အထီးကျန် တစ္ဆေ
Vol. 103 Ch. 1532
“ မြောက်ပိုင်းက သာမန်ဆန်လွန်းတယ်… ဒီနေရာလောက် စိတ်ဝင်စားဖို့ မကောင်းဘူး …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ နင်နဲ့သာဆို သာမန်ဆန်လည်း ပျင်းဖို့ကောင်းမှာ မဟုတ်ပါဘူး ..” ကျီချင်းရန် ပြုံးလျက် ပြောလိုက်၏။ " ဒါပေမယ့် ဒီနေ့ နင့်ရဲ့ လုပ်ရည်ကိုင်ရည်က တကယ်မဆိုးဘူး … ငါ့ရဲ့ အဝတ်သေးသေးလေးတွေလည်း ယူလာခဲ့ပေးတယ်… မဆိုးဘူး မဆိုးဘူး … နင်က နေကာမျက်မှန်တောင် ယူခဲ့ပေးတာလား … မဆိုးဘူးပဲ… နင့်ကို ချီးကျူးပေးဖို့ ထိုက်တန်တယ်…”
ထိုအခိုက်အတန့်တွင် ကျီချင်းရန်သည် သူမအကြိုက် ဝတ်စုံကို လဲပြုထားပြီး မျက်နှာတစ်ဝက်ကို လွှမ်းသည့် နေရာမျက်မှန်အကြီးကြီး တစ်လက်ကို တပ်ဆင်ထားသည်။
ကျီချင်းရန်နှင့် အချိန်အတော်ကြာအောင် အတူ ရှိပြီး ဖြစ်သဖြင့် လင်းရီသည် သူမ၏ အကျင့်လေးများကို သိနေလေပြီ။
သူမက အပြင်သို့ သွားမည်ဆိုပါက နေကာမျက်မှန် တပ်လိုက်ရမှကို ကျေနပ်သည်။ သူမ ပြောသည်ကတော့ ကိုယ့်ဘက်က ဆန်းကြယ်သည့်အသွင်ကို အမြဲတမ်း ထိန်းသိမ်းနေရမည်ဆိုပင်။
“ မင်းက ဒီဝတ်စုံကို ပေါ်လွင်ထင်ရှားတဲ့ နေရာမှာ သိမ်းထားတယ်လေ… ဒီတော့ ငါလည်း မင်းကြိုက်လောက်မယ်ဆိုပြီး ထည့်ခဲ့လိုက်တာ … ကျိုးဟိုင်က ရာသီဥတုက ခွင့်မပြုလို့သာ မဟုတ်ရင် မင်း ဒီဝတ်စုံကို ဝတ်ဖြစ်တာ အတော်လေး ကြာပြီမလား …”
“ ဟုတ်တယ်… ဒါပေမယ့် ငါသိချင်တာက နင် ဘယ်အချိန်တုန်းက ငါ့အခန်းထဲ ဝင်သွားခဲ့တာလဲ….”
“ မနေ့ညက …”
“ အယ်…….. ငါ ဘယ်လိုလုပ်ပြီး မသိရတာပါလိမ့်…”
“ ဝက်လိုအိပ်နေတာကိုး … အပြင်မှာ မိုးကြိုးပစ်ရင်တောင် မင်းကြားမှာ မဟုတ်ဘူး .. ငါ မင်း အခန်းထဲ ဝင်ပြီး အဝတ်တွေ မွှေနေတာ ဘယ်လိုလုပ်ကြားမှာ ….”
“ နင် သူများကို ဝက်လို့ လာမခေါ်နဲ့ … ငါခွင့်မပြုဘူး …” ကျီချင်းရန်သည် ပါးကို ဖောင်းလျက် ပြောလိုက်၏။ သူမ အိပ်စက်သည့် ပုံစံက အတော်လေး မိန်းမသား ဆန်ကြောင်း ကိုယ့်အကြောင်းကိုယ် သိနေသဖြင့် လင်းရီ၏ စကားကို ပြန်မငြင်းဝံ့ခဲ့ချေ။
“ အေးပါ …. ဝက်ကလေးရဲ့ …”
“ အား ….”
ကျီချင်းရန်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။ သူမ ရှက်ရွံ့လွန်း၍ လင်းရီကို ဒေါသဖြစ်နေသည်။
“ မွ….”
သူမ၏ ညာဘက်ပါးတစ်ဖက်သို့ လင်းရီ မွှေးကြူလိုက်၏။
“ ဘာမှ မစိုးရိမ်နဲ့ .. မင်းက ဝက်ဆိုရင်တောင် အနံ့မွှေးမွှေးနဲ့ ပန်းရောင် ဝက်လေးပဲ ဖြစ်မှာ …”
"ပြီးရင် ကိုယ်က မင်းကို စပယ်ရှယ် ချက်စားပစ်မှာလေ..."
