← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

“လူငယ်လေး .. မင်း ရဲ့ ခန္ဓာကိုယ် အချိုးအဆက်ကို ကြည့်ရတာ တစ်သန်းမှာ တစ်ယောက် ပေါ်လာမယ့် သိုင်းပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်။ ငါ့ရဲ့ သံမဏိအရိုးဂိုဏ်း ထဲ ဝင်ဖို့ စဉ်းစားသင့်တယ်။ ဒါဆိုရင် မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ ထွန်းတောက်သွားမှာ သေချာတယ်။”

လှပလွန်းသော တောင်တန်းတစ်ခု ထဲမှာတော့ ကျွင်းချောင်ရှောင်း သည် လက်နှစ်ဖက် အား နောက်ပစ်၍ ဟန်ပါပါ နှင့် ပြောဆိုလျှက် ရှိသည်။ သူသည် ရှေ့ရှိ လူငယ်အား ပြုံးပြလိုက်၏။ သူ၏ ကွေးညွှတ်သွားသော နှုတ်ခမ်းအကျ နှင့် ဖြူဖွေး သန့်ရှင်းလွန်းသော မျက်နှာတို့ကို ကြည့်လျှင် အလွန်အမင်းချောမောသည် ဟူသော ခံစားချက်မျိုးကို ရရှိစေပါလိမ့်မည်။

ထိုအရာသည် ခံစားမှု တစ်ခု သက်သက်မဟုတ်ပေ။ ကျွင်းချောင်ရှောင်းသည် အမှန်ပင် ချောမောလွန်းသည်။

အမျိုးသမီးတစ်ယောက်ယောက်ကသာ ထိုအပြုံး မျိုးကို မြင်လျှင် အံ့အားသင့်လွန်းသောကြောင့် ကျိန်းသေပေါက် ထအော်မိပေလိမ့်မည်။

“ဒါက …”

အစိမ်းရောင် မာဖလာကို ဝတ်ဆင်ထားသော လူငယ်သည် ယဉ်ကျေးစွာနှင့်ပြန်ပြောလိုက်သည် “အရင်ဆုံး ခြေထောက်ကို ဖယ်ပေးပါအုံး..”

အောက်ကို ငုံ့ကြည့်လိုက်တော့ သူ၏ ခြေထောက်တစ်ဖက်မှာ တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ရှိနေသေးကြောင်း ကျွင်းချောင်ရှောင်း သတိပြုမိလိုက်ရ၏။ လူငယ်၏ မျက်နှာပေါ်တွင် ကြီးမားလှသော ခြေရာကြီးတစ်ခု ရှိနေသည်။

ထိုလူငယ်သည် ရိုက်နှက်ခံထားရခြင်း ဖြစ်၏။

မြေပေါ်လဲနေပြီး ရင်ဘတ်ပေါ်တွင်လည်း ခြေရာတွေ ရှိနေသောကြောင့် ပေါ့ပေါ့ပါးပါး၊ သက်သက်ညှာညှာ ရိုက်နှက်ခံထားရခြင်း မဟုတ်မှန်းသိနိုင်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ခြေထောက်အား ပြန်ရုတ်ပြီး တောင်းပန်သလို ပြောလိုက်သည် “ငါတို့ဂိုဏ်းရဲ့ လှပလွန်းတဲ့ မိန်းမလှလေးကို မင်း ဖွန်ကြောင်နေတာမြင်တော့ ငါ ဘယ်လိုမှ သည်းမခံနိုင်ဘူး ဖြစ်သွားတယ်။ တကယ် တောင်းပန်ပါတယ်ကွာ”

“……….”

အစိမ်းရောင်မာဖလာနှင့် လူငယ်သည် ဆွံ့အသွား၏။

တောထဲတွင် လှပလွန်းသော မိန်းကလေးတစ်ယောက်နှင့် ဆုံသောကြောင့် စကားလုံးအနည်းငယ် ပြော၍ မိတ်ဖွဲ့ရန် သူကြိုးစားခဲ့သည်။ သို့ပေမဲ့ အကျိုးဆက် အနေနှင့် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ဆိုသူ ၏ ရိုက်နှက် ဆုံးမခြင်းကို ခံလိုက်ရသည်။ ကံဆိုးလှချေသည်တကား။

“ရောင်းရင်းလေး …”

ချောင်ရှောင်း ပြောလိုက်သည် “သေချာစဉ်းစားကြည့် …”

