← Chapters

ထိတ်လန့်စရာ အရာတွေ

Vol. 103 Ch. 1542

ထိတ်လန့်စရာ အရာတွေ

Vol. 103 Ch. 1542

“ မင်းတို့ ဘယ်သူလဲ ..."

လင်းရီတို့အား လိုက်ပါပို့ဆောင်ပေးရန် တာဝန်ကျသည့် ရဲအရာရှိက လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်၍ မဆင်မခြင် မလုပ်ဝံ့ ဖြစ်နေသည်။

“ ငါတို့ ဘယ်သူလဲ အကြောင်းမဟုတ်ဘူး … မင်းတို့ မလှုပ်ဘူးဆို ဘာမှ မဖြစ်ဘူး …”

လင်းရီသည် ထိုသို့ ပြောလာသည့်လူကို လှမ်းကြည့်လိုက်၏။ ထိုလူက ဆံပင်အရှည်နှင့် အသားလက်သည့် အမျိုးသား တစ်ဦးပင်။ သူ၏ အဝတ်အစားတို့က အနည်းငယ် စုတ်ပြဲနေပြီး သူ့ထံမှ ဓာတ်ဆီနံ့ ပြင်းပြင်းကိုလည်း ရရှိနေသည်။

သူ့ဘေးရှိ နှစ်ဦးကလည်း ထိုနည်းတူ စုတ်ပြတ်နေပြီး ၎င်းတို့ကြည့်ရသည်မှာ အင်မတန် ရိုးရှင်းလှသည်။ လက်နက်ကိုင်ဆောင်သူများဟုတောင် ထင်ရက်စရာ မရှိလှပေ။

“ ရို … ညီကို … မင်း အဆင်ပြေတယ်မလား …” ဆံပင်အရှည်နှင့် အမျိုးသားက လင်းရီကို ကြည့်ပြီး လှမ်းမေးသည်။

“ ပြေပါတယ်…”

လင်းရီ အံ့အားသင့်သွားခဲ့၏။

ဘာလို့ သူ့ကို အဆင်ပြေလား လာမေးနေတာလဲဟ။

ထို့ပြင် ၎င်းတို့က သူ့အပေါ် မည်သည့် ရန်လိုသည့် သဘောထားကိုမျှလည်း ပြသနေခြင်း မရှိချေ။

တူညီသည့် မေးခွန်းတစ်ခုကလည်း ကျီချင်းရန်စိတ်ထဲ ဖြစ်ပေါ်လာသည်။ သို့သော် ယခုလက်ရှိ အခြေအနေက သူမကို စကားအစ်အောက်ခွင့် မပြုခဲ့ပေ။

“ သူတို့ကို လက်ထိပ် ပြန်ဖြုတ်ပေးလိုက် …”

အမိန့်ကို လက်ခံရရှိသည်တွင် ဆံရှည်ဘေးက သူ့အဖော်နှစ်ယောက်သည် လင်းရီနှင့် ကျီချင်းရန်တို့၏ လက်ထိပ်များကို ဖြုတ်ပေးလိုက်၏။

ထိုအတောအတွင်း လင်းရီသည် သူ၏ ပတ်ဝန်းကျင်ကို ဂရုတစိုက်နှင့် လေ့လာ အကဲခတ်နေလျက် ရှိသည်။

ဤလမ်းက တော်တော်လေးကို တိတ်ဆိတ်သည့် လမ်းတစ်ခု ဖြစ်ကြောင်းကို သတိပြုမိလိုက်၏။ ဆန့်ကျင်ဘက် အရပ်သို့ ဖြတ်သန်းထားသည့် လမ်းနှစ်လမ်းသာလျှင်ရှိပြီး ဖြတ်သွားဖြတ်လာလူတို့လည်း သိပ်မရှိချေ။

ရဲကားကိုတော့ လမ်းအရှေ့တွင် ရပ်တန့်ခံထားရကာ ယခုမြင်ကွင်းက လင်းရီစိတ်ထဲ အတော်လေး ရင်းနှီးနေသည်။ ဗွီဒီယို ဇာတ်ကားများထဲ၌ ယခုလို မြင်ကွင်းတို့က စိမ်းလှသည်တော့ မဟုတ်ချေ။

