ငါမင်းကို တစ်လျှောက်လုံး ရှာနေခဲ့တာ
Vol. 103 Ch. 1535
“ ဈေးဝယ်ပဲ ထွက်ကြရအောင် … ဒါ ကျွန်တော်မျိုးရဲ့ အမှားပါ ဧကရီ ဘုရင်မကြီးကျီ… ဒီည ကုန်ကျသမျှ အားလုံးကို ကျွန်တော်မျိုးကပဲ ရှင်းပေးပါ့မယ်…”
လင်းရီ အရှုံးကို ဝန်ခံလိုက်ရသည်။ ကျီချင်းရန်မှာ သိပ်အံ့ဩဖို့ကောင်းနေရာ သူ ရွေးချယ်စရာ မရှိပေ။ အရှုံးပေးလိုက်ရတော့၏။
“ ကြည့် … ငါဆို နင်ကြိုက်တဲ့အရာ မှန်သမျှ သိတယ် မြင်လား …” သူမလေး ဂုဏ်ယူစွာဖြင့် ခေါင်းကို မြင့်မြင့်မော်ကြွားလိုက်၏။
“ ဘယ်လိုပြောရမလဲ … ဧကရီနဲ့ယှဉ်ရင် ကျွန်တော်မျိုးက ဘာမှမဟုတ်တာပါ…”
“ ခစ်ခစ် … ဒီလိုပြောလို့လည်း ဘယ်ရမှာ …”
ကျီချင်းရန်သည် လင်းရီ၏ လက်မောင်းအား တွယ်ဖက်လိုက်၏။ သူမရှေ့ရှိ ဖြူဖြူဖွေးဖွေး ယုန်ကြီးတို့ကလည်း သူ့အား ပွေ့ဖက်လာသည်။
“ နင်လည်း အရမ်း အံ့ဩဖို့ကောင်းပါတယ်နော်… ဒီ မိသားစုက နင့်အပေါ်မှာပဲ မှီခိုနေရတာ နင်သာမရှိရင် ဒီနေရာမှာ တစ်ယောက်တည်း ရပ်တည်နေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ …”
တချို့သော အကြောင်းပြချက်များကြောင့် လင်းရီသည် နှလုံးခုန် မြန်ဆန်သွားခဲ့၏။
ထူးခြားသည့် လူပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီးနောက် သူ့ ဘဝ၏ ခက်ခဲမှုများ အားလုံး ပျောက်ကွယ်သွားပြီး သူ၏ အမြင်သည်လည်း လှပကာ ကျယ်ပြောလာသည်။
လင်းရီသည် ကျီချင်းရန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ ဤလက်ကို သူ သေသည်ထိ မြဲမြံစွာ ဆုပ်ကိုင်သွားမည်ဟု စိတ်ထဲကနေ ယတိပြတ် ဆုံးဖြတ်လိုက်၏။ သူမသည်သာ ဘဝ၏ အဓိပ္ပာယ်အသစ်ကို မြင်သာအောင် ပြသပေးခဲ့သူပင်။
“ ကောင်းပြီ … ဈေးဝယ်ထွက်ကြစို့ …”
လင်းရီလက်ထဲက နွေးထွေးမှုကို ခံစားရတော့ ကျီချင်းရန်သည် မိမိကိုယ်ကို တွန်းအားပေး၍ တုံ့ပြန်လိုက်သည်။
“ နင် ဈေးဝယ်ထွက်ရတာ မကြိုက်မှန်း သိတယ်… နေရာရှာပြီး ခဏလောက် ထိုင်နေလိုက် … ပြီးရင် နင့်ကို လှမ်းခေါ်လိုက်မယ်… အဲ့ခါကျ လာကြိုလိုက်ပေါ့ …”