ကျီချင်းရန်၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် လင်းရီ ဆက်ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် သူမ ပြန်စိတ်ဆိုးသွားခဲ့ရ၏။
ဤကဲ့သို့ ချိုမြိန်သည့် အသေးဖွဲ ငြင်းခုန်မှုလေးများက သူမတို့၏ ဆက်ဆံရေးတွင် အဓိက ကျသည့် နေရာမှ ပါဝင်နေလေသည်။
လူအုပ်ကြီးထဲ ရောဝင်ရင်း လင်းရီတို့နှစ်ဦးသည် လေဆိပ် တာမင်နယ်ထဲက ထွက်လာခဲ့ကြ၏။
ယနေ့က ခရစ်စမတ် အကြိုနေ့ဖြစ်ပြီး မနက်ဖြန်ကတော့ ခရစ်စမတ် ပွဲတော်နေ့ဖြစ်၏။ လေဆိပ်တွင် ခရစ်စမတ် အဆောင်အယောင်များ ခင်းကျင်းထားပြီး ခမ်းနားသည့် ပွဲတော်ကြီး တစ်ခုကဲ့သို့ ခံစားရစေသည်။
ထိုအတောအတွင်း သူတို့နှစ်ဦးသည် ဒူဘိုင်း၏ ဆွဲဆောင်မှုတစ်ရပ်ကိုလည်း ခံစားတွေ့ကြုံခဲ့ရ၏။
ထိပ်တန်း လက်ဇရီဘရန်း မျိုးစုံသည် လေဆိပ်၏ ဂျူတီဖရီးဆိုင်များတွင် ရောင်းချနေလျက် ရှိပြီး ယခုလို အရာမျိုးက ရန်ကျင်း၏ SKP သို့မဟုတ် ကျိုးဟိုင်၏ ဟေးလုံ ပလာဇာတို့တွင်သာ မြင်တွေ့နိုင်သည့် ဘရန်းများ ဖြစ်လေသည်။
ပြောစမှတ်ပြုကြသည်က တိုကျိုတွင် ဂင်းဇား ၊ ပဲရစ်တွင် ချမ့်အယ်ဆီတို့က ဈေးဝယ်ထွက်သူတို့အဖို့ နိဗ္ဗာန်ဘုံဟု ပြောလေ့ရှိကြသည်။
သို့သော် ဒူဘိုင်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ထိုနှစ်ခုလုံးလည်း နောက်တွင် ကျန်နေရစ်ခဲ့လေပြီ။
အကယ်၍ အခြားနေရာများတွင် ဆိုပါက လူတော်တော်များများသည် ၎င်းတို့၏ လက်ဇရီဖက်ရှင်များကို ဝင့်ကြွားရန် အကောင်းဆုံး ကြိုးစားလေ့ ရှိကြသည်။
သို့သော် ဒူဘိုင်းကဲ့သို့ ဤနေရာတွင်တော့ ထိုသို့ ပြုရန် မလိုပေ။ ဤနေရာ၌ အရာအားလုံးက လက်ဇရီဆန်ပြီး ဖက်ရှင်ကျသည့် အရာများသာ ဖြစ်၏။
ကျီချင်းရန်၏ သွင်ပန်းသဏ္ဌာန်အပေါ် လင်းရီတန်ဖိုးထားသည့် စံချိန်စံနှုန်းအတိုင်းဟု ပြောလျှင်လည်း မမှားပေ။
အခြားသူများက သူတို့၏ ဆွဲဆောင်မှုကို အလှကုန်ပစ္စည်းများ၊ အဝတ်အစားတို့၏ အကူအညီဖြင့် ပြသရန် ကြိုးစားကြသည်။ သို့သော် ကျီချင်းရန်မှာမူ ၎င်းတို့၏ အကူအညီကို လိုအပ်မနေချေ။ သူမက သူမ၏ အလှကို လူတိုင်းမြင်သာအောင် ပြဖို့ ကြိုးစားနေရန်လည်း မလိုခဲ့ချေ။ သူမက သဘာဝအတိုင်းကို လှနေပြီးသား ဖြစ်သည်။
“ လူကြီးမင်း …. ရှင် နောက် ဘယ်ဆက်သွားမှာလဲ…”
လေဆိပ်ထဲက ထွက်လာပြီးသည့်နောက် ကျီချင်းရန်သည် လင်းရီ၏ လက်မောင်းကို တွဲဖက်၍ ချစ်စဖွယ်လေး ဆိုလိုက်သည်။
