သူက ငါ့အမေ
Vol. 103 Ch. 1537
“ ဖြစ်ပါ့မလားနော်… ကျွန်မ ရွေးပေးတာကို အန်တီက သဘောမကျရင် ဘယ်လိုလုပ်မှာ …”
“ မဟုတ်တာ မဟုတ်တာ … နင်က ကျိန်းသေပေါက် ပါရမီရှိတဲ့လူဆိုတာ အန်တီ သေချာ ပြောနိုင်တယ်…” ချင်ရင်ယွဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။
“ ငါ ခုနလေးတင် ဝတ်စုံ နှစ်ထည် ဝယ်လာခဲ့တာ အဲ့ဒီ ဝတ်စုံနဲ့ တွဲဝတ်လို့ လိုက်မယ့် လက်၀တ်တန်ဆာမျိုး ရှာလို့ မတွေ့သေးဘူး … အန်တီ့ကို ကူရွေးပေး … တကယ်လို့ မိန်းကလေး သဘောကျတာ တစ်ခုခု ရှိတယ်ဆိုလည်း အန်တီ့ကို ပြောလေ… အန်တီ နင့်ကို ဝယ်ပေးမယ်…”
ချင်ရင်ယွဲ့၏ စိတ်အား ထက်သန်မှုနှင့် ရက်ရောမှုက ကျီချင်းရန်၏ မျက်နှာသာကို ရရှိသွားခဲ့သည်။
အထူးသဖြင့် ချင်ရင်ယွဲ့၏ နှာတံနှင့် မျက်လုံးတို့က လင်းရီနှင့် အတော်လေး ဆင်တူလှသဖြင့် ယင်းက ကျီချင်းရန်ကို သူစိမ်းဆန်သည့် ခံစားချက်မျိုး မပေးစွမ်းခဲ့ချေ။
“ မဟုတ်တာ အန်တီကလည်း … ကျွန်မ လိုချင်တာတွေ ဝယ်ပြီးထားပါပြီ.. “
“ ဒါပေမယ့် အန်တီတော့ နင် ဒီဝတ်စုံလေးနဲ့ လိုက်တယ်လို့ မြင်တယ်… နင်ရော သဘောမကျဘူးလား …” ချင်ရင်ယွဲ့ ပြောလိုက်၏။
“ ကြိုက်ပါတယ်… ဒါပေမယ့် နည်းနည်း တိုလွန်းနေလို့ … ကျွန်မရဲ့ ကောင်လေးက ခွင့်ပြုမှာ မဟုတ်ဘူး …”
“ တိုတယ် ဟုတ်လား …”
အရုပ်မော်ဒယ်လ် ဝတ်ဆင်ထားသည့် အနက်နှင့် ရွှေရောင် ဝတ်စုံကို ကြည့်ရင်း ချင်ရင်ယွဲ့မှာ အနည်းငယ် ကြက်သေသေသွားခဲ့ရသည်။
“ ဒူးအပေါ်နားလောက်လေးတင် ရှိတာကို တိုတယ်လို့ မခေါ်ပါဘူး ..”
“ သူ့မျက်လုံးထဲမှာ ဒူးအထက်က တားမြစ်ချက်ကြီးလေ… တခြားသူတွေက အဲ့ဒီ နယ်နိမိတ်စည်းကို ကျော်လို့ မရဘူး …” ကျီချင်းရန် စောဒကတက်လိုက်၏။
“ နင့်ကောင်လေးကလည်း စာအုပ်ဟောင်းကြီး ဆန်လိုက်တာ လွန်ပါရော …” ချင်ရင်ယွဲ့ ထေ့ငေါ့လိုက်ပြီး “ ကိုယ့်မှာလည်း safety pant ဝတ်ထားတာကို ဘာကြောက်စရာ ရှိလို့ …”
“ ကျွန်မလည်း အဲ့လို စဉ်းစားနေတာ… ဒါပေမယ့် သူက ဝတ်ခွင့်ပေးမှာ မဟုတ်ဘူး … ဒါကြောင့်မို့ ဝယ်ရကောင်းနိုးနိုးဆိုပြီး အချိန်တွေ ကြာနေတာ …”
“ စဉ်းစားမနေနဲ့ … အန်တီ ဝယ်ပေးမယ်… ကိုယ်ပျော်ရင် ပြီးတာပဲ ဟုတ်တယ်မလား … တို့ မိန်းကလေးတွေက ဒီအချိန်လေး ဝတ်ချင်တာ ဝတ်ရတာ … နင့်ကောင်လေးကို ခေါင်းထဲ ထည့်မနေနဲ့ …” ချင်ရင်ယွဲ့ ပြောလိုက်၏။ “ နင်ဆို ဒီလောက်လှတာ ငယ်ရွယ်တုန်းမှာ ဒီလို အဝတ်အစား လှလှလေးတွေ မဝတ်ခဲ့ရင် အသက်ကြီးလာတဲ့အခါကျ နောင်တရနေလိမ့်မယ်… ကိုယ်ပြနိုင်တဲ့ အချိန်မှာ ပြပေးရတယ်…”
