← Chapters

မတည်ငြိမ်သော သိုင်းအဆင့်

Vol. 104 Ch. 1371

မတည်ငြိမ်သော သိုင်းအဆင့်

Vol. 104 Ch. 1371

ကောင်းကင်နတ်အရှင်ကုန်းသည် ထိုက်စုကျောက်တုံးတွင်းဆီသို့ ပြန်သွား၍ ထိုနေရာအား စောင့်ရှောက်ပေးနေသည့် သူမ၏တပည့်နျန်းစစ်ဟွာကို မှာသည်။ “ငါ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ရထားတယ်… တခြားကောင်းကင်နတ်အရှင်တွေရဲ့ ပိုင်နက်တွေဆီ လူလွှတ်ပြီး ဒီသိုင်းနဲ့ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို သွားလို့ရတဲ့အကြောင်း ပြောပြလိုက်… ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှာ ရတနာတွေ မရေမတွက်နိုင်အောင် ရှိတယ်”

နျန်းစစ်ဟွာမှာ အံ့အားသင့်သွားပြီး သူမက အလျင်အမြန်ပြော၏။ “ဆရာမ၊ ဘိုးဘေးနန်းတော် အနောက်ဘက်ခြမ်းမှာ ရတနာတွေ ရှိတယ်ဆိုရင် ဘာလို့ တခြားသူတွေနဲ့ ဝေမျှယူနေရတာလဲ… တခြားကောင်းကင်နတ်အရှင်တွေက ရက်စက်ကြမ်းကြုတ်တဲ့သူတွေ…. အကျိုးအမြတ်တွေအားလုံး လက်ဝါးကြီးအုပ်ချင်ကြမှာပဲ… ကျွန်မတို့နဲ့ မျှယူချင်ပါ့မလား”

ကောင်းကင်နတ်အရှင်ကုန်းက မှင်သေသေ ဖြေသည်။ “ကိုယ်အပိုင် မယူနိုင်တဲ့ အကျိုးအမြတ်ဆိုရင် ဝေမျှသင့် ဝေမျှရမယ်… သူတို့ ဘိုးဘေးနန်းတော်ကို သိမ်းပိုက်ခဲ့တာက မယူနိုင်ခဲ့မှာ စိုးရိမ်ခဲ့ကြတဲ့အတွက် မဟာမိတ်တွေ ရှာပြီး ငါနဲ့ လာတွေ့ခဲ့တယ်လေ…. ငါ့ကို ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြလို့လား…. မေးခွန်းထုတ်နေစရာ မလိုဘူး… မြန်မြန်သွားတော့”

နျန်းစစ်ဟွာက မျက်လုံးဝေ့လိုက်ရင်း မေးသည်။ “ကောင်းကင်နတ်အရှင်မူကလည်း ကောင်းကင်နတ်အရှင်ပဲနော်… သူ့ကိုပါ အသိပေးရဦးမလား”

ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းရမ်းသည်။ “မလိုဘူး”

နျန်းစစ်ဟွာမှာ ပျော်ရွှင်ဝမ်းမြောက်သွားပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူနဲ့ အကျိုးအမြတ်တွေကို ခွဲယူမယ်ဆိုရင် ဆယ့်တစ်ပုံ ပုံရမှာ… တစ်ယောက် လျော့သွားတော့ ပိုပြီးများများ ရတာပေါ့”

“ဒါဆိုရင် နင် မှားသွားပြီ… ငါတို့ ကောင်းကင်နတ်အရှင်မူနဲ့ ခွဲယူရမှာ”

ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းရမ်းလျက် ရှင်းပြသည်။ “ဘိုးဘေးနန်းတော်အရှေ့ပိုင်းမှာ သူ့ပိုင်နက်ရှိတယ်…. ဒါ့အပြင် သူက ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို တီထွင်ခဲ့တဲ့သူ…. သူ့ကိုလည်း တစ်ပုံပေးရမှာ သဘာဝပဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း အတွေးတူကြပေမယ့် ကန့်သတ်ချက်တွေ ရှိနေတယ်…. ကောင်းကင်နတ်အရှင်မူကို အသုံးချပြီးတော့ ဖြေလျှော့ရမယ်”

