← Chapters

မင်း မလှုပ်တာ ကောင်းမယ်

Vol. 103 Ch. 1541

မင်း မလှုပ်တာ ကောင်းမယ်

Vol. 103 Ch. 1541

သတိပေးခြင်း အလျဉ်းမရှိပါဘဲ လင်းရီသည်

ရက်ဖ်မန်အား ထပ်မံ ပါးဖြတ်ရိုက်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။

အာဇစ်(စ်)နှင့် သူ့ ဘော်ဒီဂတ်များက တော်တော်လေး အံ့အားသင့်သွားခဲ့ကြ၏။

တစ်ဖက်သူ၏ ဘော်ဒီဂတ်များအားလုံး ဤနေရာသို့ ရောက်လာပြီးသည့်တိုင် ထို ဟွာရှန့် အမျိုးသားက တကယ်ကြီး တိုက်ခိုက်ဝံ့နေသည်လော။

ဤလူ၏ သတ္တိက သိပ်ကောင်းလှပါဘိ။

ရက်ဖ်မန်သည် မြေပြင်သို့ ပြန်လည် ပြုတ်ကျ၍ သဲကောက်စားလိုက်ရပြန်သည်။

နှုတ်ခမ်းထောင့်ကနေ သွေးတို့ ထွက်နေပြီး သွားတစ်ချို့လည်း ကျွတ်ထွက်သွားခဲ့ကာ ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်း သူ မသိတော့ချေ။

တစ်ချိန်တည်းတွင် ကမ်းခြေ၌ ဆော့ကစား အပန်းဖြေနေကြသည့် လူတို့လည်း ရုန်းရင်းဆန်ခတ် ဖြစ်သည်ကို မြင်တော့ စုဝေးလာခဲ့ကြ၏။

ဟွာရှန့် လူမျိုး နှစ်ဦးက ဒူဘိုင်း၏ ဒေသခံ တစ်ချို့နှင့် အချင်းများ ရန်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဟွာရှန့် …. မင်းသိပ်လွန်သွားပြီ…”

ရက်ဖ်မန်းကို ထိန်းထားပေးသည့် ဘော်ဒီဂတ်မှာ လင်းရီထံသို့ ပြေးဝင်လာသည်။ သူက အမှန်ပင် အရည်အချင်းနှင့် ပြည့်ဝလှ၏။ သို့သော် လင်းရီ၏ မျက်လုံးထဲတွင်တော့ ဤဘော်ဒီဂတ်၏ အရည်အချင်းက သူ့ကို လိုက်မှီဖို့ အဝေးကြီးပင်။

လင်းရီသည် သူ၏ ဦးခေါင်းကို ဆွဲ၍ စိုက်ချကာ မျက်နှာကို ဖြတ်ကန်လိုက်၏။

ခရက် …

အရိုးကျိုးအက်သည့် အသံတို့ ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်ရန် ပြေးလာခဲ့သည့် ဘော်ဒီဂတ်၏ မျက်နှာတစ်ပြင်လုံး သွေးချင်းချင်းနီရဲသွားခဲ့ကာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။

ဤမြင်ကွင်းက ရှိနေကြသည့် လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။

တစ်စုံတစ်ယောက်၏ သခင်ကို ရိုက်နှက်သည်က ရေးကြီးခွင်ကျယ် မဟုတ်သော်လည်းပဲ ဤလူက ရဲတင်းလွန်းလှကာ တစ်ဖက်လူ၏ ဘော်ဒီဂတ်များကိုပင် ရိုက်နှက်နေလေသည်။

ရက်ဖ်မန်းရော အာဇစ်(စ်)ပါ ယခုလို ဖြစ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။ သူတို့နှစ်ယောက်လုံး ကြောက်လန့်အားကြီးစွာဖြင့် ကမန်းကတမ်း နောက်ဆုတ်သွားခဲ့ကြ၏။

လင်းရီသည် သူတို့နှစ်ယောက်ထံ တည်ငြိမ်သည့် ခြေလှမ်းတို့ဖြင့် ဖြည်းညှင်းစွာ လှမ်းလာနေသည်။

သူ့အနားရှိ ဘော်ဒီဂတ်များကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်ကာ လမ်းပျောက်နေကြတော့သည်။ သူတို့အားလုံးက သူတို့၏ သခင်ကို ရှေ့တက်၍ ကာကွယ်ပေးချင်သော်လည်း စိတ်သာရှိ၍ လုပ်ဝံ့သည့် သတ္တိတော့ မရှိချေ။

