အခန်း (၅)
Vol. 1 Ch. 5
သံမဏိအရိုးဂိုဏ်းသည် အဆင့်ကိုး ဂိုဏ်းလေး တစ်ခုဖြစ်သည့်အပြင် ဂိုဏ်းသားဆို၍ နှစ်ယောက်သာ ရှိသော်လည်း ကျွင်းချောင်ရှောင်းသည် ဂိုဏ်းခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ တပည့်တစ်ယောက်က သူ့အား ပြန်လည်သင်ကြားနေသည်ကို လက်ခံနေပါက ဂိုဏ်း၏ ဂုဏ်သိက္ခာ ကျစရာ ဖြစ်လာလိမ့်မည်။
မဖြစ်ဘူး။ မဖြစ်ဘူး။
သူ့ အနေနှင့် သူ၏ ဂုဏ်သိက္ခာကို ပြန်လည် အဖက်ဆယ်မှ ဖြစ်မည်။ ထို့အပြင် သူသည် ဖြောင့်မတ်တည်ကြည်၍ သီလ ၊ သမာဓိ နှင့် ပြည့်စုံသော ဂိုဏ်းခေါင်းဆောင် တစ်ယောက် ဖြစ်ကြောင်း ဤမိန်းကလေးအား နားလည်စေရမည်။
“အဟွတ် …. အဟွတ်”
ကျွင်းချောင်ရှောင်း လည်ချောင်းအား ရှင်းလိုက်သည် ။ ပြီးနောက် လက်နှစ်ဖက်အား နောက်ပစ်ကာ ဟန်ပါပါ ဖြင့် လေးလေးနက်နက် ပြောလိုက်၏ “ချင်းချင်း … မင်း ခုန က ပြောတာ မှန်တယ်။ ငါတို့က ရန်သူကို ညှာတာ လို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါတို့က တာအိုကိုကျင့်ကြံတဲ့ ကျင့်ကြံသူတွေလေ။ နှလုံးသားကို ကျင့်ကြံရတာ မဟုတ်လား။ အားနည်းသူကို အမြဲ အနိုင်ကျင့်နေမယ် ဆိုရင် လမ်းဘေးက လူဆိုး၊ လူမိုက်တွေနဲ့ ဘာထူးတော့မှာလဲ။ ဒီဂိုဏ်းသားလေးတွေက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒါကို သတ်လိုက်မယ် ဆိုရင် ဂိုဏ်းရဲ့ သိက္ခာလည်း ကျစေမယ် မဟုတ်လား”
“ဒင် …”
“သီးခြားတာဝန် ပြည့်စုံသွားသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စုဆောင်းမှတ် တစ်မှတ် ရရှိသည်။”
“ဒင် …”
စုဆောင်းမှတ် - ၅ / ၁၀၀ ။
ဒီလိုနဲ့ ပြီးသွားတာလား။
ကျွင်းချောင်ရှောင်း ကြောင်တောင်တောင်ပင် ဖြစ်သွားရ၏။
လုချင်းချင်း နားလည်အောင် စိတ်နှလုံးသား တစ်လုံးနှင့် သင်ပြ ပြောဆိုရမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း စကားလုံး အနည်းငယ် ပြောလိုက်ရုံဖြင့် တာဝန်ပြည့်စုံသွားခဲ့သည်။
သီးခြား တာဝန်အနေဖြင့် ဂိုဏ်းခေါင်းဆောင် တစ်ယောက်၏ ဂုဏ်သိက္ခာကို အဖက်ဆယ်နိုင်လျှင် ပြည့်စုံသည်ဟု တွက်ချက်တာပင် ဖြစ်နိုင်၏။
ပြောစရာရှိတာကို ပြောရမည်။ လုချင်းချင်း နားထောင်ခြင်း ၊ နားမထောင်ခြင်းက သူ၏ ကိစ္စမဟုတ်ပေ။
သူ့အား ကြည့်လိုက်သော လုချင်းချင်း၏ အကြည့်သည် အရူးတစ်ယောက်အား ကြည့်ပုံမျိုးနှင့် ဆင်တူနေကြောင်း ကျွင်းချောင်ရှောင်း သတိပြုမိသည်။ ထို့ကြောင့် ဤမိန်းကလေး သူ့စကားအား နားမဝင်ကြောင် သူ ကောင်းကောင်းသိ၏။
“နားလည်ပါပြီ”
လုချင်းချင်း ပြောလိုက်သည် “အမှိုက်တွေကို သတ်ပစ်တာ ဂိုဏ်းရဲ့ သိက္ခာကို ကျစေတယ်။ ဒီတော့ သတ်တဲ့ ကိစ္စကို ကျွန်မပဲ လုပ်တော့မယ်။”
သူမ လက်ထဲရှိ ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး အေးစက်သည့် အငွေ့အသက် များနှင့် ပြည့်သွား၏။
ကျွင်းချောင်ရှောင်း စိတ်အိုက်သွားသည် “ချင်းချင်း .. မင်း ဘာလို့ နားမလည်ရတာလဲ။ ငါဆိုလိုတာက ....”