“ ကောင်းပြီလေ… ဒါဆိုလည်း ငါ ကော်ဖီဆိုင်တစ်ခု ရှာပြီး ထိုင်နေလိုက်မယ်…”
“ အိုကေ…”
ပုံမှန်ဆိုပါက လင်းရီသည် ဈေးဝယ်ထွက်ရသည်ကို မကြိုက်လျှင်ပင် ကျီချင်းရန်အား အဖော်လိုက်ပါပေးဦးမည် ဖြစ်သည်။ သို့သော် ထင်မှတ်မထားသည့် ကိစ္စတစ်ခုက ရုတ်ချည်း ဖြစ်ပေါ်လာသဖြင့် သူ့ဘက်က အလျင်အမြန် ကိုင်တွယ်ဖို့ လိုအပ်နေသည်။ ယခုက ထိုသို့ ပြုလုပ်ရန် အခွင့်အရေးကောင်း တစ်ရပ် ဖြစ်၏။
ဤကဲ့သို့ လူတို့ စည်ကားသိုက်မြိုက်သည့် နေရာမျိုးတွင် လင်းရီသည် ကျီချင်းရန်၏ လုံခြုံရေးနှင့် ပတ်သက်၍ အထူးတလှယ် စိတ်ပူပန်မှု မရှိခဲ့ချေ။ ထို့ပြင် အင်္ဂလိပ်စကားကလည်း လူတိုင်းနီးပါး ပြောတတ်ကြ၏။ သူမ၏ အရည်အချင်းတို့ဖြင့် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
“ ကတ်တော့ ယူသွားလိုက် … ငါ ရှင်းပေးမယ်လို့ ပြောထားတယ်မလား …”
ကျီချင်းရန်သည် ဘဏ်ကတ်ကို အပြုံးလေးဖြင့် လက်ခံလိုက်၏။
“ ဒါဆိုလည်း လူကြီးမင်းလင်းကို အားတောင့်အားနာ မပြုတော့ဘူးနော် …”
ပျော်ရွှင်စွာဖြင့် ဘဏ်ကတ်ကို လက်ခံပြီးနောက် လိုရာပျံသန်းခွင့် ရသွားခဲ့သည့် ငှက်ကလေး တစ်ကောင်နှယ် အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့တော့သည်။
သူမအဖို့ ယခုအချိန်တွင် လင်းရီ၏ ပိုက်ဆံဖြင့် လိုချင်သည်များ ဝယ်ရသည်က ဖြစ်သင့်သည့် ကိစ္စရပ်တစ်ခုဟု ထင်မြင်လာသည်။ အကယ်၍ သူမဘက်ကသာ ငြင်းဆိုလိုက်မည်ဆိုပါက သူစိမ်းဆန်သည့်နှယ် ထူးဆန်းသွားလိမ့်မည်။ တစ်ခါတစ်ရံလည်း မိမိဘက်က အားကိုးပေးသင့်သည် မဟုတ်လား။ ယောက်ျားဆိုသည်က အားကိုးခံချင်တဲ့ အမျိုးအစားလေ။
လင်းရီလည်း ကော်ဖီဆိုင် တစ်ခုထဲသို့ ဝင်၍ လွတ်နေသည့် ထောင်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် ရှန်းထျန်းကျိုးထံ ဖုန်းခေါ်လိုက်၏။
“ ဒါရိုက်တာရှန်း … ခင်များဘက်က အခြေအနေ ဘယ်လိုရှိပြီလဲ.. တိုးတက်မှု ရှိပြီလား ..”