အစိမ်းရောင် မာဖလာနှင့် လူငယ် က အားပြတ်သလို ပြောလိုက်၏ “သဘောမတူဘူးလို့ ပြောရင် အဆင်ပြေလား”

“အင်း …”

ချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်သည် “ငါတို့ သံမဏိအရိုးဂိုဏ်းက အထက်တန်းကျပြီး ကရုဏာ တရား နဲ့ ပြည့်စုံတယ်။ တစ်ဖက်လူ စိတ်မပါတဲ့အရာကို ဘယ်တော့မှ ဖိအားပေး လုပ်ခိုင်းမှာ မဟုတ်ဘူး…”

“တောင်းပန်ပါတယ်။”

အစိမ်းရောင် မာဖလာ နှင့်လူငယ်သည် နာကျင်မှုကို မနည်းအောင့်ခံပြီး ငြင်းလိုက်၏ “ကျွန်တော် အစောကတည်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းထဲ ဝင်ပြီးနေပြီ။ ဒီတော့ ခင်ဗျားတို့ ဂိုဏ်းရဲ့ တပည့်လုပ်လို့ မရတော့ဘူး။”

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ထဲ ဝင်ခွင့်ရဖို့ စာမေးပွဲကို သူ ခက်ခက်ခဲခဲ ဖြေဆိုခဲ့ရသည် မဟုတ်လား။ တရားဝင် ဂိုဏ်းသား တစ်ယောက် ဖြစ်လာခဲ့ပြီးမှ အဘယ့်ကြောင့် တခြားဂိုဏ်းထဲ ဝင်ရမည်နည်း။

ထို့အပြင် ခေါ်ဆောင်နေသော ဂိုဏ်းကလည်း သံမဏိအရိုးဂိုဏ်းဖြစ်နေသည်။

နာမည်ကို နားထောင်လိုက်ရုံဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အမှိုက်ဂိုဏ်းတစ်ခု ဖြစ်မှန်းသိသာလှသည်။ ထို့ကြောင့် ထိုသို့သောဂိုဏ်းမျိုးထဲ ဝင်ရောက်လျှင် အချိန်ဖြုန်းတာနှင့် ဆင်တူနေမည်မှာ သေချာ၏။

“အမ် …”

ချောင်ရှောင်း ခေါင်းကို ခါယမ်းပြီး နှမျောသလို ပြောလိုက်သည် “ရောင်းရင်းလေး .. ဒါဆိုရင် မင်းက ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းနဲ့ ကံကြမ္မာရေစက်မရှိဘူးပဲ”

“ချင်းချင်း”

သူ ခေါင်းလှည့်ကာ မေးလိုက်သည် “ဒီကောင် ခုန က မင်းကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ် မဟုတ်လား။”

မနီးမဝေးရှိ ကြီးမားလှသော ကျောက်တုံးကြီးတစ်တုံးပေါ်တွင်တော့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှလေး တစ်ယောက် ထိုင်လျှက် ရှိသည်။ သူမ၏ မျက်လုံးတွေသည် ကန်ရေပြင်လို ကြည်လင်နေပြီး အသားအရေမှာလည်း ကျောက်စိမ်းလို ဖြူဖွေးလှ၏။ သူမသည် အသက် ဆယ့်ခြောက်နှစ် ၊ ဆယ့်ခုနှစ် နှစ် လောက်သာ ရှိသေးမည် ဖြစ်သော်လည်း လောကကြီး၏ အလှအပ စံသတ်မှတ်ချက်များ အားလုံးကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ပြစ်ချက်ဟူ၍ ပြောရမည် ဆိုလျှင် အသက်အရွယ်ကြောင့် ကြီးထွားသင့်သော တစ်ချို့အစိတ်အပိုင်းတွေ မကြီးထွားသေးတာပဲ ရှိလိမ့်မည်။

“ဂိုဏ်းခေါင်းဆောင် …”

လုချင်းချင်း က ထူးမခြားနားသလို ပြောလိုက်၏ “သူ စောနက ကျွန်မလက်ကို ကိုင်ချင်နေတယ်။”

“ဖောင်း …”

ချောင်ရှောင်းသည် သူ၏ ခြေထောက်ကို မပြီး အစိမ်းရောင် မာဖလာနှင့် လူငယ်အား ထပ်မံ၍ နင်းချလိုက်သည်။ သူ၏မျက်လုံးများသည် အေးစက်သွား၏ “မင်း အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ်။”