“ဟေး .. ဟေး.. မသွားနဲ့”
“လုချင်းချင်း .. မင်းက မိန်းကလေးလေ။ မိန်းကလေး ဆိုတာ တိုက်ခိုက်သတ်ဖြတ်တာ အပြင် မိန်းမလည်း ပီသမှ ဖြစ်မှာပေါ့”
လုချင်းချင်း ရပ်တန့်သွားသည်။ သူမ၏ မျက်လုံးများသည် အေးစက်သွား၏ “မိန်းကလေးတွေလည်း တိုက်ခိုက် သတ်ဖြတ်လို့ရနိုင်တာပဲ”
အေးစက်စွာ ပြောဆိုလိုက်သော လုချင်းချင်းသည် အလွန်တရာ လှပလွန်းသည်။ ကျွင်းချောင်ရှောင်း၏ အမြင်အရ ဆိုလျှင် ပစ်မျိုးမှဲ့မထင် အလှမျိုးဟုပင် ခေါ်ဆိုနိုင်သည်။ သို့ပေမဲ့ သူမ မျက်လုံးထဲမှ သတ်ဖြတ်လိုခြင်း ဆန္ဒတွေကတော့ သူမ နှင့် မလိုက်ဖက်လှချေ “နောက်ကြောင်း တစ်ခုခု ရှိမယ့် မိန်းကလေးပဲ”
သူမ သံမဏိ အရိုးဂိုဏ်းအား ဝင်ရောက်ပြီးချိန်ကတည်းက သူမ ၏ နောက်ကြောင်း ရာဇဝင်အား ကျွင်းချောင်ရှောင်း မသိရှိခဲ့ပေ။ ကြုံလျှင် မေးမြန်းမည်ဟု တွေးထားခဲ့သော်လည်း ဂိုဏ်းထဲရောက်တာ မကြာသေးသည့်အပြင် လုချင်းချင်းသည် အမြဲတန်း အေးစက်စွာ နေထိုင်တတ်သူ ဖြစ်သောကြောင့် သူ မေးမြန်းမည့် အကြံအစည်အား ဖယ်ရှားထားခဲ့ရသည်။
အေးစက်ပြီး ပြတ်သားပုံပေါ်သော မိန်းကလေး များအား ရန်မစမိရန် သူ သတိထားရမည်။
“ချင်းချင်း …”
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “မင်းရဲ့ဓားကို အရင်ဆုံး သိမ်းလိုက်အုံး…”
လုချင်းချင်းသည် ဓားအား ဓားအိမ်ထဲ ပြန်ထည့်ပြီး ပြောလိုက်၏ “ရှင်က ဂိုဏ်းခေါင်းဆောင်ပဲ။ ဒီတော့ ကျွန်မ ရှင့်စကားကို နားထောင်မယ်။ ဒါပေမဲ့ မှတ်ထား။ မိန်းမတွေကို ဘယ်တော့မှ အထင်မသေးနဲ့”
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။ သူ မတိုက်ခိုက်စေချင်သည်မှာ သူမ အား ထိခိုက်စေမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။
ယခု …..။
…..
