← Chapters

ပန်းပင်လယ်ထဲက မိန်းကလေး

Vol. 104 Ch. 1370

ပန်းပင်လယ်ထဲက မိန်းကလေး

Vol. 104 Ch. 1370

ချင်မူတို့သည် ကောင်းကင်နတ်အရှင်တို့၏ တိုက်ပွဲကို အဝေးမှ ကြည့်နေကြရင်း အတွေးထဲ နစ်မျောနေကြ၏။

“ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကတော့ ကောင်းကင်နတ်အရှင်သုံးပါးရဲ့ အိမ်နောက်ဖေးခြံလို ဖြစ်လာတော့မယ်”

မင်းသားယိုမင်းက ပြောသည်။ “သူတို့ထဲက သုံးယောက်က ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို တတ်ထားပြီးပြီဆိုတော့ စိတ်တိုင်းကျ သွားလို့ရပြီ… မကြာခင် လုံရှောင်လည်း ဒီနေရာကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူး… ဒီနေရာကို ကာကွယ်နိုင်မှာ မဟုတ်တော့တဲ့အပြင် အဖမ်းခံရပြီး စီးတော်ယာဉ် ဖြစ်လာမယ်ထင်တယ်”

ဝေစွေ့ဖုန်း၏ မျက်လုံးများက ဖျတ်ခနဲ တောက်ပသွားပြီး သူက ပြော၏။ “ကောင်းကင်နတ်အရှင်သုံးပါးက စိတ်တိုင်းကျသွားလာနိုင်တဲ့ အစွမ်းရှိသွားပြီ…. ဒီတစ်ကြိမ်မှာ ဒဏ်ရာရသွားပေမယ့် ကုသပြီး နောက်တကြိမ် ပြန်လာတဲ့ ဘယ်သူမဆို လုံရှောင်ကို ဖမ်းပြီး ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို သိမ်းပိုက်နိုင်တော့မှာ … ဒါပေမဲ့ ကောင်းကင်နတ်အရှင်သုံးပါးရဲ့ အကျင့်စရိုက်အရ ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေ သူတို့ထက် မြန်မြန်သက်သာလာပြီး လုံရှောင်ကို သွားဖမ်းမှာ စိုးရိမ်ကြမှာပဲ… ဒါဆို သူတို့ပြန်ရောက်တာနဲ့ အရင်ဆုံးလုပ်မှာက….”

သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ဆက်ပြောသည်။ “ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ သတင်းကို တခြားကောင်းကင်နတ်အရှင်တွေဆီ ဖြန့်ပြီး ဘယ်သူမှ လုံရှောင်ကို ဖမ်းမရအောင် လုပ်မှာပဲ”

ဝေစွေ့ဖုန်းအနေဖြင့် ကောင်းကင်နတ်အရှင်သုံးပါးကို အကဲခတ်ထားကာ သူတို့၏အတွေးများကို နားလည်ခဲ့ချေသည်။

ယခု ‌ကောင်းကင်နတ်အရှင်သုံးပါးအနက် ဤအခြေအနေပေါ် မူတည်၍ အကျိုးအမြတ် အများဆုံး ရပြီး အင်အားနှင့် အာဏာ သိသိသာသာ တိုးတက်လာနိုင်သူ တစ်ယောက်သာ ရှိနိုင်သည်။ ထိုသူဖြစ်လာနိုင်ခြေမှာလည်း သုံးပုံတစ်ပုံသာ ရှိ၏။ သို့သော် အကျိုးအမြတ်အများဆုံး ရရှိသူ၏ အသတ်ခံရနိုင်ခြေမှာတော့ သုံးပုံနှစ်ပုံ ရှိလေသည်။

ထိုအခါ သူတို့သည် သတင်းဖြန့်ကြလိမ့်မည်။ ထိုသို့ဆိုလျှင် အကျိုးအမြတ်၏ ဆယ်ပုံတစ်ပုံကို သေချာပေါက် ရပေလိမ့်မည်။

ဤသည်က အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

လုံရှောင်မှာတော့ လမ်းတစ်လမ်းသာ ရှိ၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အသတ်ခံရခြင်းပင်။

အကျိုးအမြတ်မှာ ဆယ်ပုံသာ ရှိသဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အပြင်လူများနှင့် ဝေမျှလိမ့်မည်မဟုတ်ပေ။

သို့သော် လုံရှောင်ကိုတော့ ဆယ်ပိုင်းပိုင်း၍ မရချေ။ ထို့ကြောင့် မည်သူမှ မရလိုက်ဘဲ လုံရှောင် သေသွားခြင်းကသာ အကောင်းဆုံး ဖြစ်၏။