ကျီချင်းရန်မှာ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ် မရှိတော့သော်လည်းပဲ ကြည့်ကောင်းသည့် လူတစ်ယောက်က ထိုသို့ ပြုခြင်းဖြစ်ရာ စိတ်အနှောင့်အယှက် ဖြစ်စေသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေခြင်း မရှိချေ။
“ အရင်ဆုံး ဟိုတယ်တစ်ခု ရှာပြီး နေဖို့ စီစဉ်ကြတာပေါ့ …”
ကျီချင်းရန်၏ မျက်လုံးလှလှလေးများက တလက်လက် တောက်ပလာသည်။
“ ခစ်ခစ် .. လူကြီးမင်း စီစဉ်တဲ့အတိုင်း လိုက်နာပါ့မယ်ရှင် …”
“ မင်း သေချာလား …”
“ သေချာတာပေါ့ …” သူမပြောပြီးနောက် ချက်ကျလက်ကျဖြင့် “ ငါက အိမ်မှာ ကြမ်းတမ်းတယ်ဆိုတိုင်း အပြင်မှာလည်း အဲ့လိုပဲလို့ မထင်လိုက်နဲ့လေ… အပြင်မှာဆိုရင်တော့ နင့်စကားကိုပဲ နားထောင်မယ်…”
“ ညကျရင်ကော နားထောင်ဦးမှာလား …”
ကျီချင်းရန်သည် ခေါင်းကိုမော့ ၊ ရင်ကိုကော့၍ ဝင့်ကြွားစွာ နှာမှုတ်လိုက်၏။ “ ဟွန့် … နင်ဒီစကားမျိုး ပြောလာမယ်မှန်း ကြိုသိသားပြီးသား …. အရင်ဆုံး နေဖို့နေရာ စီစဉ်ကြတာပေါ့ …”
ဟင် ….
ကျီချင်းရန်က စကားကို ခုန်ဆွပြီးဖြေနေသည်ကို မြင်တော့ လင်းရီ ကြက်သေသေသွားခဲ့၏။ သူမ၏ အဖြေက သူ စိတ်ကူးထားသည်နှင့် နည်းနည်းလေး ကွဲလွဲနေပါသည်။
သူပဲ အတွေးလွန်နေတာလား… ဒါမှမဟုတ် အိုမန်မှာ ဟုန်းရမ်းရိုက်နိုင်တော့မှာများလား ။
ကျီချင်းရန် အလှမ်းခပ်ဝေးဝေးသို့ ရောက်သွားသည်ကို မြင်တော့ လင်းရီ သူမနောက် အလျင်အမြန် ပြေးလိုက်လာသည်။
ထို့နောက် နှစ်ယောက်သား ကားတစ်စင်းငှား၍ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ကြယ်ခုနစ်ဟိုတယ်ဖြစ်သည့် ဆေးလ်ဘုတ် ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။
လေဆိပ်နည်းတူ ဟိုတယ်သည်လည်း လာမည့် ခရစ်စမတ် အားလပ်ရက်အတွက် ခရစ်စမတ် အဆောင်အယောင်တို့ဖြင့် အလှဆင်ထားလျက်ရှိသည်။ ပွဲတော်အငွေ့အသက်တို့က ထုံသင်းနေပြီး လူတော်တော်များများကလည်း ဓာတ်ပုံရိုက်နေကြ၏။
ကျီချင်းရန်သည်လည်း ခြွင်းချက် မရှိပေ။ သူမက လင်းရီကိုပါ တွဲခေါ်၍ အမှတ်တရ ဓာတ်ပုံတချို့ ရိုက်ယူလိုက်၏။
သို့သော် ဓာတ်ပုံရိုက်ပြီးသည်နှင့် အထဲသို့ ချက်ချင်းဝင်ပြီလားဆိုတော့ မဝင်သေးပေ။ ထိုအစား အပြင်တွင် အချိန်အကြာကြီး မတ်တပ်ရပ်နေသည်။
“ ဘာတွေ ကြည့်နေတာ …”
“ ငါ့စိတ်ထဲ ဟိုတယ်က တော်တော်လေး ကောင်းတာပဲလို့ တွေးမိလို့ပါ….”
