← Chapters

ချွေးမနှင့် ယောက္ခမ

Vol. 103 Ch. 1536

ချွေးမနှင့် ယောက္ခမ

Vol. 103 Ch. 1536

“ အဲ့မှာစောင့်နေ.. ငါ အခု လာနေပြီ…”

“ ဒါပေမယ့် ငါ့မှာ နင့်အတွက် သတင်းဆိုး တစ်ချို့ ရှိတယ်…”

ဖုန်းတစ်ဖက်ခြမ်းတွင် ကျီချင်းရန်သည် အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဘာ သတင်းဆိုးလဲ …”

“ နင် ပေးလိုက်တဲ့ ကတ်က အကန့်အသတ်ကို ရောက်သွားပြီ…”

“ ငါက အရေးကြီးတာများလားလို့ကွာ … ခဏနေ မင်းဆီ ရောက်မယ်… အဲ့ခါကျ ဆက်ဝယ်ပေါ့ …”

“ ထပ် မဖြုန်းတော့ပါဘူး … ပြီးတော့ ငါ လိုချင်တာတွေ အားလုံး ရပြီးပြီ…”

“ ငါ့ကို လာကြိုပေး … ဒါမှ မုန့်တွေ ဝယ်လို့ရမှာ … သွားစို့ … ခုက ညစာစားရမယ့် အချိန်ပဲ …”

“ အင်း … လာနေပြီ…”

“ ဟုတ် …”

လင်းရီ ပြုံးပြီး ဖုန်းချလိုက်၏။ သူ ကျီချင်းရန်၏ အသံကို ကြားလိုက်သည့် အချိန်၌ သူမ ပျော်နေမှန်း သူသိသည်။

သူမက မကြာခဏဆိုသလို ဈေးဝယ်ထွက်လေ့ ရှိသော်လည်းပဲ သူမ ဝယ်သည့် ပစ္စည်းတို့က ဈေးသိပ်မကြီးလှပေ။

တစ်ကြိမ်ကို ယွမ် ၂၀၀,၀၀၀ က သူမ၏ စံသတ်မှတ်ချက် ဖြစ်၏။

သူ ပေးထားသည့် ကတ်အတွင်း၌ ယွမ်ငါးသန်းကျော်ပါသည်။ ၎င်းကို သူမက နှစ်နာရီအတွင်း သုံးပစ်လိုက်၏။ လေးလေးနက်နက် ထားသည့် ပုံလည်း မပေါ်ချေ။ သို့ပေမယ့် ကျီချင်းရန်တစ်ယောက်တည်းကိုချည်း အပစ်ဖို့နေ၍လည်း မဖြစ်သေးချေ။ သူမ မျက်စိကျသည့် ပစ္စည်းတိုင်းက အကန့်အသတ်နှင့် ထုတ်သည့် ပစ္စည်းများသာ ဖြစ်လေသည်။ မဟုတ်ပါက ယခုနေရာသို့ အထူးတလှယ် လာဝယ်နေလိမ့်မည် မဟုတ်ချေ။

ဝယ်ထားသည့် ကုန်ပစ္စည်းများထဲတွင် ဟော်ယွမ်ယွမ်၊ ထျန်းရန်၊ ကော်နင်ယွဲ့ နှင့် ရှန်းထျန်းကျိုး၏ ဇနီးအတွက် လက်ဆောင်ပစ္စည်းများလည်း ပါဝင်သည်။ ထို့ကြောင့် သူမ အနည်းငယ် ပိုပိုသာသာလေး သုံးမိသွားခဲ့သည်။

လင်းရီသည် ကော်ဖီဆိုင်ထဲက ထွက်၍ ဓာတ်လှေကားထဲသို့ ဦးတည်လိုက်၏။

ထိုအခိုက်အတန့်တွင် ကျီချင်းရန်မှာ Hermes ဘရန်းများ အထူးရောင်းချသည့် စတိုးဆိုင်၌ ဈေးဝယ်နေသည်။