နျန်းစစ်ဟွာမှာ အလွန်အမင်း ဇဝေဇဝါဖြစ်သွားသည်။

ကောင်းကင်နတ်အရှင်ကုန်းက တည်ငြိမ်စွာ ဆက်ပြော၏။ “သူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ…. သူ့နာမည်နဲ့ လုပ်ဖို့ လိုအပ်တဲ့အရာတွေ အများကြီးရှိတယ်…. ကောင်းကင်မဟာမိတ်ထဲမှာ မသတီစရာကိစ္စတချို့ ရှိနေတော့ တစ်ယောက်ယောက်ကတော့ တာဝန်ခံရမှာပဲ… ဒါ့အပြင် ငါ့မှာ မဟာမိတ် မရှိဘူး… ကောင်းကင်မဟာမိတ်အဖွဲ့ထဲမှာ မဟာမိတ်ရှိဖို့လိုအပ်တယ်… ကောင်းကင်နတ်အရှင်မူကို ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဆွဲထည့်ပြီးတော့ ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင် ဖြစ်လာအောင် လုပ်ရမယ်… သူ့ကို သုံးပြီး ကောင်းကင်နတ်အရှင်ဟောင်ကို ထိန်းထားဖို့က ငါတစ်ယောက်တည်းရဲ့ အကြံမဟုတ်ဘဲ ကျန်တဲ့ကောင်းကင်နတ်အရှင်တွေရဲ့ အကြံတွေပဲ”

နျန်းစစ်ဟွာမှာ ကြက်သီးမွှေးညှင်းများ ထလာတော့သည်။ ကောင်းကင်နတ်အရှင် မည်သည့်အရာကို တွေးနေမှန်း သူမ ခန့်ပင် မခန့်မှန်းရဲချေ။

သူမသည် ဧကရာဇ်ပလ္လင်အဆင့်တွင် ဖြစ်သော်လည်း ကောင်းကင်နတ်အရှင်များသည် သူမအတွက် မဟူရာချောက်နက်ကြီးများအလား မှန်းဆမရနိုင်အောင် ဝေးကွာလွန်း၏။

“ခိုင်ဧကရာဇ်ကို ကောင်းကင်နတ်အရှင်ဆယ်ပါးထဲ ထည့်လို့မရပေမယ့် ကောင်းကင်နတ်အရှင်မူကိုတော့ ထည့်လို့ရလောက်တယ်”

ကောင်းကင်နတ်အရှင်ကုန်းက ဖြည်းညှင်းစွာ ပြောသည်။ “ခိုင်ဧကရာဇ်က သိမ်မွေ့ပြီး ရိုးသားတယ်… သူ့က စိတ်ကြီးတတ်တဲ့ပုံမပေါ်သလို တာအိုနှလုံးသားကလည်း တည်ငြိမ်တယ်… တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ စိတ်ပြောင်းမှာမဟုတ်ဘူး… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူကတော့ မတူဘူး…. ကောင်းကင်နတ်အရှင်မူက ပြောင်းလဲနိုင်တဲ့အပြင် ပြောင်းလဲခံရနိုင်ချေလည်း ရှိတယ်… နင် သွားလို့ရပြီ”

နျန်းစစ်ဟွာက ဦးညွတ်အရိုအသေပေးကာ ထွက်ခွာသွားသည်။

ကောင်းကင်နတ်အရှင်ကုန်းက ထိုက်စုကျောက်တုံးတွင်းကို ကြည့်နေပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပြီးတော့ ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်ဖြစ်နေတဲ့ ငါ့ရဲ့သရုပ်မှန်ကလည်း ပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခုပဲ… ဒီသရုပ်မှန်နဲ့ မဟာမိတ်တွေ ရှာဖို့ ခက်တယ်… ကောင်းကင်နတ်အရှင်မူကိုလည်း ငါ အပြည့်အဝ စိတ်မချဘူး… သူက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရင်းနှီးလွန်းတယ်”