သူ၏ ဂိုဏ်းခေါင်းဆောင် ရာထူးသည် ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့်အရာ မဟုတ်မှန်း ကျွင်းချောင်ရှောင်း ခံစားလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ တစ်ဦးတည်းသော တပည့်မ၏ မျက်လုံးထဲတွင် သူ့အပေါ် အနည်းငယ်သော လေးစားမှုလေးပင် မရှိသည်ကို မြင်နိုင်သည် မဟုတ်လော။
သူမဆီမှ လေးစားမှု ရရှိစေရန် မည်သို့ ပြုလုပ်ရမည်နည်း။
ကျွင်းချောင်ရှောင်း လမ်းတစ်လျှောက်လုံး တွေးလာမိသည်။ သို့ပေမဲ့ အကြံကောင်းကို မရရှိခဲ့ပေ။ ထို့ကြောင့် ဆက်လက် မစဉ်းစားတော့ရန်သာ ဆုံးဖြတ်လိုက်မိ၏။ သူ စနစ်ထဲ ဝင်ပြီး စုဆောင်းမှတ်များအား ကြည့်လိုက်သည် “ကုန်သွယ်စတိုးမှာ တစ်ခုခု နဲ့ လဲလို့ရမလား။”
သူ လူသစ် လက်ဆောင် ဆိုသည့် အဆင့်အား ကျော်ပြီး စဦး ကုန်သွယ်စတိုး အား တိုက်ရိုက်ဖွင့်လိုက်၏ ။ သူ၏ မျက်စိရှေ့တွင် တလက်လက် တောက်ပနေသော ပစ္စည်းများ ပေါ်လာတော့သည်။
မီးဘောလုံးအဆောင် - စုဆောင်းမှတ် ၁၀။
ရေခဲအစွယ်အဆောင် - စုဆောင်းမှတ် ၁၀။
စဦးအအေးဓား - စုဆောင်းမှတ် ၁၀။
တိမ်ကွဲလက်သီး ကိုးဆင့် - စုဆောင်းမှတ် ၁၀။
“…….”
စုဆောင်းမှတ် ငါးမှတ်သာ ရှိသော ကျွင်းချောင်ရှောင်းသည် ဆယ်မှတ်တန်သော ကုန်ပစ္စည်းများအား ပါးစပ် အဟောင်းသားဖြင့် ကြည့်ရင်း ရင်ထဲမှ နာကျင်နေမိသည်။
ဈေးပေါတာ မရှိဘူးလား။
စုဆောင်းမှတ် တစ်မှတ်လောက်တန်သော ပစ္စည်း ရှိပံမပေါ်ချေ။
သို့ပေမဲ့ သူ နောက်ဆုံး နေရာဆီသို့ ကြည့်လိုက်တော့ စုဆောင်းမှတ် တစ်မှတ်သာ လိုသော စဦး ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံး ဆိုသည့်အရာအား မြင်လိုက်ရတော့သည်။
သူသည် ဒဏ်ရာမရရှိထားပေ။ ထို့ကြောင့် ထိုအရာအား လဲလှယ်ရယူ၍ အလကားပင်။
“အလကားရရင်တောင် စဉ်းစားအုံးမယ်။”
……
စဦးအဆင့် ကုန်သွယ် စတိုးထဲရှိ ပစ္စည်းများတွင် စဦး ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမှ လွဲ၍ တခြားသော ကုန်ပစ္စည်းများသည် စုဆောင်းမှတ် ၁၀ မှတ် လိုအပ်သည်။ ထို့ကြောင့် သူသည် စုဆောင်းမှတ် တစ်မှတ်ကိုမှ မလိုအပ်ဘဲ မဖြုံးတီးချင်ပေ။
ဟင်း။
သူ၏ စုဆောင်းမှတ်များ ပိုမို တိုးတက်လာစေဖို့ ချင်းယန်မြို့သို့ သွားကာ ဂိုဏ်းသားသစ်တွေ စုဆောင်းနိုင်မှ ဖြစ်လိမ့်မည်။
“ဟမ်…”
ရှေ့မှ လမ်းလျှောက်လျှက်ရှိသော လုချင်းချင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူမ ၏ ကျောက်စိမ်းလို လက်သွယ်သွယ်လေးသည် ဓားနှောင့်ပေါ်သို့ ရောက်ရှိသွားသည်။ သူမ မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “တစ်ယောက်ယောက်ရှိတယ်။”