မင်းသားယိုမင်းမှာတော့ ဤအခြေအနေ၏ လှည့်ကွက်မာယာများကို နားမလည်နိုင်တော့ပေ။ သူက ဗလုံးဗထွေး ပြောသည်။ “ကောင်းကင်နတ်အရှင်သုံးပါးက သုံးပုံထဲ ပုံလိုက်ရင် ပိုပြီးတော့ အကျိုးအမြတ် မရဘူးလားဟေ”

“သူတို့ရဲ့ ရန်ငြိုးတွေက ချေဖျက်လို့မရဘူးလေ… ကောင်းကင်နတ်အရှင်ဆယ်ပါးကြားက ရန်ငြိုးတွေကတော့ ချေဖျက်လို့ရတယ်…. သူတို့က နဂါးဟန်ခေတ်တည်းက တစ်ယောက်နဲ့ တစ်ယောက် အပေးအယူလုပ်ခဲ့ကြတာ… ပြိုင်ဘက်တွေလည်း ဖြစ်သလို ယုံကြည်ချက်တူတဲ့ အဖွဲ့အစည်းတစ်ခုဆိုလည်း ဟုတ်တယ်”

ဝေစွေ့ဖုန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “မင်းသား၊ မြောက်နတ်မင်း ခင်ဗျားကို နှစ်ခြောက်သိန်းကြာ အကျဉ်းချခဲ့တာ တကယ် ကျေးဇူးတင်သင့်တယ်နော်… မဟုတ်ရင် အဲဒီနှစ်ခြောက်သိန်းအတွင်း ခင်ဗျားဘယ်နှစ်ကြိမ် သေခဲ့ရပြီမှန်း ပြောလို့တောင်ရမှာ မဟုတ်ဘူး”

မင်းသားယိုမင်းက ပြုံးလိုက်သည်။ “ကျုပ်က တော်တော်တုံးတယ်ဆိုတာ သိပါတယ်… ဒါကြောင့် ခင်ဗျားတို့လို ထက်မြတ်တဲ့သူတွေဆီက အကြံဉာဏ်တောင်းရတာပေါ့လေ… အတိတ်တုန်းက ကောင်းကင်ယင်သားတော်နဲ့ အပေါင်းအပါတွေက ကျုပ်ကို ဘယ်လိုချောက်ချပစ်ရမလဲပဲ တွေးနေခဲ့ကြတာ... အားသာချက်တွေ၊ အားနည်းချက်တွေကို ဘယ်လိုတွက်ချက်ရမလဲ မသင်ပေးခဲ့ဘူး… ဒါပေမဲ့ ခင်ဗျားတို့ကတော့ မိတ်ဆွေကောင်းပီသစွာနဲ့ သင်ပေးခဲ့ကြတယ်”

ဝေ‌စွေ့ဖုန်းက ချင်မူ့ဆီသို့ ကြည့်ကာ စပ်စုလိုက်၏။ “ဒါဆို ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ မပါတဲ့ ကောင်းကင်နတ်အရှင်မူကရော ဒီလိုအခြေအနေမှာ ဘာလုပ်သင့်လဲ”

“ကောင်းကင်နတ်အရှင်ဆယ်ပါး အသတ်မခံရခင် လုံရှောင်ကို ရှာရမယ်”

ချင်မူက ပြုံးလျက် ဖြေသည်။ “ပြီးတော့ သူ့ကို အစ်ကိုကြီး အခုလေးတင် ပြောခဲ့တဲ့စကား ပြောရမယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက ဘယ်သူ့ကိုမှ ယုံလို့မရတဲ့အတွက် ကျွန်တော်နဲ့ပဲ ပူးပေါင်းရမယ် ဆိုတာကိုရောပေါ့”

ဝေစွေ့ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏ရယ်သံက ရုတ်တရက် ရပ်တန့်သွားသည်။ သူက စကားလမ်းကြောင်း လွှဲလိုက်၏။ “ဒါပေမဲ့ လုံရှောင်က ခေါင်းမာတယ် ... တဇွတ်ထိုးဆန်တယ်…. သူက ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ အရှင်သခင်ဖြစ်တော့ ရှိသမျှ သားရဲတွေအားလုံးကို အုပ်ချုပ်ထားတာ… သူက အပေါ်ယံပဲ မြင်ပြီး အန္တရာယ်အများဆုံး အခြေအနေမှာတောင် ကောင်းကင်နတ်အရှင်တစ်ပါးကို အားကိုးပြီး သူ့နေရာကို ထိန်းသိမ်းထားနိုင်မယ် ထင်နေမှာပဲ… မင်း သူ့ကို သွားရှာရင် ထောင်ချောက်ထဲ ဝင်တိုးနေသလိုဖြစ်လိမ့်မယ်”

