အခန်း (၂)
Vol. 1 Ch. 2
သူ့အား ကျွင်းချောင်ရှောင်းဟု သူ့မိဘများ နာမည်ပေးထားသည်မှာ ဘဝတစ်ခုလုံး ( Chang - ချောင်) ပျော်ရွှင်စွာ (Xiao - ရှောင်း/ရှောက်) နှင့် နေထိုင်စေချင်၍ ဖြစ်သည်။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ရောက်ရှိကာ ဂိုဏ်းခေါင်းဆောင် ဖြစ်ပြီးသည့်နောက်မှာတော့ ချောင်ရှောင်းသည် မည်ကဲ့သို့ ပျော်ရွှင်စွာ ပြုံးရမည် ဆိုသည်ကိုပင် မေ့လျော့ခဲ့ရ၏။
သံမဏိအရိုးဂိုဏ်းအား ကုန်းမြေတိုက်ကြီး၏ ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်အောင် ပြုလုပ်ရန် နှင့် ဂိုဏ်းဝင် တစ်သိန်း စုဆောင်းရန် ဆိုသည်မှာ ကောင်းကင်ကို ဒူးနှင့် တိုက်ရသည်ထက်ပင် ခက်ခဲနေချေသေးသည်။
ထို့အပြင် အချိန်ကာလကလည်း နှစ်တစ်ရာသာ ရှိ၏။ ဤကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများ၏ လူ့သက်တမ်းသည် နှစ်ပေါင်း နှစ်ရာ မှာ သုံးရာကြားတွင် ရှိသည်။
တခြားသော သူဖတ်ဖူးသော ဝိညာဉ်ကူးပြောင်းသူများ၏ စနစ်ဆိုလျှင် ပစ္စည်းများ၊ အတွေ့အကြုံများ၊ သိုင်းကျမ်းများ အား ပေးသည်။ လက်မှတ်ထိုးရုံဖြင့် ကားတွေပါ ရသော စနစ်ပင် ရှိသေး၏။ သူ့ကျမှ အဘယ့်ကြောင့် သောက်တလွဲ စနစ်နှင့် လာတွေ့နေရသနည်း။
“ဟင်း ....”
ချောင်ရှောင်း သက်ပြင်းချလိုက်မိသည်။ သူ အလွန်အမင်း စိတ်ဓာတ်ကျနေသည် ဆိုသော်လည်း အသက်ရှင်သန်၍တော့ နေနိုင်သေးသည် မဟုတ်လော။
သူ သိုလှောင်လက်ကောက် အား သေချာ လေ့လာပြီး ပေါင်းစည်းဖို့ ကြိုးစားလိုက်၏။
“ဒီထဲမှ နတ်ဘုရား လက်နက်တွေ၊ နတ်ဘုရား သိုင်းကျမ်းတွေ ရှိနေဖို့ ငါ မျှော်လင့်မိတယ်။”
ချောင်ရှောင်း ဆုတောင်းနေတုန်းမှာပဲ သူ၏ သိစိတ်သည် သိုလှောင်လက်ကောက်ထဲရှိ တည်နေရာထဲသို့ ရောက်ရှိသွားတော့သည်။
အတွင်းသို့ရောက်ချိန်မှာတော့ အုတ်ခဲတစ်လုံးမှ လွဲ၍ တခြားသောမည်သည့်အရာမှ တည်ရှိနေသည်ကို သူ မမြင်ရချေ။
နတ်ဘုရားလက်နက် နဲ့ နတ်ဘုရား သိုင်းကျမ်းတွေ ဘယ်မှာလဲ။
အနည်းဆုံး နတ်ဘုရားသားရဲဥ ဘာညာလောက်တော့ ပေးလေ။ နတ်ဘုရားသားရဲကြီး မွေးပြီး ခိုင်းစားမယ်။
ယခုတော့ အုတ်ခဲ တစ်လုံးမှ လွဲ၍ ဘာမှမရှိချေ။
ချောင်ရှောင်း အလျော့မပေးဘဲ တည်နေရာထဲ လျှောက်သွားရင်း ပတ်ရှာကြည့်လိုက်သည်။ အမှန်ပင် မည်သည့်အရာကိုမှ မတွေ့ရချေ။ “ဒီအုတ်ခဲကလည်း နတ်ဘုရား လက်နက် ဖြစ်နေနိုင်တယ်”
သူသည် ဝိညာဉ်ကူးပြောင်းသူများ အကြောင်းအား paid gp ဝင်ဖတ်ကာ တစ်ဝက်တပျက် ဘာသာပြန်ခဲ့ကြသော ဘာသာပြန်သူများအား မှိုချိုးမျှစ်ချိုး ၊ ပယ်ပယ်နယ်နယ် ဆဲဆိုခဲ့ဖူးသူ ဖြစ်သောကြောင့် ဝိညာဉ်ကူးပြောင်းသူများ အကြောင်း ဂဃနဏ သိရှိသည်။ ထို့ကြောင့် ဝိညာဉ်ကူးပြောင်းပြီးနောက် ရရှိသော ဤအုတ်ခဲသည် သာမာန်မဟုတ်နိုင်ကြောင်း ခန့်မှန်းမိသည်။ အိမ်သာထဲမှ ထုတ်လာသော အုတ်ခဲ ဆိုလျှင်ပင် ပျောက်ဆုံးနေသော ရှေးနတ်ဘုရား လက်နက် ဖြစ်နေနိုင်၏။
ချောင်ရှောင်းသည် အုတ်ခဲအား ဘယ်လက်မှာ ကိုင်ရင်း လောကကြီး တစ်ခုလုံးအား အုပ်စိုးသည့် မြင်ကွင်းကိုပင် မြင်ယောင်လာမိ၏။
“ဒွီ ...”