“တစ်ယောက်ယောက် ရှိတယ်လား။ …”
ကျွင်းချောင်ရှောင်း မြန်မြန်ပဲ ရှေ့သို့ကြည့်လိုက်တော့ လူသွားလမ်း တစ်ခုကို မြင်လိုက်ရသည်။ လမ်းဘေးတစ်ဘက်တစ်ချက်တွင် သစ်ပင်များ၊ ကျောက်ပုံများရှိလို့နေ၏။ လူတစ်ယောက်၏ အရိပ်ကိုတောင်မှ မမြင်ရချေ။
လုချင်းချင်း သူ့အား စနောက်နေသည်ဟုတော့ မထင်မိချေ။ သူ မေးလိုက်သည် “ဘယ်မှာလဲ”
လုချင်းချင်း မည်သည့်စကားမှ မဆိုချေ။ လမ်းဘေးရှိ ခြုံပုတ် တစ်ခု ဆီသို့ စိုက်ကြည့်လျှက် ရှိသည်။
သူမ ကြည့်ရာ နေရာဆီသို့ ကျွင်းချောင်ရှောင်း လိုက်ကြည့်လိုက်တော့ အနည်းငယ် တုန်ခါလျှက် ရှိသော ခြုံပုတ် ကို မြင်လိုက်ရသည်။ အတွင်း၌ တစ်စုံတစ်ခု ရှိနေပုံပင်။ သူ သတိအပြည့်နှင့် မေးလိုက်သည် “သားရဲရိုင်း တစ်ကောင်ကောင်များ ဖြစ်နေမလား။”
ကြွယ်ကြွေကုန်းမြေတိုက်ကြီးတွင် လူသားတွေတင် တည်ရှိသည် မဟုတ်ပေ။ သားရိုင်းများလည်း ရှိကြ၏။ သားရိုင်းများသည် သိုင်းပညာကို မလေ့ကျင့်နိုင်သော်လည်း အားကောင်းလွန်းကြသည်။
ဥပမာအားဖြင့် သိုင်းတပည့်အဆင့် နီးပါး အားကောင်းလှသော သားရိုင်းတစ်ကောင်အား ကျွင်းချောင်ရှောင်း မြင်ဖူးခဲ့သည်။ အလွန်အမင်း သန်မာလွန်းလှ၏။ လက်တစ်ချက် အပုတ်ဖြင့်ပင် သစ်ပင် နှင့် ကျောက်တုံးများအား ကစားစရာ အရုပ်လို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ထိုသားရဲအား မြင်ပြီးကတည်းက လမ်းသွားလျှင် သူ သေချာ ဂရုစိုက် လေ့လာပြီးမှ သွားလေ့ရှိသည်။ သားရဲရိုင်းများ၏ သေးနံ့ ရှိသောလမ်းအား သူ ဘယ်တော့မှ မလျှောက်ချေ။
“သားရဲရိုင်းမဟုတ်ဘူး”
လုချင်းချင်း ပြောလိုက်သည် “လူတစ်ယောက်ပဲ”
“လူတစ်ယောက်လား”
ကျွင်းချောင်ရှောင်း စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
တောင်တန်းတွေ၊ သစ်ပင်တွေအား ဖျက်ဆီးနိုင်သော သားရဲရိုင်း တစ်ကောင်သာ မဟုတ်လျှင် စိုးရိမ်စရာ မလိုချေ။
ကျွင်းချောင်ရှောင်း ရှေ့သို့ လျှောက်သွားလိုက်သည်။ ခြုံပုတ်အား ဆွဲဖယ်ကြည့်လိုက်တော့ မြေပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် လဲနေသော ကျင့်ကြံသူ တစ်ယောက်အား မြင်လိုက်ရသည်။
လူတစ်ယောက် သက်သက် မဟုတ်ပေ။
ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသော လူတစ်ယောက် ဖြစ်လို့နေသည်။
လုချင်းချင်း အနားသို့ လျှောက်လာသည် “သူ့ ဒဏ်ရာ တော်တော်ပြင်းတယ်”
ပြောပြီးသည့်နောက် ဓားနှောင့်အား ကိုင်ဆောင်ထားသော သူမ ၏ လက်အား ဖယ်လိုက်ပြီး ပြောလိုက်၏ “မှောင်တော့မယ်။ သွားကြစို့”