သူမက အကြည့်လွှဲ၍ ဘိုးဘေးနန်းတော်သို့ လှမ်းကြည့်လိုက်သည်။

ဤသည်က ဖန်ဆင်းရှင်များ၏ ပိုင်နက်ဖြစ်သော်လည်း သူမအနေဖြင့် သူတို့ကို မရှာနိုင်ပေ။ ဖန်ဆင်းရှင်တို့၏ ရန်သူတော်နှစ်ဦးမှာ မဟာဧကရာဇ်နှင့် ရှေးဟောင်းနတ်ဘုရားတို့ ဖြစ်ကြ၏။

ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ကောင်းကင်နတ်အရှင်ဟွေ့သည် ရှေးဟောင်းနတ်ဘုရားများကို ရှင်းလင်းဖယ်ရှားရန် စိတ်အားအထက်သန်ဆုံး ဖြစ်သော်လည်း အကြောင်းရင်းမှာ သူ့ရန်သူများကို ဖယ်ရှားပြီး သူ့ခွန်အားတိုးပွား‌လာချင်သောကြောင့် ဖြစ်သည်။ သူမတစ်ယောက်တည်းသာ ရှေးဟောင်းနတ်ဘုရားများကို အမှန်တကယ် သတ်ဖြတ်ရှင်းလင်းလိုခြင်း ဖြစ်၏။

ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းတွင် ချင်မူသည် တစ်လမ်းလုံး ရှာဖွေလာပြီး ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ့အရှေ့တွင် မားမားမတ်မတ် ရပ်တည်နေသော တောင်ကြီးနှစ်လုံးအား တွေ့လိုက်ရ၏။ ၎င်းတို့က ကောင်းကင်မုခ်၀သဏ္ဍာန် ရှိပြီး တောင်ကောင်းကင်မုခ်ဝမှလွဲ၍ အခြားမဟုတ်ပေ။

‘လုံရှောင်က ဒီအနားတစ်ဝိုက်မှာပဲ ရှိရမယ်… ဒီကိုရောက်လက်စနဲ့ တောင်ကောင်းကင်မုခ်ဝကို ကြည့်လိုက်ပါဦးမယ်လေ’

သူက ကောင်းကင်နှင့် မြေကြီးကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော မုခ်၀ကြီးအား မော့ကြည့်လိုက်သည်။ ဤမုခ်ဝသည် ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ဖြစ်သည့်အလျောက် ကောင်းကင်နတ်ဘုံမှ တောင်ကောင်းကင်မုခ်၀ထက် အဆပေါင်းများစွာ ခမ်းနားတင့်တယ်၏။ တောင်နှစ်လုံးတွင် တာအိုအမှတ်အသားများဖြင့် ဖွဲ့တည်ထားသော တာအိုမီးလျှောက်များ ခြုံလွှမ်းနေပြီး မီးတောက်တစ်ခုချင်းစီ၌ မတူညီသော မဟာတာအို ကိန်းဝပ်နေသည်။

‘တာအိုဘိုးဘေးကြီးသာ ဒီနေရာမှာ ရှိရင် ငါ ဒီတာအိုမီးတောက်တွေကို ခဏလေးနဲ့ အဖြေထုတ်ပြီး သိမြင်နားလည်နိုင်မှာပဲ’