ချောင်ရှောင်း အုတ်ခဲကို ကောက်ကိုင်လိုက်တော့ အနည်းငယ် တုန်ခါသွားသည်ကို ခံစားမိလိုက်သည်။
သူ အလွန်အမင်း ပျော်ရွှင်သွားသည် “ဒါ နှလုံးခုန်တာလား။ ဒီ အုတ်ခဲထဲမှာ စွမ်းအားမြင့် ဆရာကြီး တစ်ယောက်ယောက် ရှိနေတာလား။ အုတ်ခဲထဲကနေ ထွက်လာပြီး နတ်ဘုရားသိုင်းတွေ သင်ပေးမယ် ထင်တယ်။”
သူ တွေးကြည့်လေ ပို၍ စိတ်လှုပ်ရှားလာလေပင်။
ခဏလောက်ကြာတော့ .........
ချောင်ရှောင်း၏ အမူအရာသည် အေးခဲသွားသည်။ သူ့ ကိုယ်ထဲမှ သွေးတွေသည် အထိန်းအကွပ်မဲ့စွာဖြင့် လည်ချောင်းရှိရာသို့ ဆန်တက်လာ၏။
အုတ်ခဲပေါ်တွင် နံပါတ်တွေ ပေါ်လာသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ပေါက်ကွဲမည့် လက်ကျန်အချိန် - ၉၉ နှစ် ၊ ၃၅၅ ရက် ၊ ၂၃ နာရီ ၊ ၅၈ မိနစ် ၊ ၄၆ စက္ကန့်။
အုတ်ခဲ၏ အောက်ခြေထောင့်လေးတွင် အသိပေးချက်လေးပင် ပါသေး၏။ မှတ်ချက် - အဓိက တာဝန်အား နှစ်တစ်ရာ အတွင်း ပြည့်စုံအောင် ပြုလုပ်နိုင်ပါက ပေါက်ကွဲမည့် ပစ္စည်းသည် အလိုအလျှောက် ဖယ်ရှားသွားပေလိမ့်မည်။
“ဘုတ် ....”
သူ အုတ်ခဲအား အောက်သို့ ကောက်ပေါက်လိုက်သည်။
“ချီးတဲ့မှ ... ဒါက နတ်ဘုရား လက်နက်မှ မဟုတ်တာ။ ချိန်ကိုက်ဗုံးပဲဟ”
အုတ်ခဲသည် မြေပေါ်သို့ ကျဆင်းပြီးနောက် မျက်နှာပြင်ပေါ်ရှိ အချိန်မှ ပြောင်းလဲသွားသည်။ ၂၃ နာရီ ၊ ၅၈ မိနစ် အဖြစ်မှ ၂၂ နာရီ ၅၈ မိနစ် သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
“လက်ခံသူ … အုတ်ခဲမှာ ကိုယ်ပိုင်သိစိတ် နဲ့ ခံစားချက် ရှိပါသည်။ သူ့ကို မပျော်ရွှင်အောင် ပစ်ပေါက်မည် ဆိုလျှင် ပေါက်ကွဲမည့် အချိန်ကာလမှာ ပို၍မြန်ဆန်သွားပါလိမ့်မည်။”
“ဖူး ….”