“ ငါ လူတိုင်းကိုတော့ ပြန်ခေါ်ထားပြီးပြီ… အခု အဲ့ကိစ္စ လုပ်နေတယ်…” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ဆေးလ်ဘုတ် ဟိုတယ်ရဲ့ နက်ဝေါ့ လုံခြုံရေးက သိပ်ကောင်းလွန်းတယ်… ကြည့်ရတာ တကယ့် ကမ္ဘာ့ထိပ်တန်း ဝှိုက်ဟတ်တွေ ငှားထားတဲ့ပုံပဲ .. ဒါပေမယ့် မင်း စိတ်ချထားလို့ရတယ်… နောက်ထပ် အချိန် ငါးနာရီပဲပေး … ငါတို့ ဒီကိစ္စ အဆင်ပြေအောင် သေချာလုပ်ပေးမယ်…”
ရှန်းထျန်းကျိုး၏ စကားကို ကြားတော့မှ လင်းရီသည် နောက်ဆုံးတွင် ဤပရောဂျက်က မည်မျှ ကြီးမားသလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
“ ကျုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပိုပြီး ကြိုးစားပေးဖို့ ပြောလိုက် … အဓိက ရှာရမှာက လူတစ်ယောက်ကို… သူက အနက်ရောင် အင်္ကျီ၊ အနက်ရောင် ဦးထုပ်နဲ့ မာ့စ်တပ်ထားတယ်… သူက ကျုပ် ခြေရာခံချင်နေတဲ့လူပဲ … သူနဲ့ ပတ်သက်ပြီး သိရသမျှ ကျုပ်ဆီ မေးလ်ပို့လိုက် … ကျန်တာ ဘာမှ လုပ်ဖို့ မလိုဘူး …”
“ ကောင်းပြီလေ… ငါနဲ့လွှဲထားလိုက် …”
“ အင်း … ဒါရိုက်တာရှန်းကို ဝန်ပိုစေမိပြီ…”
“ ကောင်လေး … မင်းက ငါ့ကို လာပြီး ယဉ်ကျေးနေတာပဲ …” ရှန်းထျန်းကျိုး ခေါင်းခါရမ်ပြီး အပြုံးလေးဖြင့် ပြောလိုက်၏။ “ ငါ့ဆီက သတင်းကောင်းကို စောင့်နေလိုက် …”
“ အိုကေ …”
ဖုန်းချပြီးနောက် လင်းရီ နင်ချဲ့ထံ ဖုန်းဆက်လိုက်သည်။
“ နေလုံးကြီး အနောက်အရပ်က ထွက်လာလို့များလား … ထူးထူးခြားခြား ဖုန်းတွေ ဘာတွေ အရင်စခေါ်လို့…” နင်ချဲ့ ရယ်မောရင်း ကျီစယ်လိုက်၏။ “ ဒီလို အထီးကျန်ဆန်ဖို့ ကောင်းတဲ့ ညလေးတစ်ညမှာ ငါနဲ့ အတူ ကုန်ဆုံးချင်လို့ ရန်ကျင်းရောက်လာတာလား ဟုတ်လား …”
“ ရန်ကျင်းတော့ ရောက်မလာဘူး … ဒါပေမယ့် မင်းရဲ့ အနံ့နောက်ကို လိုက်ပြီး ဒူဘိုင်းဆီ ရောက်လာခဲ့တယ်…”
“ ဟင် … ငါ ဒီမှာ ရှိနေမှန်း နင်ဘယ်လိုလုပ် သိလဲ …”
“ ငါ ခုနက ဘော့စ်လျိုနဲ့ ဖုန်းပြောပြီးတာ ..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ ဒီမှာ ရှိနေတယ်လို့တော့ သူ့ကို မပြောနဲ့ .. မဟုတ်ရင် ငါ့ဆီ ပြန်ခေါ်လာလိမ့်မယ်…”
လင်းရီက ယခုဆို ကျုံးဝေ့ တပ်ဖွဲ့က အဓိကထား ကာကွယ်ပေးနေရတဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး လျိုဟုန်၏ အချစ်တော် ကလေးလေး ဖြစ်နေသည်။
အကယ်၍ သူသာ တတ်နိုင်မည် ဆိုပါက လင်းရီကို ခြေခြိမ်အောင် ဆိုပြီး အကျယ်ချုပ် ချ၍ ရလျှင်ပင် ချထားချင်မိသည်။
“ နင့်ကောင်မလေးနဲ့ ခရစ်စမတ်ကို ဒူဘိုင်းလာပြီး အချိန်ဖြုန်းတာ မဟုတ်လား ….”
“ တော်တယ်…”
“ ဒါဆို ငါ့ဆီ ဖုန်းဆက်ပြီး ဘာလဲ လုပ်တာ … နင် ငါနဲ့ ကစားချင်နေတယ်လို့တော့ မပြောနဲ့နော် …” နင်ချဲ့ ပြောလိုက်ပြီး “ ငါက အဆင်ပြေတယ်ဆိုပေမယ့် နင့် ကောင်မလေး သဘောတူ မတူ အရင် မေးကြည့်ဦး ..”
