျက်ဆီးပစ်ချင်နေလေသည်။

ဖောက်…

ထိုစဉ် ‌နတ်ဧကရာဇ်လန်ရွှမ်က သူ၏ လက်ညှိုးကို ဆန့်တန်းလိုက်ရာ လက်ညှိုးသည် ကောင်းကင်နတ်အရှင်ကုန်း၏ နဖူးကို ဖောက်ထွက်သွား၏။

ကောင်းကင်နတ်အရှင်ကုန်း၏ နောက်စေ့မှာ ပေါက်ကွဲသွားတော့သည်။ ကောင်းကင်နတ်ဘုံထဲရှိ သူမ၏ မူလဝိညာဉ်ပင်လျှင် ထိခိုက်ဒဏ်ရာရသွားလေသည်။ လက်ညှိုးက သူမမူလဝိညာဉ်၏ ဦးခေါင်းကို ဖောက်ထွက်သွားခဲ့၏။

“ရွှမ်အာ…”

‌ကောင်းကင်နတ်အရှင်ကုန်း၏ မျက်ဝန်းများမှာ ငေးကြောင်ကြောင် ဖြစ်သွားသည်။ သူမက နတ်ဧကရာဇ်လန်ရွှမ်အား မယုံနိုင်စွာ ကြည့်လိုက်သည်။

နတ်ဧကရာဇ်လန်ရွှမ်က မှင်သေသေ မျက်နှာအမူအရာဖြင့် သူနှင့် နတ်အရှင်မချန်းအား ဆက်လက် သတ်ဖြတ်တိုက်ခိုက်နေသည်။ “မယ်တော်၊ ဖန်ဆင်းရှင်တွေခေတ်က ကုန်သွားခဲ့ပြီ… ခမည်းတော်က မယ်တော့်ကို မြုပ်နှံခဲ့ပြီးသားလေ… ဘာလို့ အသက်ပြန်ရှင်လာပြီး ဒီအရှုပ်တော်ပုံတွေထဲမှာ ၀င်ပါရတာလဲ… ဒီခေတ်က ကျွန်တော့်ခေတ်ပဲ… မယ်တော်တို့ခေတ် မဟုတ်ဘူး”

“ထင်ထားတဲ့အတိုင်း သစ္စာဖောက်တွေရဲ့ ကလေးဆိုရင် ကိုယ့်ကလေးကိုယ်တောင် ယုံလို့မရဘူးပဲ…”

ကောင်းကင်နတ်အရှင်ကုန်းက ခါးသက်သက် ရယ်လိုက်ရင်း သူမ၏အသိစိတ်အလျဉ်ကို ထုတ်လွှတ်ကာ နတ်ဧကရာဇ်လန်ရွှမ်၏ ဒုတိယတိုက်ကွက်ကို ဟန့်တားလိုက်သည်။ တစ်ချိန်တည်းမှာပင် နတ်အရှင်မချန်းက မာန်သွင်း‌ဟိန်းဟောက်ရင်း နတ်ဧကရာဇ်လန်ရွှမ်အား အားကုန်တိုက်ခိုက်တော့သည်။

နတ်ဧကရာဇ်လန်ရွှမ်က ရယ်လျက် ကောင်းကင်နတ်အရှင်နှစ်ပါးကို တိုက်ခိုက်နေသည်။ သူက ကြည်လင်ပြတ်သားသော လေသံဖြင့် ပြော၏။ “ခင်ဗျားက ဒဏ်ရာပြင်းထန်နေပြီ… ကျုပ်နဲ့ မယှဉ်နိုင်တော့ဘူး.. မဟာဧကရာဇ်၊ မယ်တော် နှစ်ယောက်လုံးကို ကျွန်တော် သတ်ပေးပါ့မယ်”

သူသည် ကောင်းကင်နတ်အရှင်နှစ်ပါး၏ တိုက်ကွက်များကို ထိပ်တိုက်ရင်ဆိုင်နေသော်လည်း အလွန်တရာ စွမ်းအားကြီးချေ၏။ ကောင်းကင်နတ်အရှင်နှစ်ပါးကိူုပင် အရေးနိမ့်နေစေသည်။

