← Chapters

အမိကမ္ဘာမြေကို ဂါဝရပြုခြင်း

Vol. 104 Ch. 1367

အမိကမ္ဘာမြေကို ဂါဝရပြုခြင်း

Vol. 104 Ch. 1367

ဝေစွေ့ဖုန်းက အကြောဆန့်လိုက်ရင်း တည်ငြိမ်စွာ ပြောသည်။ “ငါ အရင်က အဖြူနတ်မင်းနဲ့ အစိမ်းနတ်မင်းကို တိုက်ခိုက်ခဲ့ဖူးသလို ကောင်းကင်နတ်အရှင်အချို့နဲ့လည်း တိုက်ခိုက်ခဲ့ဖူးတယ်… သူတို့ကို အနိုင်မယူနိုင်ခဲ့ပေမယ့် သူတို့လည်း ငါ့ကို မသတ်နိုင်ခဲ့ဘူး… ငါ့ကို မြစ်ထဲပဲ နှစ်ချနိုင်ခဲ့ကြတာ….. ငါ အမိကမ္ဘာမြေကို မတိုက်ခိုက်ဖူးပေမယ့် ကြိုးစားကြည့်မယ်..”

မင်းသားယိုမင်းမှာမူ တခဏ တွန့်ဆုတ်နေသည်။ “ငါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ အများကြီး သင်ယူခဲ့ရပေမယ့် ဒီနှစ်တွေအတွင်း သင်သာ သင်ခဲ့ပြီး အသုံးမချခဲ့ရတော့ ငါ ဘယ်လောက် အစွမ်းထက်လာမှန်း မသိဘူး…. ဆရာမယိုယိုက ငါက တုံးလွန်းလို့ သင်ယူတာ နှေးတယ်လို့ ပြောခဲ့ဖူးတယ်… ဒါကြောင့် ငါက အမိကမ္ဘာမြေအတွက် ပြိုင်ဘက်မဟုတ်လောက်ဘူး…”

နဂါးချီလင်က အလျင်အမြန် နောက်ဆုတ်သွားကာ ရေရွတ်လိုက်သည်။ “ကျွန်တော်တော့ ဘယ်သူ့ကိုမှ အနိုင်မယူနိုင်မှန်း ကြိုသိနေလို့ ထွက်ပြေးတော့မယ်…”

သူက ချာခနဲ လှည့်၍ သုတ်ချေတင် ပြေးနေသည်။ ပြေးနေရင်း ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေ၏။

ထိုအခိုက်အတန့်တွင် သူသည် လုံရှောင်ကို သတိထားမိသဖြင့် ငေးမောသွားမိ၏။ “ကြီးလိုက်တဲ့ နဂါးကြီး .. ငါရော သူ့လောက် ခမ်းနားတင့်တယ်နိုင်မလား..”

ဝုန်း….

အဝေးတွင် လုံရှောင်မှာ မြေကြီးပေါ်သို့ ပစ်ချခံလိုက်ကြသည်။

နဂါးချီလင်မှာ ကြက်သီးမွှေးညှင်းများ ထသွားပြီး ဆက်ပြေးတော့သည်။

သူ၏ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းမှာ ချင်မူ့လောက် မမြန်ပေ။ ချင်မူသည် ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်း၏ တီထွင်ဖန်တီးသူ မဟုတ်ပါလော။ ထို့ကြောင့် နဂါးချီလင်အတွက် အသက်သွင်းရသည့် အမြန်နှုန်းမှာ မလျင်မြန်လှပေ။ သူ့အနေဖြင့် ပြင်ဆင်ရန် အချိန်လိုအပ်၏။

