← Chapters

ထင်မှတ်မထားသည့် သတင်း

Vol. 103 Ch. 1533

ထင်မှတ်မထားသည့် သတင်း

Vol. 103 Ch. 1533

“ နင်ရော ထူးဆန်းတယ် မထင်ဘူးလား … သူ့ ကြည့်ရတာ လူကောင်းဖြစ်မယ့်ပုံလည်း မပေါ်ဘူး …”

သူမ၏ စကားလုံးများထဲတွင် ဟွာရှ၏ ဝိသေသ လက္ခဏာတို့က အပြည့်ဖြစ်နေသည်။

အမှန်တော့ တစ်မူ တစ်ဘာသာ ထူးခြားသည့် လူတိုင်းကို မြင်သည့် အခါတိုင်း သူတို့၏ မသိစိတ်က ထိုလူသည် လူကောင်းမဟုတ်ဟု ထင်ကာ ထိုလူနှင့် တတ်နိုင်သမျှ ခပ်ကင်းကင်းနေရန် ကြိုးစားကြလိမ့်မည်။

ထို မသိစိတ်ကိုလည်း ယခင် မျိုးဆက်တို့က ရိုက်သွင်းပေးခဲ့ခြင်း ဖြစ်၏။

“ နည်းနည်းပေါ့ ..” လင်းရီ အပြုံးဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် ကျီချင်းရန်၏ လက်ကိုတွဲ၍ ဟိုတယ်ထဲ ဝင်သွားလိုက်သည်။

အခန်းတစ်ခန်းကို ကြိုတင် ဘွတ်ကင် လုပ်ထားပြီး ဖြစ်သောကြောင့် နှစ်ယောက်သား အခန်းကတ်ကို ယူ၍ ထိပ်ဆုံးလွှာရှိ ဇိမ်ခံအခန်းထဲသို့ ရောက်လာခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ကြယ်ခုနစ်ပွင့် ဟိုတယ်ကြီး ဖြစ်သည်နှင့်အညီ လူတို့ အဘယ်ကြောင့် အစုလိုက် အပြုံလိုက် ဤ ဆေလ်းဘုတ် ဟိုတယ်သို့ ရောက်လာကြသလဲဆိုသည့် လာရင်း အကြောင်းရည်ရွယ်ချက်ကလည်း သဘာဝအလျောက် ရှိပြီး ဖြစ်ပါသည်။

ဟိုတယ်၏ အခန်းများအားလုံးက နှစ်ထပ်အခန်းများ ဖြစ်ကြသည်။ လင်းရီ ဘွတ်ကင်ပြုထားသည့် အခန်းကတော့ ဈေးအကြီးဆုံး ဖြစ်၏။

ဧရိယာ စုစုပေါင်းက ၄၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းပြီး တစ်ညတည်းခိုစရိတ်ကို ယွမ် ၁၄၀,၀၀၀ ပေးချေရသည်။ ဟွာရှ၌ ဈေးအကြီးဆုံး ဟိုတယ်ပင်လျှင် တစ်ည အခန်းခက ယွမ် ၉၀,၀၀၀ သာလျှင် ရှိ၏။ ထို့ကြောင့် နှစ်ခုကြား ကွာဟမှုက အတော်လေးကို ကြီးမားလှသည်။

အခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် ကျီချင်းရန်သည် သူမကိုယ်သူမ ကုတင်ပေါ်သို့ ပစ်ပုံချလိုက်၏။

“ ဘယ်လိုနေလဲ …”

“ ကုတင်က ငါတည်းခဲ့ဖူးသမျှ ဟိုတယ်တွေထဲ သက်တောင့်သက်သာ အဖြစ်ဆုံးပဲ …”

“ တစ်ည ၁၄၀,၀၀၀ ပေးထားရတာ customer experience က ထိပ်တန်း ဖြစ်မနေလို့ကတော့ ဒီဟိုတယ် ဒေဝါလီ ခံလိုက်ရတာ ကြာရောပေါ့ …”

“ အမှန်ပဲ … ဒါပေမယ့် သူတို့ အတွင်းပိုင်းမှာ ပြင်ဆင်ထားတာတွေကတော့ ငါ့အကြိုက် ပုံစံ မဟုတ်ဘူး …”

“ မင်းက လန်းလန်းဆန်းဆန်း ဥရောပမြောက်ပိုင်း ဂျာမန်စတိုင်မျိုးတွေ ကြိုက်တာမလား …”