ချင်မူက ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်ဝထဲသို့ ဝင်ရောက်လိုက်သည့်အခါ တာအိုမီးတောက်များက သူ၏ခန္ဓာကိုယ်ကို ထိတွေ့လာကြသည်။ ထိုတာအိုမီးတောက်များမှာ အလွန်တရာ ထူးဆန်းပြီး ၎င်းတို့ သူ့ကို ထိတွေ့လိုက်ချိန်တွင် ပူနေခြင်းမရှိပေ။ သူ၏အင်္ကျီများနှင့် ဆံနွယ်များပင်လျှင် မီးမတောက်ချေ။

ချင်မူမှာ တအံ့တဩ စုပ်သပ်လိုက်ရင်း တောင်ကောင်းကင်မုခ်၀ကို ဖြတ်သွားကြည့်သည်။ မည်သည့်အရာမှ ဖြစ်ပေါ်မလာပေ။

သူက အနောက်သို့ ပြန်ဆုတ်၍ ပွစိပွစိ ရေရွတ်ရင်း မုခ်၀ကို အကဲခတ်နေသည်။

ရုတ်တရက် သူ၏မူလဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ဆီသို့ လျှောက်သွား၏။

သူသည် ရုပ်ခန္ဓာမပါဘဲ မူလဝိညာဉ်တစ်ခုတည်းနှင့် ကောင်းကောင်းကင်မုခ်၀ကို ဖြတ်သန်းကြည့်ချင်လေသည်။

သူ၏မူလဝိညာဉ် တောင်ကောင်းကင်မုခ်၀ထဲ ခြေချလိုက်သည်နှင့် ခေါင်းလောင်းသံအလား ဒေါင်ခနဲ မြည်သံကြီးကို ကြားလိုက်ရ၏။

နှိုင်းယှဉ်မရနိုင်အောင် ကျယ်လောင်သော တာအိုသံတစ်သံက ချင်မူ့မူဝိညာဉ်၏ နားထဲတွင် ထွက်ပေါ်လာသည်။ ၎င်းမှာ တာအိုတံခါးထဲ ဝင်ရောက်လိုက်သည့်အလား ခမ်းနားပြီး သူ၏ တာအိုနှလုံးသားအပေါ် နှိုင်းမရနိုင်အောင် သက်ရောက်လာတော့သည်။

“အရင်ခေတ်ကပုဂ္ဂိုလ်တွေ တစ်ယောက်မှ ကောင်းကင်မုခ်၀လေးခုရဲ့ လျှို့ဝှက်ချက်တွေကို ရှာမတွေ့ခဲ့တာ အံ့ဩစရာမရှိဘူးပဲ.. အဲဒီခေတ်တုန်းက ဖန်ဆင်းရှင်တွေမှာ မူလဝိညာဉ်မှ မရှိခဲ့ကြတာ…”

သူသည် သဘောပေါက်သွားပြီး ထိုအချိန်မှာပဲ တောင်ကောင်းကင်မုခ်၀ဆီမှ မီးတာအို၏ စွမ်းအားကို ခံစားလိုက်ရသည်။ မီးတာအိုကား သူ၏မူလဝိညာဉ်ထံ ကျူးကျော်လာပြီး အရပ်လေးမျက်နှာမှ မီးလောင်တိုက်သွင်းရင်း အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်ထဲသို့ပင် ဝင်ရောက်လာကာ တာအိုသင်္ကေတများ ဖွဲ့တည်လိုက်သည်။

ဤသည်က စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ သူ၏မူလဝိညာဉ်အနေဖြင့် မီးတာအိုကြောင့် ပြာဖြစ်သွားနိုင်ခြေရှိသော်လည်း တောင်ကောင်းကင်မုခ်၀၏ စမ်းသပ်မှုအား ကျော်လွှားနိုင်လျှင် နောက်ထပ်ခြေတစ်လှမ်း တက်နိုင်လိမ့်မည်။

သူက မီးတောက်များအား တိုက်စားနေစေရင်း ဆက်လက်လျှောက်သွားသည်။ သူနားထဲတွင် တာအိုသံကို ဆက်ကြားနေရ၏။