သူမက စကတ်ဝတ်စုံ တစ်ထည်ရှေ့တွင် ရပ်နေလျက် ရှိသည်။ သူမ ဝယ်ချင်သော်လည်း လင်းရီမှာ သူမကို ယခုလို ဝတ်စုံမျိုး ပေးဝတ်လိမ့်မည် မဟုတ်ဟု အာရုံရနေသည်။ မည်သို့ပင် ဆိုစေ စကတ်၏ အရှည်က ဒူးအထိပင် ရှည်လျားနေခဲ့ခြင်း မရှိချေ။

ကျီချင်းရန် ဝယ်ရနိုးနိုး ဆုံးဖြတ်ရကြပ်နေစဉ် သက်လတ်ပိုင်း အမျိုးသမီး နှစ်ဦးက ဆိုင်ထဲသို့ ဝင်လာသည်။

တစ်ယောက်က ရိုးစင်းသည့် အနက်ရောင် ဂါဝန်ပေါ်တွင် အဝါရောင်ပန်းပွင့်များ ရှိနေသည့် ဂါဝန်ကို ဝတ်ဆင်ထား၏။ အဆိုပါ ဝတ်စုံက ခါးနေရာတွင် သိသိသာသာ သေးသွယ်သွားပြီး ပြေပြစ်သည့် ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်ထင်ရှားသွားစေသည်။

သူမ၏ အရွယ်က ကြီးရင့်ပြီ ဖြစ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာတော့ အမျိုးသမီး ငယ်လေးများနှင့်ပင် ရင်ဘောင်တန်းနေနိုင်ဆဲပင်။ ထိုအမျိုးသမီး၏ အနီးတစ်ဝိုက်တွင် နွေဦး၏ သိမ်မွေ့သည့် လေပြေညင်းကဲ့သို့ ကြင်နာနွေးထွေးသည့် အရှိန်အဝါတို့က ထုံသင်းနေပါသည်။

အဆိုပါ အမျိုးသမီးက မည်သူများ ဖြစ်နိုင်မည်နည်း။

သူမကတော့ ချင်ရင်ယွဲ့ပင်။

ယခင်တစ်ခေါက် ရန်ကျင်းက ထွက်လာပြီးသည့်နောက်တွင် ဒူဘိုင်း၌ တစ်ပတ်ကျော်ကြာ နေထိုင်ပြီး လင်းကျင်ကျန့် ထွက်ခွာသွားပြီးသည့်နောက် သူမလည်း ဥရောပမြောက်ပိုင်း ဘက်သို့ တစ်ယောက်တည်း အလည်ခရီး ထွက်နေသည်။

သူမ ပြန်လာသည့် အချိန်၌ တုံးစန်းကောင်တီသို့ပင် ရောက်လာခဲ့သေးသည်။ လှည့်ပတ်မေးမြန်း စူးစမ်းကြည့်ပြီးသည့်နောက် လင်းရီသည် မြောက်ပိုင်းသို့ အလုပ်ခရီး ထွက်သွားခဲ့ကြောင်းကို သိရှိလိုက်ရသည်။ သို့နှင့် ဒူဘိုင်းသို့ပဲ ပြန်လာခဲ့လိုက်၏။

ရှန်းရှုရီကလည်း လင်းရီ၏ ပခုံးဒဏ်ရာ အကြောင်းနှင့် ပတ်သက်ပြီး ဘာမျှ မပြောပြခဲ့ချေ။

လင်းရီက သူမ၏ ဝမ်းနှင့်လွယ်၍ မွေးထားရသည့် သားတစ်ယောက် ဖြစ်ပြီး အကယ်၍ သူမသာ လင်းရီ ဒဏ်ရာ ရသည့် အကြောင်းကို သိရှိသွားခဲ့မည်ဆိုပါက ထိုကိစ္စအပေါ် စုံစမ်း စစ်ဆေးမှုတို့ ပြုလာမည်မှာ ကျိန်းသေပေါက်ပင်။

