← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည် “ငါ သေရင် ဂိုဏ်းခေါင်းဆောင်ရာထူးက မင်းအတွက်ပဲ”

ပြောနေတုန်းမှာပဲ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ လက်ကောက်ဝတ် ပေါ်တွင် အလင်းကွင်း သုံးခု ပေါ်လာသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းပညာရှင်များသည် မရီဒန်စွမ်းအင်ကို ဖွင့်လှစ်ပြီးနောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ၎င်းတို့၏ လက်ကောက်ဝတ်တွင် အလင်းကွင်းတွေ ဖြစ်ပေါ်လာစေ၏။

“ဟားဟား ….”

“မရီဒန် သုံးခုပဲ ဖွင့်ရသေးတာကို ဂိုဏ်းခေါင်းဆောင်တဲ့။ အရမ်း အားနည်းလွန်းတယ်။”

“မရီဒန် လေးခု ဖွင့်ထားတဲ့ ငါတို့ကို ရင်ဆိုင်ဖို့ သူ့ဆီမှာ ဘယ်လိုလုပ် သတ္တိတွေ ရှိလာတာလဲ”

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသားများသည် အားရပါးရ လှောင်ရယ်လိုက်ကြသည်။

သူတို့အမြင်အရ အဆင့်ကိုး ဂိုဏ်းတစ်ခု ဖြစ်တယ် ဆိုလျှင်တောင်မှ ဂိုဏ်းခေါင်းဆောင် အနေဖြင့် သိုင်းတပည့် တစ်ယောက် အဆင့်တော့ ရှိနေသင့်သည်။

မရီဒန် သုံးခု သာ ဖွင့်လှစ်ထားသူက အဘယ့်ကြောင့် ဂိုဏ်းခေါင်းဆောင် ဖြစ်နေရသနည်း။

ထိုအရာသည် အမှန်ပင် ပြက်လုံးတစ်ခုလို ဖြစ်နေ၏။

ကျွင်းချောင်ရှောင်းသည် မျက်လုံးများအား မှေးကာ ပြောလိုက်၏ “မရီဒန် သုံးခု ဖွင့်ထားတဲ့အဆင့်လောက်က မင်းတို့ကို ရင်ဆိုင်ဖို့ လုံလောက်တယ်”

“ဟုတ်လား။”

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား သုံးယောက် တို့သည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များအား ထုတ်လွှတ်လိုက်တော့ သူတို့၏ လက်ကောက်ဝတ်တွင် အလင်းကွင်း လေးခု ပေါ်လာတော့သည်။

သူတို့အားလုံးသည် မရီဒန် လေးခု ဖွင့်လှစ်ပြီးသား ကျင့်ကြံသူတွေဖြစ်နေကြ၏။ ထို့ကြောင့်ပင် မာန်တက်နေတာ ဖြစ်နိုင်၏။

“ကောင်လေး …”

စီနီယာအစ်ကိုလီ က သွားဖြီးကာပြောလိုက်သည် “မင်း အခု ဒူးထောက်ပြီး တောင်းပန်မယ် ဆိုရင် ငါတို့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း က မင်းကို မျက်နှာသာ ပေးတဲ့ အနေနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်မယ်။”

“ဒင် ……”

“သီးခြားတာဝန် အသက်ဝင်”

စနစ်ဆီမှ သတိပေးချက်ကို ကြားတော့ ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

စနစ်၏ မျက်နှာပြင်အား ဖွင့်ကြည့်လိုက်တော့ အဓိက တာဝန် အောက်၌ သီးခြားတာဝန် ဆိုသော အကွက်တစ်ခု ပေါ်နေကြောင်း မြင်လိုက်ရ၏။ ရေးသားထားသည်မှာ စိတ်ဝိညာဉ်စမ်းချောင်း တပည့် လေးဦးအား ရင်ဆိုင်ရန်ပင်။

သီးခြားတာဝန်ဆိုတာ ရှိသေးတယ်လား။

စနစ်မှ ပြောလိုက်သည် “သီးခြားတာဝန်ဆိုတာ အခြေအနေ ပေါ်မှာ မူတည်ပြီး ပေါ်လာတာ ဖြစ်သည်. လက်ခံသူ အနေနှင့် ပြည့်စုံအောင် ဖြေရှင်းနိုင်မည် ဆိုလျှင် စုဆောင်းမှတ် ရရှိနိုင်သည်။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးတွေသည် လင်းလက်သွားသည်။

ဂိုဏ်းအား ပိုမိုအားကောင်းလာစေချင်လျှင် သူ့အနေဖြင့် ကိုယ်တိုင်အားကောင်းနေဖို့ လိုအပ်နေသည်။ ကုန်သွယ်စတိုး၏ ကုန်ပစ္စည်းများသည်ကလည်း စုဆောင်းမှတ်နှင့်သာ လဲလှယ်၍ ရသည် မဟုတ်လော။