ချင်မူက ပြုံးသည်။ “အရာအားလုံးက လူတစ်ယောက်အပေါ်မှာ မူတည်နေတာပဲ… အောင်မြင်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေသရွေ့ ကျွန်တော်က‌တော့ လုပ်မယ်”

ဝေစွေ့ဖုန်းမှာ ကြောင်အသွားပြီးနောက် သက်ပြင်းချလိုက်သည်။ “အဲ့ဒါက ငါ မင်းထက် နိမ့်ကျနေရတဲ့ အကြောင်းအရင်းပဲ…. မင်းက မျှော်လင့်ချက်ရှိတယ်လို့ ထင်ရင် တစ်ပြားကနေ နှစ်ပြား ကြိုးစားပြီး ခွာဖို့ လုပ်တတ်တယ်… ငါဆိုရင်တော့ လက်လျှော့ပစ်လိုက်မှာ”

ချင်မူက သူတို့အား ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းအား သင်ကြားပေးရင်း ပြောသည်။ “ဒီနေရာမှာ တောင်ကောင်းကင်မုခ်၀ ရှိတယ်…. အဘွားစစ်၊ ဟွာရွှမ်းရှို့၊ လန်ယွီတျန်း၊ ရှုရှန်းဟွာနဲ့ ကျန်တဲ့သူတွေကို ခေါ်သွားပြီး အသေးစိတ် လေ့လာကြပါ…. ကျွန်တော် လုံရှောင်ကို သွားရှာမယ်”

ဝေစွေ့ဖုန်းက တခဏ တုံ့ဆိုင်းနေပြီးနောက် မှာသည်။ “လမ်းမှာ သတိထားနော်”

ချင်မူက ရယ်လျက် ဖန်သားကောင်းကင်စေတီကို သူ့လက်ထဲသို့ ထိုးထည့်ကာ ပျံသန်းသွားသည်။ “စိတ်မပူပါနဲ့…. လုံရှောင်က အခု ဒဏ်ရာ အပြင်းအထန် ရထားတော့ ကျွန်တော့်ကို ဘာမှမလုပ်နိုင်ပါဘူး”

ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းက သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီး မင်းသားယိုမင်းက စိတ်ရင်းဖြင့် ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက တကယ်ကို ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ”

“နဂါးဟန်ခေတ်က ကောင်းကင်နတ်အရှင်တွေကလည်း ထူးကဲတဲ့ ပုဂ္ဂိုလ်တွေပဲ…သူတို့မှာ အလိုရမ္မက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံယူချက်တွေ ရှိကြတဲ့အတွက် ထူးကဲတဲ့အရာတွေ လုပ်နိုင်ပြီး ထူးကဲတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာ”

ဝေစွေ့ဖုန်းက ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီးနောက် ခပ်ဩဩ ပြောလိုက်သည်။ “ကျုပ် ရှုကျွင်း၊ လန်ယွီတျန်းနဲ့ စစ်ယိုယိုကို ဆင့်ခေါ်လိုက်ပြီးပြီ.. သစ်နက်တောင်တန်းတွေဆီ ပြန်သွားစရာ မလိုတော့ဘူး”

မင်းသားယိုမင်းက တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားလည်း သစ်နက်တောင်တန်းက အထွတ်အမြတ်တောင်တန်းတွေလို့ ပြောခဲ့ပေမယ့် ကျုပ် အဲ့တောင်တွေကို ကြည့်ရင် အထွတ်အမြတ်တောင်တန်းတွေနဲ့လည်း မတူဘူး…. အရမ်းအန္တရာယ်များတဲ့ နေရာတွေလိုပဲ… ခံစားချက်မကောင်းဘူး…”

“ကောင်းကင်နတ်အရှင်မူက အထွတ်အမြတ်တောင်တန်းတွေလို့ ပြောရင် အဲဒါတွေက အထွတ်အမြတ်တောင်တန်းတွေပဲ… မိုးပြိုရင်တောင်မှ ကောင်းကင်နတ်အရှင်မူက ဖြေရှင်းလိမ့်မယ်”

“အဲ့ဒါတော့ အမှန်ပဲဗျာ…”