ထိုပြင် လင်းကျင်ကျန့်၏ အထောက်အထားသည်လည်း ထူးခြားလှ၏။ သူမကိုယ်၌ မဆိုထားနှင့်၊ အကယ်၍ လင်းကျင်ကျန့်ကိုသာ ဒေါသဖြစ်အောင် ဆွမိလိုက်မည် ဆိုပါက အကြီးအကဲလုပင် ရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူကသာ ဝမ်မိသားစုကို ဆန့်ကျင်လှုပ်ရှားချင်သည်ဆိုပါက လင်းကျင်ကျန့်သည် သိုင်းပညာ အရာ၌ အားသာမှု ရှိသော်လည်း ဝမ်မိသားစုက နိုင်ငံတွင်း၌ အင်အားကြီး မိသားစု တစ်ခု ဖြစ်နေဆဲပင်။ နှစ်ယောက် ရန်စောင် မုန်းတီးကြမည်ဆိုပါက တိုင်းပြည်တွင်း ကမောက်ကမတို့ ဖြစ်လာနိုင်သည်။

ထို့ကြောင့် အတတ်နိုင်ဆုံး လျှို့ဝှက်ချက် တစ်ခုအနေနှင့် ထိန်းသိမ်းထားသည်က ပိုကောင်းသည်။ မဟုတ်ပါက သူမ ကြုံတွေ့ခဲ့ဖူးသမျှ မုန်တိုင်းတို့အနက် အပြင်းထန်ဆုံး မုန်တိုင်းကို လှုံ့ဆော်ပေးမိသလို ဖြစ်သွားပေလိမ့်မည်။

“ နင် ဘာတွေ လုပ်နေတာလဲ .. သွားစို့လေ… ငါကြားတာ ဒီနှစ်မှာ အကန့်အသတ်နဲ့ ထုတ်တဲ့ အိတ်တွေ အများကြီး ထွက်ထားတယ် ကြားတယ်… ဝင်ပြီး တစ်ချက်ကြည့်ကြစို့ ..”

ပြောလိုက်သူက ချင်ရင်ယွဲ့နှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး တစ်ယောက်ပင်။ နှစ်ဦးလုံးက သက်တူ ရွယ်တူ ဆိုသော်ငြားလည်း သူမက အနည်းငယ် ဝသည့်အထဲ ပါသည်။ ဝဝကစ်ကစ်နှင့် နွေးထွေးမှုပေးနိုင်မည့် ဖက်လို့ကောင်းသည့် မိန်းကလေး တစ်ယောက်ပင်။

အာရှနွယ်ဖွား မျက်နှာအမျိုးအစားနှင့် ဟွာရှ စကားကို ပြောဆိုနေသော်လည်းပဲ သူမ၏ လေသံက နည်းနည်းဝဲ၏။

ထိုအမျိုးသမီး၏ နာမည်က လီဂျူရှိုး ဖြစ်ပြီး သူမက တောင်ကိုးရီးယားက ဖြစ်ကာ ဤနှစ်များတစ်လျှောက်တွင် ဒူဘိုင်း၌သာ နေထိုင်သည်။

ထို့ပြင် သူမတို့နှစ်ယောက်၏ ခင်ပွန်းကလည်း သွေးသောက်ညီအစ်ကိုများ ဖြစ်ရာ သူမတို့နှစ်ဦး၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်လှ၏။

“ နေစမ်းပါဦး .. ငါ့ကိုယ်ငါ တည်ငြိမ်အောင် လုပ်ပါရစေဦး…”

ချင်ရင်ယွဲ့ ရင်ဘက်ကို ဖိနှိပ်ပြီး ပြောလိုက်သည်။ သူမ၏ အကြည့်က ကျီချင်းရန်အပေါ်၌သာ စွဲမြဲထားရှိနေပြီး အချိန်အတော်ကြာသည့်တိုင် နေရာက မရွေ့နိုင်ဘဲ ဖြစ်နေသည်။