ကားက စုစုပေါင်း လေးစင်း ရှိပြီး သူတို့က ရဲကားကို ရပ်တန့်ထားရုံမျှမက ရက်ဖ်မန်းနှင့် အာဇစ်(စ်)တို့ စီးလာသည့် သီးသန့်ကားကိုလည်း ရပ်တန့်ထားကြသည်။

ထိုအရာအားလုံးကို သူ့ရှေ့ရှိ အနှီ အာရှသားအုပ်စုက ပြုလုပ်ထားသည့်ဟန်ပင်။

လင်းရီ၏ အကြည့်ကို အာရုံခံမိတော့ ဆေးလိပ်သောက်နေသည့် အာရှသားကလည်း သူ့ကို ပြန်ကြည့်လာခဲ့၏။

ထို့နောက် ….

သွားကြီးဖြီး၍ ရယ်မောပြနေသည်။

“ ဘယ်လိုနေလဲ … ဒဏ်ရာတွေ ဘာတွေ ရသွားသေးလား …”

“ အဆင်ပြေပါတယ်…”

အာရှအမျိုးသားက သူ၏ စီးကရက်ကို ခပ်ပြင်းပြင်း ရှိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။

“ ဒီခု မင်းနဲ့ ဘာမှမဆိုင်တော့ဘူး ….. ထွက်သွားတော့ … မင်းတို့နှစ်ယောက် အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ကြပါစေ …”

လင်းရီ ခွန်းတုံ့ မပြန်ခဲ့ပေ။ သူ့ရှေ့ရှိ အာရှလူမျိုးကို လေးလေးနက်နက် စိုက်ကြည့်ရင်း သူ့ရှေ့တွင် ဖြစ်ပျက်သွားခဲ့သည်က ပန်းချီကားတစ်ချပ်ကဲ့သို့ ခံစားနေရလေသည်။

ဤလူက ကျိန်းသေပေါက် မရိုးရှင်းချေ။

လင်းရီ ထိုသို့ အကဲဖြတ်မှု ပြုလိုက်၏။

“ ငါတို့ အခု ဘာဆက်လုပ်ကြမလဲ….” ကျီချင်းရန်သည် လင်းရီ၏ လက်မောင်းကို ဆုပ်ကိုင်ပြီး မေးလိုက်၏။

“ ဒီက အရင် ထွက်သွားကြတာပေါ့ …”

လူတိုင်း၏ အကြည့်အောက်တွင်ပဲ သူတို့နှစ်ဦးသည် လမ်းဘေးရှိ လမ်းကြားလေးထဲသို့ ဝင်ရောက်ကာ လူမြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့တော့သည်။

သို့သော် လမ်းမပေါ်ရှိ အမှုအခင်းကတော့ ပြီးဆုံးရန်အတွက် အလှမ်းဝေးနေဆဲပင်။

လင်းရီ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် အာရှအမျိုးသားသည် နောက်သို့လှည့်ကာ အခြားတစ်ဖက်ရှိ လမ်းကြား အသေးလေးထဲ ဝင်သွားခဲ့သည်။

မကြာမီ ၊ ရာဖ်မန်း ၊ အာဇစ်(စ်) နှင့် သူတို့နှစ်ဦးလုံး၏ ဖခင်များကိုလည်း ခေါ်ဆောင်လာခဲ့လေသည်။

“ မင်းတို့ … မင်းတို့က ဘယ်သူတွေတုန်း … ဒါက ဒူဘိုင်းကွ … မင်းတို့ကောင်တွေ လူကို ပြန်ပေးဆွဲချင်နေတယ်လို့ လာမပြောနဲ့ …” မက်(ဟ်)တမ်က တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောဆိုလိုက်သည်။

လင်းရီနှင့် ရင်ဆိုင်ဆုံတွေ့ရာတွင် သူတို့နှစ်ဦးလုံးသည် ကြောက်ရွံ့ခြင်း စိုးစဉ်းသော်မျှ မရှိဘဲ မောက်မာ စီးပိုးသည့် အမူအရာ သဘောထားကိုသာ လက်ကိုင်ထားခဲ့သည်။ ဤသည်က သူတို့၏ ပိုင်နင်ဖြစ်ပြီး သာမန် အရပ်သား ဟွာရှန့် ပါမွှားလေးက သူတို့ကို မည်သည့်အရာများ ပြုနိုင်ပါမည်နည်း။