ချင်မူက ဖန်သားကောင်းကင်စေတီကို မှီထားသည်။ “အမိကမ္ဘာမြေ၊ ကျွန်တော်တို့ အရင်က ရင်းနှီးဖူးခဲ့ပါတယ်… ခင်‌ဗျားက ကျွန်တော့်ကို ကမ္ဘာဦးသစ်ပင်အမြုတေ ငှားပေးခဲ့ပြီး ကမ္ဘာဦးရေကြည် တစ်ပုလင်းလည်း ပေးခဲ့ဖူးတယ်လေ… အခု‌ ကျွန်တော် ခင်ဗျားကို အခွင့်အရေး ထပ်ပေးမယ်… ခင်ဗျား အခု ‌ဆုတ်ခွာမယ်ဆိုရင် ကျွန်တော် မတားဘူး… ခင်ဗျားနဲ့ ကျွန်တော် အနာဂတ်မှာ ရန်သူတွေဖြစ်မလား၊ မိတ်ဆွေတွေဖြစ်မလား ဆိုတာကတော့ ကံကြမ္မာပေါ် မူတည်လိမ့်မယ်”

အမိကမ္ဘာမြေက နှာခေါင်းရှုံ့လိုက်သည်။ “န‌င်တို့ သုံးယောက်တည်းနဲ့လား… နင်တို့သုံးယောက်မှာ တစ်ယောက်က အာပဲ ချောင်တတ်တဲ့ ကောင်းကင်နတ်အရှင်မူ၊ တစ်ယောက်က မြစ်ထဲမှာ ရေနစ်ခဲ့တဲ့ အဆုံးမဲ့တိမ်တိုက်ဧကရာဇ်နဲ့ နောက်တစ်ယောက်က သူ့မိဘတွေ အကျဉ်းချတာကို နှစ်ခြောက်သိန်းကြာ ခံခဲ့ရတဲ့သူပဲ... ငါ့ကို ထွက်သွားဖို့ ပြောပိုင်ခွင့်ရှိတယ်များ ထင်နေလား”

ဝေစွေ့ဖုန်းက စိတ်ရင်းဖြင့် နှစ်သိမ့်သည်။ “အမိကမ္ဘာမြေ ခင်ဗျားဟာ နတ်ဘုရားတွေ၊ မိစ္ဆာတွေကို သတ်ဖြတ်ခဲ့တယ်… ခင်ဗျားရဲ့ စိတ်နဲ့ ဝိညာဉ်က သတ်ဖြတ်ချင်စိတ်ကြောင့် ဘာကိုမှ မမြင်နိုင်တော့ဘဲ ဆင်ခြင်တုံတရား ခေါင်းပါးသွားခဲ့ပြီ…. ဗြဟ္မ့ဗုဒ္ဓကို ကျွန်တော် သိတယ်… ကျွန်တော့်နဲ့အတူ သူ့ဆီသွားပြီး သတ်ဖြတ်ချင်စိတ်တွေ ငြိမ်းသွားစေဖို့ ကူညီခိုင်းရအောင်လား”

“ဗြဟ္မဗုဒ္ဓဟုတ်စ”

အမိကမ္ဘာမြေက ထပ်၍ နှာခေါင်းရှုံ့လိုက်သည်။ “နင်က ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး… ငါ့ကို ဗြဟ္မဗုဒ္ဓနဲ့ ပေါင်းပြီး အကောက်ကြံဖို့ ကြံနေတာလား… ငါက အထွတ်အထိပ်အခြေအနေကို မရောက်သေးပေမယ့် ငါ့အတွက် ဗုဒ္ဓက ပြိုင်ဘက်မဟုတ်သေးဘူး”

ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်ရင်း မည်သည်မှ ဆက်မပြောတော့‌ချေ။