“ ကျွန်မလည်း အန်တီ မှန်တယ်လို့ ထင်တယ်…” ကျီချင်းရန်သည် နှုတ်ခမ်းကို လက်ဖြင့်ကွယ်လျက် ပြုံးလိုက်၏။
နှစ်ယောက်မှာ အတူတူမတ်တပ်ရပ်နေ၍ လင်းရီကို ညှာတာမှု ကင်းမဲ့စွာ ဝေဖန်နေခဲ့ကြသည်။ ယင်းက ကျီချင်းရန်နှင့် ချင်ရင်ယွဲ့ကြားရှိ အလွှာ အသေးစားလေးကို ပပျောက်သွားစေသည်။
“ တခြား တစ်နေရာ သွားကြစို့ … အန်တီ နင့်ကို ခဏကျရင် ဒီ အဝတ် ဝယ်ပေးမယ်… နင့် ကောင်လေးကို ထည့်တွက်မနေနဲ့ …”
“ အန်တီ့ကို အဖော်လုပ်ပေးရမှာက ပြဿနာ မရှိပါဘူး … ဒါပေမယ့် အဝတ်ကိုတော့ ကိုယ့်ဘာကိုယ်ပဲ ဝယ်လိုက်ပါ့မယ်… အန်တီ့ရဲ့ ပိုက်ဆံကို လက်မခံပါရစေနဲ့…”
“ အဲ့လိုလည်း ရတယ်… အန်တီ့ကိုသာ အတူလိုက်ခဲ့ပေး…”
ကျီချင်းရန်၏ ရှေ့မှောက်တွင် ချင်ရင်ယွဲ့၏ ညင်သာပြီး ကောင်းမွန်သည့် အလေ့အထတို့က အနည်းငယ် ပျောက်ကွယ်သွားခဲ့လေသည်။ သူမက ကျိုးဟိုင် ရပ်ကွက်ငယ်လေးများတွင် အားလပ်သည့် အချိန်တိုင်း အသေးအမွှား ကိစ္စလေးများကို စကားလုပ်ပြောတတ်သည့် သက်လတ်ပိုင်း အန်တီကြီး တစ်ယောက် အသွင်သို့ ကူးပြောင်းသွားခဲ့တော့သည်။
လျန်ရူရွှယ်က သူမ သေးသေးလေးကတည်းကနေ သိခဲ့သည့် မိန်းကလေး တစ်ဦးဖြစ်သည်။ ဝီချက်၌လည်း မကြာခဏဆိုသလို စကားတွေ ပြောဖြစ်၏။
သို့သော် ကျီချင်းရန်နှင့်ကျတော့ မတူညီချေ။ သာမန်ဆိုပါက ချင်ရင်ယွဲ့သည် အဝေးက ရပ်တန့်၍ တိတ်တဆိတ်သာ စောင့်ကြည့်နိုင်ခဲ့သည်။
သူမကို ဒူဘိုင်း၌ လာရောက်တွေ့ဆုံရသည်က ၊ အထူးသဖြင့် ယခုလို ပတ်ဝန်းကျင်မျိုးတွင် မြင်တွေ့ရသည်က သူမ၏ ကိုယ်အတွင်းရှိ စိတ်လှုပ်ရှားမှုတို့ကို ပေါက်ကွဲထွက်လာစေသည်။ လက်တွေ့ကြုံတွေ့ ခံစားဖူးခြင်း မရှိပါက အဆိုပါ ခံစားချက်ကို ဖော်ပြရန် အင်မတန် ခက်လဲလှ၏။
“ မိန်းကလေး … ဒီရဲ့ ပန်းရောင် စိန်လည်ဆွဲကို ဘယ်လိုမြင်လဲ … အန်တီတော့ အခု အန်တီဝတ်နေတဲ့ ဝတ်စုံလေးနဲ့ လိုက်တယ်လို့ မြင်တယ်…” ချင်ရင်ယွဲ့ ပြောလိုက်သည်။
ကျီချင်းရန်သည် နှစ်ခုကို မနှိုင်းယှဉ်မီ အတန်ငယ် စဉ်းစားလိုက်သည်။