ကျွင်းချောင်ရှောင်း အလန့်တကြား ပြောလိုက်မိသည် “သူ့ကို မကယ်တော့ဘူးလား”
လုချင်းချင်းသည် သူ့အား အရူးတစ်ယောက်လို လှည့်ကြည့်လာသည် “သူ့ကို ကယ်ချင်သေးတာလား”
ကျွင်းချောင်းရှောင်း ပြောလိုက်သည် “လူတစ်ယောက်ကို ကယ်တင်တယ် ဆိုတာ ဘုရား ခုနှစ်ဆူ တည်တာထက် ပိုပြီး ကောင်းမွန်တယ်။”
လုချင်းချင်းက ထူးမခြားနားသလို ပြောလာသည် “သူ့ကို ရန်သူတွေ သတ်လိုက်တာ ဆိုရင်ရော … သူ့ကိုသာ ကယ်လိုက်ရင် အဲရန်သူက ကိုယ့်ကို လာငြိုးရင် ဘယ်လိုလုပ်မလဲ။”
ဝိညာဉ်ကူးပြောင်းသူ ဖြစ်သည် ဆိုလျှင်တောင်မှ သူသည် ထိုနိယာမ ကို နားလည်သည်။
သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဒဏ်ရာ ရရှိနေသော လူ အား ကြည့်လိုက်သည် “သူ့နောက်ကျော မှာ ဒဏ်ရာ ရထားတာ။”
လုချင်းချင်း ပြောလိုက်သည် “ဒါ လက်သည်းရာကြီး”
ကျွင်းချောင်ရှောင်း “ရန်သူ တစ်ယောက်ယောက်ကြောင့် ဖြစ်တာ မဟုတ်ဘူး။ သားရဲ တစ်ကောင်ကြောင့် ဖြစ်တာပဲ”
လုချင်းချင်းက သဘောတူညီစွာ နှင့် ပြောလိုက်သည် “ဒီလူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရပြီး အချိန်မရွေး သေနိုင်တယ်။ ဘာဆေးတိုက်ရမလဲ မသိဘဲ ဘယ်လို ကယ်မှာလဲ။”
“ငါ ဆေးအကြောင်းမသိပေမဲ့ ….”
ကျွင်းချောင်ရှောင်း သူ့လက်ဝါးကို ဖွင့်ပြပြီး ပြုံးကာ ပြောလိုက်သည် “ဒါပေမဲ့ ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံး ရှိတယ်။”
လုချင်းချင်း သည် သူ၏ လက်ဝါးထဲရှိ ပဲစေ့ အရွယ် ဆေးလုံးအား ကြည့်လိုက်ပြီး ပြောလိုက်သည် “ဆေးလုံးရဲ့ အရောင်ကို ကြည့်ရတာ သာမာန်ဆေးလုံး နဲ့ ဘာမှမထူးဘူး။ ဒီလောက် ဒဏ်ရာ ပြင်းတဲ့လူကို ကုနိုင်ပါ့မလား”
“အလုပ်ဖြစ်မဖြစ်၊စမ်းကြည့်ရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် ဒဏ်ရာရထားသောသူအား ပက်လက်လှန်လိုက်ပြီး ပါးစပ်ထဲ ဆေးလုံး ထည့်လိုက်သည်။
လုချင်းချင်းက ဘာတစ်ခုမှ မပြောဘဲ ဘေးမှ အသာရပ်ကြည့်လျှက်ရှိ၏။
ထိုသူသည် အပြင်ဒဏ်ရာ ကြီးကြီးမားမား ရှိသူ မဟုတ်ပေ။ အတွင်းဒဏ်ရာ ရထားခြင်း ဖြစ်၏။ ထို့ကြောင့် ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံးကသာ သူ့အား ကုစားနိုင်ပေလိမ့်မည်။
“အဟွတ် .. အဟွတ် …”
ရုတ်တရက် ဆိုသလိုပဲ သတိလစ်နေသော လူသည် ချောင်းထ ဆိုးလာ၏။ တင်းတင်း မှိတ်လျှက်ရှိသော မျက်ခွံများသည် လှုပ်ရှားလာသည်။ ပြီးနောက် ခက်ခက်ခဲခဲ ဖြင့် ပွင့်လာ၏။
သူ နိုးလာပြီလား။
လုချင်းချင်း၏ လှပသော မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်သည် “ဘယ်လိုလဲ။ ငါ့ရဲ့ ဆေးလုံးက စွမ်းတယ်မဟုတ်လား။”