အရိုးထဲက ချစ်မြတ်နိုးမှု
Vol. 103 Ch. 1538
“ နင် … နင့် အမေ . . . . . . . “
အချိန်တစ်ခုမျှ ကြာအောင် ကျီချင်းရန် မတုံ့ပြန်နိုင် ဖြစ်သွားခဲ့၏။ “ မေမေဝမ်က ရန်ချိန်မှာ မဟုတ်ဘူးလား … “
“ မေမေဝမ်က ငါ့ မွေးစားအမေ… ငါက စွန်းဝူခုန်းမှ မဟုတ်တာ … ကျောက်တုံးထဲက မွေးလာတာ မဟုတ်ဘူးလေ…”
အံ့အားသင့်သွားခြင်း ။
ရှုပ်ထွေးသွားခြင်း ။
ကျီချင်းရန်၏ မျက်လုံးလှလှလေးများမှာ ပြူးကျယ်လို့ သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ တစ်စုံတစ်ရာအား တွေးတောမိသွားခဲ့သောကြောင့် ဖြစ်၏။
လင်းရီက မွေးပြီးသည်နှင့် ချက်ချင်း မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ သူ့တွင် မွေးရင်း အမေတစ်ယောက် ရှိကို ရှိရမည်။
စက်ရုပ်တစ်ရုပ်ကဲ့သို့ သူမ၏ ခေါင်းကို တောင့်တင်းစွာ လှည့်၍ ချင်ရင်ယွဲ့အား ကြည့်လိုက်သည်။
ဤအမျိုးသမီး၏ နှာတံနှင့် မျက်လုံးတို့က ရင်းနှီးသည်ဟု ခံစားနေရသည်မှာ မထူးဆန်းတော့ချေ။ သူမက လင်းရီနှင့် တူသည်ဟုတောင် သူမ တွေးတောမိသွားခဲ့သေး၏။
လက်စသတ်တော့ သားအမိ ဖြစ်လို့နေလေသည်။
ထို့ပြင် ဇီဝရှုထောင့်၏ အမြင်က ကြည့်ပါက သားမွေးလျှင် အမေနှင့်တူတာ များပြီး သမီးမိန်းကလေးတို့က အဖေနှင့် တူသာ များ၏။ လင်းရီတို့ သားအမိ နှစ်ယောက် အနည်းငယ် ဆင်တူသည်က သဘာဝပင်။
ချင်ရင်ယွဲ့၏ ခံစားချက်တို့က အလွန်အမင်း ရှုပ်ထွေးပွေလီနေသည်။ သို့သော် ပျော်ရွှင်သည့် ခံစားချက်တို့က ပိုပါသည်။ ဤသည်က ဘာကြောင့်လဲဆိုတော့ လင်းရီသည် သူမက သူ၏ အမေဖြစ်သည်ကို ကျီချင်းရန် အရှေ့တွင် ဖွင့်ဟဝန်ခံလိုက်သည် မဟုတ်ပါလား။
သူမအဖို့ ဤသည်က ကြီးမားသည့် ဂုဏ်ယူဖွယ်ရာနှင့် ပျော်ရွှင်ဖွယ်ရာကြီး ဖြစ်သည်။
“ အန်တီ …..”