ရုတ်တရက် လုံရှောင်၏ ဦးခေါင်းကိုးလုံးက လေထဲတွင် ပေါ်လာကာ ပြေး၀င်လာသည်။ သူ၏ ဦးခေါင်းကိုးလုံးက တစ်လုံးနှင့် တစ်လုံး ကန့်လန့်ဖြတ်လျက် နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် နတ်ဧကရာဇ်လန်ရွှမ်၏ ဘိုးဘေးနန်းတော်ထဲသို့ ၀င်ရောက်သွားကာ ကောင်းကင်နန်းဆောင်များကို ဖျက်ဆီးရင်း မူလဝိညာဉ်ထံ ဦးတည်သွားလေသည်။

လန်ရွှမ်မှာ ချက်ချင်းပင် ခေါင်းနပန်းကြီးသွားသည်။ သူ၏ ‌ကောင်းကင်နန်းဆောင်များ ပျက်စီးသွားပြီး မူလဝိညာဉ်မှာလည်း ဒဏ်ရာရထား၏။ ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မချန်းတို့အတွက် သူ့အား ထိုးနှက်တိုက်ခိုက်ရန် အခွင့်အရေး ရသွားချေပြီ။

နတ်ဧကရာဇ်လန်ရွှမ်မှာ ဟန်ချက်ပျက်သွားလျှင်ချင်း မှုန့်မှုန့်ညက်ညက် ကြေအောင် ထိုးနှက်ခံရတော့သည်။

လုံရှောင်၏ ဦးခေါင်းကိုးလုံးက မာန်ပါပါ ဟိန်းဟောက်လိုက်ပြီး နတ်ဧကရာဇ်လန်ရွှမ်၊ နတ်အရှင်မချန်းနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့အား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။ “အဆင့်နိမ့်တဲ့ ကောင်တွေ.. ငါ့အမိန့်ကို နာခံပြီး ငါ့စီးတော်ယာဉ် ဖြစ်လာကြစမ်း”

နောက်တခဏတွင် လုံရှောင်၏ နဂါးဦးချို ကျိုးပဲ့၍ နဂါးကြေးခွံများ အက်ကွဲသွားသည်။

ကြောက်မက်ဖွယ် ပုဂ္ဂိုလ်လေးယောက်ကား ကောင်းကင်ပေါ်သို့ ပျံတက်၍ အသည်းအသန် တိုက်ခိုက်နေကြလေသည်။

အသိစိတ်အလျဉ်လှောင်အိမ်ထဲတွင် ပထမလူသားဧကရာဇ်၊ ရှုကျွင်းနှင့် အခြားသူများမှာ ချင်မူ့ကို မြင်သည်နှင့် ၀မ်းသာပျော်ရွှင်သွားကြသည်။ လန်ယွီတျန်းက ပြုံးလျက် ပြောသည်။ “ကျွန်တော့်အစ်ကိုကြီး လာကယ်မှာလို့ ပြောခဲ့သားပဲ… ကဲ မှန်တယ်မလား”

သူသည် ချင်မူ့အပေါ် အကြွင်းမဲ့ယုံကြည်၏။

ရှုရှန်းဟွာက ပြောသည်။ “ငါတို့ကို ဒီတစ်ကြိမ် ကယ်လိုက်တာ‌ဆိုတော့ ရက်နည်းနည်းလောက်တော့ ဘဝင်မြင့်နေလိမ့်မယ်”

သို့သော် သူက အဓိပ္ပာယ်ဖော်ရန် ခက်သည့် အပြုံးတစ်ခုဖြင့် ဆက်ပြော၏။ “ဂိုဏ်းသခင်ချင်က သိပ်ကို အားကိုးရတာပဲ… လူတွေကို စိတ်အေးစေတယ်… သူသာ ရှိနေသရွေ့ ငါတို့အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်”

ရှုကျွင်းက ကပျာကယာ ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ အဲ့ဒီသားရဲကြီးတွေကို သတိထား… သူတို့စွမ်းရည်တွေက‌ ကြောက်ဖို့ကောင်းတယ်”

သူ စကားမဆုံးခင်မှာပင် အသိစိတ်အလျဉ်လှောင်အိမ်ကို စောင့်ကြပ်နေသည့် သားရဲကြီးများ၏ တိုက်ကွက်က ချင်မူ့အနောက်သို့ ရောက်ရှိလာကြသည်။