ချင်မူက လုံရှောင်အား ခြေရာခံရင်း လမ်းတစ်လျှောက်လုံး ရှာဖွေလာခဲ့သည်။ လုံရှောင်သည် ဒဏ်ရာရထားသဖြင့် သွေးစက်များ လမ်းတွင် ကျန်ရစ်ခဲ့၏။ သို့သော် ဝေးဝေးလံလံ မရှာဖွေရသေးခင်မှာပင် သွေးစက်များမှာ ပျောက်ကွယ်သွားသည်။ အခြားသူများ ရှာမတွေ့စေရန် လုံရှောင်က သူ၏ဒဏ်ရာများကို ဖိနှိပ်ထားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ချင်မူ တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေစဉ် အဝေးမှ ဧရာမသားရဲကြီးတစ်ကောင်က သူ့ကို တွေ့သွား၍ ပြေးဝင်လာသည်။

သူ၏အသိစိတ်အလျဉ်က ပေါက်ကွဲထွက်သွားပြီး ဧရာမသားရဲကြီး၏ စိတ်ထဲတွင် တံဆိပ်ခတ်နှိပ်လိုက်သည်။ တခဏအကြာတွင် ချင်မူသည် ဧရာမသားရဲကြီး၏ ဦးခေါင်းပေါ်တွင် ရပ်ကာ ၎င်း၏မှတ်ဉာဏ်များမှတဆင့် လုံရှောင်၏ တည်နေရာကို ရှာဖွေနေ၏။ ထို့နောက် သူက သားရဲကြီးကို ထိန်းချုပ်ကာ ထိုနေရာသို့ ပြေးသွားစေသည်။

မကြာမီ ထိုသားရဲကြီးမှာ လုံရှောင်အား မျက်ခြေပြတ်သွားသည်ကို သိလိုက်ရ၏။ သို့သော် အနီးတစ်ဝိုက်တွင် အခြားသားရဲကြီးများ ရှိနေသေးလေသည်။ ချင်မူက ချက်ချင်းပင် မူလသားရဲကြီးကို ထားခဲ့၍ နောက်ထပ်သားရဲတစ်ကောင်ဆီသို့ ပြောင်းသွားသည်။

သူသည် ရပ်လိုက်၊ ပြန်သွားလိုက်ဖြင့် ရှာဖွေလာခဲ့ရင်း လုံရှောင်၏ လှုပ်ရှားမှုများမှာ ပိုပို၍ ထူးဆန်းလာကြောင်း သတိထားမိလာသည်။ သားရဲတချို့ ပြောင်းပြီးသည့်တိုင်အောင် လုံရှောင်၏ခြေရာများကို ရှာမတွေ့ပေ။

“လုံရှောင်လည်း သတိထားနေတာပဲ”

ချင်မူက ဧရာမသားရဲကြီး၏ ဦးခေါင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ခပ်ဟဟ ရယ်လိုက်သည်။ သူက လက်တစ်ချောင်း မြှောက်၍ ရှေးဟောင်းသစ်ပင်တစ်ပင်အား တတောက်တောက် ခေါက်လိုက်၏။ “လူကြီးမင်း၊ လုံရှောင်ကို တွေ့ခဲ့သလားဗျ”

ရှေးဟောင်းသစ်ပင်မှာ သူ့ကြောင့် ဝိညာဉ်ဆင့်ခေါ်ခံလိုက်ရကာ အသိစိတ်၀င်လာသည်။ ၎င်း၏ သစ်မြစ်များက မြေကြီးထဲမှ ထိုးထွက်လာကြပြီး ၎င်း၏ခန္ဓာကိုယ်တွင် မျက်လုံးနှင့် ပါးစပ် ပေါ်လာသည်။ ၎င်းက သစ်ကိုင်းတစ်ခက်ကို မြှောက်လျက် အဝေးသို့ ညွှန်ပြ၏။ “သူ အဲ့ဒီဘက်ကို သွားတယ်”

ချင်မူက ကျေးဇူးတင်၍ ချက်ချင်း ထွက်ခွာသွားတော့သည်။

ဝိညာဉ်သစ်ပင်က သစ်ကိုင်းမြှောက်၍ သစ်ပင်ထိပ်ဖျားဆီသို့ ကုတ်လိုက်၏။ ၎င်းမှာ ဇဝေဇဝါဖြစ်နေလေသည်။ အဘယ်ကြောင့် ရုတ်တရက်ကြီး စကားပြောနိုင်၍ လမ်းလျှောက်ကာ နေရောင်ကို ခံစားနိုင်နေသည်လဲ နားမလည်နိုင်တော့ပေ။