“ တော်တယ်… နင် ငါ့အကြောင်းတွေ တော်တော်သိတာပဲနော်…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အခန်းထဲက အစိတ်အပိုင်း တော်တော်များများကို ရွှေချထားတော့ သူဌေး လက်သစ်လေးလို ခံစားချက်မျိုး ရတယ်… ငါတော့ ဒီနေရာကို ဘာလို့ လူတွေ တော်တော်များများက ပြင်ဆင်တာတွေ ကောင်းတယ်ဆိုပြီး ပြောကြလဲ မသိပါဘူး…”

“ ဒါက ပြင်ဆင်မွမ်းမံထားတာတွေရဲ့ ကွာလတီနဲ့ ဘာမှမဆိုင်ဘူး … သူ သုံးထားတဲ့ ပစ္စည်းက လက်ဇရီ ဆန်တယ်ဆိုရင် အလိုအလျောက် ကောင်းသွားတာပဲ … မဟုတ်ရင် လူတွေ ဘာလို့ ကြွားနေကြမှာလဲ ဟုတ်တယ်မလား …”

“ နင် မှန်တယ်…” ကျီချင်းရန် တစ်ဖက်သို့လှည့်ပြီး လင်းရီကို ကြည့်လိုက်၏။ “ ငါ ညနေ ရှော့ပင်ထွက်ချင်တယ်… ငါတို့ နှစ်ယောက် အတူသွားကြမလား …”

“ ဈေးဝယ်ထွက်ဦးမယ်ပေါ့ …” လင်းရီ နှုတ်ခမ်းကိုက်လိုက်မိ၏။ “ ကျိုးဟိုင်မှာတုန်းကလည်း တစ်လကို တစ်ခါလောက် အဲဗားထွက်နေတာကို ဒီရောက်တော့လည်း ထွက်ဦးမှာလားဟ….”

ဤခေါင်းစဉ်အကြောင်း စကားစလာတော့ ကျီချင်းရန်၏ စိတ်ဝင်စားမှုသည် အမြင့်ဆုံးအခြေအနေသို့ ထိုးတက်သွားခဲ့ပြီး သူမ၏ မျက်ဝန်းတို့ပင် ဘလင်းဘလင်း ဖြစ်နေသည်။

“ ငါ ခုနက လေဆိပ်ဆိုင်မှာ ဈေးဝယ်ထွက်တုန်းက ဒီက ဒီဇိုင်းတွေနဲ့ ဟွာရှကနဲ့ မတူဘူးနော်… တိုင်းတစ်ပါး အရှိန်အဝါတွေနဲ့ ပြည့်နေတာ … ဒါကြောင့်မို့ ငါလိုက်ကြည့်ချင်လို့ …”

“ ကောင်းပြီ ကောင်းပြီ… မင်း သဘောပဲ …. ဘာပဲ ဖြစ်ဖြစ် ငါတို့မှာ အချိန်တွေလည်း အများကြီး ရှိနေတာပဲ ဥစ္စာ …”

“ အွန်း …”

ကျီချင်းရန်သည် အိပ်ရာပေါ်က ထ၍ သူမ၏ ဆံပင်တို့အား ဖြန့်ချလိုက်သည်။

“ ချွေးတွေနဲ့မို့ ရေအရင် ချိုးဦးမယ်… ပြီးရင် အတူသွားကြတာပေါ့ …”

“ အင်း ..”

ကျီချင်းရန်သည် ရေချိုးခန်းထဲသို့ ဦးတည်သွားခဲ့ပြီး လင်းရီကတော့ ဆိုဖာပေါ်တွင် ဖုန်းကိုင်၍ လဲလျောင်းနေသည်။

သို့သော် သူ့စိတ်ထဲတွင် ကျီချင်းရန် ရေချိုးနေသည့် မြင်ကွင်းကို အာရုံ လုံးဝ ရှိမနေချေ။ သူ၏ စိတ်တစ်ခုလုံးက ဟိုတယ်သို့ ဝင်ဝင်ချင်း၌ ဆုံတွေ့ခဲ့သည့် အနက်ဝတ်နှင့်လူ၏ အကြောင်းအရာတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

အထူးသဖြင့် ဘလက်ဟိုးကဲ့သို့ နက်ရှိုင်းလှသည့် ထိုမျက်ဝန်းတို့ပင်။ တစ်နေရာရာ၌ သူ ကောင်းကောင်းကြီး တွေ့ခဲ့ဖူးသည်ဟု ခံစားနေရ၏။

“ ဧကန္တ …….. တကယ်ကြီး သူများ ဖြစ်နေမလား….”