သူတို့ အပေါင်းအသင်း ရဲဘော်ရဲဘက်ကြီး၏ ကံကြမ္မာက ခိုင်မာလှသည့် သက်သေသာဓကကြီး တစ်ခု ဖြစ်နေသည်။

ဤဟွာရှန့် အမျိုးသားက သိပ်သန်မာလွန်းလှသည်။ တိုက်ခိုက်သည့်အရာ၌ မည်သူကမျှ သူ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

“ မင်းတို့ ဘေးမှာ အသာတကြည် ရပ်ကြည့်နေတာ ကောင်းမယ်… မဟုတ်ရင် တက်လာရဲတဲ့သူတိုင်း သေဖို့ ပြင်ဆင်လာခဲ့ …”

ဟစ်…..

လင်းရီ၏ အေးစက်စက် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည်တွင် ရက်ဖ်မန်း၏ သက်တော်စောင့်များအားလုံး မြေပြင်တွင် သံမှိုဆွဲကုပ်ထားသကဲ့သို့ ရှိနေကြာကာ တုတ်တုတ်မလှုပ်ဝံ့ချေ။

“ ခွေးသူတောင်းစားတွေ … မင်းတို့ ငါ့အဖေရဲ့ ပိုက်ဆံကျ အချိန်မှန်ယူပြီး စောက်လုပ်ကြ ကျေပွန်အောင် မလုပ်ကြဘူး … မင်းတို့အားလုံးကို အလုပ်ဖြုတ်မယ်…”

“ ဒါဆိုလည်း ငါတို့ အရင် သွားနှင့်ပြီ …”

သူ့ရှေ့ရှိ ဘော်ဒီဂတ်များက လင်းရီ၏ အရှိန်အဝါကို အလွန်အင်မတန် ဖိန့်ဖိန့်တုန်အောင် ကြောက်လန့် နေကြပြီး ဖြစ်သည်။

ယခု ရက်ဖ်မန်းကလည်း ထိုသို့ ပြောလာပြီ ဖြစ်ရာ အလုပ်ထုတ်ခံရမည့် အတူတူ အဘယ်ကြောင့် ဆက်နေဦးမည်နည်း။ ပြေးသည်က ပိုကောင်း၏။

ထိုအခိုက်အတန့်တွင် မည်သည့်ဘော်ဒီဂတ်ကမျှ ရက်ဖ်မန်းတို့နှစ်ဦးအား ဆက်လက်ကာကွယ်နေခြင်း မရှိတော့ချေ။ သူတို့အားလုံး ထွက်ပြေးရန် ရွေးချယ်ခဲ့ကြ၏။ မိမိ၏ အသက်တစ်ချောင်းနှင့် နှိုင်းစာပါက ငွေသည် အရေးမပါတော့ချေ။

သူတို့အနားရှိ ဘော်ဒီဂတ်များအားလုံးက ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားတာ မြင်တော့ ရက်ဖ်မန်းနှင့် အာဇစ်(စ်)တို့ နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြ၏။ အကယ်၍ ဘော်ဒီဂတ်များက ကာကွယ်မပေးဘူးဆိုပါက သူတို့သည် ထွက်ပြေးနိုင်မှာ မဟုတ်တော့ချေ။

“ လင်းရီ ….”

ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲထွက်တော့မည့် အခြေအနေကို မြင်တော့ ကျီချင်းရန်သည် ရှေ့သို့ တက်လာပြီး လင်းရီ၏ လက်မောင်းကို ဆွဲလိုက်၏။

“ ငါလည်း ဘာမှ မဖြစ်သွားတဲ့ဥစ္စာ … ဒီကိစ္စ မေ့လိုက်ရအောင်လေနော်….”

“ ကိုယ်လုပ်နေတာကို သိတယ်… “ လင်းရီ သူမ၏ လက်ကို ထိလိုက်ရင်း “ ကိုယ်ဒီနေ့ ဒီလိုကောင်တွေကို သင်ခန်းစာ မပေးရင် သူတို့ကို ဆုံးမမယ့်လူ ရှိတော့မှာ မဟုတ်ဘူး …”

လင်းရီ သူတို့နှစ်ယောက်ကို ငုံ့ကြည့်၍ အသံနိမ့်ပြီး ပြောလိုက်သည်။ “ မင်းတို့ကိုယ်မင်းတို့ ဘယ်သူကမှ ငါတို့ကို မထိနိုင်ပါဘူးကွာ ဆိုပြီး သိပ်အံ့ဩဖို့ ကောင်းတယ် ထင်နေကြတယ် ဟုတ်လား …”