“ အနည်းဆုံးတော့ ငါတို့မှာ မိန်းမနဲ့ ယောက်ျားကြားက ဖြူစင်တဲ့ ပတ်သက်ဆက်နွယ်မှုတစ်ခု ရှိထားတယ်လေ… ဒီတော့ ငါတို့ရဲ့ အတွေ့အကြုံတွေကို နည်းနည်းလေး မြင့်တင်ကြရင် မကောင်းဘူးလား …”
“ မြင့်တင်မယ် ဟုတ်လား … နင်က ဘယ်လိုတွေ မြင့်ချင်လို့ … ဆေးနဲ့လား … ဒါမှမဟုတ် အရုပ်တွေနဲ့လား …”
“ အဲ့တာတွေ နောင်ကျ ကြိုးစားကြည့်တာပေါ့ … ဒါပေမယ့် ဒီနေ့ မင်းဆီ ဖုန်းဆက်ရတာက အရေးကြီး ကိစ္စ ပြောစရာရှိလို့ …”
“ ပြောလေ… ဘာပြောမှာလဲ…”
“ မင်း ဒီလာခဲ့တာ လေလံပွဲကိစ္စ စုံစမ်းစစ်ဆေးချင်လို့ ဟုတ်တယ်နော်…”
“ ဘက်စ် သတ္တုရိုင်းနဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတစ်ခုက လေလံအိမ်ဆီ လျှို့ဝှက် ပို့ဆောင်လာတယ်ဆိုပြီး သတင်းရထားလို့ မှန်မမှန် ကြည့်ဖို့ ရောက်လာတာ …”
နင်ချဲ့ အံ့အား မသင့်သွားခဲ့ချေ။ လင်းရီသည် အဆိုပါ သတင်းကို ဘော့စ်လျိုထံမှ သိပြီး ဖြစ်လောက်၏။
“ လေလံအိမ်က ဘယ်နားလေးမှာလဲ … ငါ သတင်းအချက်အလက် အသေးစိတ် လိုချင်တယ်…”
“ ပြဿနာ မရှိဘူး … ငါ အချက်အလက်တွေ စုဆောင်းပြီး နင့်ဖုန်းထဲ ပို့ပေးလိုက်မယ်…”
“ အိုကေ … ခုကစပြီး ဒီအကြောင်းတွေ ငါတို့နှစ်ယောက်ပဲ သိမယ်နော်… မင်း ခေါ်လာတဲ့ အဖွဲ့ဝင်တွေကို ဒီအကြောင်း မသိစေနဲ့ …” လင်းရီ လေးနက် တည်ကြည်စွာ ပြောလိုက်သည်။
“ ငါ နားလည်တယ်…” နင်ချဲ့လည်း လေးနက်စွာ ပြန်ပြောလိုက်၏။
“ တကယ်လို့ တခြားဟာ မရှိတော့ဘူးဆိုရင် ငါ ဖုန်းချလိုက်တော့မယ်… ပါတီက စတော့မှာ… ငါသွားပြီး တစ်ချက်ကြည့်ရဦးမှာ…”
“ နေဦး …”
လင်းရီသည် နင်ချဲ့အား ကမန်းကတမ်း ဟန့်တား၍ လေးနက်သည့် လေသံဖြင့် “ ဒီမစ်ရှင်က မင်းထင်သလောက် ရိုးရှင်းနေတာ မဟုတ်ဘူး … မင်းရဲ့ အထောက်အထားကို မပေါ်အောင်လို့ ဂရုစိုက် … မစ်ရှင်က အရေးကြီးတာ မဟုတ်ဘူး … အဓိကက မင်းရဲ့ လုံခြုံရေးပဲ … မင်း မကိုင်တွယ်နိုင်တဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံရင် ငါ့ဆီ ချက်ချင်း ဖုန်းခေါ်ဖို့ သတိရ …”
ဖုန်းတစ်ဖက်ခြမ်းရှိ နင်ချဲ့သည် ကြက်သေသေသွားခဲ့၏။ လင်းရီ ထိုကဲ့သို့သော စကားမျိုး ပြောလာလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ပါချေ။