ချင်မူက ခြေလှမ်းများကို အရှိန်လျှော့လိုက်ပြီး မီးတာအိုသည် သူ့ခန္ဓာကိုယ်ကို တိုက်စားလျက် ရှိနေ၏။ မသိလိုက်မသိဖာသာဖြင့် ချင်မူ့တွင် များစွာသော အတွေးအမြင်များ၊ ခံစားချက်များ ဖြစ်ပေါ်လာသည်။ သူ ဆက်လျှောက်လေလေ၊ တာအိုသံကြောင့် ဖြစ်တည်လာသည့် အံ့ဩဖွယ် ခံစားချက်များက တိုးပွားလာလေလေပင်။

တစ်ဆက်တည်းမှာပင် ဆက်လျှောက်သည်နှင့်အမျှ တာအိုမီးတောက်မှာလည်း ပိုမိုအားကောင်းလာတော့၏။ သူ့မူလဝိညာဉ်၏ ဘေးကင်းမှုကိုပင် ခြိမ်းခြောက်လာသည်။

မှန်ပါသည်။ ထိုသို့စွမ်းအားမျိုးနှင့် တာအိုမီးတောက်ကား သူ့ကို အန္တရာယ်မပေးနိုင်သော်လည်း ချင်မူမှာ သိုင်းအခြေခံ မတည်ငြိမ်သည့်အလား ခံစားလိုက်ရသည်။

ဤသို့ မတည်ငြိမ်သော သိုင်းအခြေခံမှာ ကောင်းကင်နန်းဆောင်ကျင့်စဥ်စနစ်၏ တောင်ကောင်းကင်မုခ်၀အဆင့်မှ ထွက်ပေါ်လာခြင်းပင်။

တောင်ကောင်းကင်မုခ်ဝအဆင့်ကို အစစ်အမှန်နတ်ဘုရားအဆင့် ဟူ၍လည်း ခေါ်ကြသည်။ အဆင့်မြင့်မားသော သိုင်းပညာရှင်တို့သည် တေင်ကောင်းကင်မုခ်ဝဆီသို့ လာရောက်၍ တံခါးအား ဖြတ်သန်းသည့်အခါ တံခါး၏ မဟာတာအိုနိယာမများဖြင့် စမ်းသပ်စစ်ဆေးခံကြရ၏။ ထို့နောက်တွင် သူတို့၏မူလဝိညာဉ်နှင့် ခန္ဓာကိုယ်များက အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်သည်။

ချင်မူသည် တောင်ကောင်းကင်မုခ်၀ကို ဖြတ်သန်းပြီးဖြစ်၏။ မုခ်၀တစ်ခုတည်းသာမဟုတ်ဘဲ တောင်ကောင်းကင်မုခ်၀၏ ကောင်းကင်နန်းဆောင်များကိုလည်း ဖြတ်သန်းပြီဖြစ်သည်။

သို့သော် ယခုတွင် ကောင်းကင်နှင့် မြေကြီးမှ သဘောဝအလျောက် ဖွဲ့တည်နေသော ဤတောင်ကောင်းကင်မုခ်၀ကို ဖြတ်သန်းလိုက်ပြီး တာအိုမီးတောက်များ၏ လောင်ကျွမ်းခြင်း ခံနေရသည့်အချိန်တွင် သူ၏သိုင်းအဆင့်မှာ မတည်ငြိမ်သည့် အရိပ်အယောင်များ ပြသလာကြောင်း သဘောပေါက်လိုက်လေသည်။

ဤသို့ မတည်ငြိမ်သည့် သိုင်းအဆင့်မျိုးကို သူ့အနေဖြင့် တစ်ခါမှ မတွေ့ကြုံဖူးပေ။

ငယ်စဉ်ကတည်းက သူ၏သိုင်းအခြေခံသည် နှိုင်းယှဉ်မရနိုင်အောင် ခိုင်မာသည်ဟု ပြောနိုင်သည်။ အထူးသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုနှင့် ထိတွေ့ပြီးနောက် ကောင်းကင်ရတနာတို့အား ပြန်လည်မွမ်းမံပြီးနောက်ပိုင်း၌ပင်။