ချောင်ရှောင်း မခံစားနိုင်တော့ဟန်ဖြင့် သွေးတစ်လုတ် အန်ထုတ်လိုက်မိသည် “စနစ် .. ငါ မဆော့ချင်တော့ဘူး။ အိမ်ပြန်ချင်တယ်။”
စနစ်မှ စက်ရုပ်သံဖြင့် ပြန်ပြောလာသည် “စနစ် အသက်ဝင်ပြီး ဖြစ်တာကြောင့် လက်ခံသူ အနေ နှင့် အဓိက တာဝန်ကို ပြည့်စုံအောင် လုပ်ပါ။ မဟုတ်ရင် ပေါက်ကွဲပြီး သေဆုံးမယ့် အချိန်ကို စောင့်ပါ။”
ကျွင်းချောင်ရှောင်း သူ၏ လက်တွေကို ဆန့်တန်းပြီး အားပြတ်၊ ဝမ်းနည်းသလို ပြောလိုက်သည် “ဓား ဘယ်မှာလဲ။ ဓားဘယ်မှာလဲ။ ငါ သတ်သေချင်တယ်။”
“ဒင် ....”
“လက်ခံသူ၏ ပထမဆုံး ဆုတောင်းအား ဖြည့်စည်းပြီးပါပြီ။ ဓားမော့ လက်ဆောင်ရယူပါ။”
“ဝှစ် …”
တည်နေရာထဲမှာ ဓားမော့ တစ်ချောင်း ပေါ်လာ၏။
ကျွင်းချောင်ရှောင်း မေ့မျောလုမတတ်ဖြစ်သွားရသည်။ သူ အိမ်ပြန်ချင်သော ဆန္ဒအား မဖြည့်စည်းပေးသော်လည်း စနစ်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဓားတစ်ချောင်းကိုတော့ ပေးနေလေသည်။ သောက်ကျိုးနည်းလှချေသည်တကား။
….
ကျွင်းချောင်ရှောင်း တစ်ယောက် လှည့်စားခံလိုက်ရသလို ခံစားလိုက်မိသည်။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ရောက်ရှိပြီး စနစ်ကိုပင် အသက်သွင်းပြီး ဖြစ်သောကြောင့် သူ၏ ကံကြမ္မာကို လက်ခံရန်သာ ရှိတော့သည်။ ထို့ကြောင့် စနစ် ၏ မျက်နှာပြင်အား သေချာ စူးစမ်း ကြည့်ရှုလိုက်မိ၏။
ဂိုဏ်း၏ နာမည်၊ အဖွဲ့ဝင် အကြောင်းအရာများအား သူ လွယ်လွယ်ကူကူဖြင့် နားလည်သည်။ သို့ပေမဲ့ သူ့အား ဇဝေဇဝါ ဖြစ်စေသည်မှာ ဂိုဏ်းအဆောက်အအုံ နှင့် စုဆောင်းမှတ် ဆိုသည်များ ဖြစ်သည်။
“လက်ခံသူ …”
စနစ်ဆီမှ အသံ ထွက်ပေါ်လာသည် [ဂိုဏ်းအဆောက်အုံ ဆိုတာ အရာတော်တော်များများ ပါတယ်။အဆင့်မြင့်လာလေ ဂိုဏ်းအတွက် လိုအပ်တဲ့ အဆောက်အအုံတွေ ပိုလိုလာမယ်။ လက်ခံသူ အနေနဲ့ ဂိုဏ်းအဆောက်အုံ ဆိုတဲ့နေရာကို လက်နဲ့ ထိပြီး ကြည့်လို့ရတယ်။]
“ဒီလို လုပ်လို့ရတယ်လား”
ကျွင်းချောင်ရှောင်း မျက်လုံးကို မှိတ်ပြီး ဂိုဏ်းအဆောက်အုံ ဆိုသော နေရာ အား လက်နှင့် ထိကြည့်လိုက်သည်။
ဂိုဏ်းအဆောက်အုံ အဆင့်တစ် - မရသေး။
ဂိုဏ်းအဆောက်အုံ အဆင့်နှစ် - ဆေးခန်းမဆောင် ဖွင့်လှစ်ရန်။
ဂိုဏ်းအဆောက်အုံ အဆင့်သုံး - ပန်းပဲဆောင် ဖွင့်လှစ်ရန်။
ဂိုဏ်းအဆောက်အုံ အဆင့်လေး - အဆောင်ဖန်တီးခြင်းခန်းမ ဖွင့်ရန်။
ဂိုဏ်းအဆောက်အုံ အဆင့်ငါး - စိတ်ဝိညာဉ်သားရဲ ခန်းမ ဖွင့်ရန်။
အနောက်တွင်တော့ စာသားတွေ ရေးသားထားသေးသည်ကို မြင်လိုက်ရ၏။ ဂိုဏ်းအဆောက်အအုံ အား အဆင့်ငါး ရောက်မှသာ အသက်သွင်းနိုင်မည် ဖြစ်သည်။
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။
“ဘယ်လို အဆင့်မြင့်ရမှာလဲ။”
“အဆင့်တက်ချင်ရင် ဂိုဏ်းသားတွေ စုဆောင်းရပါမယ်။”
“ဒီလိုကိုး ….”