စောနကလေးတင် ကြင်နာသနားတတ်သော အမူအရာမျိုးကို ထုတ်ပြနေသည့် မျက်နှာသည် ချက်ချင်းဆိုသလိုပဲ သတ်ဖြတ်လိုခြင်း အငွေ့အသက်တွေနှင့် ပြည့်နှက်သွားသည်ကို လူငယ် မြင်လိုက်ရသည်။ စာအုပ်ထဲမှ စာရွက်တစ်ရွက်ကို ကောက်လှန်လိုက်သလို မျက်နှာအမူအရာ နှင့် စိတ်နေစိတ်ထားကို ချက်ချင်း ပြောင်းလဲနိုင်သူ ရှိကြောင်း သူ မျက်ဝါးထင်ထင် မြင်လိုက်ရပြီ ဖြစ်သည်။ သောက်ကျိုးနည်းလှချေ၏။

လူငယ်က အလောတကြီး ပြောလိုက်သည် “ဆရာ .. ဆရာ .. ကျုပ် မလုပ်ပါဘူး …”

ချောင်ရှောင်း အေးစက်စက် ပြန်ပြောလိုက်၏ “ချင်းချင်း မလိမ်ဘူး။ ငါ သူ့ကို ယုံတယ်။ ဒီနေ့ ငါမင်းကို သင်ခန်းစာ ကောင်းကောင်း ပေးမှဖြစ်မယ်”

“ဖောင်း .. ဖောင်း .. ဖောင်း …”

မကြာခင်မှာပဲ အစိမ်းရောင် မာဖလာနှင့် လူငယ်၏ မျက်နှာသည် မို့မောက်ကာ ဖူးရောင်လာတော့သည်။ အရိုးတွေ ကျိုးကုန်ပြီ ဟုပင် လူငယ် ခံစားနေမိ၏။

“သေပါပြီ”

လူငယ် ခေါင်းကို ကြိုးစား၍ မော့ကြည့်လိုက်တော့ တရွေ့ရွေ့ ထွက်ခွာသွားသော လူနှစ်ယောက်၏ ပုံရိပ်အား ဝေဝေဝါးဝါး ဖြင့်သာ မြင်ရတော့သည်။ လူငယ်သည် သူ့ရှေ့ရှိ မြေကြီးများအားလက်နှင့် တင်းတင်းကျပ်ကျပ် ဆုပ်ခြေကာ မုန်းတီးစွာဖြင့် ကြိမ်းဝါးလိုက်၏ “ကလဲ့စားပြန်ချေမယ်။”

….

ကျွင်းချောင်ရှောင်း။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်။

ဤသံမဏိအရိုးဂိုဏ်း သည ်အထင်ကြီးလောက်သော ဂုဏ်ဒြပ် အနည်းငယ်ကို ပိုင်ဆိုင်သည်။

မျိုးရိုးနာမည် ဝမ် ဟုခေါ်သော သိုင်းပညာရှင်တစ်ယောက်သည် သံမဏိအရိုးဂိုဏ်း အား တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် ငယ်ရွယ်စဉ်အခါက စိတ်ဓာတ်ကျ၍ ချောက်ထဲ ခုန်ချကာ သတ်သေခဲ့သော်လည်း ကံဆိုးစွာ ဖြင့် မသေခဲ့ချေ။ ထို့အပြင် လမ်းသွားလမ်းလာ တစ်ချို့မှ ပေးကမ်းကျွေးမွေးသည်ကို စားသောက်၍ အသက်ရှင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မျိုးရိုးနာမည် ဝမ် သည် သံမဏိအရိုးဂိုဏ်းအား တည်ထောင်ခဲ့တော့၏။

ဂိုဏ်း၏ ရည်ရွယ်ချက်မှာ သံမဏိအရိုးဂိုဏ်းသားဖြစ်ရန် နှင့် သံမဏိအရိုးဂိုဏ်း၏ လုပ်ငန်းဆောင်တာများအား လုပ်ဆောင်ရန် ဟူ၍ ဖြစ်သည်။

ပထမမျိုးဆက် ဂိုဏ်းခေါင်းဆောင် ဝမ်သည် ပြင်းပြင်းထန်ထန် ကြိုးစား၍ ဆယ်နှစ်ကျော်အတွင်း ဂိုဏ်းအား နာမည်တစ်လုံး ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့၏။ သံမဏိအရိုးဂိုဏ်းသည်လည်း မည်သည့်အဆင့်အတန်းမှ မရှိသော ဂိုဏ်းအဖြစ်မှ အဆင့်ကိုး ဂိုဏ်းတစ်ခု အဖြစ် ရောက်ရှိလာခဲ့သည်။

သို့ပေမဲ့ ....