ချင်မူက ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ရင်း အသိစိတ်အလျဉ်လှောင်အိမ်ထဲသို့ ၀င်ရောက်ကာ သားရဲကြီးများ၏ တိုက်ကွက်ကို ရှောင်လိုက်၏။

လှောင်အိမ်ထဲရှိသူအားလုံးမှာ သူ့အသက်အန္တရာယ်ကို စိုးရိမ်နေခဲ့သော်လည်း ချင်မူ လှောင်အိမ်ထဲ ၀င်လာသည့်အခါတွင်မူ ကြောင်အကာ အာစေးမိသွားကြသည်။

ဘုတ်…

ပထမလူသားဧကရာဇ်က ‌မြေပေါ်ထိုင်ချလိုက်ပြီး ငူငူငိုင်ငိုင်ကြီး ရေရွတ်လိုက်၏။ “သွားပြီ….”

အခြားသူများမှာလည်း စိတ်ပျက်လက်မှိုင် ကျသွားကြသည်။ ချင်မူသည် အသိစိတ်အလျဉ်လှောင်အိမ်ထဲသို့ အမှန်တကယ် ၀င်ရောက်လာခဲ့သဖြင် သူပါ ပိတ်မိသွားချေပြီ။ ယခုတွင် သူတို့အနေဖြင့် မလွတ်မြောက်နိုင်တော့ပေ။ အရာအားလုံး အဆုံးသတ်သွားပြီမဟုတ်လော။

ချင်မူက ဟိုဟိုသည်သည် ကြည့်၍ ချီးကျူးလိုက်သည်။ “ဒီနေရာက မဆိုးဘူးပဲ… လုံရှောင်က ‌တော်တော်လေး နေရာကျယ်ကျယ် ပြင်ဆင်ထားပေးတာပဲနော်”

“ချီးကို မဆိုးတာလား”

ရှုကျွင်းမှာလည်း မြေပေါ်ထိုင်ချလိုက်ပြီး ဒေါသတကြီး ပြော၏။ “မင်း ဘာလို့ အထဲ၀င်လာတာတုန်း… သွားပြီ…. အခုတော့ အကုန်သွားပြီ… အဲ့ဒီခွေးကောင် လုံရှောင်ရဲ့ စီးတော်ယာဉ်တွေ ဖြစ်လာတော့မယ်.. လူအများကြီး ရှိနေတော့ တလှည့်စီ အစီးခံရမှာ ကံကောင်းတာပဲ… တစ်ယောက်ကို နှစ်လလောက်ပဲ စီးပြီး ငြီးငွေ့သွားနိုင်တယ်”

ချင်မူက ပြုံးနေသဖြင့် ပထမလူသားဧကရာဇ်မှာ ဒေါသထွက်လွန်းပြီး စကားများပင် ထစ်အကုန်သည်။ “မင်း…. မင်းက… ရယ်…. ရယ်နိုင်သေးတယ်ပေါ့လေ… အမြဲတမ်း ရှေ့မကြည့် နောက်မကြည့် လုပ်တယ်… ရယ်နေတာလား..”

ရှုရှန်းဟွာက တည်ကြည်လေးနက်စွာ နှစ်သိမ့်သည်။ “အားလုံးပဲ စိတ်ပူစရာမလိုပါဘူး… လန်ယွီတျန်းက ဒီလှောင်အိမ်ကို ဖြတ်ပြီး လူတစ်ယောက် ‌ခေါ်သွားနိုင်တယ်… ဒီသားရဲကြီးတွေ အလစ်ကို စောင့်ပြီး လန်ယွီတျန်းက ဂိုဏ်းသခင်ကို အပြင်ခေါ်သွားပါလိမ့်မယ်… ကျုပ်တို့ အခွင့်အရေး ရှိပါသေးတယ်”

ချင်မူက လန်ယွီတျန်းဆီ ကြည့်ကာ မေး၏။ “ညီလေး၊ မင်းက အသိစိတ်အလျဉ်လှောင်အိမ်ကို ဖြတ်သွားနိုင်တာလား..”.