ချင်ရင်ယွဲ့ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်၏။ အနည်းငယ် ကသိကအောက် နိုင်သည်ဟုလည်း ခံစားနေရ၏။ မည်သို့ပင်ဆိုစေ ယခုလို အခြေအနေရောက်အောင် သူမကပဲ ဖန်တီးခဲ့ခြင်း ဖြစ်သည်လေ။
“ အန်တီက တကယ်ပဲ လင်းရီရဲ့ အမေပါ … သမီးကို ဒီလို ပုံစံနဲ့ တွေ့လိုက်ရတာ အန်တီ တကယ် အားနာပါတယ်နော်… ဘာလို့ဆို သမီးကို မြင်တော့ အန်တီ အရမ်း စိတ်လှုပ်ရှားသွားလို့လေ… သမီးနဲ့ ဒီမှာ လာဆုံမယ်လို့ ထင်ကို မထင်ထားတာ…”
“ မဟုတ်တာရှင် မဟုတ်တာ … အန်တီက ဘာလို့ တောင်းပန်နေတာလဲ…”
ကျီချင်းရန်၏ နှုတ်ခမ်းလေး ပွင့်အာနေသည်အထိကို သူမ ရှော့ခ်ရနေမိသည်။ သူမ ဘာပြန်ပြောလို့ ပြောရမှန်း မသိလောက်အောင် ဖြစ်နေသည်။
သူမသည် သူမ အနာဂတ် ယောက္ခမကြီး၏ ဖက်ရှင် အမြင်များကို ရက်ရက်စက်စက် ပယ်ချခဲ့မိသည်လေ။ ဤသည်က ရူးမိုက်လွန်းလှ၏။
ကျီချင်းရန်မှာ မတရား အော်ငိုပစ်ချင်သည်အထိ နောင်တရနေမိတော့၏။ မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်ဝံ့တော့လောက်ကို ရှက်ရွံ့နေသည်။
လင်းရီသည် ချင်ရင်ယွဲ့ကို ကြည့်ရင်း စနောက်လိုက်၏။
“ မြန်မြန် မင်းရဲ့ လေသံကို ပြောင်းလိုက်တော့လေ… အချိန်တိုင်း သူ့ကို အန်တီလို့ ခေါ်ပြီး သတ်နေတာလား …”
“ ငါ အဲ့သဘောမျိုး ပြောချင်တာ မဟုတ်ပါဘူးနော်..”
“ ဒီနေ့က တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပဲ … အန်တီလည်း ဘာမှ ထွေထူး မပြင်ဆင်ထားခဲ့ရဘူး …” ချင်ရင်ယွဲ့သည် သူမ ယခုလေးတင် ဝယ်ထားခဲ့သည့် နားစွဲ တစ်ရံကို ထုတ်ကာ ကျီချင်းရန်လက်ထဲ ထည့်ပေးလိုက်သည်။
“ အန်တီ့ရဲ့ အမြင်တွေက သမီးလောက် မကောင်းတော့ စိတ်တော့ မရှိနဲ့နော်… စတွေ့ချင်း ပေးတဲ့လက်ဆောင်လို့ပဲ သဘောထားလိုက် … နောက်တစ်ခေါက်ကျမှ စာအိတ်အနီ အကြီးကြီးပေးမယ်…”
“ မဟုတ်တာရှင် မဟုတ်တာ … အန်တီ… သမီး လက်မခံပါရစေနဲ့ … တကယ်ဆို သမီးကသာ ဒီလိုလက်ဆောင်တွေ ပေးရမှာ … အန်တီပေးတာကို လက်မခံပါရစေနဲ့ ..”
“ ငါ့ကို အန်တီလို့ ခေါ်နေပြီးမှ ပြဿနာ ရှိနေသေးတာလား …”
“ မ .. မဟုတ် … အဲ့သဘောမျိုး ပြောချင်တာ မဟုတ် . . . . . “
ကျီချင်းရန်မှာ မျက်ရည်လေး ဝဲနေမိတော့၏။ သူမကိုယ်သူမ ရှင်းမပြနိုင်တော့ချေ။
“ မြန်မြန် ယူလိုက် … ခုကစပြီး အန်တီတို့တွေက တစ်မိသားစုတည်းတွေ ဖြစ်သွားပြီ .. ယဉ်ကျေးနေစရာ မလိုဘူး …”
“ ကျေးဇူးတင်ပါတယ် ..” ကျီချင်းရန် တိုးညှင်းစွာ ပြော၍ သူမ၏ လက်ကို ဆန့်တန်းလိုက်သည်။ သို့သော် သူမ၏ မျက်နှာကတော့ ရှက်ရွံ့မှုကြောင့် နားရွက်ထိတိုင် နီစွေးနေသည်။