မင်းသားယိုမင်းက မနေနိုင်သဖြင့် မေးလိုက်သည်။ “အမိကမ္ဘာမြေ၊ ကောင်းကင်နတ်အရှင်မူ လက်ထဲမှာ ဖန်သားကောင်းကင်စေတီရှိတာ ခင်ဗျား သိလား…. ဒီရတနာက အရင်တုန်းက တစ်လောကလုံးမှာ နံပါတ်တစ်ရတနာ ဖြစ်ခဲ့တာ… ဒီရတနာက ဒီနေ့မှာ နံပါတ်တစ်ရတနာ မဟုတ်တော့ပေမယ့် ကောင်းကင်နတ်အရှင်မူရဲ့ အဘိုးတွေဖြစ်တဲ့ ရွှေအနဲ့ မျက်ကန်းတို့ ပြန်လည်ပုံစံရေးဆွဲပြီး မွမ်းမံထားတဲ့အတွက် အရင်တုန်းကထက် အဆပေါင်းများစွာ ပိုကောင်းနေပြီ… ကောင်းကင်နတ်အရှင်မူရဲ့ ရတနာ ထွက်ပေါ်လာရင် ခင်ဗျား ပြေးပေါက်မရှိတော့ဘူး …. အမိကမ္ဘာမြေ သေချာစဉ်းစားပါဦး…”

“လိပ်နက်သားတော်က သူ့ရတနာအကြောင်း ကြွားတာပဲ လုပ်တတ်တာလား...”

အမိကမ္ဘာမြေက ရယ်ပြုံးလျက် ခနဲ့သည်။ တစ်လောကလုံးရဲ့ နံပါတ်တစ်ရတနာက ဖန်သားကောင်းကင်စေတီ လုံး၀ မဟုတ်ဘူး… နင့်မိဘတွေ အဲ့ဒီနာမည်ကို ရသွားတာက ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ငါက ငါတို့ရဲ့ ကိုယ်ပိုင်ရတနာတွေကို ထုတ်မပြချင်ခဲ့ကြလို့ပဲ… ငါ့ မူလခန္ဓာကိုယ် ဖြစ်တဲ့ ကမ္ဘာဦးသစ်ပင်တစ်ခုတည်းကတောင် ‌စကြ၀ဠာတစ်ခုလုံးကို ထောက်ပံ့မြှင့်တင်ပေးထားနိုင်တယ်…. နင့်ရဲ့ ဖန်သားကောင်းကင်စေတီမှာ ကောင်းကင်ဘုံ ၂၈ ဘုံပဲ ပါတာ…. မြောက်နတ်မင်းရွှမ်းက ယဇ်ပူဇော်မှုကနေတစ်ဆင့် မွေးဖွားလာတဲ့ နတ်ဘုရားပဲမလား… ဆိုတော့ သူ့ရဲ့ အောင်မြင်နိုင်စွမ်းက အကန့်အသတ်ရှိတာပေါ့.. နင့်မှာ ဒါတွေကို သိနိုင်လောက်မယ့် အမြင်မရှိပါဘူးလေ”

မင်းသားယိုမင်းက ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သက်ပြင်းသာ ချလိုက်သည်။ ထပ်မပြောတော့ချေ။

ချင်မူက သူ့လက်ထဲရှိ ဖန်သားကောင်းကင်စေတီကို အနည်းငယ် လှုပ်ခါလိုက်ရာ ကောင်းကင်ဘုံ ၂၈ ဘုံသည် ချက်ချင်းဆိုသလို ဝီခနဲ ပွင့်လာ၏။ ကောင်းကင်ဘုံ ၂၈ ဘုံက ပေါ်လာပြီး တဝီဝီ မြည်ကာ လှည့်ပတ်နေသည်။ ၎င်းတို့က အပြင်သို့ ဆန့်ကားထွက်သွားရင်း မကြာမီ ဘိုးဘေးနန်းတော်၏ ကျယ်ပြန့်သော နေရာတစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။

ကောင်းကင်ဘုံအလွှာများသည် ကမ္ဘာမြေကြီးကို ကွဲအက်လာစေရင်း အမိကမ္ဘာမြေ၏ လွတ်မြောက်နိုင်မည့် လမ်းပေါက်ကို ပိတ်ဆို့လိုက်၏။