ကောင်းကင်နန်းဆောင်များ၊ ကောင်းကင်ရတနာများကို လျစ်လျူရှုကာ ဝိညာဉ်သန္ဓေသားတစ်ခုတည်းအား ကျင့်ကြံခဲ့ချိန်တွင်လည်း သူ၏ကောင်းကင်နန်းဆောင်အဆင့်သည် ဝိညာဥ်သန္ဓေသားအဆင့်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့၏။ ကောင်းကင်နန်းဆောင်၏ မူလဝိညာဉ်နှင့် အစစ်အမှန်နတ်ဘုရားတို့အား မှန်းဆမရနိုင်သော အခြေအနေတစ်ခုအထိရောက်အောင် သူ လေ့ကျင့်ပေးခဲ့သည်။

သူ၏ သိုင်းအဆင့်က မတည်ငြိမ်ဘူးဆိုပါက တစ်လောကလုံးရှိ နတ်ဘုရားများလည်း မတည်ငြိမ်သော သိုင်းအဆင့်ကို ပိုင်ဆိုင်ထားကြလိမ့်မည်။

‘ဒါက အခွင့်အရေးပဲ… ငါ တောင်ကောင်းကင်မုခ်၀ကို လုံးဝပြီးပြည့်စုံစေနိုင်မယ့် အခွင့်အရေး’

သူက သူ့ပတ်ပတ်လည်ရှိ တာအိုမီးတောက်များအား သိမြင်နားလည်စေရန် စိတ်အာရုံအလုံးစုံကို အသုံးပြုလိုက်သည်။ နှလုံးသားတစ်ခုလုံးဖြင့် တာအိုသံကို နားထောင်ရင်း တောင်ကောင်းကင်မုခ်၀၏ ကျယ်ပြန့်လေးနက်မှုအား နားလည်သိမြင်နေ၏။

ထိုအခိုက်အတန့်တွင် တောင်ကောင်းကင်မုခ်၀အပေါ်၌ ဧရာမမျက်လုံးကြီးနှစ်လုံး ပေါ်လာသည်။ ၎င်းတို့က တိမ်များအနောက်တွင် ပုန်းကွယ်ကာ တောင်ကောင်းကင်မုခ်၀အား သိမြင်နားလည်နေသည့် ချင်မူ့မူလဝိညာဉ်ကို စိုက်ကြည့်နေ၏။ ထို့နောက် မျက်လုံးကြီးများ၏ အကြည့်က ချင်မူ့ရုပ်ခန္ဓာအပေါ် ရောက်သွားသည်။

ကောင်းကင်ထက်တွင် ရှည်လျားသော နဂါးမုတ်ဆိတ်တစ်ခုက ဖြည်းဖြည်းချင်း အသံတိတ် ကျဆင်းလာကာ ချင်မူ့ရုပ်ခန္ဓာကို ရစ်ပတ်ကာ သိမ်းယူလိုက်၏။

သို့သော် တောင်ကောင်းကင်မုခ်၀ထဲရှိ ချင်မူ့မူလဝိညာဉ်မှာ သတိထားမိပုံမပေါ်ပေ။

“မင်း ငါ့ရဲ့စီးတော်ယာဉ်ဖြစ်လာဖို့ ခခယယ တောင်းပန်တာကို စောင့်နေတာကွ… ဟီးဟီး…” ခပ်တိုးတိုးရယ်သံတစ်ချက်သည် ကောင်းကင်ထဲမှ ထွက်ပေါ်လာပြီး မျက်လုံးကြီးနှစ်လုံးမှာ ပျောက်ကွယ်သွားတော့၏။

All Chapters