သို့သော် လက်ရှိ သူတို့အရှေ့ရှိ လူတို့နှင့် ရင်ဆိုင်ကြုံတွေ့ရတော့ သူတို့အားလုံး မမောက်မာနိုင်ကြတော့ချေ။ ထိတ်လန့် တုန်လှုပ်နေခဲ့ကြ၏။

အရိုးထဲက ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုက ၎င်းတို့၏ စိတ်ခံစားချက်တို့ကို ချုပ်ထိန်း၍ မရနိုင်အောင် ဖြစ်စေလေသည်။

“ မင်းတို့ကောင်တွေ စောနက ဒီလို လေသံမျိုး မဟုတ်ပါဘူး …”

အာရှ အမျိုးသားက ပြောလိုက်ပြီး “ ဘာလို့ ကြောက်နေတာ … မင်းက တော်ဝင်မျိုးနွယ် မဟုတ်ဘူးလား … ဒီလိုလုပ်နေတာက တော်ဝင်မိသားစုကို အသရေဖျက်နေတာပဲ …”

“ ငါတို့က တော်ဝင်မျိုးနွယ်မှန်းသိရင် ငါတို့ကို အမြန်လွှတ်ပေးလိုက် … မဟုတ်ရင် မင်းတို့ ထွက်ပြေးလို့တောင် လွတ်မယ် မထင်နဲ့ …”

“ ငါတို့ မင်းတို့အားလုံးကို ဒီနေရာမှာ ရပ်တန့်ထားတယ်… အဲ့တာတောင် ဘယ်သူကမှ ကယ်ဖို့ မလာကြဘူး … ဒါတောင် ဘာဖြစ်နေလဲ မပြောနိုင်သေးဘူးလား …” အာရှအမျိုးသားက မေးလိုက်၏။

“ မင်းတို့သိအောင် ပြောလိုက်မယ်… မင်းတို့လို တော်ဝင်သွေး ကလနားလောက်ပါတဲ့ လူတွေကို မပြောသေးနဲ့ … တော်ဝင်မျိုးနွယ်ကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ လူတွေဆိုရင်တောင် မင်းတို့လို လေသံနဲ့ငါတို့ကို မပြောဝံ့ဘူး …”

ဝီ ဝီ ဝီ ဝီ……

မက်(ဟ်)တမ်၏ ဦးနှောက် တဝီဝီ မြည်သွားခဲ့သည်။

သို့ဆိုလျှင် ဤလူ၏ အထောက်အထားက ဖြစ်နိုင်ချေ တစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။

“ မင်း … မင်းတို့က . . . . .”

“ ငါဘယ်သူလဲ ရမ်းတမ်း ဇွတ်မှန်းမနေနဲ့ … မဟုတ်ရင် ကိုယ့်လျှာနဲ့ကိုယ် ပြန်သေသွားလိမ့်မယ်… “ အာရှအမျိုးသားက နောက်ထပ် စီးကရက် တစ်လိပ် ထပ်ထုတ်၍ ရက်ဖ်မန်းကို ကြည့်လိုက်သည်။ “ မင်းတို့ကောင်တွေက ပြဿနာကို‌ တော်တော်လေး မီးထွန်းရှာကြတာပဲ … ငါ့အထင် မင်း ဟိုမိန်းကလေးကို ဘောလုံးနဲ့ သွားကန်တယ်ထင်တယ် ဟုတ်လား …”

“ ငါ … ငါမရည်ရွယ်ပါဘူး … သူတို့က မင်းရဲ့ မိတ်ဆွေတွေမှန်း မသိခဲ့လို့ပါ ….” ရက်ဖ်မန်း ပြောရင်းဖြင့် ဆက်တိုက် နောက်ဆုတ်နေမိသည်။ သို့သော် သူလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသော်လည်း နောက်ရှိ နံရံနှင့် ဝင်တိုက်နေပြီး ဖြစ်၏။

“ မင်းရဲ့ အဲ့ဒီ သောက်ရေးမပါတဲ့ အကြောင်းပြချက်တွေ ငါ မကြားချင်ဘူး …” အာရှအမျိုးသားက သူ့နောက်ကျောမှ သေနတ်ကို ဆွဲ၍ မောင်းတင်ကာ တုံ့ဆိုင်းခြင်းမရှိ ပစ်ခတ်လိုက်၏။

“ အား ….”