စုဆောင်းမှတ်ရမည့် တာဝန်ရှိလာပြီဆိုမှတော့ သူ့အနေဖြင့် လုပ်ကို လုပ်ရမည်။

ကျွင်းချောင်ရှောင်းသည် အေးစက်စွာ ပြောလိုက်သည် “ဒူးထောက်ရမှာဟုတ်လား။ မင်းတို့ ရူးများနေလား။”

သူပြောပြီးပြီးချင်းမှာပဲ သူ၏ ညာလက်အား လက်သီးအဖြစ်သို့ ဆုပ်ပြီး ရုတ်တရက် ထိုးလွှတ်လိုက်၏။

လှုပ်ရှားတိုက်ခိုက်မှုသည် မြန်ဆန်သည်။ ကြမ်းတမ်းသည်။

လုချင်းချင်း စိတ်ဝင်စားသွား၏ “ကြည့်ရတာ ငါ့ရဲ့ ဂိုဏ်းခေါင်းဆောင်က အားနည်းမယ့်ပုံမှာ မရှိဘူး”

“မင်း သေလမ်းရှာနေတာပဲ”

စီနီယာအစ်ကိုလီသည် အော်ဟစ်လိုက်ပြီး တိုက်ခိုက်မှုကို တုံ့ပြန်ရန် သူ၏ ညာလက်သီးအား မြှောက်လိုက်သည်။

ဘုန်း ….။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့မိတော့ လေထု တစ်ခုလုံးပင် လှုပ်ခါသွားရသည်။ စိတ်ဝိညာဉ်စွမ်းအင်များ ထိပ်တိုက် တွေ့ဆုံမိသောကြောင့် ဖြစ်၏။

ကျွင်းချောင်ရှောင်း၏ မှတ်ဉာဏ်တွေအရဆိုလျှင် အဆင့်မြင့် ကျင့်ကြံသူများသည် စိတ်ဝိညာဉ်စွမ်းအင်များ အား အသုံးပြု၍ တည်နေရာကိုပင် ဆွဲခွဲနိုင်စွမ်းရှိကြသည်။

“ဖောက် …. ဖောက် .. ဖောက် ….”

စီနီယာအစ်ကိုလီသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ် ဟန်ချက်ညီစေရန် ကြိုးစားပြီးနောက်မှာတော့ သူ၏ ညာဘက်လက် တစ်ခုလုံး ရောင်ကိုင်းနေပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။

“သေစမ်း….”

သူသည် ဒေါသထွက်ပြီး မသေချာ၊ မရေရာခြင်း စိတ်ခံစားချက်တွေနှင့် ပြောလိုက်သည် “အဆင့်သုံးစွမ်းအင်ဖွင့်ခြင်း ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အားအင် ရှိနေရတာလဲ”

ကျွင်းချောင်ရှောင်း ရှေ့သို့လျှောက်သွားလိုက်သည် “ဘာလို့လဲ ဆိုတော့ ငါက ဂိုဏ်းခေါင်းဆောင်မလို့ပဲ”

ဘုန်း ..။

စီနီယာအစ်ကိုလီသည် နောက်ကို လန်ကျပြီး မြေပေါ်လဲကျသွား၏။ သူ၏ ရင်ဘတ်ဆီမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ မျက်နှာတစ်လုံးသည် ကြည့်ရဆိုးစွာဖြင့် ရှုံ့မဲ့လျှက်ရှိ၏။

“ဒင် ….”

“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ၁ / ၄ အား ရှင်းလင်းပြီး”

သီးခြားတာဝန် မျက်နှာပြင်ပေါ်မှ ပြောင်းလဲသွားမှုအား ကြည့်ရင်း ကျွင်းချောင်ရှောင်း ဆွံ့အသွားသည် “တစ်ယောက်ကို ရှင်းပြီးပြီလို့ သတ်မှတ်နိုင်တာလား။”

“သေစမ်း…”

စီနီယာအစ်ကိုလီသည် တိုက်ခိုက်နိုင်စွမ်းမရှိတော့သောကြောင့် နာကျင်မှုကို အောင့်ခံပြီး အော်ဟစ် အမိန့်ပေးလိုက်တော့သည် “သွား .. တိုက်ကြစမ်း”

ဟူးလားလား။

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား သုံးယောက်တို့သည် ချက်ချင်းပဲ ရှေ့တိုးကာ တိုက်ခိုက်လိုက်ကြတော့သည်။

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည် “လူအများကြီး ဝင်တိုက်တာလား။ အရှက်မရှိလိုက်တာ”

“ဟမ့် …”