ချောင်ရှောင်း ဆက်မေးလိုက်၏ “စုဆောင်းမှတ် ဆိုတာက ဘာလဲ”
စနစ်မှ ရှင်းပြသည် “စုဆောင်းမှတ်ကို ဂိုဏ်းရဲ့ကုန်သွယ်စတိုးမှာ ရတနာတွေနဲ့ လဲလို့ရတယ်။”
“ဂိုဏ်းရဲ့ ကုန်သွယ်စတိုးလား။” ချောင်ရှောင်း၏ မျက်လုံးတွေသည် လင်းခနဲ ဖြစ်သွား၏။
သူသိသလောက် ဆိုလျှင် ဝတ္တုထဲမှ အဓိက ဇာတ်လိုက်များသည် စနစ် ရရှိပြီးနောက် ကုန်သွယ်စတိုး အားလည်း ရရှိကြသည်။ ထိုထဲ၌ စဦးအဆင့်တွင်ပင် သခင်လေးများအား ပါးပိတ်ရိုက်နိုင်သော လက်ဆောင် များ ပါဝင်ကြောင်း သူ သိပြီးဖြစ်သည်။
ချောင်ရှောင်း ကုန်သွယ်စတိုးအား သေချာလေ့လာလိုက်သည် “ဒီမှာ ဘာလို့ ကုန်သွယ်စတိုး ဆိုတာ မပါတာလဲ။”
“ကုန်သွယ်စတိုးပေါ်လာဖို့ လက်ခံသူ အနေနဲ့ စုဆောင်းမှတ် တစ်မှတ်ရှိဖို့ လိုပါတယ်။”
“စုဆောင်းမှတ်ကို ဘယ်ကနေရှာရမှာလဲ”
“ဂိုဏ်းသားတွေ များများရှာပါ”
ထိုအရာကို ကြားတော့ ချောင်ရှောင်း နောက်ဆုံးမှာ နားလည်သွားတော့သည်။
ပြိုင်စံရှားဂိုဏ်းစနစ်တွင် အရေးကြီးသည်မှာ ဂိုဏ်းဝင်များ စုဆောင်းခြင်းပင်ဖြစ်နေ၏။
“ကောင်းပြီ”
ချောင်ရှောင်းသည် စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်သည် “ဒီနေ့ကစပြီး ငါ ဂိုဏ်းသားတွေ ရှာတော့မယ်။”
သို့ပေမဲ့ …
အမှန်တရားသည် ခါးသက်လွန်းလှ၏။
အဘယ့်ကြောင့်ဆိုသော် သူ ဂိုဏ်း၏ မျက်နှာစာ တံခါးဝတွင် ဂိုဏ်းသားခေါ်ယူကြောင်း စာကပ်ခဲ့သော်လည်း တစ်လ ကြာသည်အထိ မည်သူ တစ်ဦးတစ်ယောက်ကမှ ယောင်၍ပင် လာမမေးခဲ့ပေ။
နောက်ထပ် လဝက်လောက် စောင့်ဆိုင်းပြီးနောက် ချောင်ရှောင်း စိတ်ဓာတ်တွေ ကျနေစဉ်မှာပဲ လုချင်းချင်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သူမသည် တံခါးဝရှိ ကြေညာစာတမ်းရှေ့တွင် ရပ်၍ ခဏလောက် တွန့်ဆုတ်နေသည်။ ပြီးနောက် အတွင်းသို့ လျှောက်ဝင်လာပြီး ပြောလာ၏ “ကျွန်မ သံမဏိအရိုးဂိုဏ်းကို ဝင်ချင်တယ်။”
လှေကားတွင် ဆောင့်ကြောင့်ထိုင်၍ ခေါက်ဆွဲစားလျှက်ရှိသော ချောင်ရှောင်းသည် စားလက်စပင် သီးမလို ဖြစ်သွားရ၏။ ရက်ပေါင်းများစွာ စောင့်ပြီး စိတ်ဓာတ်တွေ မိုးပြိုတော့မလို ဖြစ်နေချိန်မှာတော့ ချောမောလှသော မိန်းကလေး တစ်ယောက်သည် အမှန်ပင် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုအရာသည် လောကမှ ပေးအပ်သော ကောင်းချီးပင် ဖြစ်ရမည်။
လုချင်းချင်းသည် ချောင်ရှောင်းအား ကြည့်ပြီး ထူးမခြားနားသလို ပြောလိုက်သည် “ရှင်က အရူးလား”