ကျီချင်းရန် ခေတ္တမျှကြာအောင် တွေးတောပြီးနောက် “ အမှန်ဆို ကော်မာရှယ် အိမ်ခြံမြေနဲ့ ဟိုတယ်တွေကလည်း အတိုင်းအတာ တစ်ခုထိတိုင်အောင် ပေါင်းစပ်လို့ရတယ်…”
“ သွားစို့ … ငါတို့နှစ်ယောက် အပြင်ထွက်ဖြစ်တာက ရှားတယ်… အပန်းဖြေနေတဲ့ အချိန်မှာ အလုပ်အကြောင်း စဉ်းစားမနေနဲ့ …”
“ နင် ပူမနေပါနဲ့ … ငါ့ကို အရင်ဆုံး တစ်ချက်ပေးကြည့်စမ်းပါ…”
“ ဘာကြည့်စရာရှိလို့ … မင်း တကယ်ကြည့်ချင်တယ်ဆို ငါ ပြန်ရောက်ရင် မင်းဖို့ တစ်ခု ဆောက်ပေးမယ်…” လင်းရီသည် ကျီချင်းရန်၏ ပါးကို ဖျစ်ညှစ်ရင်း ပြောလိုက်သည်။
“ အိုက်ယား … သာသာလေး သာသာလေး … နင် ငါ့မျက်နှာရဲ့ ဖောင်ဒေးရှင်းတွေကို ပျက်စီးအောင် လုပ်နေတာပဲ …”
ထိုသို့ စောဒကတက်လိုက်သော်လည်း ကျီချင်းရန်၏ နှလုံးသားထဲတွင် နှစ်သက်ကြည်နူးမှုတို့ ပြည့်လျှံနေဆဲပင်။ လင်းရီ ခေါ်သွားသည့်အတိုင်း ဟိုတယ်ထဲသို့ လိုက်ပါလာခဲ့၏။
ဖြတ်သွားဖြတ်လာ လူတော်တော်များများက လင်းရီနှင့် ကျီချင်းရန်တို့နှစ်ဦးကို တော်တော်လေး အာရုံစိုက်မိကြ၏။
ဤ အာရှသား စုံတွဲနှစ်ဦး၏ ပုံပန်းသွင်ပြင်က လူတော်တော်များများကို သဘောကျ သွားရည်ယိုစေသည်။
သို့သော် လင်းရီတို့ နှစ်ယောက်လုံး မည်သူကမျှ လေးလေးနက်နက် ရှိမနေကြချေ။ သူတို့အဖို့ ဤသည်က သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုကဲ့သို့ ဖြစ်နေချေပြီ။ နှစ်ဦးလုံးက ဟိုတယ်ထဲသို့ တန်းမတ်စွာ ဦးတည်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဂျင်းနှင့် အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက အပြင်သို့ ထွက်လာသည်။
ထို့ပြင် ၎င်းက အနက်ရောင် ဘေ့စ်ဘောဦးထုပ်ကိုပါ ဝတ်ဆင်ထားပြီး မာ့စ်အနက်ရောင်ကိုပါ တပ်ထားသေး၏။ သူ့တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဖုံးအုပ်ထားကာ မျက်လုံးတို့ကိုသာလျှင် ထိမ်ချန်ထားသည်။
ဒူဘိုင်းကဲ့သို့ ပူပြင်းလှသည့် နေရာမျိုး၌ ရောက်လာကြသူ အများစုက ရှုခင်းကြည့်ရန်၊ အပန်းဖြေရန်အတွက် ဖြစ်ပြီး သာမန်ဆန်စွာနှင့် သက်တောင့်သက်သာ ရှိသည့် အဝတ်အစားတို့ကိုသာ ဝတ်ဆင်ထားခဲ့ကြသည်။ ယခုလက်ရှိ ကျီချင်းရန် ဝတ်ဆင်ထားသကဲ့သို့ပင်။
လင်းရီပင် ရှပ်လက်ပြတ်နှင့် ဘောင်းဘီတို အဖြူရောင် ၊ ညှပ်ဖိနပ်သို့ ပြောင်းလဲဝတ်ဆင်ထား၏။
သို့သော် သူတို့ရှေ့ရှိ အမျိုးအသားကတော့ အင်မတန် ထူးဆန်းခြားနားစွာ ဝတ်ဆင်ထားပြီး သူ့ကိုယ်သူ လုံးဝ ဖုံးကွယ်ထားသည်။ ဤသည်က နည်းနည်းလေး သာမန်မဟုတ်ဟု ထင်ရပြီး အပြင်ထွက်လည်သည့် ဆယ်လီတစ်ယောက်ဟု အမှတ်မှားသွားစေနိုင်သည်။
လင်းရီ မသိစိတ်အလျောက် ထိုအမျိုးသားအား လှမ်းကြည့်လိုက်မိ၏။