“အမှိုက်ဂိုဏ်းခေါင်းဆောင်က ဘယ်လိုကြောင့် အရှက်တရားအကြောင်းတွေ ပြောနေရတာလဲ”

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား သုံးယောက်တို့သည် ရပ်တန့်မည့် ပုံမရှိဘဲ အလုံးအရင်းနှင့် ဝင်တိုက်ဖို့ ဆုံးဖြတ်ပြီးကြပြီဖြစ်သည်။

“ကောင်းတယ်။ ကောင်းတယ်။”

ကျွင်းချောင်ရှောင်း သည် အေးစက်စွာ ပြောလိုက်သည် “မင်းတို့တောင် အရှက်မဲ့မှတော့ ငါ့ကို အညှာအတာ မရှိဘူး ဆိုပြီး အပြစ်မတင်နဲ့တော့”

ပြောပြီးသည့်နောက် သူ၏ အနောက်ရှိ လေထုသည် ပြောင်းလဲသွားပြီး သူ၏ လက်ကောက်ဝတ် တွင် အလင်းကွင်း ငါးခု ပေါ်လာတော့သည်။

“အဆင့်ငါး စွမ်းအင် ဖွင့်ခြင်းအဆင့်လား။”

“ဘယ် … ဘယ်လို ဖြစ်နိုင်မှာလဲ”

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှ တပည့်သုံးယောက်တို့၏ မျက်လုံးများသည် ပြူးကျယ်သွားကြသည်။

ကျွင်းချောင်ရှောင်း၏ လက်ကောက်ဝတ်ရှိ အလင်းကွင်း ငါးကွင်းအား မြင်တော့ ချင်းချင်း၏ လှပသည့် မျက်လုံးများတွင်လည်း အံ့အားသင့်သော အရိပ်အယောင်တွေ ပေါ်လာတော့၏။

သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ဂိုဏ်းခေါင်းဆောင်၏ အမြင့်ဆုံးအဆင့်သည် အဆင့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်သာ ဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။ အဆင့်သုံးသို့ ရောက်ရှိနေသည်ကပင် အံ့အားသင့်စရာ ဖြစ်နှင့်နေပြီ မဟုတ်လော။ ယခု အဆင့်ငါး သို့ပင် ရောက်ရှိနေသည် ဆိုခြင်းမှာ မယုံနိုင်ဖွယ်ရာပင် ဖြစ်တော့သည်။

မူလလက်ဟောင်း ကျွင်းချောင်ရှောင်းသည် အဆင့်နှစ် စွမ်းအင် ဖွင့်ခြင်းအဆင့်သာ ရှိသူ ဖြစ်သည်။

သို့ပေမဲ့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသော ကျွင်းချောင်ရှောင်းသည် အဆောင်ကတ်များအား ချိုး၍ အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း အဆင့်သို့ လွယ်လွယ်ကူကူ ရောက်ရှိခဲ့ရ၏။

အဆင့်ငါး စွမ်းအင် ဖွင့်ခြင်း အဆင့်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြောပလောက်သည့် ကျင့်ကြံခြင်းအဆင့် ဖြစ်နိုင်သော်လည်း အဆင့်လေး စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူများအား ရင်ဆိုင်ဖို့တော့ အလွန်လွယ်ကူသည်။

“ကျား ….”

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းပြီး လက်သီးအား ထိုးလွှတ်လိုက်တော့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား တစ်ယောက်သည် အဝေးသို့ လွင့်စင်သွားတော့သည်။

“ဒင် …”

“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား ၂ / ၄ အား ရှင်းလင်းပြီး”

“သောက်ပေါတွေက ငါ့ရှေ့လာပြီး မာနကြီးပြနေတယ်။ သေတယ် ဆိုတာ ဘာလဲ မသိဘူး ထင်တယ်။” ကျွင်းချောင်ရှောင်း သည် လက်အား လှုပ်ရှားပြီး နောက်ထပ် ဂိုဏ်းသား တစ်ယောက်အား လွင့်စင်အောင် တိုက်ခိုက်လိုက်ပြန်၏။

“ဒင် …”

“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား ၃ / ၄ အား ရှင်းလင်းပြီး”

သူ၏ အဖော်များ တစ်ယောက်ပြီး တစ်ယောက် လွင့်စင်သွားသည်ကို မြင်တော့ နောက်ဆုံကျန်သော ဂိုဏ်းသားသည် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားတော့သည်။

“မင်း ပြေးလို့မရဘူး”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ ပြေးတက်ပြီး လက်သီးဖြင့် ထိုးချလိုက်တော့သည်။

ဖောင်း။

“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား ၄ / ၄ အား ရှင်းလင်းပြီး”

“ဒင် …”

“တာဝန်ပြည့်စုံသွားသည်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စုဆောင်းမှတ် ၄ မှတ်ရရှိသည်။”