“ ကျွန်မတော့ မထင်ဘူး … အရောင်က တအား မှိန်သလားလို့လေ… ပြီးတော့ ထူးထူးခြားခြား ကြည့်စရာ ရှုစရာလည်း ဘာမှ သိပ်မပါဘူး …” ထိုသို့ ပြောပြီးနောက် ကျီချင်းရန် ခေတ္တကြာအောင် စဉ်းစားလိုက်ကာ “ ကျွန်မ အထင်ကတော့ အပြာရောင် စိန်လေးဆို မဆိုးဘူး … အဲ့တာနဲ့ဆို တအား ဆွဲဆောင်မှု ရှိသွားမှာ … လူတွေရဲ့ မျက်လုံးကိုလည်း အရောင်လက်သွားစေနိုင်တယ်…”
“ အင်းနော်… နင် ပြောတာလည်း ဟုတ်သလိုပဲ …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ရော့ … အခု ကတ်ဖြတ်လိုက် …”
အာ…
ကျီချင်းရန်သည် ချင်ရင်ယွဲ့ ဘာမျှ မဟုတ်သလို ဝယ်ယူလိုက်သည့် ယွမ် ၄၀၀,၀၀၀ တန် စိန်လည်ဆွဲကို ငေးကြည့်မိလိုက်၏။ သူမ၏ စံချိန်စံနှုန်းတို့က ချမ်းသာပါသည်ဆိုသည့် မိသားစုတို့၏ စံသတ်မှတ်ချက်ကိုပင် ကျော်လွန်နေပြီဟု ခံစားလိုက်ရသည်။ သူမ မမှားဘူးဆိုပါက ဤအမျိုးသမီးသည် ကျိန်းသေပေါက် ဘီလျံနာတစ်ဦး ဖြစ်ရမည်။
“ ထပ်ရှိသေးတယ်… အန်တီ့ကို တခြား ပစ္စည်းတွေ ကူရွေးပေးစမ်းပါဦး …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ဒီရဲ့ ဘေဂီ ဝတ်စုံလေးဆိုရင်ကော …”
“ ဝတ်စုံက တော်တော်ကောင်းပါတယ်.. ဒါပေမယ့် သူ့ Layer တွေက သိပ်မရှင်းဘူး … နည်းနည်းမှောင်တဲ့ လက်ဝတ်တန်ဆာတွေနဲ့မှ ပိုကိုက်တာ …”
“ ကာတီယာက အဆင်တန်ဆာတွေနဲ့ဆိုရင်ကော …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ အန်တီကတော့ အဲ့ဘရန်းကို သဘောကျတယ်…”
“ ဘရန်းက မဆိုးပါဘူး … ဒါပေမယ့် ကာတီယာက ခုနောက်ပိုင်း တော်တော်ရဲတင်းလာပြီး အစွန်းရောက်လာတယ်… ကျွန်မတော့ အန်တီ့ရဲ့ စိတ်နေသဘောထားနဲ့ သိပ်မကိုက်ဘူးလို့ ထင်တယ်…”
အကြံပြုချက် နှစ်ခုလုံးက ဆက်တိုက်ပယ်ချခံလိုက်ရသော်လည်းပဲ ချင်ရင်ယွဲ့သည် ပါးစပ်ပင် မစေ့နိုင်သည်အထိ အင်မတန် ပျော်ရွှင်နေမိ၏။
မှန်သည်။ ချင်ရင်ယွဲ့တွင်လည်း အမြင်ကောင်းတို့ မရှိမဟုတ်၊ ရှိသည်။ သို့သော် ကျီချင်းရန်နှင့် နှိုင်းစာသော် အနည်းငယ် လိုအပ်နေသည်။
“ ဒါဆို အန်တီနဲ့ ဘယ်ဘရန်းက လိုက်မယ်လို့ ထင်လဲ …”
“ အန်တီ့ရဲ့ ပုံမှန် အဝတ်အစားတွေတိုင်းဆိုရင် တစ်ဖနီက တော်တော်လေး ကောင်းတယ်…”
“ တကယ်လို့ လူမှုရေးပွဲတွေ ဒါမှမဟုတ် အရေးကြီးတဲ့ ပွဲတွေ တက်မယ်ဆိုရင် ဟယ်ရီ ဝင်စတန်က ပိုပြီး သင့်တော်တယ်… ဒီဘရန်း နှစ်ခုလုံးက အန်တီရဲ့ သိပ်သင့်တော်တယ်လို့ ကျွန်မတော့ မြင်တယ်…”
“ ဒါဆို မိန်းကလေးရဲ့ စကားကို နားထောင်ပြီး နောင်ကျ အဲ့ဒီ ဘရန်းနှစ်ခုပဲ ဝယ်တော့မယ်….”