မျက်လုံးကိုမှိတ်၊ ဖုန်းကို ကိုင်၍ ဆိုဖာနောက်သို့ မှီရင်း လင်းရီ အသည်းအသန် စဉ်းစားနေသည်။ သူတို့နှစ်ယောက်လုံးက ယခင် သုံးလေးကြိမ် တိုက်ခိုက်ခဲ့သည့် အချိန်၌ တစ်ဖက်က မျက်နှာဖုံး တပ်ထားသည် ဆိုသော်ငြား လင်းရီသည် အဆိုပါ နက်ရှိုင်းပြီး ဆန်းကြယ်လှသည့် မျက်ဝန်းများကိုတော့ စိတ်ထဲ နက်နက်ရှိုင်းရှိုင်း အမှတ်ရနေမိသည်။

ထိုမျက်လုံးတို့က စောနက ဆုံတွေ့ခဲ့သည့် အနက်ဝတ်လူနှင့် တော်တော်များများ တူညီနေသည်။

ထိုအကြောင်းတွေးမိတော့ လင်းရီ၏ နှလုံခုန်သံမှာ ဖော်ပြ၍ မရလောက်အောင်ကို မြန်ဆန်လာခဲ့တော့သည်။

သူ၏ နားလည်ထားမှုအပေါ်တွင် အခြေခံပြီး ပြောရမည် ဆိုပါက ထိုအနက်ဝတ်နှင့်လူ ရှိသည့် ပတ်ဝန်းကျင်တွင် ဘက်စ် သတ္တုရိုင်းသည် အမြဲတစေ ပေါ်လာခဲ့မြဲ ဖြစ်သည်။

လင်းရီ ဤနေရာသို့ ရောက်လာသည်က ခရစ်စမတ် အပန်းဖြေရန်အတွက်သာ ဖြစ်ပြီး အကယ်၍ ထိုသို့သော ကိစ္စရပ်နှင့် ကြုံတွေ့ရမည် ဆိုပါက တော်တော်ကြီး စိတ်ဝင်စားစရာ ကောင်းသွားလိမ့်မည်ဟု ထင်သည်။

ထိုကိစ္စကို တွေးတောမိတော့ လင်းရီသည် ဖုန်းကိုကိုင်၍ အပေါ်ထပ်သို့ တက်သွားခဲ့၏။ ထို့နောက် လျိုဟုန်ထံ ဖုန်းခေါ်လိုက်သည်။

“ ကောင်စုတ်လေး …. ဖုန်းတွေဘာတွေ အရင်ခေါ်လာတော့ ဒီနေ့ နေ အနောက်အရပ်က ထွက်လာလို့များလား …” လျိုဟုန်၏ ပြီတီတီ အသံကြီးက ထွက်ပေါ်လာသည်။

“ ဒီခုက ခရစ်စမတ်ဆိုတော့ ကျုပ်လည်း ခေါင်းဆောင်ကို အထီးမကျန်စေချင်လို့ မာဆတ် ပါတီကြီး တစ်ခု လုပ်ပေးထားတယ်… ပါဦးမလား …”

“ သွားစမ်း … ငါ့ကို ပေါက်ကရတွေ လာပြောမနေနဲ့ …” လျိုဟုန် နောက်နောက်ပြောင်ပြောင်နှင့် ကြိမ်းမောင်းလိုက်ပြီး “ မြန်မြန် ဘာကိစ္စ ငါ့ကိုရှာနေတာလဲ… ဒီမှာ ငါ လက်ရှိ ထရိန်နင် ဆင်းနေတာ …”

“ ခုတလော ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ဘယ်လို အခြေအနေမျိုးမှ မရှိသေးဘူးလား …”

“ အခြေအနေ … “ လျိုဟုန်၏ လေသံသည် လေးနက်လာပြီး “ မင်းက ဘာအခြေအနေကို ပြောချင်နေတာ …”

“ ဘက်စ် သတ္တုရိုင်းအကြောင်း သတင်းတွေ ဘာတွေများ ရှိလားလို့ပါ….”