ချင်ရင်ယွဲ့၏ အကြည့်တို့နောက် လိုက်ပါကြည့်ရှုသော် လီဂျူရှိုးသည်လည်း ကျီချင်းရန်အား မြင်တွေ့သွားခဲ့၏။

ဘေးဘက်က မြင်နေရသည် မြင်ကွင်းမျိုး ဖြစ်နေသော်လည်းပဲ ယင်းက တစ်ဖက်သူသည် မည်မျှ လှပကြောင်းကို သူမ၏ မျက်လုံးထဲတွင် သေချာကြီး ပုံဖော်လိုက်နိုင်သည်။ တောင်ကိုးရီးယား၌ပင် ဤမျှလှသည့် မိန်းကလေးမျိုးကို ရှာတွေ့နိုင်ဖို့ အလွန်တရာ ခဲယဉ်းလှ၏။

သို့သော် ထိုမိန်းကလေး၏ အလှတရားက ပြည်ပျက်သည်အထိ လှပတင့်တယ်နေပါစေ၊ တရစပ် စိုက်ကြည့်ရန် မလိုအပ်ချေ။ မည်သို့ပင်ဆိုစေ သူမတို့အချင်းချင်း ရင်းမှ မရင်းနှီးပဲလေ။

“ ဘာတွေလဲ..” လီဂျူရှိုး၏ အကြည့်က သူမတို့နှစ်ယောက်ကြားတွင် ဘယ်ညာ ရွေ့လျားသွားခဲ့၏။

“ နင်တို့နှစ်ယောက် အချင်းချင်း သိနေကြတာတော့ မဟုတ်ဘူးမလား …”

“ အဲ့ မိန်းကလေးရဲ့ နာမည်က ကျီချင်းရန်… သူက ငါ့ရဲ့ ချွေးမလေး …” ချင်ရင်ယွဲ့ စိတ်လှုပ်ရှားနေသည့် အသံဖြင့် ပြောလိုက်၏။

သူမနှင့် လင်းရီတို့က နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မှ သားအမိဆက်ဆံရေးကို အသိအမှတ်ပြုသည်မှာ ကြာညောင်းခြင်း မရှိသေးသော်လည်းပဲ ချင်ရင်ယွဲ့သည် လင်းရီအကြောင်း သေချာ ဂဃနဏ သိ၏။

ဒီတော့ ကျီချင်းရန်အကြောင်း သိသည်ကလည်း မထူးဆန်းလှပေ။ သူ့သား၏ အခြား အရှုပ်တော်ပုံများကိုပင် သိထားသေး၏။

ဤ ကျီချင်းရန်ဆိုသည့် မိန်းကလေးက သူ့သားနှင့် အတော်လေး နီးကပ်မှန်းကို သူမ သိသည်။ မည်သို့ပင် ဆိုစေ နှစ်ယောက်က တစ်အိမ်တည်းတွင် အတူတူနေကြလေသည်။

ဤအပိုင်းတွင်တော့ လျန်ရူရွှယ်က တစ်ပန်းရှုံးနေခဲ့သည်။

“ နင့်ရဲ့ ချွေးမ ဟုတ်လား …” လီကျန်းရွှယ်လည်း အာမေဋိတ်သံဖြင့် မြည်တမ်းမိလိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့၏။

သူမ ချင်ရင်ယွဲ့အကြောင်းကို အနည်းငယ် သိထားပါသည်။

သူမထံ၌ ဟွာရှတွင် နေသည့် သားတစ်ယောက် ရှိပြီး အတော်လေးလည်း ချော၏။ သို့သော် သူ့သား၏ ကောင်မလေးကို ဤနေရာတွင် တွေ့ဆုံရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ဒါနဲ့ သူက ဘာလို့ တစ်ယောက်တည်းလဲ … နင့်သားက ပါမလာဘူးလား …”