“ အိုက်ယား … အန်တီကလည်း … ကျွန်မပြောတာတွေမှန်သမျှ လိုက်နားထောင်နေစရာ မလိုဘူးလေ…” ကျီချင်းရန် ရှက်ရွံ့သွားခဲ့ပြီး “ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်တွေကို ပြောပြနေတယ်ဆိုရင်တောင်မှ အန်တီ့မှာလည်း အန်တီ့ရဲ့ ကိုယ်ပိုင် အမြင်တွေ ရှိမှာပေါ့ ..”
အသွင်တူ၍ အိမ်သူ ဖြစ်ကြသည်ဟု ဆိုသည့် အတိုင်း တစ်ချို့သော နည်းလမ်းများဖြင့် ကျီချင်းရန်၏ စိတ်နေစရိုက်သည် လင်းရီနှင့် တစ်မျိုးတစ်ဖုံ သွားရောက်ဆင်တူနေသည်။
သူမက အပျော့ဆွဲ ဆွဲသည်ကို လက်ခံနိုင်သော်လည်း အတင်းအကျပ် ပြုသည်ကိုတော့ လက်မခံချေ။
အကြောင်းက ချင်ရင်ယွဲ့၏ သူမအပေါ် ယုံကြည်မှုမှာ သူမကို အနည်းငယ် တုန်လှုပ်စေသည်အထိ ဖြစ်သွားသောကြောင့်ပင်။ သူမ တစ်ခုခု စကားပြောမှားသွားခဲ့မှာကို စိုးရွံ့နေမိခဲ့လေသည်။
“ အန်တီတော့ ကောင်းတယ်လို့ ထင်တယ်… တကယ်လို့ သမီးမှာ အချိန်ရှိတယ်ဆိုရင် ခဏနေ အန်တီ့ကို တစ်ဖနီနဲ့ ဟယ်ရီ ဝင်စတန်ဆီ လိုက်ကြည့်ပေးလေ… ခုတော့ ညစာ စားဖို့ အချိန်တောင် ရောက်နေပြီဆိုတော့ သမီးကို အန်တီ တစ်ခုခု လိုက်ကျွေးပါရစေ …”
“ စားတော့ စားချင်တယ် အန်တီ … ဒါပေမယ့် ဒီနေ့တော့ မရလောက်ဘူးရှင့် …”
“ ကျွန်မ ဝယ်ထားတဲ့ ပစ္စည်းတွေကလည်း အများကြီးပဲ .. ပြီးတော့ ကျွန်မ ကောင်လေးကလည်း ခဏနေ လာကြိုတော့မှာ … ဒီတော့ . . . . . “
“ သမီးက ကောင်လေးနဲ့ အတူလာတာလား …” ချင်ရင်ယွဲ့ အံ့အားသင့်သွားသည့်လေသံဖြင့် မေးမြန်းလိုက်သည်။
“ အွန်း … ကျွန်မတို့က ခရစ်စမတ် အတူလာကြတာ ..”