“ မင်း အဲ့ကိစ္စ ဘယ်လိုသိသွားတာ … ဘယ်သူ မင်းကို ပြောပြလိုက်တာ …”

“ ဘယ်သူနဲ့မှ မဆိုင်ဘူး … ကိုယ့်ဘာကိုယ် မှန်းကြည့်လိုက်တာ … အသေးစိတ်တော့ လာမမေးနဲ့ …”

လျိုဟုန် အနည်းငယ် ပြောစရာစကား ကင်းမဲ့သွားခဲ့ရသည်။ ဒီလိုလေသံနဲ့ …. သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ခေါင်းဆောင်တုန်းကွ ဟမ်။

“ ဒူဘိုင်းမှာတော့ သတင်း တစ်ချို့ ရထားတယ်… သူတို့ပြောတာ ဘက်စ် သတ္တုရိုင်းက ပေါ်လာနိုင်တယ်ဆိုပဲ … ဒါပေမယ့် ငါတို့လည်း မှန်မမှန် အတည်မပြုရသေးဘူး …”

“ ဘာလို့ ကျွန်တော့်ကို မပြောတာ…”

“ အတည်မပြုရသေးလို့ပေါ့ကွ … ပြီးတော့ ဘယ်သူကမှလည်း အဲ့တာ မှန်သလား မှားသလား မသေချာဘူး … ဒါကြောင့်မို့ မင်းကို အသိမပေးသေးတာ …” လျိုဟုန် ပြောလိုက်သည်။ “ ဒါပေမယ့် နင်ချဲ့ကိုတော့ စူးစမ်းရအောင်ဆိုပြီး ဒူဘိုင်း လွှတ်ထားတယ်… တကယ်လို့ သတင်း တစ်ခုခု ရှိတယ်ဆိုရင် သူငါ့ကို ကြိုပြီး အကြောင်းကြားလာမှာပဲ ….”

မူလကတော့ လျိုဟုန်သည် လင်းရီကို ရထားသည့် သတင်းအား ပြောပြချင်ခဲ့သည်။ သို့သော် သူ၏ အခြေအနေက လတ်တလော တော်တော်လေး ထူးခြားနေသည်။

ဝမ်မိသားစုက အမှောင်ထဲတွင် ပုန်းကွယ်နေပြီး သူ့အပေါ် လက်စားချေနိုင်မည့် အခွင့်အရေးကို ကျားချောင်း ချောင်းနေကြသည်။ အကယ်၍ လုံးဝ အတိအကျ လိုအပ်သည်မှအပ လျိုဟုန်သည် လင်းရီကို ထိုနေရာသို့ စေလွှတ်ဖို့ စီစဉ်မထားချေ။ သူ့အဖို့ နိုင်ငံအတွင်း နေသည်က ပိုပြီး လုံလုံခြုံခြုံရှိလိမ့်မည်။

“ နားလည်ပြီ…” လင်းရီ ရေရွတ်၍ “ ခင်များတို့ ဘာသတင်းတွေ ထပ်ကြားသေးလဲ … ဘာလှုပ်ရှားမှုမှ မရှိသေးဘူးလား … တအား ငြိမ်လွန်းနေတယ် …”

“ မင်းထင်သလောက်လည်း ရှုပ်ထွေးမနေပါဘူး …” လျိုဟုန် ပြောလိုက်ပြီး “ ငါတို့ ရထားတဲ့ သတင်းတွေအတိုင်းဆိုရင် ဘက်စ် သတ္တုရိုင်း တစ်သုတ်ကို သင်္ဘောတင်ထားပြီပြီ… ဒါပေမယ့် ပမာဏက တော်တော်သေးတယ်… အဲ့ဒီဥစ္စာတွေကို လက်ဝတ်တန်ဆာ လုပ်ပြီးမှ လေလံတင်ဖို့ စီစဉ်နေကြတာ … ဒါပေမယ့် သတင်းအချက်အလက်ရဲ့ ခိုင်လုံတဲ့ အခြေအမြစ်ကိုကျ ငါတို့လည်း သေချာ အတည်မပြုရသေးဘူး … ဒါကြောင့်မို့ နင်ချဲ့ကို စုံစမ်းဖို့ စေလွှတ်လိုက်တာ …”

“ အဲ့ကောင်က လက်ဝတ်ရတနာတောင် လုပ်လို့ရတယ်ပေါ့….”