“ ငါ့သားက အလုပ်များတယ်လေ… သူက အလုပ်ကိစ္စနဲ့ နိုင်ငံရဲ့ နေရာအနှံ့ကို ခရီးထွက်နေရတာ … သူ(မ) ဒီကို သူငယ်ချင်း တချို့နဲ့ လာတာထင်တယ်…”

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်က မတော်တဆ ဆိုသော်ငြား ချင်ရင်ယွဲ့၏ မျက်လုံးထဲတွင်တော့ မျှော်လင့်တောင့်တမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမတို့နှစ်ယောက်က ဤသို့သော နေရာတွင် တိုက်တိုက်ဆိုင်ဆိုင် လာဆုံကြသဖြင့် မည်သို့ပင် ဖြစ်စေ သူမ သွား၍ နှုတ်ဆက်သင့်၏။

မည်သို့ပင်ဆိုစေ သူမ သားကလည်း သိမှာ မဟုတ်ချေ။

“ နင် အခု ဘာလဲလုပ်မှာ … အဲ့ မိန်းကလေးဆီ စကားသွားပြောမှာလား…”

“ ဒါပေါ့ … ပြောတာ ကောင်းတာပေါ့ …”

“ ဒါဆိုလည်း ဘာတွေ စောင့်နေတာလဲ … မြန်မြန် သွားလေ… တော်နေကြာ ဟိုက ထွက်သွားတော့မယ်…”

( တော်နေကြာ = အတော်နေ ကြာလို့ရှိရင် / ခဏနေရင်/မဟုတ်ရင် )

ချင်ရင်ယွဲ့၏ ကိုယ်ကျင့်စရိုက်က ထူးမခြားနား ရှိသော်လည်းပဲ လင်းကျင်ကျန့်နှင့် နှစ်ပေါင်းများစွာ ကြာအောင် အတူရှိလာခဲ့ပြီးဖြစ်ရာ ကမ္ဘာကြီး၏ အမှောင်ဘက်ခြမ်းကိုလည်း ကောင်းကောင်း မြင်တွေ့ပြီး ဖြစ်သည်။

ယခု အချိန်တွင် သူမ မည်သည့်အရာကိုမျှ မကြောက်ရွံ့တော့ချေ။ ထို့ကြောင့် သူမ သား၏ မိန်းကလေးကို မည်သို့သော အကြောင်းကြောင့် ကြောက်ရွံ့နေရမည်နည်း။

၎င်းနောက် ချင်ရင်ယွဲ့သည် ကျီချင်းရန်ထံသို့ ကမ္ဘာပေါ်၌ ပူပန်စိုးရိမ်စရာ မရှိသည့် လူတစ်ယောက်ကဲ့သို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းသွား၏။

“ မိန်းကလေး … ငါတော့ ဒီ ဝတ်စုံက နင်နဲ့ တော်တော်လိုက်မယ်လို့ ထင်တယ်… နင်လည်း အဲ့လို တွေးမိရော‌ပေါ့ …” ချင်ရင်ယွဲ့ အပြုံးလေးဖြင့် မေးလိုက်သည်။

သူမတွင် မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက် တစ်စုံတစ်ရာမျှ ရှိမနေချေ။ သူမက ဤအတိုင်း စကားပြောချင်ရုံ သပ်သပ်မျှသာ ဖြစ်သည်။

ချင်ရင်ယွဲ့၏ လူမျက်နှာ အရိပ်အကဲ ဖတ်သည့် စွမ်းရည်မှာ ထိပ်တန်းဖြစ်၏။ သူမ၏ ထိုစွမ်းရည်မှတဆင့် ကျီချင်းရန်အကြောင်း ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာဖို့ မျှော်လင့်မိသည်။