လန်ယွီတျန်းက ခေါင်းညိတ်သည်။

လူတိုင်းက ပြိုင်တူ ထပြော၏။ “လန်ယွီတျန်းက မင်းထက် အားကိုးရတယ်ကွ”

ချင်မူက ပြုံးလိုက်ပြီး စိတ်ထဲမထားပေ။ “ဒါဆို နံ့သာဆောင်ထဲ ၀င်နိုင်ဖို့ ရည်ရွယ်ချက်ရှိလား”

လန်ယွီတျန်းက တခဏ တုံ့ဆိုင်းနေပြီးနောက် ဖြေ၏။ “တစ်ရာရာခိုင်နှုန်းတော့ ယုံကြည်ချက်မရှိပေမယ့် ခုနစ်ဆယ်ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်”

ချင်မူက တခဏ တွေးနေသည်။ “ခုနစ်ဆယ်ရာခိုင်နှုန်းလား… အဲ့လောက်ဆိုရတယ်… ဒါပေမဲ့ နံ့သာဆောင်ကို ဝင်နိုင်ဖို့ အခွင့်အရေးတစ်ခု လိုတယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးကို အာရုံလွှဲနိုင်မယ့် အခွင့်အရေးပေါ့..”

သူက လက်ဖဝါးဖြန့်၍ လုံရှောင်၏ အသိစိတ်အလျဉ်လှောင်အိမ်အား အသာအယာ ထိလိုက်သည်။ ၎င်းက သူ့အတွက် မတည်ရှိသည့်အလား ရေလှိုင်းများကဲ့သို့ တွန့်သွားလေသည်။

အားလုံးမှာ မျက်လုံးပြူးသွားကြသည်။ ချင်မူသည် အသိစိတ်လှောင်အိမ်ထဲမှ ပြန်ထွက်သွားသည်ကို သူတို့ တွေ့လိုက်ရ၏။ သို့သော် အသိစိတ်အလျဉ်လှောင်အိမ်တွင် မည်သည့်ပြောင်းလဲမှုမှ မရှိချေ။

အားလုံး မျက်လုံးများပြူးကျယ်လျက် ချင်မူ လှောင်အိမ်အား ၀င်လိုက်၊ ထွက်လိုက် လုပ်နေသည်ကို ကြည့်နေကြသည်။ လှောင်အိမ်အပြင်တွင် စောင့်ကြပ်နေသော သားရဲကြီးများမှာ အဆက်မပြတ် ဟိန်းဟောက်နေကြသော်လည်း သူ့ကို ဘာမှမလုပ်နိုင်ကြချေ။

“ကံလမ်းက ပွင့်လာပြီ… အသိစိတ်အလျဉ်လမ်းစဉ်က ပထမပဲ”

ချင်မူက သံရှည်ဆွဲ၍ အော်ဟစ်ကာ အသိစိတ်အလျဉ်လှောင်အိမ်ထဲရှိ အပြောင်းအလဲမှန်သမျှအား ချိုးဖျက်ပြီးနောက် ခေါင်းရမ်းကာ ပြောသည်။ “လုံရှောင်က ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ ယှဥ်နိုင်တဲ့ သိုင်းအဆင့်ကို ပိုင်ထားပေမယ့် သူ့လမ်းစဉ်မှာ ပိတ်မိနေပြီ… သူ့ရဲ့ ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်အရှင်တစ်ပါးအောက် အများကြီး အားနည်းတယ်… သူ့အသိစိတ်အလျဉ်လှောင်အိမ်ကို ချိုးဖျက်ဖို့က မခက်ပါဘူး… ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲက ပြင်းထန်နေတော့ ဒီနေရာကို ဘယ်တော့ အဖျားခတ်လာမလဲ ကျွန်တော် မသိဘူး.. ခင်ဗျားတို့အားလုံးကို အရင်ပြန်ပို့ပေးမယ်”

အားလုံးမှာ တိတ်ဆိတ်နေကြသည်။ ရှုရှန်းဟွာပင်လျှင် တိတ်ဆိတ်နေ၏။

လန်ယွီတျန်းက စိတ်လှုပ်တရှား ‌ထပြောလိုက်သည်။ “အစ်ကိုကြီးက စွမ်းအားကြီးလိုက်တာဗျာ”

All Chapters