ချင်ရင်ယွဲ့ကို ‘ အန်တီ ‘ သို့မဟုတ် ‘ အမေ ‘ဟု ခေါ်သည်က သင့်လျော်ခြင်း မရှိဟု ခံစားနေရကာ မည်သို့ ခေါင်းစဉ်တပ်ခေါ်ရမှန်း မသိတော့ချေ။
“ ရတယ်… သမီး ကြိုက်သလိုသာခေါ်… သူ ပြောတာတွေ ခေါင်းထဲ ထည့်မနေနဲ့ …”
ကျီချင်းရန်သည် လင်းရီ ရှေ့တွင် ကိုးရို့ကားယား ရပ်နေရင်း သူမ၏ ကိုးရို့ကားယား ဖြစ်နေမှုကို ချေဖျက်ရန် ပြုံးပြရုံသာ တတ်နိုင်တော့၏။
“ ကျွန်တော်တို့ချင်း ဆုံဖြစ်မှတော့ ထမင်း အတူစားစို့လေ…”
“ နင်တို့ကို မနှောင့်ယှက်တော့ဘူး … အမေက သူငယ်ချင်းတစ်ယောက်နဲ့ အတူလာတာ … သွားပြီး နင်တို့ပဲ စားကြတော့ …”
“ ငါတခြား ကိစ္စလေးတွေ ရှိသေးတယ်… နင့်ကို အဖော်ဆက်လုပ်ပေးနိုင်မှာ မဟုတ်ဘူးနော်… ငါတော့ ပြန်နှင့်ပြီ…” လီဂျူရှိုးသည် အလိုက်တသိနှင့် နောက်လှည့် ထွက်ခွာသွားတော့၏။
ထိုကဲ့သို့ ဆုံတွေ့မှုမျိုးက ထင်မှတ်မထားသော်လည်းပဲ အပိုဘီးလုပ်နေသည်ကတော့ မသင့်လျော်ဟု ခံစားနေရသည်။
“ နင် . . . . . “
“ အန်တီ… အတူသွားစားကြရအောင်…”
ကျီချင်းရန်သည် လက်ဦးမှု ရယူ၍ ချင်ရင်ယွဲ့၏ လက်မောင်းကို တွယ်ဖက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ချင်ရင်ယွဲ့၏ တုန်လှုပ်နေမှုနှင့် သူမ၏ အတွေးစိတ်များအား ဖောက်ထွင်းမြင်နေသောကြောင့်ပင်။
ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ ချင်ရင်ယွဲ့အား ပေးစွမ်းကြသည့် ခံစားချက်တို့က တစ်ယောက်တစ်မျိုးနဲ့ လုံးဝ ဥဿုံ မတူညီကြချေ။
သူမနှင့် ရှန်းရှုရီ၏ ကောင်းမွန်သည့် နှစ်ဖက်ဆက်ဆံရေးကြောင့် လျန်ရူရွှယ်ကို သူမ၏ သမီး တစ်ဝက်အဖြစ် အမြဲ ဆက်ဆံခဲ့သည်။
လျန်ရူရွှယ်ဘက်ကလည်း ထိုနည်းတူပင်။ သူမ၏ အမေကြောင့် ချင်ရင်ယွဲ့နှင့် မျက်နှာချင်းဆိုင်သည့်အခါ သူမနှင့် ရင်းနှီးနေသည့် အန်တီတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ သဘောထားသည်။ တစ်ယောက်ကိုတစ်ယောက် နွေးနွေးထွေးထွေးရှိပြီး စကားဝိုင်းတွင် မည်သည့် ဟန်လုပ်မှုတို့မျှ မရှိကြချေ။
သို့သော် ကျီချင်းရန်နှင့် ပတ်သက်လာလျှင်တော့ ကွဲပြားခြားနားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူမအဖို့ ကျီချင်းရန်သည် လုံးဝ သူစိမ်းတစ်ယောက်ပင်။ ဦးစွာ အုတ်မြစ်ချ တည်ဆောက်ရမည့် အရာများစွာ ရှိသေးပြီး ဤသည်ကလည်း သူမ တုန်လှုပ်ပြီး စိတ်လှုပ်ရှားနေရသည့် အကြောင်းပြချက် ဖြစ်လေသည်။
“ ဒါဆိုရင် အန်တီ နင်တို့နှစ်ယောက်ကို ညစာဝယ်ကျွေးမယ်..”