တစ်ချိန်တည်းတွင် ယခု မစ်ရှင်၏ အန္တရာယ်ကြီးမားနေမှုကိုလည်း သူမ အသိပြန်ဝင်သွားခဲ့သည်။ မဟုတ်ပါက လင်းရီသည် သူမကို ထိုကဲ့သို့သော လေသံမျိုးဖြင့် စကားပြောလာလိမ့်မည် မဟုတ်ချေ။
“ ငါနားလည်တယ်… နင်လည်း ဂရုစိုက် …”
ဖုန်းပြောပြီးနောက် လင်းရီသည် မျက်လုံးမှိတ်၍ ထိုင်ခုံတွင် အနားယူနေသည်။
နင်ချဲ့နှင့် တွေ့ဖို့ကိုတော့ လင်းရီ အလျင်မလိုသေးချေ။ လူကိုင်တိုင် သွားတွေ့သည်က ဆက်သွယ်ရန် ပိုမိုလွယ်ကူသော်လည်း သူ့အကြောင်းသူ ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
ယခု သူတို့နှစ်ဦးလုံးက အတိုင်အဖောက် ညီညီနှင့် အလုပ်လုပ်နေပြီး လုံခြုံရေး အလွှာပို တစ်ခု ရှိထားသကဲ့သို့ပင်။ လိုအပ်ပါက နောက်ပိုင်းတွင် နှစ်ဦးလုံးက ဆုံတွေ့၍ရသည်။
သို့သော် အစမှ အဆုံးထိတိုင်အောင် လင်းရီ၏ မျက်မှောင်နှစ်ခုသည် တင်းကြပ်စွာ ကြုတ်ထားလျက်ရှိ၏။
ယခု တစ်ချိန်လုံး သူက ခုခံနေရသည့် အနေအထားတွင် ဖြစ်ပြီး အမြဲတမ်း နှာတစ်ဖျား အသာဖြင့် ဦးဆောင်ခြင်း ခံနေရသည်ကို သူ မနှစ်သက်ချေ။
လင်းရီအတွက်ကတော့ ဘက်စ် သတ္တုရိုင်း ထွက်ပေါ်လာသည် ဖြစ်စေ၊ ပေါ်မလာသည် ဖြစ်စေ၊ အရေးကြီးခြင်း မရှိပေ။ သူ ၎င်းကို သောက်ရေးလုပ် ဂရုစိုက်မနေပေ။
သူ အဓိက အာရုံစိုက်ထားသည်က အနက်ဝတ်နှင့် လူ၏ အထောက်အထားကို ဖော်ထုတ်လိုခြင်းသာ ဖြစ်သည်။
တစ်နည်းနည်းနှင့် လင်းရီ၏ စိတ်ထဲ အာရုံရနေသည်က အနက်ဝတ်နှင့် လူ၏ ပတ်ဝန်းကျင်တွင် အဆုံးအစမဲ့သည့် လျှို့ဝှက်ချက်တို့ စုဝေးနေဟန် ပေါ်ပြီး သူ ရောက်လာ ဖြေရှင်းမည်ကို စောင့်ဆိုင်းနေသည့်နှယ်ပင်။
“ အဲ့လူက တကယ်ကြီး မင်းဖြစ်နေမယ်လို့ ငါမျှော်လင့်တယ်… ငါ မင်းကို တစ်ချိန်လုံး လိုက်ရှာနေခဲ့တာ …” လင်းရီ သူ့ဘာသူ ရေရွတ်လိုက်၏။
သူ မသိလိုက်ခင် အချိန်လေးအတွင်းမှာပဲ နှစ်နာရီကျော် ကုန်ဆုံးသွားခဲ့သည်။ လင်းရီ၏ ဦးနှောက်က နက်နက်ရှိုင်းရှိုင်း တွေးတော ဆင်ခြင်နေသည့် အခြေအနေသို့ ဝင်ရောက်နေသဖြင့် ပြင်ပ ကမ္ဘာ၏ အချိန်စီးဆင်းမှုကို လျစ်လျူရှုထားသလို ဖြစ်သွားခဲ့ကာ အချိန်တို့ မည်သို့ ကုန်ဆုံးသွားမှန်း သတိမမူမိလိုက်ချေ။
ကျီချင်းရန် ဖုန်းခေါ်လာတော့မှသာ နှစ်နာရီ ကုန်ဆုံးသွားပြီမှန်း သိလိုက်ရတော့သည်။
“ ငါ လေးလွှာက Hermes စတိုးမှာ … ပစ္စည်းတွေ အများကြီး ဝယ်ထားတယ်… လာကြိုပေးဦး ….”