ကျယ်လောင်သည့် နာကျင်အော်ညည်းသံများ ထွက်ပေါ်လာပြီး ရက်ဖ်မန်း၏ ခြေထောက်တွင် သွေးသံတရဲရဲနှင့် အပေါက်ကြီး တစ်ခု ဖြစ်လာခဲ့၏။

ဒဏ်ရာ အပေါက်က လက်တစ်ဖဝါးစာမျှ ကြီးမားပြီး သွေးတို့က တတောက်တောက် ယိုစီးကျနေသည်။ အရိုးနှင့်အသားကိုပါ ခြောက်ခြားဖွယ် မြင်တွေ့နေရ၏။

စဉ်းစားနေရန် မလိုတော့ချေ။ သူ၏ ခြေထောက်မှာ ဒုက္ခိတ ဖြစ်သွားပြီ ဖြစ်၏။

ကျန်သည့် လူသုံးယောက်သည်လည်း ချွေးအေးတို့ ပြိုက်နေလျက်ရှိ၏။ ရက်ဖ်မန်း၏ ဖခင် ၊ မက်(ဟ်)တမ်ပင် စကားတစ်ခွန်း ဝင်မပြောဝံ့ချေ။

ဤ အာရှသား၏ အထောက်အထားကို သူ ခန့်မှန်းထားပြီး ဖြစ်၏။ ထို့ကြောင့် ဘာကိုမျှ ဝင်မဆိုဝံ့ခြင်းပင်။

သူ့စကားတစ်ခွန်းကြောင့် သူ၏ အသက်ပျောက်ရှသွားမည်ကို စိုးရွံ့နေမိသည်။

ဘန်း ….

အသိပေးခြင်း အလျဉ်းမရှိပါဘဲ နောက်ထပ် သေနတ်သံ တစ်သံ ထွက်ပေါ်လာခဲ့၏။

အာရှအမျိုးသားက သေနတ်ခလုတ်ဆွဲ၍ အာဇစ်(စ်)၏ ခြေထောက်ကို ပစ်ခတ်လိုက်သည်။

နောက်ထပ် ကျယ်လောင်သည့် အော်ညည်းသံ တစ်သံက လမ်းကြားတစ်လျှောက် ပျံ့လွင့်သွားပြီး ငိုသံတို့ပါ ရောစွက်လာသည်။ အာဇစ်(စ်)၏ မျက်လုံးတို့မှာ ပြူးကျယ်နေပြီး နာကျင်မှုကြောင့် သေလုမြောပါး ဖြစ်နေတော့၏။

“ အသံမထွက်နဲ့ … မဟုတ်ရင် မအော်နိုင်ဘဲ ဖြစ်သွားမယ်…”

ချက်ချင်းဆိုသလို နှစ်ယောက်လုံး ပါးစပ်တွေ တင်းတင်းစေ့ထားလိုက်ကြ၏။

အာရှအမျိုးသား၏ စကားသံက သူတို့၏ နာကျင်မှုကို အာရုံပြောင်းသွားစေသည်အထိ ထိတ်လန့်ဖို့ ကောင်းလှ၏။

ထိုအခိုက်အတန့်တွင် အသားမည်းမည်းနှင့် လူတစ်ဦး မနှေးမမြန် ပြေးလာပြီးမေးသည်။

“ ပြီးသွားပြီလား …”

“ အင်း ... အပြင်က အားလုံး အိုကေသွားပြီ…”

“ သွားစို့ … ကားပေါ်တက်ကြစို့…”

၎င်းနောက် အာရှအမျိုးသားသည် သူ၏ လက်နက်ကို လွင့်ပစ်ကာ လမ်းကြားလေးထဲက မနှေးမမြန် ပြေးထွက်သွားခဲ့ပြီး ၎င်းတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် လင်းရီနှင့် ကျီချင်းရန်တို့မှာ ထိုနေရာနှင့် အလှမ်းခပ်ဝေးဝေးသို့ ရောက်ရှိလာပြီး ဖြစ်ကာ တက္ကစီ တစ်စင်း ငှားလိုက်ကြသည်။

“ သူတို့တွေ ဘယ်သူလဲ နင်သိလား …”

ကျီချင်းရန်သည် လင်းရီ၏ ရင်ခွင်ထဲတွင် ရှိနေကာ လက်မောင်းကို တင်းတင်းဖက်ထားရင်း ကြောက်ရွံ့တုန်လှုပ်နေဆဲ ဖြစ်သည်။