“ဒင် …”

စုဆောင်းမှတ် - ၄ / ၁၀၀ ။

ကျွင်းချောင်ရှောင်း သေချာကြည့်လိုက်တော့ သူ၏ စုဆောင်းမှတ်များသည် သုံည မှ လေး အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သူ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားပြီး တောက်ပသည့် အပြုံး တစ်ခု ပေါ်လာသည်။

ဆုလဒ်မှာ သေးငယ်သည် ဆိုသော်လည်း ဘာမှ မရှိသည်ထက်တော့ သာသေး၏။

“ငါတို့ တစ်ချိန်မှာ ပြန်တွေ့ရမယ်။” စီနီယာအစ်ကိုလီသည် ခက်ခက်ခဲခဲ ဖြင့် ထရပ်လိုက်ပြီး သူ၏ ဂိုဏ်းတူတပည့် သုံးယောက်ကို ခေါ်ကာ ဆိုးရွားသည့် အခြေအနေနှင့် ထွက်ပြေးသွားကြတော့သည်။

“စီနီယာ အစ်ကိုတို့ … ကျွန်တော့ကို စောင့်ပါအုံး”

အစိမ်းရောင် မာဖလာ နှင့် လူငယ်သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်ရင်း ပြေးလိုက်သွားတော့၏။

သူ၏ စီနီယာအစ်ကိုများသည် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် အား အနိုင်ယူနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တန်း အနိုင်ယူသွားသူမှ သံမဏိအရိုး ဂိုဏ်းခေါင်းဆောင် ဖြစ်လို့နေလေသည်။

ထိုသို့ဖြစ်လာမည်ဟု သူ စိုးစိမျှ မတွေးမိခဲ့ချေ။

….

တိုက်ပွဲဖြစ်ပြီးနောက်မှာတောာ့ ကျွင်းချောင်ရှောင်းသည် သူ၏ အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းတို့ တိုးတက်ခဲ့သည် သာမက စုဆောင်းမှတ် လေးမှတ်လည်း ရရှိခဲ့သည်။

လုချင်းချင်း က ပြောလိုက်သည် “ပြဿနာတွေ အေးအောင် သူတို့ကို သတ်လိုက်တာ ကောင်းမယ်။”

ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏ “အဲလောက် ရက်စက်ဖို့ လိုလို့လား”

အမိကမ္ဘာမြေ ဂြိုဟ်ပြာကြီးဆီမှ ရောက်ရှိလာသည့်အပြင် အထက်တန်း ပညာရေးကိုပါ သင်ကြားခဲ့ရသူ ဖြစ်သောကြောင့် အနည်းငယ်သော ပဋိပက္ခဖြစ်ရုံနှင့် လူသတ်သည့် အလုပ်ကို သူ မလုပ်ချင်ပေ။

လုချင်းချင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အားကောင်းသူတွေသာ ရပ်တည်နိုင်တယ်။ သနားညှာတာခြင်းက ကိုယ့်ကိုယ်ကိုယ် ရက်စက်တာနဲ့ တူတူပဲ။ ဒါကိုတောင် မသိဘဲ ဘယ်လိုလုပ် ဂိုဏ်းခေါင်းဆောင် လုပ်နေတာလဲ”

ကျွင်းချောင်ရှောင်း ငြိမ်သက်သွားမိ၏။

ဟုတ်ပေသည်။

သူသည် ကမ္ဘာမြေမှ လူ တစ်ယောက် မဟုတ်တော့ချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လူသား တစ်ယောက် ဖြစ်လို့နေပြီ ဖြစ်၏။

ရန်သူအား ညှာတာ သနားခြင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းနှင့် အလားတူပေသည်။

“ဒင် …”

တွေးနေတုန်းမှာပဲ သူ၏ နားထဲ၌ အသံတစ်သံ ပေါ်လာသည် “သီးခြား တာဝန် အသက်ဝင်”

နောက်ထပ် သီးခြားတာဝန်လား။

ကျွင်းချောင်ရှောင်း မြန်မြန်ပဲ သီးခြားတာဝန်အား ဆွဲကြည့်လိုက်သည်။

လောက၏ နိယာမအား လုချင်းချင်းအား သင်ကြားပေး၍ ဂိုဏ်းခေါင်းဆောင် တစ်ယောက်၏ ဂုဏ်သိက္ခာအား ကာကွယ်ရန်။

“ဒါ ဘယ်လို တာဝန်မျိုးလဲ” ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်သွားမိ၏။

သို့ပေမဲ့ သေချာစဉ်းစားပြီးနောက်မှာတော့ သူ နားလည်သွားမိသည် “လုချင်းချင်းက ငါ့တပည့်လေ။ သူမ က ငါ့ကို ပြန်သင်ပေးနေရင် ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ။”

All Chapters