လျှို့ဝှက်ချက်ကိုယ်စီ
Vol. 104 Ch. 1369
“ကောလဟာဆိုတာ ကြောက်ဖို့ကောင်းတယ်ကွာ... လူ့စကားဆိုတာ မြှားတွေလိုပဲ… အသက်ကို သေစေနိုင်တယ်”
ဝေစွေ့ဖုန်းသည် ပို၍ရင့်ကျက်သူမဟုတ်ပါလော။သူက မင်းသားယိုမင်းအား ခပ်တိုးတိုး ပြော၏။ “မင်းသား၊ ဒီအကြောင်းကို ဘယ်သူ့မှ မပြောတာ ကောင်းပါလိမ့်မယ်… အမိကမ္ဘာမြေ သေဆုံးသွားတဲ့အတွက် ခင်ဗျားလည်း ကျေးဇူးတင်မိပြီး ကောင်းကင်နတ်အရှင်မူရဲ့ လုပ်ရပ်နဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို နားလည်တာ ကျွန်တော် သိပါတယ်… ဒါပေမဲ့ အနာဂတ်မှာ တစ်လောကလုံး ငြိမ်းချမ်းနေရင်တောင်မှ ကောင်းကင်နတ်အရှင်မူကို ဝေဖန်တဲ့သူတွေ ပိုများလာလိမ့်မယ်… နောက်ဆုံးမှာ သူ နာမည်ပျက်သွားနိုင်တယ်… ဒီကိစ္စကို ဖုံးကွယ်ထားတာ ကောင်းပါလိမ့်မယ်”
မင်းသားယိုမင်းက တခဏတုံ့ဆိုင်းနေသော်လည်း ခေါင်းညိတ်လိုက်သည်။
ချင်မူက ခေါင်းရမ်း၏။ “အစ်ကိုကြီး၊ ဖုံးကွယ်ထားလို့မရဘူး… ကျွန်တော်တို့ တိုက်ပွဲရဲ့ ခြေရာလက်ရာတွေအပြင် လုံရှောင်၊ နတ်အရှင်မချန်း၊ ကောင်းကင်နတ်အရှင်ကုန်းနဲ့ နတ်ဧကရာဇ်လန်ရွှမ်တို့လည်း ရှိနေကြတယ်… သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး.. ကျွန်တော် လုပ်ခဲ့တာပဲလေ.. ဘာလို့ တခြားသူတွေ မကောင်းပြောမှာကို ကြောက်နေရမှာလဲ…”
ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်သွားသည်။ ချင်မူ့လုပ်ရပ်သည် မှန်ကန်သော်လည်း သူရဲကောင်းတို့၏ လုပ်ရပ်များကို အခြားသူများသည် နားမလည်တတ်ကြပေ။ မျိုးဆက်သစ်များ၏ ခံယူချက်တို့က စစ်ပွဲဖြစ်ပွားသည့်အချိန်တုန်းက ခံယူချက်များနှင့် ထပ်တူမကျလျှင် မျိုးဆက်ဟောင်းတို့အား အပြစ်တင်ဝေဖန်ကြလိမ့်မည်။ လူဆိုသည့် အမျိုးသည် အပြစ်တင်တတ်လွန်းသည်သာ မဟုတ်လော။
လူတစ်ယောက်သည် နာမည်ကြီးလေလေ၊ နာမည်ဖျက်ခံရလေလေပင်။ မပြောပလောက်သော အမဲစက်တစ်စက်လေး ဆိုလျှင်တောင်မှ စစ်သည်တော်တစ်ဦး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအလား ယင်ကောင်များ ဝဲအုံလာကြပေလိမ့်မည်။
ထိုသို့ဖြစ်ရပ်များစွာကို ဝေစွေ့ဖုန်း မြင်ဖူးခဲ့သည်။
မင်းသားယိုမင်းမှာမူ ပြင်ပလောကနှင့် အတွေ့အကြုံ များများစားစား မရှိသောကြောင့် ထိုသို့ဖြစ်ရပ်မျိုး မည်သို့ ဖြစ်ပေါ်လာမည်လဲ နားမလည်ချေ။ ချင်မူက ထိုကိစ္စကို ဂရုမစိုက်သော်လည်း ဝေစွေ့ဖုန်းမှာတော့ ချင်မူ့အစား မှားယွင်းစွပ်စွဲခံရသလို ခံစားနေရသည်။
“ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲက အဆုံးသတ်တော့မှာမလား…”
ချင်မူက အနီးနားရှိ အမြင့်ဆုံး တောင်တစ်လုံးအပေါ် တက်သွားပြီး အဝေးသို့ ကြည့်လိုက်သည်။ မင်းသားယိုမင်းနှင့် ဝေစွေ့ဖုန်းက သူ့ဘေးသို့ ရောက်လာပြီး သူတို့သုံးယောက်သား အဝေးသို့ လှမ်းကြည့်နေကြသည်။
ထိုနေရာတွင် ကောင်းကင်နတ်အရှင်ကုန်း၊ နတ်ဧကရာဇ်လန်ရွှမ်၊ နတ်အရှင်မချန်းနှင့် လုံရှောင်တို့က သူသေကိုယ်သေ တိုက်ခိုက်နေကြသေးသည်။ အစက နတ်အရှင်မချန်းမှာ အရေးနိမ့်နေခဲ့သော်ဘည်း မဟာဧကရာဇ်ဦးခေါင်းနှင့် လက်ဖဝါး၏ အကူအညီကြောင့် ချက်ချင်းပင် အသာစီးရသွားခဲ့၏။ သူမက အငိုက်ဖမ်း၍ တိုက်ခိုက်လိုက်ရာ ကောင်းကင်နတ်အရှင်ကုန်း၊ လုံရှောင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာ သွေးအန်လိုက်ကြရသည်။
မဟာဧကရာဇ်၏ ဦးခေါင်းသည် အင်အားများစွာ မရှိသည့်အပြင် ချင်မူ့ကြောင့် ကျင့်စဉ်စွမ်းအင် ကုန်လုနီးပါးဖြစ်ကာ ဧကရာဇ်ပလ္လင်အဆင့်မျှသာ ရှိတော့သည့်တိုင် သူ၏အသိစိတ်အလျဉ်က သန်မာနေသေး၏။
သူ၏လက်ဖဝါးမှာလည်း မဟာဧကရာဇ်၏ တစ်ဖက်တည်း ကျန်ရှိတော့သော ခြေလက်အပိုင်း ဖြစ်ကာ မြင်ယောင်ဖန်ဆင်းထားခြင်းမဟုတ်သဖြင့် အင်မတန် သန်မာပေသည်။
သို့သော် နတ်အရှင်မချန်းမှာ လျင်မြန်စွာ အရေးနိမ့်လာပြန်သည်။ သူမသည် လုံရှောင်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြန်သည်။
ဤသို့ဖြင့် ထူးဆန်းသော အခြေအနေတစ်ရပ် ပေါ်လာ၏။ ပိုမိုအင်အားကြီးမားပြီး ဒဏ်ရာရထားသူမှာ အခြားသူများ၏ ဝိုင်း၀န်းတိုက်ခိုက်ခြင်းကို ခံရတော့သည်။
သို့သော် ရလဒ်က လူတိုင်းအား ဒဏ်ရာရစေလိမ့်မည်။ နောက်ဆုံးတွင် မည်သူမှ အနိုင်ရနိုင်မည် မဟုတ်ပေ။
“ငါတို့ ကောက်စားလို့မရဘူးလား”
ဝေစွေ့ဖုန်းက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ “သူတို့လေးယောက်လုံး ဒဏ်ရာရထားပြီးတော့ ခွန်အားချိနဲ့နေရင် ငါတို့သုံးယောက် သူတို့ကို ပေါင်းတိုက်ပြီး ရှင်းပစ်လို့ရတယ်မလား…”
သူ ထိုသို့ပြောလိုက်သည်နှင့် မင်းသားယိုမင်း၏ တာအိုနှလုံးသားမှာ တဒိန်းဒိန်း ခုန်ကာ မတည်မငြိမ် ဖြစ်လာတော့သည်။