အမိကမ္ဘာမြေက ပတ်၀န်းကျင်ကို အကဲခတ်ကြည့်လိုက်သည့်အခါ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၃၈ ဘုံတွင် အစွမ်းကြီးမားလှသည့် ရတနာတို့ ကိန်းဝပ်နေကြောင်း မြင်လိုက်ရသည်။ ထိုရတနာများမှာ မြောက်နတ်မင်းရွှမ်းဝူ သန့်စင်နိုင်သည့်အရာများ မဟုတ်သည်မှာ သိသာလှ၏။ ဖန်သားကောင်းကင်စေတီထဲတွင် ပါရှိနေသည့် ၀င်္ကပါသင်္ကေတများသည်ပင် စွမ်းအားကြီးလွန်းပေသည်။

သူမ ပြောသည့်အတိုင်း မြောက်နတ်မင်းရွှမ်းဝူ၏ ဖန်သားကောင်းကင်စေတီမှာ အတိတ်တုန်းက တစ်လောကလုံး၏ နံပါတ်တစ်‌ရတနာဟူသော နာမည်ကို ရရှိခဲ့ဖူးသည်။ ထိုသို့ ရရှိခဲ့ဖူးခြင်းမှာလည်း ကောင်းကင်နတ်ဧကရာဇ်နှင့် ကျန်သူများ ထုတ်မကြွားခဲ့ကြခြင်းကြောင့်သာ ဖြစ်၏။

ကောင်းကင်နတ်ဧကရာဇ်နှင့် မြေအောက်ဘုံအရှင်သခင်တို့ နှစ်ယောက်လုံးတွင် စွမ်းအားကြီးမားသော ရတနာများ ရှိကြသည်။ ကောင်းကင်နတ်ဧကရီ၏ ရတနာများပင်လျှင် ဖန်သားကောင်းကင်စေတီအောက် အားနည်းမနေပေ။

အမိကမ္ဘာမြေကိုယ်တိုင်ကလည်း စွမ်းအားကြီးမားသော ရတနာတစ်ပါး ဖြစ်ချေသည်။

အမိကမ္ဘာမြေသည် ယခင်က ဖန်သားကောင်းကင်စေတီကို မြင်ခဲ့ဖူးသည်။ ယင်းက ရှုပ်ထွေး၍ စွမ်းအားကြီးသော်လည်း ယခုအခြေအနေလောက် ကြောက်စရာမကောင်းချေ။

ယခုတွင် ဖန်သားကောင်းကင်စေတီကား ရတနာမျိုးစုံဖြင့် ပြည့်နှက်နေ၏။ ထိုရတနာများသည် ကောင်းကင်ပေါ်ရှိ ကြယ်တာရာများအလား များပြားလွန်းနေသည်။ ၀င်္ကပါအစီအရင်များ နေရာချခြင်းနှင့် အသက်သွင်းရာတွင် ‌ကျွမ်းကျင်သော အထွတ်အထိပ်မဟာဆရာသခင်တစ်ဦးက အချိန်များစွာ ပေးဆပ်ထားသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ‌ဖန်သားကောင်းကင်စေတီသည် အတိတ်တုန်းက မရောက်ဖူးသော အဆင့်တစ်ဆင့်သို့ ရောက်ရှိလာခဲ့ချေပြီ။

အမိကမ္ဘာမြေက အေးစက်စွာ ရယ်လိုက်သည်။ သူမသည် နည်းနည်းလေးမှ ကြောက်ရွံ့မနေပေ။ ရုပ်ခန္ဓာကို ‌ဆုံးရှုံးခဲ့ရသည့်အပြင် သူမ၏ သစ်မြစ်များကို ကောင်းကင်နတ်အရှင်ရှောင်နှင့် ကုန်းစွန်းယန်တို့က ယူသွားခဲ့ကြသော်လည်း သူမတွင် ကမ္ဘာဦးသစ်ပင်အနှစ်သာရ ရှိနေသေး၏။

သူမ၏ လက်ရှိအခြေအနေမှာ ကောင်းကင်နတ်အရှင်များအောက် နိမ့်ကျနေသော်လည်း တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓကဲ့သို့ ပုဂ္ဂိုလ်များအောက်တော့ အားနည်းနေမည်မဟုတ်ပေ။

ချင်မူအနေဖြင့် ဖန်သားကောင်းကင်စေတီကို ထုတ်ထားပြီး ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် မင်းသားယိုမင်းနှင့် ဝေစွေ့ဖုန်းတို့ သူ့ဘက်တွင် ရှိနေသည့်တိုင် အမိကမ္ဘာမြေတွင် အောင်မြင်နိုင်သည့် အခွင့်အရေး ရှိနေသေးသည်။

“သေကြစမ်း...”