“ မရဘူး … အန်တီ့သားမှာ ပိုက်ဆံရှိတာပဲဟာ သူ့ကို ရှင်းခိုင်းလိုက် …”
အဆုံးတွင် သုံးဦးလုံး မောလ်ထဲရှိ စားသောက်ဆိုင် တစ်ဆိုင်ထဲ၌ အနောက်တိုင်း အစားအစာကို သုံးဆောင်လိုက်ကြသည်။
စားသောက်နေစဉ်တွင် ကျီချင်းရန်သည် ပြဿနာ များစွာကို သတိပြုမိသွားခဲ့၏။
အမေနှင့်သားက အချင်းချင်း အသိအမှတ်ပြုပြီး ဖြစ်သော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးက ဤအဆင့်တွင် ကန့်သတ်နေကာ နက်ရှိုင်းမှု သိပ်မရှိသေးချေ။
မေမေဝမ်သည် သူ၏ မွေးစား အမေဖြစ်သော်ငြားလည်း လင်းရီသည် သူမ၏ ပေါင်တွင် စိတ်လွတ်လက်လွတ် လဲလျောင်း၍ တီဗွီကြည့်ရင်း စကားပြော ရန်ဖြစ်နိုင်ပါသည်။
သို့သော် ဤ သားအမိတွင်တော့ ထိုသို့သော အရာမျိုးက ရှားပါးလှ၏။
အချိန်က အမှန်ပင် မှော်ဆန်လှသည့် အရာတစ်မျိုးပင်။ ၎င်းက သူစိမ်းများကို အချင်းချင်း နီးကပ်သွားစေပြီး သွေးရင်းသားရင်းများ ကြားထဲတွင်တော့ ဝေးကွာမှုကို ဖန်တီးနိုင်သည်။
လက်ရှိ သူတို့သုံးဦးကဲ့သို့ပင်။
စားသောက်နေစဉ် တစ်ချိန်လုံး ကျီချင်းရန်ကသာ ဒိုင်ခံ စကားပြောရသူ ဖြစ်ပြီး မဟုတ်ပါက လင်းရီနှင့် ကျီချင်းရန်တို့၏ စကားနည်းမှုကြောင့် သူမမှာ အန္တာတိက ရောက်ရှိနေသလို ခံစားနေရလိမ့်မည်။
ညစာစားပြီးနောက် ကျီချင်းရန်သည် မူလက ချင်ရင်ယွဲ့ကို အိပ်သည့် နေရာအထိ လိုက်ပို့ပေးဖို့ ပြောသော်ငြားလည်း ချင်ရင်ယွဲ့က သူမကို ငြင်းဆန်လိုက်သည်။
သူမအဖို့ကတော့ လင်းရီကို မြင်တွေ့လိုက်ရပြီး ကျီချင်းရန်၏ ရှေ့တွင် သူ့ထံက ‘အမေ’ဟု အသိအမှတ်ပြုမှုကို ခံလိုက်ရသည်ကပင် ကြီးမားသည့် ဂုဏ်ယူဖွယ်ရာနှင့် စိတ်သက်သာရမှု တစ်ခု ဖြစ်၏။
ဒူဘိုင်းမောလ်မှ ထွက်ခွာပြီးသည့်နောက် နှစ်ယောက်သည် ဟိုတယ်သို့ ပြန်ရန် အလျင်လိုမနေချေ။
ထိုအစား လမ်းပတ် ခြေရှည်နေကြသေး၏။
“ နင်နဲ့ အန်တီနဲ့ ဘယ်တုန်းက တွေ့ခဲ့တာ … ဘာလို့ ငါ့ကို မပြောပြတာလဲ …”
ကျီချင်းရန်သည် မပျော်မရွှင်ဖြစ်စွာ မြည်တွန်တောက်တီးလိုက်၏။ “ ငါ ဒီနေ့ ကိုယ့်ကိုယ်ကို အရှက်ရအောင် လုပ်မိပြီ အဲ့တာ နင်သိလား …”
အမေတူသားဖြစ်သည့် လင်းရီသည် သူ၏ လှည့်ကွက်လေးများကို သူ့အမေထံကနေ ဆက်ခံရရှိခဲ့သည်။
ထိုအကြောင်း စဉ်းစားမိတော့ ကျီချင်းရန်သည် အမှန်ပင် ကိုးရို့ကားယား ဖြစ်ကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိတော့သည်။
သူမသည် သူမ၏ ယောက္ခမကြီးကို အမှန်ပင် တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေခဲ့သည် မဟုတ်ပါလား။
ဟင်း။ ဒါက အရမ်း ရှက်ဖို့ကောင်းလွန်းတယ်။
“ မနှစ်က နှစ်ကုန်ပိုင်းလောက်မှ သူနဲ့ ရန်ကျင်းမှာ ဆုံခဲ့တာ …”
“ ဒါပေမယ့် နင်တို့နှစ်ယောက်က အရင်ကလည်း အချင်းချင်း ဆက်သွယ်ခဲ့ဖူးတာလည်း မရှိတာကို ဘယ်လိုလုပ် ရန်ကျင်းမှာ သွားဆုံကြတာ….”