“ဂွက် …”
ချောင်ရှောင်း စားလက်စ ပန်းကန်နှင့် တူ ကို လွင့်ပစ်လိုက်ပြီး ဂိုးဏ်းဝင်ခွင့် စာရင်းသွင်းခြင်း ကိစ္စများအား အမြန်ဆုံး ပြုလုပ်ပေးလိုက်သည်။
ဂိုဏ်းခေါင်းဆောင် စည်းတံဆိပ်အား သူ ထုတ်ယူလိုက်ချိန်မှာတော့ လုချင်းချင်းသည် မေးခွန်းထုတ်လာသည် “ရှင်က ဂိုဏ်းခေါင်းဆောင်လား။”
“သိပ်မှန်တာပေါ့”
ကျွင်းရှောင်ချောင်းသည် သူ၏ ရင်ဘတ်အား တဘုန်းဘုန်း ထုကာ ပြောလိုက်သည် “ငါက သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ပဲ”
“ဒါဆို ကျွန်မ ဂိုဏ်းက ထွက်ပြီ”
“ကောင်မလေး .. မလုပ် .. မလုပ်နဲ့ ….”
…..
သူ၏ စွမ်းရည် နှင့် ရှိရှိသမျှသောမျက်နှာပြောင်တိုက်နည်း အကုန်အား ထုတ်သုံးပြီးနောက်မှာတော့ ချောင်ရှောင်းသည် လုချင်းချင်းအား ဂိုဏ်းတွင် နေထိုင်ရန် စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်မှာတော့ သံမဏိအရိုးဂိုဏ်းတွင် သူ တစ်ယောက်တည်း မဟုတ်တော့ချေ။
“ဒင် …”
ဂိုဏ်းသား - ၂
“ဒင် …”
စုဆောင်းမှတ် - ၁
“ဒင် …”
“စုဆောင်းမှတ် ရရှိ။ စနစ် အသက်ဝင် - ကုန်သွယ်စတိုး”
သတိပေးချက် များ ထွက်ပေါ်လာပြီးနောက် အဓိက တာဝန်ဆိုသော နေရာ၏ အောက်၌ ကုန်သွယ် စတိုး ဆိုတာ ပေါ်လာကြောင်း ချောင်ရှောင်း မြင်လိုက်ရသည်။
“တကယ် ရှိတာပဲ”
ကျွင်းချောင်ရှောင်း အပျော်လွန်သွားမိသည်။ သူ ချက်ချင်းပဲ ကုန်သွယ် စတိုးအား ထိလိုက်၏။
သူ့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားပြီး များပြားလှသော ပစ္စည်းများ ပေါ်လာသည်။
“ရိုးတွင်းချဉ်ဆီ သန့်စင်ခြင်း အသွင်ပြောင်းကိုးမျိုး ဆေးလုံး”
“ဆင်နဂါးလက်ဝါး”
“နဂါးခြေလှမ်း”
“ဓာတ်ငါးပါး ယင်ယန်သိုင်း”
“မီးတောက်ခန္ဓာ”
များပြားလှသော သိုင်းပညာရပ်များကို မြင်တော့ ကျွင်းချောင်ရှောင်း၏ နှလုံးခုန်သံများသည် မြန်ဆန်လာသည်။
နာမည်တွေ မြင်လိုက်ရုံဖြင့် မည်မျှအားကောင်းသော သိုင်းကွက်များ ဖြစ်ကြောင်း သိနိုင်၏။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ တစ်နေရာဆီကို အကြည့်ရောက်သွားတော့ ပျော်ရွှင်နေသော ချောင်ရှောင်း၏ မျက်နှာသည် ရှုံ့မဲ့သွားရသည်။ သိုင်းကျမ်းတစ်ခု ချင်းစီသည် စုဆောင်းမှတ် တစ်သောင်း အနည်းဆုံး လိုအပ်ကြောင်း မြင်လိုက်ရသောကြောင့် ဖြစ်သည်။
“မဖြစ်နိုင်ဘူး။” ချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားရ၏ “အဲလောက်တောင် ဈေးကြီးလား”