“ မင်း မလုပ်နဲ့ …” ရက်ဖ်မန်း ပြောလိုက်ပြီး “ ငါ့အဖေက ဒီနားလေးမှာပဲ … သူ ခဏဆို ရောက်လာတော့မှာ…”

“ ခုနက ကိစ္စအတွက် ငါမင်းကို တောင်းပန်နိုင်တယ်… မင်းပိုက်ဆံ ဘယ်လောက် လိုချင်လဲ … ကြိုက်ဈေးပြောလိုက် … ငါ့မှာ အပေါဆုံးက ငွေပဲ … ဒေါ်လာ တစ်သန်းနဲ့ မလောက်ဘူးလား … မင်း တစ်သက် စားမကုန်တဲ့ ငွေမျိုး ငါပေးနိုင်တယ်….”

လင်းရီ လက်ဆန့်တန်း၍ ရာမန်း၏ လည်ပင်းကို ဆွဲညစ်လိုက်သည်။

“ ဒါဆို မင်း အသက်ကရော တန်ကြေးဘယ်လောက်ရှိမယ် ထင်လဲ … ငါဝယ်မယ်… ဒေါ်လာ ၁၀ သန်းဆို လောက်မယ်ထင်လား …”

တစ်ဖက်လူ၏ ခြေချောင်းများက မြေပြင်နှင့် ရှပ်ထိရုံမျှသာ ထိနေပြီး လေပေါ်မြှောက်ခြင်း ခံလိုက်ရ၏။ သူ၏ မျက်နှာကလည်း နီရဲနေကာ နားထင်သွေးကြောကြီးတို့ ဖောင်းကားလာတော့သည်။

“ ငါ … ငါက တော်ဝင်မိသားစုဝင် တစ်ယောက် … မင်း ငါ့ ကို ဒီ လို လုပ် လို့ မ ရ ဘူး …. ရဲ တွေ မင်း ဆီ လာ ကြ လိမ့် မယ် “

“ သူတို့ ငါ့ကို ကိုင်တွယ်နိုင်မလား ငါ မသိဘူး … ဒါပေမယ့် မင်းကတော့ မနက်ဖြန် နေထွက်တာ မမြင်နိုင်တော့ဘူးဆိုတာ ငါ အာမခံရဲတယ်…”

လင်းရီ သူ၏ လက်ကို မြင့်မြင့် ထပ်မြှောက်လိုက်၏။

ရက်ဖ်မန်း၏ ခြေထောက်နှစ်ချောင်းလုံး မြေပြင်နှင့် လုံးဝ ကင်းလွတ်သွားခဲ့ကာ ဆက်လက် အသက်ရှူရန် ခဲယဉ်းသထက် ခဲယဉ်းလာခဲ့တော့၏။

“ ရပ် … မဟုတ်ရင် ငါတို့ပစ်ဖို့ အသင့်ပဲ …”

ထိုအခိုက်အတန့်တွင် အော်သံတစ်ခုက ပျံ့လွင့်လာသည်။

လင်းရီ ခေါင်းငဲ့ကြည့်လိုက်တော့ ရဲကား သုံးစီးက လမ်းဘေးတွင် ထိုးရပ်ထားပြီး ရဲ အရာရှိ ဆယ်ဦးကျော်မှာ သူ့ထံ ပြေးလာနေလျက် ရှိသည်။

သူတို့နှစ်ဦးကြားတွင် ပေါ်ပေါ်ထင်ထင် ဖြစ်နေသည်က သက်လတ်ပိုင်း အမျိုးသား နှစ်ဦး ဖြစ်၏။

တစ်ယောက်က တော်ဝင်မိသားစု၏ အထူးသီးသန့် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားကာ ကျန်တစ်ယောက်က အနောက်တိုင်း ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။

နှစ်ယောက်လုံးက ရဲအရာရှိများနောက်မှနေ၍ နီးကပ်စွာလိုက်ပါလာ၍ ရက်ဖ်မန်းနှင့် အာဇစ်(စ်)ထံ ရောက်ရှိလာသည်။

“ အ.. ဖေ … သား ကို ကယ် ….”