ကံကြမ္မာအလှည့်အပြောင်း အချိုးအကွေ့ တစ်ခု အတွင်းမှာတော့ ...

ပထမ မျိုးဆက် ဂိုဏ်းခေါင်းဆောင် ဝမ်သည် အပျော်အပါး အတွက် တရားမဝင် ဆောင်ကြာမြိုင်ဆီသို့ သွားရောက်ခဲ့သည်။ ထို့ကြောင့် အစိုးရ စစ်သည်များ၏ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ ထိုမျှနှင့် မပြီးသေးပေ။ ခေါင်းဆောင် ဝမ်သည် ထောင်ထဲမှ ထွက်ပြေးရန် ကြိုးစားရင်း ထပ်မံ ဖမ်းဆီးခံလိုက်ရသော ကြောင့် ခေါင်းဖြတ်သတ်ခြင်းကို ခံလိုက်ရတော့သည်။

ပြီးနောက်မှာတော့ ခေါင်းဆောင်မရှိတော့သော ဂိုဏ်းသည် ဝါးအစည်းပြေသလို တစစီ ဖြစ်ကုန်တော့၏။

ကျေးရွာများအတွင်းရှိ ပုံပြောသူများသည် သံမဏိအရိုးဂိုဏ်းအကြောင်း ဒဏ္ဍာရီ ပုံပြင်တစ်ခုလိုသာ ပြောဆိုကြတော့သည်။ ထိုသို့ပြောတိုင်းလည်း ဆောင်ကြာမြိုင်သွားရင်း ခေါင်းဖြတ်သတ်ခံရသော ဂိုဏ်းခေါင်းဆောင် ဝမ် ၏ အကြောင်းက မပါမဖြစ် ဖြစ်နေတော့သည်။

ဝါးအစည်းပြေသလို တစစီ ဖြစ်ကုန်သည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းသည် ရှိနေတုန်းပင်။

တစ်ဦးတည်းသာ ကျန်ရှိသော ဂိုဏ်းသား တစ်ယောက်သည် ဂိုဏ်းအား မစွန့်ခွာဘဲ နေ့နေ့၊ ညည ဂိုဏ်းအား စောင့်ရှောက်လျှက် ရှိသည်။

ထိုသူ မည်သူနည်း။

ထိုသူသည် ဒုတိယမျိုးဆက် ဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်း ပင် ဖြစ်တော့သည်။

တိတိကျကျ ပြောရလျှင် မူလလက်ဟောင်း ကျွင်းချောင်ရှောင်းပင်။

လွန်ခဲ့သောလ၏ မှောင်မဲနေသော ညမိုက်ထဲမှာ မူလလက်ဟောင်း ကျွင်းချောင်ရှောင်းသည် အိမ်သာသွားရန် ထလာခဲ့သည်။ ဂိုဏ်း၏ အဓိက ဟောခန်းထဲကို ဖြတ်လျှောက်သွားချိန်မှာတော့ ဟောခန်း၏ ထိပ်တွင် ချိတ်ဆွဲထားသော သံမဏိအရိုးဂိုဏ်းဆိုသော သစ်သား ဆိုင်းဘုတ်ကြီးသည် ကျွင်းချောင်ရှောင်း၏ ခေါင်းပေါ် သို့ အညှာအတာ ကင်းမဲ့စွာ ဖြင့် ကျဆင်းလာသည်။ ပြီးနောက် ... ပြီးနောက် မူလလက်ဟောင်း ကျွင်းချောင်ရှောင်း သေဆုံးခဲ့ရသည်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကမ္ဘာမြေမှ ကျွင်းရှောင်ချောင်း သည် ဝိညာဉ် ကူးပြောင်းရောက်ရှိလာပြီး မူလ လက်ဟောင်း ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို အပိုင်စား ရခဲ့၏။

“ငါ ဝိညာဉ်ကူးပြောင်းခဲ့တာလား။”

သူ မသေဆုံးကြောင်း သိတော့ ကျွင်းချောင်ရှောင်း ခဏလောက် ဆွံ့အသွားမိသည်။ ပြီးနောက် မူလ လက်ဟောင်း ကျွင်းချောင်ရှောင်း၏ မှတ်ဉာဏ်တွေ ကို ရရှိပြီးနောက် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသူပေါင်း ထောင်ချီထဲမှ ကံကောင်းသူ တစ်ယောက် ဖြစ်လာကြောင်း နားလည်သွားမိ၏။

ကောင်းတယ်။ အရမ်းကောင်းတယ်။

ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းနည်းစနစ် ၊ နတ်ဘုရား လျှို့ဝှက် သိုင်းကွက်ကျမ်း ၊ စနစ်တွေ ပေါ်လာစမ်း။

ငါ ကျွင်းချောင်ရှောင်း ဒီကို ရောက်လာပြီဆိုတော့ ပါရမီရှင်တွေကို ရိုက်နှက်မယ်။ နတ်ဘုရား တစ်ပါး ဖြစ်လာရမယ်။

“ဒင် ....”