“ အင်း အဲ့တာက . . . . . . . .” လင်းရီသည် အသက်ကို ပြင်းပြင်းရှူ၍ ဖြည်းညင်းစွာ ပြောသည်။
“ အရင်တုန်းက ငါ့ကို မိဘမဲ့ ဂေဟာပို့ခဲ့တယ်ဆိုတာ သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့လို့ … ဒါပေမယ့် နှစ်နည်းနည်းကြာလို့ အခြေအနေတွေ ပြန်တည်ငြိမ်တဲ့အခါ ငါ့ကို ပြန်ခေါ်ချင်တယ်… အဲ့တာကြောင့် မိဘမဲ့ ဂေဟာဆီ လာကြည့်တဲ့အခါ မေမေဝမ်ကလည်း ငါ့ကို သူ့သွေးရင်းတစ်ယောက်လို ပျိုးထောင်ပေးနေတာ မြင်တော့ သူ့စိတ်ထဲ အပြစ်ရှိသလို ခံစားသွားရတာပေါ့ … ဒါကြောင့်မို့ အဲ့ဒီ အကြံကို လက်လျော့လိုက်တာ …”
“ ဒါကြောင့်မို့ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အန်တီက သူ့ရဲ့ အပြစ်ရှိတဲ့ စိတ်တွေနဲ့ပဲ နင့်ကို လာမရှာတာပေါ့နော်…”
“ အဲ့လိုလည်း မဟုတ်ဘူး …”
နှစ်ယောက်မှာ လမ်းကို ဖြည်းဖြည်းချင်း လျှောက်နေကြသည်။ လင်းရီကလည်း သာမန် ကိစ္စရပ်တစ်ခုကို ပြောနေသည့်နှယ် စကားကို အေးဆေးလေး ပြောနေသည်။
“ သူ့ဘက်က အခြေအနေတွေ တည်ငြိမ်သွားတော့ ရန်ချိန်မှာ တော်တော်ကြာအောင် နေခဲ့တာ … သူ အားတဲ့အခါကျရင် ဂေဟာကို လာပြီး ငါ့ကို လာကြည့်တယ်… ဒါပေမယ့် အပြင်ကပဲ …”
“ ငါ ကျိုးဟိုင်မှာ တက္ကသိုလ် သွားတက်တော့ သူလည်း ကျိုးဟိုင်လိုက်ခဲ့တာပဲ … ငါ့ကို တစ်ချိန်လုံး စောင့်ကြည့်နေပြီး ငါ့အကြောင်းလည်း တော်တော်များများ သိထားတယ်… မင်းအကြောင်းလည်း အပါအဝင်ပေါ့ … မဟုတ်ရင် သူက မြင်မြင်ချင်း မင်းကို မှတ်မိရိုးလား …”
“ အန်တီက နင်နဲ့အတူ တစ်ချိန်လုံး ရှိနေခဲ့တာပေါ့ …”
“ ဆိုပါတော့ …”
ကျီချင်းရန်သည် အသက်ပြင်းပြင်း ရှိုက်မိသွားခဲ့၏။
သူမ၏ လက်ရှိ ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်တို့အား မည်သို့ ဖွဲ့နွှဲ့ပြရမှန်းပင် မသိတော့ချေ။ အရိုးထဲကနေ ဖြစ်ပေါ်နေသည့် ချစ်မေတ္တာကြောင့်သာ မဟုတ်ပါက ထိုသို့ ပြုရန် အင်မတန် ခက်ခဲလိမ့်မည်။
အန်တီလင်း၏ သားအပေါ် ချစ်သည့် မေတ္တာက စိမ့်စမ်းရေမက ကြည်လင်အေးမြလှပြီး အခြားမည်သည့် ခံစားချက်တို့ထက်မဆို ကြီးမြတ်လှပေသည်။