ဤတစ်ကြိမ်တွင်တော့ ချင်ရင်ယွဲ့ ကြက်သေသေရမည့် အလှည့်ပင်။ သူမ မူလက တွေးထင်ထားခဲ့သည်မှာ ကျီချင်းရန်က သူငယ်ချင်း အပေါင်းအသင်း တစ်ချို့နဲ့ လာခဲ့သည် ဟူ၍ပင်။
သူမသားလည်း ဤနေရာသို့ ရောက်ရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
ယင်း အသိစိတ်ကြီးက သူမကို စိတ်တုန်လှုပ် ခြောက်ခြားသွားစေခဲ့၏။
“ သမီးရဲ့ ကောင်လေးလည်း ပါလာတယ်ဆိုတော့ အန်တီ သမီးရဲ့ အချိန်တွေကို မဖြုန်းတော့ပါဘူးလေ…”
ထိုသို့ ပြောပြီးနောက် ချင်ရင်ယွဲ့သည် ကျီချင်းရန်နှင့် ဖုန်းနံပါတ်ချင်း ဖလှယ်၍ အလျင်အမြန် ပြောလိုက်၏။
“ ဒါက အန်တီ့ရဲ့ ဖုန်းနံပါတ် … နောက်ကျ ဝီချက်မှာ အန်တီ့ကို အကောင့်အပ်လိုက် သိလား … နောင်ကျ အချိန်ရရင် အတူတူ ဈေးဝယ်ကြတာပေါ့ …”
“ အွန်း … ဟုတ် အန်တီ…”
“ အန်တီ သွားနှင့်ပြီ…”
နှုတ်ဆက်စကား ဆိုပြီးနောက် ချင်ရင်ယွဲ့သည် လီဂျူရှိုးကို ခေါ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
အကယ်၍ သူမ၏ သားသာ ရုတ်တရက် ရောက်ချလာမည် ဆိုပါက ဆိုးရွားသွားလိမ့်မည်။
“ ဒီရောက်လာပြီးမှတော့ ပြန်သွားမနေနဲ့တော့လေ…”
ချင်ရင်ယွဲ့ မထွက်ခွာနိုင်မီ သူမ လင်းရီ၏ အသံကို ရုတ်ချည်း ကြားလိုက်ရ၏။
ထိုအသံက မိုးကြိုး ပစ်ခွင်းလိုက်သည့် အသံကဲ့သို့ သူမ၏နားထဲတွင် ကျယ်လောင်စွာ မြည်ဟီးသွားပြီး ချင်ရင်ယွဲ့ကို တုံ့ခနဲ ရပ်တန့်သွားစေခဲ့၏။ နောက် ဘာဆက်လုပ်ရမလဲ သူ မသိတော့ချေ။
အမှန်တော့ လင်းရီ ရောက်နေသည်မှာ အတော်လေး ကြာနေလေပြီ။ သို့သော် သူ့အမေက ကျီချင်းရန်နှင့် စကားကောင်းနေသည်ကို မြင်တော့ သူ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ ထို့ကြောင့် ၎င်းတို့ကို နှောင့်ယှက်မနေတော့ဘဲ ခပ်ဝေးဝေး တစ်နေရာကသာ စောင့်ကြည့်နေလိုက်တော့သည်။
“ နင် ဘာတွေ ပြောနေတာလဲ…”
ကျီချင်းရန်သည် လင်းရီဘေးနားသို့ ရောက်လာပြီး တောက်တီးလိုက်၏။
“ အန်တီက လူကောင်းတစ်ယောက်ပါနော်…”
ကျီချင်းရန်၏ အမြင်တွင် လင်းရီက ထိုသို့သော လေသံမျိုးဖြင့် ပြောလာသည်က ချင်ရင်ယွဲ့အား လူဆိုးတစ်ယောက်ဟု အထင်လွဲသွားသောကြောင့်ပင်။ သို့သော် ကျီချင်းရန်၏ အမြင်တွင်တော့ တစ်ဖက်သူမှာ သူမ၏ အဝတ်အစားနှင့် လက်ဝတ်တန်ဆာတို့အား ကူညီရွေးချယ်ပေးမည့်လူကို ရှာဖွေနေသူ သပ်သပ်သာ ဖြစ်သည်။ သူမ၏ ပိုက်ဆံကို လိမ်လည်လှည့်ဖျားခြင်း မရှိသကဲ့သို့ သူမကို တစ်ခုခု လုပ်ရန်လည်း မကြိုးပမ်းခဲ့ချေ။ ထိုအစား ဤအမျိုးသမီးကပင် သူမအတွက် အဝတ်များ ဝယ်ပေးချင်နေခဲ့လေသည်။
ထို့ကြောင့် လူဆိုးမဟုတ်သည်မှာတော့ ကျိန်းသေသည်။
“ ငါကရော လူဆိုးပါလို့ ပြောနေလို့လား …” လင်းရီ ငိုရမှန်းမသိ၊ ရယ်ရမှန်း မသိ ဖြစ်သွားခဲ့၏။
“ ဒါဆိုလည်း ဘာလို့ ပေးမသွားတာလဲ …”
“ သူ ဘယ်သူလဲ ဆိုတာ သိလား …”
“ ဘယ်သူမို့လို့ … သဘောကောင်းတဲ့ သူစိမ်း အန်တီလေ … ငါနဲ့လည်း အတော်လေး တည့်ပါတယ်…”
“ သူစိမ်း ဟုတ်လား …” လင်းရီ ပြုံးလိုက်ပြီး “ သူက ငါ့အမေ…”