“ ဒါပေါ့ကွ .. မင်းထင်ထားတာထက် အများကြီး ပိုအသုံးဝင်တယ်…” လျိုဟုန် ပြောလိုက်ပြီး “ အဲ့ဒီဥစ္စာကို လက်ဝတ်တန်ဆာအနေနဲ့ ပြောင်းလဲလိုက်မယ်ဆိုရင် ဝတ်ဆင်ထားတဲ့သူရဲ့ သက်တမ်းကို ရှည်စေတယ်… ကမ္ဘာ့ထိပ်တန်း ဘီလျံနာကြီးတွေရဲ့ မျက်လုံးထဲမှာ ဒီလို အရာမျိုးဆိုတာ ငမ်းငမ်းတက် လိုချင်နေတဲ့ ပစ္စည်းတွေ … ဈေးကလည်း မြင့်မှာ သေချာသလောက်ပဲ … ဒါကြောင့်မို့ လူတိုင်းက အဲ့ဒီ ပစ္စည်းရနိုင်အောင် ဆိုပြီး အပြေးလာနေကြတာပေါ့ …”

“ ကျုပ် ဒီနိုင်ငံခြားက တိုင်ကွန်းတွေကို တကယ်ကြီး အထင်သေးခဲ့မိတာပဲ…”

“ မဟုတ်ရင် အဲ့ဒီ အရင်းရှင် သူဌေးကြီးတွေအားလုံးက လူဆိုးပါလို့ ငါ ပြောပါ့မလား …”

“ ဟေ့ … ခင်များ စကားကို ရှေ့မလွတ် နောက်မလွတ် မပြောနဲ့လေ… ကျုပ်ဆိုလည်း သူဌေးပဲ မဟုတ်လား … ကျုပ်က သူတို့လို ဆိုးသွမ်းနေလို့လား …. ဘာလို့ကျုပ်ကိုပါ စော်ကားနေတာ…”

“ မင်းရဲ့ လွှမ်းမိုးမှုတွေက ဟွာရှမှာပဲ အလုပ်ဖြစ်ရင် ဖြစ်မယ်… ဒါပေမယ့် မင်း နိုင်ငံခြားကို ရောက်သွားရင်တော့ တူတော့မှ မဟုတ်ဘူး …” လျိုဟုန် ပြောလိုက်ပြီး “ ပြီးတော့ မင်း ပါဝင်ပတ်သက်နေတဲ့ ကိစ္စတွေ အကုန်လုံးက တရားဝင် စီးပွားရေး ကိစ္စတွေချည်းပဲ … ဟိုက ဘဏ္ဍာရေး ဂျိုင်းရက်ကြီးတွေနဲ့ နှိုင်းယှဉ်ရက်စရာကို မရှိတာ ….. ငိုးမ သေစမ်း … support က ငါချီးတွေ လုပ်နေတာလား … ငါ့ Kill လာကောက်စားနေတယ်…”

လင်းရီ “ …. “

“ ဟူး ဒီကောင်တွေ ဂိမ်းကို မဆော့တတ်ကြတဲ့ ကောင်တွေ ..… ငါတို့ ခုနက ဘယ်ရောက်သွားလဲ ….”

“ ခင်များ နိုင်ငံခြားက ဘဏ္ဍာရေး ဂျိုင်းရက်ကြီးတွေ ဘယ်လောက် အံ့ဩဖို့ကောင်းတဲ့အကြောင်း ပြောနေတာ …”

“ သူတို့က တကယ် အထင်ကြီးဖို့ ကောင်းကြတာ …” လျိုဟုန် ပြောလိုက်ပြီး “ ခု ဘစ်ကွိုင် ဘယ်လောက်ထိ ရေပန်းစားနေပြီလဲ မင်းသိလား …”

“ နည်းနည်းပေါ့ ….”

“ အဲ့ဒီ ဘစ်ကွိုင်လည်း ဒီလို အစပြုလာတာပဲ … နောက်ကွယ်မှာ ငွေကြေးတစ်ခုတောင် ဖြစ်လာနေပြီ … ဒီတော့ ချမ်းသာတဲ့ လူကုံထံတွေကလည်း စုဆောင်းနေကြပြီ.. မင်း ငါပြောတာလား နားလည်လား …”

(T/N : သူက ဘစ်ကွိုင် ဈေးတက်လာတာ အဲ့ဒီ သူဌေးကြီးတွေက တအား စုဆောင်းနေကြတာကြောင့်လို့ ပြောချင်တာ နေမှာပါ။ ဘာလို့ဆို ဘစ်ကွိုင်က နောင်မှာ အကြီးအကျယ် တန်ဖိုးမြင့်တက်လာကိန်း ရှိတယ်ဆိုကြလို့လေ။ အဲ့အချိန်တုန်းကတော့ ကောလဟာလပေါ့။ နောက်လာမယ့် အခန်းကို ဖတ်ပြီး ဆက်စပ်တွေးကြည့်ရင် နားလည်မယ်လို့ ထင်ပါတယ်ခင်ဗျ )

All Chapters