အမိကမ္ဘာမြေက စူးရှစွာ ကျိန်ဆဲလိုက်ပြီး သူမ၏ခန္ဓာကိုယ်အစစ်အမှန်က သူမအနောက်တွင် ပေါ်လာ၏။ ၎င်းက ကမ္ဘာဦးသစ်ပင်၏ အနှစ်သာရပင်။

ကမ္ဘာဦးသစ်ပင်အနှစ်သာရမှာ အမိကမ္ဘာမြေ ကမ္ဘာဦးဘုံသို့ ပထမဆုံး ဆင်းသက်လာခဲ့စဉ်ကအတိုင်း ခမ်းနားတင့်တယ်၍ ထူထဲသိပ်သည်းနေသည်။ ဤသစ်ပင်ထိပ်ဖျားက ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံများအား မြှောက်တင်လိုက်ပြီး မပြောင်းလဲနိုင်အောင် ဟန့်တားလိုက်သည်။

သိသိသာသာပင် အမိကမ္ဘာမြေကား ဖန်သားကောင်းကင်စေတီကို လေ့လာခဲ့ဖူးလိမ့်မည်။ ဤရတနာသည် မည်သည့်ဆုတောင်းမဆို ဖြည့်ဆည်းပေးနိုင်ပြီး ကောင်းကင်ဘုံများ၏ အစီအစဉ်ကို စိတ်တိုင်းကျပြောင်းလဲနိုင်မှန်း သူမ သိရှိထား၏။

ကမ္ဘာဦးသစ်ပင်က ကောင်းကင်ဘုံများကို မြှောက်တင်ထားသဖြင့် ဖန်သားကောင်းကင်စေတီထဲရှိ ‌ကောင်းကင်ဘုံများအား ရပ်တန့်နေစေနိုင်သည်။ ဤနည်းဖြင့် ဖန်သားကောင်းကင်စေတီ၏ စွမ်းဆောင်နိုင်စွမ်းကို ဖြတ်တောက်ပစ်နိုင်သည်။

သူမ၏ခန္ဓာကိုယ်အစစ်အမှန်မှ မရေမတွက်နိုင်သော သစ်မြစ်များက လေထဲတွင် ကခုန်လျက် ကောင်းကင်ဘုံများဆီသို့ ဦးတည်ပြေး၀င်သွားသည်။ ၎င်းတို့က ‌ကောင်းကင်ဘုံများတွင် ကိန်းဝပ်နေရာယူထားသော ရတနာများထံသို့ ကျူးကျော်၀င်ရောက်သွားကြချေပြီ။

သူမ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ကောင်းကင်ဘုံအလွှာများကို ဖြတ်လျက် ချင်မူထံ ခုန်၀င်လာသည်။

သူမက ကောင်းကင်ဘုံများကို ထိန်းချုပ်၍ ရတနာတို့အား စုစည်းကာ ချင်မူ့ကို တစ်ချက်တည်း သတ်ဖြတ်ရန် ကြံရွယ်လိုက်သည်။

ချင်မူ့ဘေးတွင် ရှိနေသည့် မင်းသားယိုမင်းက သူ့ထံ ပျံသန်းလာနေသသော အမိကမ္ဘာမြေကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ထရပ်၍ ရှေ့သို့ တစ်လှမ်းတက်ကာ ဟိန်းဟောက်လိုက်၏။ “ကောင်းကင်နတ်မြစ်၏ အနန္တအသွင်သဏ္ဍာန်…”