ချင်မူက ခေါင်းရမ်းလိုက်သည်။ “လေးယောက်လုံး ဒဏ်ရာရသွားရင် နောက်ဆုံး အနိုင်ရတဲ့သူက လုံရှောင် ဖြစ်လာမှာပဲ…. နတ်ဧကရာဇ်လန်ရွှမ်နဲ့ နတ်အရှင်မချန်းတို့ နှစ်ယောက်လုံးက ကမ္ဘာဦးခေတ်တည်းက အသက်ရှင်နိုင်ခဲ့ကြတဲ့သူတွေ… လုံရှောင်ကို အခွင့်အရေးပေးကြမှာ မဟုတ်ဘူး”
ဝေစွေ့ဖုန်းမှာ အနည်းငယ် ကြောင်အသွားမိသည်။ သို့သော် ချင်မူ ပြောသည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွား၏။
မင်းသားယိုမင်းကတော့ နားမလည်သေးပေ။
“ဒါက ဘိုးဘေးနန်းတော် အနောက်ဘက်ခြမ်းလေ” ဝေစွေ့ဖုန်းက ရှင်းပြသည်။ “လုံရှောင် ဒဏ်ရာရသွားရင်တောင်မှ သူ့လက်အောက်မှာ ဧရာမသားရဲကြီးတွေ အများကြီး ရှိသေးတယ်…. ကောင်းကင်နတ်အရှင်တွေရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းရင် လုံရှောင်က အဲ့ဒီသားရဲတွေကို ထိန်းချုပ်ပြီး သူတို့ကို တိုက်ခိုက်လိမ့်မယ်…. သူ သေလုနီးပါးဖြစ်နေရင်တောင်မှ သူတို့ကို သေစေနိုင်တဲ့ အခြေအနေအထိ တွန်းပို့နိုင်တယ်”
မင်းသားယိုမင်းမှာ နားလည်သွား၏။ “ကောင်းကင်နတ်အရှင်တွေက ပါးနပ်ပါတယ်… အဲ့လိုအခြေအနေအထိ အရောက်ခံမှာမဟုတ်ပါဘူး..”.
“ဒါပေမဲ့ ရောက်ဖူးတယ်လေ”
ဝေစွေ့ဖုန်းက ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ “မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့ ဒဏ်ရာအပြင်းအထန် ရခဲ့ကြတုန်းက အခွင့်အရေး ယူခံခဲ့ရဖူးတယ်… ညီလေးက ကောင်းကင်နတ်အရှင်ဟောင်ကို မိုင်ခြောက်သိန်းအထိ လိုက်ဖမ်းပြီး သူ အသံမထွက်နိုင်တဲ့ အခြေအနေရောက်အောင်တောင် တိုက်ခိုက်ခဲ့တယ်လို့ ငါ ကြားဖူးတယ်”
ချင်မူမှာ စိတ်ထဲတွင် အတော်လေး ကျေနပ်နေမိသည်။ “တကယ်တော့ ကောင်းကင်နတ်အရှင်ဟောင်ကို အပြစ်တင်လို့မရပါဘူး…. အဲ့ဒီအချိန်တုန်းက သူက ပြန်လည်မွေးဖွားလာတဲ့ မဟာဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့ရလို့ စွမ်းအားအကုန် ထုတ်သုံးခဲ့ရတာလေ… သူသာ နိုင်သွားခဲ့ရင် ဘယ်သူက မဟာဧကရာဇ်ကိုတောင် အနိုင်ယူနိုင်တဲ့ သူ့ကို ရင်ဆိုင်ရဲပါ့မလဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးကလည်း ချက်ချင်း ခစားကြမှာတော့ဆိုတော့ သူ့နေရာ တည်မြဲနေမှာ”
ဝေစွေ့ဖုန်းက ပြောသည်။ “ဘိုးဘေးနန်းတော်ထဲက မဟာဧကရာဇ်ဦးခေါင်းကရော...”
“မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်လေးပါးကြောင့် အထိနာခဲ့တယ်လေ… မဟာဧကရာဇ်က အထွတ်အထိပ်အခြေအနေမှာတောင် မဟုတ်ခဲ့ဘူး…. အထွထ်အထိပ်အခြေအနေဆိုရင်လည်း အထိနာမှာပါပဲ…. အပြေးမြန်လို့ပေါ့.. မဟုတ်ရင် ခေါင်းတောင် ကျန်မှာမဟုတ်ဘူး”
“အခွင့်အရေးဝင်ယူဖို့က အဲ့လောက် လွယ်မှာမဟုတ်ဘူး”
သူ စကားပြောနေစဉ် ပြင်းထန်လှသော လှိုင်းဂယက်များက ထွက်ပေါ်လာသည်။ လုံရှောင်မှာ အပြင်းအထန် ဒဏ်ရာရသွားပြီး ကောင်းကင်သို့ ပျံတက်ကာ ထွက်ပြေးတော့သည်။
သူ၏ဒဏ်ရာများမှာ အတော်လေး ပြင်းထန်၏။ သူ့ဦးခေါင်းကိုးလုံးမှ ခုနစ်လုံးနှင့် လည်ပင်းခုနစ်ခုမှ ကျိုးကြေနေပြီး သူ့မှာ အားလျော့နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများမှာ လုံးလုံးလျားလျား ကြေမွလုနီးပါးဖြစ်နေသဖြင့် ထွက်ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
သူသာ ဆက်တိုက်နေပါက သူ၏သိုင်းအခြေခံ ထိခိုက်သွားလိမ့်မည်။
သူ ထွက်ပြေးနေစဉ် နတ်အရှင်မချန်းက တခစ်ခစ် ရယ်လျက် ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်ကို ထားခဲ့သည်။ သူမက အဝေးသို့ ထွက်သွားရင်း အမြင့်သို့ ရောက်သထက် ရောက်သွား၏။ ထို့နောက် ကောင်းကင်ထက်တွင် ပြောင်းပြန်ဆင့်ခေါ်ခြင်းယဇ်ပလ္လင်တစ်ခု ဖွဲ့တည်လိုက်လေသည်။
ချင်မူ မျက်နှာပျက်သွားသည်။
နတ်အရှင်မချန်း ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို သိရှိနေခြင်းမှာ သေချာပေါက် ရှုကျွင်းနှင့် နဂါးချီလင်ကြောင့် ဖြစ်၏။ ရှုကျွင်းသည် ချင်မူ မဟာဧကရာဇ်၏ ဦးခေါင်းအား ချုပ်ထားသည့် အတားအဆီးအစီအရင်ကို သယ်ဆောင်ထားခဲ့ပြီး မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ဆီမှ သက်ရောက်မှုကို ခံစားခဲ့ရသည်။
နဂါးချီလင် ရှုကျွင်းအား ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းအား သင်ပေးခဲ့စဉ်က မဟာဧကရာဇ်လည်း သင်ယူခဲ့ခြင်းဖြစ်လိမ့်မည်။
“ကျေးဇူးပြုပြီး ငါ့ရဲ့သရုပ်မှန်ကို မထုတ်ဖော်ပါနဲ့”
နတ်အရှင်မချန်းက မြင့်သထက်မြင့်ရာသို့ ပျံတက်သည်။ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကလည်း အသက်ဝင်လာကာ သူမ၏ခန္ဓာကိုယ်ကို ဘိုးဘေးနန်းတော်အရှေ့ဘက်ခြမ်းသို့ ဆွဲယူလေသည်။ နူးညံ့ပျော့ပြောင်းသော ရယ်သံတစ်သံက ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။ “ဘာလို့ဆို ငါ့သရုပ်မှန်ကို ထုတ်ဖော်ရင် နင်တို့ရဲ့ သရုပ်မှန်ကိုပါ ဖော်ပစ်လိုက်မှာလေ… ကောင်းကင်နတ်အရှင်ဟောင်က သူ့ရဲ့ ဖအေတူမအေကွဲညီကို သတ်လိမ့်မယ်… ရှေးဟောင်းနတ်ဘုရားတွေကလည်း ဖန်ဆင်းရှင်တွေရဲ့ ပိုက်ကွန်ထဲကနေ လွတ်မြောက်သွားတဲ့ ငါးကို သေချာပေါက် သတ်မှာပဲ.. နင်တို့နှစ်ယောက် ဖြည်းဖြည်းချင်း ဆွေးနွေးလိုက်ကြပေါ့”
ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်မှာ မျက်နှာပျက်သွားကြသည်။ သို့သော် နတ်အရှင်မချန်း၏ စကားအား သူတို့သိထားကြပြီးဖြစ်သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် လျှို့ဝှက်ချက်အား ထုတ်ဖော်ပြရဲသူ မရှိပေ။
ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် မည်သူမှ မရိုးသားကြပေ။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့လည်း အပါအဝင် ဖြစ်၏။ အားလုံး၌ လျှို့ဝှက်ချက်များ ရှိကြရာ ခြိမ်းခြောက်ရာတွင် အသုံးပြုနိုင်သည်။ ထုတ်ဖော်စရာ မလိုအပ်ပေ။
ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့က တိုက်ခိုက်မှုများအား ရပ်တန့်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
“မယ်တော်၊ ခင်ဗျားက ဖန်ဆင်းရှင်တစ်ပါး ဖြစ်တဲ့အတွက် ကျွန်တော် အမြဲတမ်း မုန်းတီးခဲ့တယ်”
နတ်ဧကရာဇ်လန်ရွှမ်က ခန္ဓာကိုယ်တွင် သင်္ကေတများ လှည့်ပတ်နေလျက် နောက်ဆုတ်လိုက်သည်။ သူသည်လည်း ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ သူကား ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ချင်မူ့ထံမှ သင်ယူခဲ့ခြင်းမဟုတ်ဘဲ အမိကမ္ဘာမြေမှ ရရှိကာ ကိုယ်တိုင် အဖြေထုတ်ခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားသာ ဖန်ဆင်းရှင်တစ်ယောက် မဟုတ်ခဲ့ရင် ကောင်းကင်နတ်ဧကရာဇ်က သတ်ခဲ့မှာ မဟုတ်သလို ကျွန်တော်ကလည်း တိတ်တိတ်ပုန်းသားတစ်ယောက် ဖြစ်လာခဲ့မှာ မဟုတ်ဘူး”
သူ၏ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းမှာ ချင်မူနှင့် အနည်းငယ် ကွဲပြားသော်လည်း အလွန်တရာဆန်းကြယ်သည်။ သူ၏သင်္ကေတများက လမ်းတစ်လမ်းအား ဖော်ဆောင်လိုက်ပြီး မရေမတွက်နိုင်သော အဖြူရောင်ငှက်မွေးများက သူ့ကို ဖုံးအုပ်နေသည့်အလား ထင်ရသည်င်။
“ကျွန်တော့်ဘဝမှာ သိပ်ကိုမြင့်မြတ်တဲ့ အနေအထားတစ်ခု ရှိမှန်း သိခဲ့ရတာတောင်မှ ခင်ဗျားရဲ့ သရုပ်မှန်ကြောင့် ဖုန်းကွယ်ထားရုံအပြင် မတတ်နိုင်ခဲ့ဘူး… သူများတွေ သိသွားရင် အသတ်ခံရမှာမလို့လေ”
နတ်ဧကရာဇ်လန်ရွှမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသော်လည်း သူ၏အသံကတော့ ကျန်ရစ်ခဲ့သည်။ “ကျွန်တော်က အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့ပြီး လောကကြီးက ကျွန်တော့်အပိုင် ဖြစ်ခဲ့ရမှာ… ကောင်းကင်နတ်အရှင်ဟောင်၊ ရှဲ့ဝူကျိ.. သူတို့နှစ်ယောက်လုံးက ကျွန်တော့်အောက် ငယ်တဲ့ ညီတော်တွေပဲ…. ကျွန်တော်ကသာ အမှန်တကယ် ထိုက်တန်တဲ့ အိမ်ရှေ့စံမင်းသား.. ခင်ဗျားကြောင့် ကျွန်တော့်သရုပ်မှန်ကို ဖုံးကွယ်ပြီး တိတ်တိတ်ပုန်းသား ဖြစ်ခဲ့ရတာ”
ကောင်းကင်နတ်အရှင်ကုန်းမှာ တိတ်ဆိတ်နေသည်။ သူမက သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း မတားဆီးပေ။
“ငါ နင့်ကို တကယ် မမွေးခဲ့သင့်ဘူး...” သူမက အင်္ကျီလက်စကို ခါလိုက်ရင်း ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ဘိုးဘေးနန်းတော်အနောက်ဘက်မှ ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းသည် သစ်နက်တောင်တန်းအပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး သဲနာရီထဲရှိ သဲမှုန်များ ကျန်ရစ်နေသေးကြောင်း တွေ့လိုက်ရ၏။ ထို့နောက် သဲနာရီကို သိမ်း၍ အဝေးသို့ ပျံသန်းသွားတော့သည်။ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများမှာ သူမကို ကြည့်လျက် ကျန်ခဲ့ကြလေသည်။