ချင်မူ၏ ကောင်းကင်နတ်သိုင်းမှာ ထူးကဲသည်။ ၎င်းက အစစ်အမှန်ကောင်းကင်နန်းဆောင်ဆီမှ ရိုးရိုးတန်းတန်း ဝိညာဉ်ဆင့်ခေါ်မန္တန်တစ်ခု မဟုတ်ပေ။ ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်းကို အသုံးပြုကာ စကားပြောနိုင်သည့် အစွမ်းလည်း ထည့်သွင်းထားခြင်းဖြစ်၏။ သူ၏ကောင်းကင်နတ်သိုင်းကား နက်နဲဆန်းပြားလှသည်။

လောကတွင် ကောင်းကင်နတ်သိုင်းအရာ၌ ချင်မူ့ထက် သာလွန်သူများမှာ များပြားလှ၏။ သို့သော် တီထွင်ဖန်တီးနိုင်စွမ်း၊ လွယ်ကူခြင်းနှင့် မှန်းဆမရနိုင်ခြင်းတို့တွင် ချင်မူ့ထက် သာလွန်သူဟူ၍ မရှိပေ။

သူ အချိန်အတော်ကြာ ရှာဖွေခဲ့ပြီးနောက် လုံရှောင်အား မျက်ခြည်ပြတ်သွားပြန်သည်။ သူ့အရှေ့တွင် ဧကထောင်ပေါင်းများစွာ ကျယ်ပြန့်သော ဝိညာဥ်ပန်းခင်းတစ်ခင်း ရှိနေပြီး ဆယ်ကိုက်ကျော် ရှည်လျားသည့် ဝိညာဉ်ပန်းပွင့်များက လေနှင့်အတူ ယိမ်းနွဲ့နေကြလေသည်။

ချင်မူ့ခြေထောက်က မြေပြင်သို့ ဆောင့်ချလိုက်ရာ ဝိညာဉ်ပန်းခင်းမှာ ရုတ်ခြည်းပင် ယိမ်းယိုင်သွားသည်။ ပန်းပွင့်များကြားတွင် ငယ်ရွယ်ချောမောသော မိန်းကလေးများက သမ်းဝေရင်း ပန်းပွင့်များထဲမှ ကိုယ်တစ်ပိုင်းထွက်ကာ ချောင်းကြည့်နေကြ၏။

ချင်မူက မေးသည်။ “ညီမငယ်တို့၊ လုံရှောင်ကို တွေ့မိကြသေးလား”

မိန်းကလေးများမှာ စကားများနေကြသဖြင့် ချင်မူက ချောင်းဟန့်၍ ပြောလိုက်၏။ “ကျေးဇူးပြုပြီး လမ်းပြပေးပါ”

မိန်းကလေးငယ်များအားလုံးက တစ်နေရာတည်းသို့ ညွှန်ပြကြသဖြင့် ချင်မူက ကျေးဇူးတင်ကာ ပြေးထွက်သွားသည်။

“ဟဲ့ ငါ့မှာ အဝတ်လည်း မရှိဘူးဟ” ပန်းပွင့်ထဲမှ မိန်းကလေးငယ်တစ်ဦးက အလန့်တကြား ထအော်၏။

“ငါရောပဲ”

“ငါတို့တွေက အဝတ်လည်း ဝတ်မထားကြဘူး”

“ကိုယ်လုံးတီးတွေဟေ့”

“ဘာလို့ နင့်ရင်သားက ငါ့ထက် ကြီးနေတာလဲ… တင်ပါးကလည်း တင်းလိုက်တာ…. ရုပ်ဆိုးချက်ပဲ လမ်းလျှောက်ရတာ အဆင်ကို ပြေမနေဘူး”

ပန်းခင်းမှာ ရုတ်ရုတ်သဲသဲ စည်းကားလာနေသည်။ မိန်းကလေးများက ပန်းပွင့်များအထဲမှ ထွက်လာကြပြီး သစ်ရွက်များ ရှာဖွေနေကြ၏။ သူတို့က သစ်ရွက်များကို လှပသော အဝတ်အစားများအဖြစ် ချုပ်ကာ ပန်းပွင့်ချပ်များဖြင့် အလှဆင်နေကြသည်။

သူတို့က ရင်ကြီးသည့် မိန်းကလေးကို ကြည့်၍ ရယ်နေကြသောကြောင့် ပန်းခင်းထဲတွင် ရယ်မောသံတို့ ညံနေတော့၏။

All Chapters