ထိုလူနှစ်ယောက်ကို မြင်တော့ ရက်ဖ်မန်းနှင့် အာဇစ်(စ်)တို့သည် ၎င်းတို့၏ ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ မျှော်လင့်ချက် ရောင်ချည်လေးများ ပြန်သမ်းလာလေတော့သည်။

“ လူကို အခု အောက်ချလိုက် …” ရက်ဖ်မန်း၏ ဖခင်၊ မက်(ဟ်)တမ်က ပြောလိုက်ပြီး “ မဟုတ်ရင် မင်းကို ပစ်ရလိမ့်မယ်…”

ရဲအရာရှိ အားလုံးက သူတို့၏ သေနတ်ပြောင်းများကို လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ဦးထံ ချိန်ရွယ်ထားကြ၏။

လင်းရီသည် အမူအရာပြောင်းလဲသွားခြင်း မရှိဘဲ ရက်ဖ်မန်းကို လွှတ်ချလိုက်သည်။

သူ့တစ်ဦးတည်းဆိုပါက စိတ်ရှိနေလိမ့်မည် မဟုတ်ချေ။ သို့သော် ကျီချင်းရန်ကလည်း အနားတွင် ရှိနေသဖြင့် သူ မစွန့်စားဝံ့ချေ။

“ အဟွတ် အဟွတ် အဟွတ်….”

လင်းရီ လက်လွှတ်ချလိုက်သည်နှင့် ရက်ဖ်မန်းသည် ကျယ်လောင်စွာဖြင့် ချောင်းတဟွတ်ဟွတ် ဆိုးတော့၏။

“ အဖေ… ကျွန်တော်တို့ ဒီ ဟွာရှန့် နှစ်ကောင်ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော်… သား အဲ့ကောင်ကို ထောင်ချနှိပ်စက်ပြီး အဲ့မိန်းမကို ခေါ်သွားချင်တယ်…”

“ အဖေ ဒီကိစ္စ ကိုင်တွယ်လိုက်မယ်… အဖေ သူတို့ကို အလွှတ်မပေးဘူး …”

မက်(ဟ်)တမ်သည် သူ၏ အထောက်အထားကို သုံး၍ ဘေးရှိ ရဲအား လှမ်းခေါ်လိုက်၏။

“ သူတို့ကို ခေါ်သွား … သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ ထိုက်တန်တဲ့ တန်ကြေးကို ပြန်ပေးတာ လိုချင်တယ်…”

“ ဟုတ်ကဲ့ပါ …”

သို့ဖြင့် နှစ်ယောက်လုံး လက်ထိပ်ကိုယ်စီနှင့် လူတိုင်း၏ အကြည့်အောက်တွင်ပဲ ရဲကားထံ ဖမ်းခေါ်သွားခြင်း ခံလိုက်ရတော့သည်။

“ ကြောက်လား …” ရဲစခန်းသို့ သွားနေသည့် လမ်းတွင် လင်းရီသည် အပြုံးလေးဖြင့် မေးလိုက်၏။

“ ငါ့ရဲ့ ပထမဆုံး အကြိမ် ဆိုပေမယ့် နင် ရှိနေမှတော့ မကြောက်ပါဘူး ..” ကျီချင်းရန် တည်ငြိမ်စွာ ပြောလိုက်၏။ “ နင် မကြောက်သရွေ့ပေါ့ …”

“ ဒါပေမယ့် နည်းနည်းလေး စိတ်ပျက်ဖို့တော့ ကောင်းတယ်… ငါက ဒီလိုမျိုး အပြင် မကြခဏ ထွက်ဖြစ်တာလည်း မဟုတ်ဘူး … ထွက်လာပြန်တော့လည်း အဲ့လို လူစားမျိုးနဲ့မှ လာပြီး ကြုံရတယ်လို့ … ဟင်း …. ငါလေးရဲ့ ကံက အရမ်းဆိုးတာပဲ …”

“ နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းတယ်… ဒါပေမယ့် ရဲစခန်းကို အလည်ခရီးတစ်ခေါက် ထွက်တယ်လို့ပဲ သဘောထားလိုက် … ငါတို့ အဲ့မှာ ကြာကြာမနေရပါဘူး …”

“ အွန်း …”

“ ကျေးဇူးပြုပြီး လေးလေးနက်နက်ရှိပေးပါ …. စကားမပြောပါနဲ့ …”

နှစ်ယောက်က နောက်ခန်းထဲတွင် စကားပြောလိုက် ၊ ရယ်မောလိုက် လုပ်နေသည်ကို မြင်တော့ သူတို့နှစ်ယောက်အား လိုက်ပို့ပေးနေသည့် ရဲအရာရှိက မျက်နှာ မည်းသည်းစွာဖြင့် ပြောလိုက်သည်။