ကောင်းကင်နတ်မြစ်သည် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ဘွားခနဲ ဖွဲ့တည်လာပြီး ကောင်းကင်နန်းဆောင်တစ်ဆောင်က သူ့အနောက်တွင် ထွက်ပေါ်လာသည်။ ၎င်းသည် အမျိုးမျိုးသော ကောင်းကင်နန်းဆောင်အသေးစားလေးများဖြင့် ၀န်းရံခံထားရ၏။

မင်းသားယိုမင်းသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော သိုင်းအခြေခံမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့၏။ ဧကရာဇ်လင်ယွီရှို့၏ အဓိကတက္ကသိုလ်များတွင် ဦးစွာ သင်ယူခဲ့ပြီးနောက် နန်းတွင်းကောလိပ်သို့ သွားရောက်၍ ဆက်လက်ပညာဆည်းပူးခဲ့သည်။ ထို့နောက် တာအိုဒဿနတက္ကသိုလ်တွင် ပညာဆက်သင်ကာ စစ်ယိုယို၏ တပည့်ဖြစ်လာခဲ့သည်။

သူ့တွင် အားနည်းချက်များစွာ ရှိသော်လည်း သူ၏ပါရမီနှင့် နားလည်နိုင်စွမ်းတို့မှာ မဆိုးရွားလှပေ။ မဟုတ်လျှင် မင်းသားယိုမင်းသာ အကျဉ်းချမခံခဲ့ရပါက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်လာလိမ့်မည်ဟု ကောင်းကင်ယင်သားတော်က စသလို၊ နောက်သလို ပြောခဲ့မည်မဟုတ်ပေ။

မင်းသားယိုမင်းမှာ အားနည်းချက်များအား တစ်ခုမကျန် မဖြည့်စွက်ရသေးသော်လည်း သူ၏သိုင်းအခြေခံနှင့် ခွန်အားမှာ ယခင်ကထက် များစွာ မြင့်မားနေချေပြီ။

သူ လွတ်မြောက်လာခဲ့စဉ်က ကောင်းကင်ယင်သားတော်နှင့် ကောင်းကင်နတ်မြစ်၌ တွေ့ဆုံခဲ့ပြီး တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရခဲ့စေသည်။ တစ်ချိန်တည်းမှာပင် သူ၏မှော်စွမ်းအင်သည်လည်း အလွန်တရာ ကြီးမားလာခဲ့သည့်အတွက် သူသည် ယခင်ကထက် များစွာ သန်မာလာခဲ့၏။

ကောင်းကင်နတ်မြစ်က မြွေတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်နေသည်။ သူက နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့်အတွက် လိပ်နက်နှင့် မြွေပျံစွမ်းအားတို့ကား ကောင်းကင်နတ်မြစ်၏ ရေထဲ၌ ပေါ်လွင်လာတော့သည်။

တခဏအတွင်း ကောင်းကင်နတ်မြစ် စီးဆင်းနေသည့် နေရာတွင် မရေမတွက်နိုင်‌သော ကမ္ဘာလောကများ တည်ရှိနေသည့်ပမာ မြင်ကွင်းတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

ဝုန်း…

အမိကမ္ဘာမြေက သူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး သူမ၏ သွေးတို့မှာ ပွက်ပွက်ဆူလာသည်။ သူမက စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ‘မင်းသားယိုမင်းရဲ့ မှော်စွမ်းအင်က တကယ်အစွမ်းထက်တာပဲ… အခြေအနေပေါ် မူတည်ပြီး မပြောင်းလဲတတ်‌တာတော့ နှမြောဖို့ကောင်းတယ်”

ဖြောင်း….

ကမ္ဘာဦးသစ်ပင်၏ သစ်မြစ်များက ထွက်ပေါ်လာပြီး မင်းသားယိုမင်းအား လွင့်ထွက်သွားစေသည်။

အမိကမ္ဘာမြေ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည့်အချိန် ဝေစွေ့ဖုန်းက သူမအရှေ့၌ ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူကလည်း သူမကို ဦးညွှတ်အရိုအသေပေးလိုက်ချေသည်။

All Chapters