သို့သော် ထိုအမျိုးသား၏ အကြည့်ကလည်း သူ့ထံ ရောက်ရှိနေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
သူတို့တွေ မျက်လုံးချင်း ဆုံသွားခဲ့ပြီး လင်းရီ၏ ခြေလှမ်တို့က ရုတ်တရက် နှေးကွေးသွားခဲ့၏။ မာ့စ်က ၎င်း၏ မျက်နှာ နေရာတော်တော်များများကို ဖုံးအုပ်ထားပေးသည် ဆိုသော်လည်း အနှီ နက်ရှိုင်းသည့် မျက်ဆံတို့က လင်းရီကို ရင်းနှီးသည်ဟူသော ခံစားချက်အား ပေးစွမ်းနေသည်။
ယခင်က ၎င်းနှင့် တစ်နေရာရာတွင် တွေ့ဖူးခဲ့သည့်နှယ် ရင်းရင်းနှီးနှီး ခံစားနေရသည်။
ထို့နောက် ချက်ချင်းပဲ ၎င်းတို့၏ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကြ၏။ နှစ်ဦးလုံးက ပခုံးချင်း အနည်းငယ် ပွတ်တိုက်သွားခဲ့ကာ မည်သူကမျှ ခြေလှမ်းကို ရပ်တန့်လိုက်ခြင်း မရှိချေ။
“ အဲ့လူက တော်တော်ထူးဆန်းတယ်နော်… ဒီလောက် ပူအိုက်နေတာကို သူ့ကိုယ်သူ အနက်ရောင်တွေဝတ်ပြီး ဖုံးကွယ်ထားတုန်းပဲ … ဒီလောက်ပူတာကို အနက်ကြီးနဲ့ စိတ်တွေ မွန်းကြပ်လိုက်တာ …” ကျီချင်းရန် စောဒကတက်လိုက်သည်။
အနက်ရောင် ဝတ်ထားတယ်။
ချက်ချင်းဆိုသလို လင်းရီသည် တစ်စုံတစ်ရာကို တွေးမိသွားခဲ့၏။ သူ ရုတ်ချည်း နောက်လှည့်၍ သူနှင့် ပွတ်တိုက်သွားခဲ့သည့် အမျိုးသားကို လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်ပဲ လင်းရီနှင့် ပခုံးချင်းပွတ်တိုက်၍ ဖြတ်ကျော်သွားသည့် အမျိုးသားသည်လည်း ရုတ်ချည်း ရပ်တန့်သွားခဲ့ကာ လင်းရီကို လှည့်ကြည့်လာသည်။
သူတို့နှစ်ဦး၏ အကြည့်က လေထုအလယ်တွင် တစ်ဖန် ဆုံတွေ့သွားခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ယခင်ကကဲ့သို့ တည်ငြိမ်နေခြင်း မရှိတော့ဘဲ မမြင်ရသည့် မီးပွားမီးစလေးများ ပေါ်ထွက်လာသကဲ့သို့ ရှိ၏။
ထို မျက်ဝန်းများထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း လင်းရီသည် သူ လိုချင်နေသည့် အဖြေကို ရှာဖွေချင်နေမိခဲ့သည်။
သို့သော် ထိုအချိန်၌ အနက်ဝတ်နှင့် အမျိုးသားသည့် သူ၏လျှာထုပ်ဦးထုပ်ကို ရှေ့သို့ စိုက်ချလိုက်ကာ ဟိုတယ်အပြင်ဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့တော့သည်။
ပတ်ဝန်းကျင်တစ်ခွင်တွင်လည်း ရယ်မောသံတို့ဖြင့် ပြည့်နှက်နေသည်။ လူတိုင်း၏ အင်္ကျီက အထူးတလှယ် မိမိုက်နေစဉ် အနက်ဝတ်နှင့် လူက ထူးထူးခြားခြား အနက်ရောင်ကို တစ်ကိုယ်လုံးအပြည့် ဝတ်ဆင်ထားသည်။ သို့သော် ထိုလူက ပတ်ဝန်းကျင်ကို မရှိသည့်နှယ် သဘောထားကာ ကိုယ်သွားလိုရာကို တိတ်ဆိတ်စွာဖြင့် ဦးတည်နေသည်။ မည်သည့်နေရာ သွားလိမ့်မည် ဆိုတာကို မည်သူကမျှ မသိကြချေ။
လူသားကမ္ဘာကြီးကို စူးစမ်းလေ့လာနေသည့် အထီးကျန် တစ္ဆေတစ်ကောင် ကဲ့သို့ ဖြစ်နေပါတော့သည်။