“ပြိုင်စံရှားဂိုဏ်း စနစ် စတင်ပါပြီ ....”

“ဒင် ....”

“ပြိုင်စံရှားဂိုဏ်းစနစ်သည် အောင်မြင်စွာ အသက်ဝင်ခဲ့သည်။ လက်ခံသူ နှင့် စတင်၍ ချိတ်ဆက်နေသည်။”

ဝှစ် ..။

စက်ရုပ်လို အသံတစ်ခု ပေါ်လာပြီးနောက် ကျွင်းရှောင်ချောင်း၏ မျက်လုံးထဲတွင် အချက်အလက်တွေ တသီကြီး ပေါ်လာတော့သည်။

ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း။

ဂိုဏ်းခေါင်းဆောင် - ကျွင်းချောင်ရှောင်း။

ဂိုဏ်းအဆင့် - အဆင့်ကိုး။

ဂိုဏ်းအဆောက်အအုံ - အဆင့်တစ်။

ဂိုဏ်းဝင် - ၁

စုဆောင်းမှတ် - ၀

ဂိုဏ်း၏ အဓိက တာဝန် - သံမဏိအရိုးဂိုဏ်းအား နှစ်ပေါင်းတစ်ရာ အတွင်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဖြစ်အောင် ပြုလုပ်ရန် ၊ ဂိုဏ်းဝင် တစ်သိန်း စုဆောင်းရန်။ တာဝန် မအောင်မြင်ပါက သတ်မှတ်အချိန်တွင် လက်ခံသူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်မည်။

ဂိုဏ်းခေါင်းဆောင် ချောင်ရှောင်းသည် အဓိက တာဝန်အား မြင်တော့ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားရ၏။

မူလ လက်ဟောင်း ကျွင်းချောင်ရှောင်း၏ မှတ်ဉာဏ်တွေ အရဆိုလျှင် သူသည် ဂိုဏ်း၏ တစ်ဦးတည်းသော ဂိုဏ်းသားဖြစ်သည်။ သူ မီးဖိုချောင် ရှိရာသို့ လျှောက်သွားပြီး သားလှီးဓားအား လည်ပင်းပေါ် တင်လိုက်မိသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် သားလှီးဓားအား ပြန်ချလိုက်သည်။ သူ့ အနေနှင့် ဂိုဏ်းအတွက် ဘာမှ မလုပ်ပေးရသေးချေ။

အဆင့်ကိုး ဂိုဏ်း တစ်ခု။

ဂိုဏ်းတွင် သူသာ ရှိသည်။

ထိုသို့သော ဂိုဏ်းကို နှစ်တစ်ရာအတွင်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံး ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်လာအောင် ပြုလုပ်ရန်နှင့် ဂိုဏ်းသား တစ်သိန်း စုဆောင်းရန်။

သူ့အား နတ်ဘုရားများသည် ဟာသလုပ်နေသည်လား။

“ဒင် ...”

စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပဲ စက်ရုပ်လို အသံတစ်ခုသည် သူ၏နားထဲ ဝင်ရောက်လာသည် “စနစ် နှင့် ပေါင်းစပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ သင်သည် သိုလှောင်လက်စွပ် တစ်ကွင်းအား ရရှိသည်။”

“သိုလှောင်လက်စွပ်လား ...”

သူ၏ ညာလက်ထဲ၌ သပ်ရပ်လှသော ကျောက်စိမ်းလက်စွပ် တစ်ကွင်း ပေါ်လာကြောင်းကို ချောင်ရှောင်း မြင်လိုက်ရသည်။ “ဒီလောက်ကြီးတဲ့ လက်စွပ်မျိုး ပထမဆုံး မြင်ဖူးတာပဲ .. ငါလူး .. လက်ကောက် လိုပဲ ဝတ်လိုက်တော့မယ်။”

All Chapters