လင်းရီ ပခုံးတွန့်လိုက်၏။ “ ငါနဲ့ ဒီမှာ သိတဲ့လူလည်း မရှိဘူး … စစ်ဆေးကြည့်ရမှာပဲ …”

လင်းရီ ဆင်ခြေတစ်ခု ပေး၍ ချေဖျက်ချင်သော်လည်း သူ မပြုနိုင်ဖြစ်နေသည်။ ကျီချင်းရန်၏ မျက်ဝန်းထဲတွင် သူက ရည်မွန်သိက္ခာရှိသည့် အမျိုးသား တစ်ဦးဖြစ်ပြီး ထိုသို့သော ကမ္ဘာနှင့် မည်သည့် ဆက်စပ် ပတ်သက်မှုတို့မျှ မရှိဟု ယုံကြည်ထားသည်။

သူကိုယ်တိုင်လည်း ပဟေဠိ ဖြစ်နေမိခဲ့သည်။ အဲ့လူတွေက ဘယ်ကနေ ရောက်လာခဲ့တာလဲ။

သူတို့ရဲ့ လေသံ၊ သူတို့ရဲ့ အပြုအမူ၊ သူတို့ကို ကယ်တင်တဲ့ နည်းလမ်းတွေ သုံးသပ်ကြည့်ရသလောက်တော့ ကျုံးဝေ့တပ်ဖွဲ့က လူများလည်း မဖြစ်နိုင်ချေ။

ထို့ပြင် အာရှသား၏ လေသံ၊ သံနေသံထား အဖိအဖော့က မြောက်ပိုင်းဘက်ကို ပိုသမ်း၏။

လင်းရီနှင့် ရင်းနှီးနေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ဒူဘိုင်းတွင် သူ သိသည့် လူဟူ၍ သူ့အမေတစ်ယောက်တည်းသာ ရှိသည်။

‘ အမေများ ငါ့ဆီ လူလွှတ်လိုက်တာလား .’

သို့သော် မဖြစ်နိုင်သည့် ခံစားချက်တို့ကတော့ သူ့စိတ်ထဲ ပိုသာနေသည်။

သူမ၏ အကျင့်စရိုက်ဖြင့်ဆိုပါက ယခုလို လက်နက်ကိုင် တပ်သားများ ရှိနေဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

တစ်ခု သေချာသည်မှာတော့ ဤကိစ္စက သူ့အမေနှင့် တစ်မျိုးတစ်ဖုံတော့ ဆက်စပ်နေလိမ့်မည်။ မဟုတ်ပါက မည်သူကမျှ သူ့ကို ဤသို့သော နေရာမျိုးတွင် ကူညီပေးလိမ့်မည် မဟုတ်ချေ။

ကျန်ရစ်သည့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာတော့ သူနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဖူးခြင်း မရှိသေးသည့် သူ့အဖေပင်။

အကယ်၍ ထိုအချင်းအရာကသာ အမှန်တကယ် ဖြစ်ခဲ့မည် ဆိုပါက နည်းနည်းလေး ကြောက်စရာ ကောင်းသွားပြီ ဖြစ်၏။

တစ်ဖက်သူက သူနှင့် ကျီချင်းရန်ကို ချက်ချင်း လက်ငင်း လာရောက် ကယ်ဆယ်နိုင်သည်က ဆိုလိုသည်မှာ သူ၏ လှုပ်ရှားမှုတိုင်းကို ၎င်းတို့က သိရှိနေသည်ဟု ဖော်ပြနေသည်။

သို့သော် ယင်းက ကာကွယ်ပေးရန်အတွက်သာ ဖြစ်ပြီး မည်သည့် မကောင်းသော ရည်ရွယ်ချက်တို့မျှ ရှိမနေခဲ့၍ပင်။

သို့ပေမယ့် ….

လင်းရီ လက်သင့်မခံနိုင်ဆုံး အရာတစ်ခုက ယခု ဖြစ်စဉ်အတောအတွင်း မည်သည့် တစ်စုံတစ်ရာကိုမျှ သူ သတိမပြုမိလိုက်ခြင်းကိုပင်။

ဤသည်က ကြောက်စရာ သိပ်ကောင်းလွန်းသွားခဲ့ပြီ။

All Chapters