ကျီချင်းရန်သည် ဝယ်ရကောင်းနိုးနိုး ဖြစ်နေစဉ် သူမဘေးတွင် တစ်စုံတစ်ယောက်က စကားလာပြောသံကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်တော့ ဟွာရှ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ဟင် …

သူမ ချင်ရင်ယွဲ့ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်၌ ကျီချင်းရန်မှာ အနည်းငယ် ငေးကြောင်မိသွားခဲ့၏။

ဤအမျိုးသမီး၏ နှာတံနှင့် မျက်လုံးတို့မှာ ထူးထူးခြားခြား ရင်းနှီးသည်ဟု ခံစားနေရ၏။

ထို့ပြင် ဤအန်တီက မင်သက်ဖို့ကောင်းလောက်အောင်လည်း ကျက်သရေရှိလှသည်။ သူမ၏ ကိုယ်ဟန် စိတ်နေသဘောထားကလည်း ပြီးပြည့်စုံသည်။ ကြည့်ရသည်မှာ မိသားစုကောင်းတစ်ခုက ဆင်းသက်လာဟန်ရသည်။

မသိစိတ်အလျောက် ရှေ့က ဆံမြိတ်ကို သပ်လိုက်ရင်း အနည်းငယ် ရှက်ရွံ့သလို ခံစားနေရ၏။

“ ကျွန်မက ဒီတိုင်း ကြည့်ရုံတင် ကြည့်နေတာပဲ … ဒီလို အရာမျိုးတွေ သိပ်နားမလည်ဘူး …”

ကျီချင်းရန်သည် အလှအပ ရေးရာ၌ ဆရာကျသော်လည်းပဲ သူစိမ်းရှေ့မှောက်တွင်တော့ ထုတ်ပြောရန် ရှက်ရွံ့နေသည်။

“ လူက လှတော့ ဘယ်ဟာပဲ ဝတ်ဝတ် မဆိုးပါဘူး …”

ချင်ရင်ယွဲ့ ကျီချင်းရန်ကို ကြည့်လေလေ ၊ သူမ စိတ်ထဲ နှစ်သက်စိတ်တို့ ပိုပြီး ယိုဖိတ်လာလေလေ ဖြစ်သည်။ သူမ၏ အပြုံးက ပွင့်လန်းတော့မည့် ပန်းလေးတစ်ပွင့်နှယ် ဖြစ်လို့နေသည်။

ကျီချင်းရန်မှာ ရုတ်တရက်ကြီး ချီးကျူး မြှောက်ပင့်ခံလိုက်ရ၍ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။

“ အန်တီလည်း လှပါတယ်….” သူမ ရိုးသားစွာ ပြောလိုက်သည်။

“ မိန်းကလေး … ငါတို့နှစ်ယောက်လုံးက ဟွာရှန့်တွေ.. တို့နှစ်ယောက် ဒီမှာ လာဆုံတယ်ဆိုတာ ရေစက်ပါလို့ပဲ ဥစ္စာ … အန်တီ ဒီမှာ တဝဲဝဲလည် ဖြစ်နေတာ အတော်လေး ကြာနေပြီ.. သင့်တော်မယ့် ဝတ်စုံကို ရှာမတွေ့နိုင်သေးဘူး … နင့်မှာ အချိန်ရရင် အန်တီ့ကို ကူပြီး ရွေးပေးပါလား …”

အလှမ်းသိပ်မဝေးသည့် နေရာတွင် အဝတ်အစားတို့ ကြည့်နေသည့် လီကျန်းရွှယ်မှာတော့ မျက်လုံးလှန်လိုက်မိ၏။

သူ့ ချွေးမနဲ့ တွေ့လည်း တွေ့ရော ပြောင်းလဲသွားခဲ့တာများ အခြား လူတစ်ယောက် ဖြစ်သွားတဲ့ အတိုင်းပဲ။ သူက အဲ့လိုလူလား။

All Chapters