“ စကားပြောတာ တရားမဝင်လို့လား …” လင်းရီ အာရပ်ဘာသာစကားဖြင့် ပြန်ပြောလိုက်သည်။

“ အဓိကက မင်းက တော်ဝင်မျိုးနွယ်တစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်… ပြီးတော့ လူမြင်ကွင်းကြီးမှာ အကြမ်းဖက်တာက မင်းကို အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု တစ်ခုဆိုပြီး ယူဆလိုက်လို့ ရတယ်….” ရဲအရာရှိက မောက်မောက်မာမာ ပြောလိုက်သည်။

“ ပြီးတော့ မင်းနဲ့ပါလာတဲ့ အမျိုးသမီးရောပဲ… မင်းတို့နှစ်ယောက်လုံးကို သီးသန့်စီ ထိန်းသိမ်းထားရလိမ့်မယ်… ငါ ဒီတိုင်း ကြိုအသိပေးထားတာ …”

“ ဟက် … မင်း သူ့ကို ငါ့ခွင့်ပြုချက် မပါဘဲ ခေါ်သွားလို့ကတော့ မင်းတို့ ရဲစခန်းတစ်ခုလုံးကို ပြာချပစ်မယ်…” လင်းရီ အသံကို နိမ့်၍ လေးလေးနက်နက် ပြောလိုက်ပြီး “ မယုံဘူးဆို ကြိုးစားကြည့်လိုက် …”

“ မင်းက အဲ့လိုလုပ်ဝံ့နေတယ်ဆိုရင် ငါတို့လည်း ချက်ချင်း . . . . . .”

ရဲအရာရှိ စကားမဆုံးခင်မှာပဲ သူ့ဘေးရှိ ကားမောင်းနေသူက ရုတ်တရက် ဘရိတ်အုပ်လိုက်ကာ သူ့ကိုယ်သူ ကားထဲက လွင့်ပျံထွက်လုမတတ် ဖြစ်သွားခဲ့၏။

“ အား …”

ကျီချင်းရန် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်၏။ လင်းရီသည် သူမကို ချက်ချင်း ကိုယ်ဖြင့် ကာကွယ်ပေးထားလိုက်သည်။

ထို့နောက် မျက်မှောင် ကြုတ်လိုက်၏။ ဘာဖြစ်သွားခဲ့လဲဆိုတာကို လင်းရီ နားမလည်နိုင်ဘဲ ဖြစ်နေတော့၏။

ဘာလို့ အကြောင်းပြချက်မရှိ ကားကို ထိုးရပ်ပစ်တာတုန်းဟ။

အရေးကြီးဆုံးကတော့ သူသည် သေနတ်သံ ခပ်တိုးတိုး တစ်ချက်ကို ကြားလိုက်ရခြင်းပင်။

မသိစိတ်အလျောက် သူ နောက်သို့ လှည့်ကြည့်လိုက်မိတော့ ရုတ်ချည်းဆိုသလို Ford Raptor တစ်စင်းနှင့် Land Cruiser တစ်စင်းတို့က ရှေ့နောက် ဆင့်၍ လမ်းပိတ်ထားကြောင်းကို မြင်တွေ့လိုက်ရသည်။

“ တစ်ခုခုပဲ .. မြန်မြန် ဆင်းကြည့်စမ်း…”

“ ဒီ ငိုးမသားတွေကတော့ ငါ့ကို ကားမှောက်အောင် လုပ်လုနီးပါးပဲ …”

ကားထဲရှိ ရာအရာရှိတို့က သေနတ်များ ထုတ်၍ အလျင်အမြန်ဆင်းကာ ရှေ့တည့်တည့်ရှိ လန်ခရူဇာ ကားထံသို့ သွား၍ ဖြေရှင်းချက်သွားတောင်းတော့သည်။

သို့သော် သူတို့ ကားအပြင်သို့ ထွက်သည့် အချိန်မှာပဲ ကားထဲရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် လူသုံးယောက်က သူတို့၏ ဦးခေါင်းကို နောက်ကွယ်ကနေ သေနတ်များဖြင့် ချိန်ရွယ်ထားကြသောကြောင့်ဖြစ်၏။

“ ရို့ ရဲအရာရှိကြီးတို့ … မလှုပ်ရင် ကောင်းမယ်နော်… မဟုတ်ရင် လက်ညှိုးက ခလုတ်ဆွဲမိသွားလိမ့်မယ်….”

All Chapters