အခန်း (၆)
Vol. 1 Ch. 6
ဤဆေးလုံး ဘယ်နေရာမှ ရောက်လာသနည်း။
စနစ် ၏ စဦးစတိုး ဆီမှ လဲလှယ်ခဲ့ခြင်းပင် ဖြစ်တော့သည်။
ဒဏ်ရာရရှိထားသော လူသည် သေကောင်ပေါင်းလဲ ဖြစ်လျှက် ရှိသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း မတတ်သာတော့ဘဲ ဆေးလုံးအား စုဆောင်းမှတ်များဖြင့် လဲလှယ်လိုက်ခြင်း ဖြစ်တော့၏။
မထင်မှတ်ထားလောက်အောင်ဘဲ ဆေးလုံးသည် အလွန်အစွမ်းထက်နေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသောသူပင်လျှင် ချက်ချင်း မျက်စိပွင့်လာသည်။
လုချင်းချင်း သည်လည်း အလွန်အမင်း အံ့အားသင့်မိနေ၏။
သာမာန်ရွှေရောင်အမြူတေ ဆေးလုံး ဆိုလျှင်ပင် ထိုမျှကောင်းမွန်သော အစွမ်းသတ္တိကိုမပိုင်ဆိုင်ပေ။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ဒဏ်ရာ ရရှိထားသောလူ၏ နောက်ကျောဘက်ရှိ လက်သည်းရာကြီးသည် မြန်ဆန်စွာဖြင့် ပြန်လည် ကောင်းမွန်သွားခြင်းဖြစ်လေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ ……”
လုချင်းချင်း မယုံနိုင်ဖြစ်မိနေသည်။ သူမ မြင်နေရသည်ကိုပင် အိမ်မက်လား၊ အစစ်အမှန်လား ဝေခွဲမရသလို ဖြစ်မိနေသည်။
သို့ပေမဲ့ မြင်နေရသည်မှာ အစစ်အမှန်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ဒဏ်ရာပြင်းထန်ပြီး သေမလိုဖြစ်နေသောလူသည် ချက်ချင်းပဲ မြေပေါ်မှ ခုန်ထလာသည်ကို သူမ မြင်လိုက်ရသည်။
“ငါတော့ ချမ်းသာပြီ။ ချမ်းသာပြီ”
ကျွင်းရှောင်ချောင်း၏ မျက်လုံးများသည် တလက်လက် တောက်ပနေသည်။
စဦးအဆင့် ဆေးလုံးသည်ပင် ထိုမျှ အားကောင်းလွန်းနေ၏။ သူ ကျိန်းသေပေါက် ရောင်းစား၍ ရနိုင်ပြီ ဖြစ်သည်။
ဤကုန်းမြေတိုက်ကြီးသည် ကျင့်ကြံသူများနှင့် ပြည့်နေသော ကုန်းမြေတိုက်ကြီးဖြစ်သည်။ ထို့ကြောင့် ခြေဆစ်လွဲ၊ လက်ဆစ်လွဲ အပြင် ပြင်းထန်သော ဒဏ်ရာများ ရရှိခြင်း ဆိုသည်မှာသာမာန်ပင် ဖြစ်၏။
အလွန်အစွမ်းထက်သော ဆေးလုံးဆိုလျှင် ကြီးမားသော ဈေးနှုန်းနှင့် ရောင်းချလျှင်တောင်မှ ငွေကုန်ခံ၍ ဝယ်ကျမှာ သေချာသည်။ ပိုက်ဆံတွေရလျှင် သူ ဂိုဏ်း၏ အဆောက်အဦတွေကို တိုးချဲ့နိုင်ရုံတင်မက ဂိုဏ်းသား သစ်များလည်း စုဆောင်းနိုင်ပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်း စေဦးစတိုး၏ စဦးပြန်လည်ကောင်းမွန်ခြင်းဆေးလုံး တည်နေရာဆီ ရောက်တော့ အမဲရောင် အကွက်ကြီး ဖြစ်နေသည်ကို ြ“ဖူး….”
ကျွင်းချောင်ရှောင်း မြေပေါ် ခြေပစ်လက်ပစ် ထိုင်ခိလိုက်မိသည် “ချီးတဲ့မှ .. အကန့်အသတ် ရှိနေတာပဲ”
ကျွင်းချောင်ရှောင်း၏ အမူအရာကို မြင်တော့ လုချင်းချင်း က ကြိတ်ကာ စဉ်းစားလိုက်မိသည် “သူ ဘာဖြစ်ပြန်ပြီလဲ”
…….
စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး၏ အစွမ်းကို မြင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သူ၏ လှပသော အနာဂတ်ကို စိတ်ကူးယဉ်ပြီး ဖြစ်နေသည်။
သို့ပေမဲ့ တစ်လတွင် တစ်လုံးသာ ဝယ်ယူနိုင်သည် ဆိုသော စာသားကို မြင်ချိန်မှာတော့ နှလုံးသားအား အပ် ဖြင့်ဆွဲသလို တနှံ့နှံ့ ဖြင့် ခံစားလိုက်မိ၏။
ကျွင်းချောင်ရှောင်း တွေးလိုက်မိသည် “ဘာပဲဖြစ်ဖြစ် စနစ်က ငါ့ကို ပေးထားတဲ့ အဓိက တာဝန်က အရမ်းခက်တယ်။ ငါ့ကို ပစ်ထားမှာတော့ မဟုတ်လောက်ဘူး”
သက်ပြင်းချလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်လိုက်သည်။ ပြီးနောက် သေချာကြည့်လိုက်တော့ သူ ကုပေးလိုက်သော သူ မရှိတော့ကြောင်းကို သတိပြုမိလိုက်သည်။ အံ့အားတသင့် ဖြင့် မေးလိုက်မိ၏ “ချင်းချင်း .. ဟိုလူ ဘယ်ရောက်သွားပြီလဲ”
“သွားပြီလေ”
“သွား .. သွားပြီ ဟုတ်လား”
ကျွင်းချောင်ရှောင်း မြေပေါ် လဲကျမလိုပင် ဖြစ်သွားရ၏။
ငါ့ရဲ့တန်ဖိုးကြီးလှတဲ့ စုဆောင်းမှတ် တစ်မှတ်ကြီးများတောင် အသုံးပြုပြီး ပြန်ကောင်းအောင် ကုပေးခဲ့ရတယ်။ ဒါကို ကျေးဇူးတင် စကားလေးတောင် ပြောမသွားဘဲ ဒီတိုင်းထွက်သွားတယ် ဟုတ်လား။
လုချင်းချင်းက ထူးမခြားနားသလို ပြောလိုက်သည် “ဂိုဏ်းခေါင်ဆောင် .. လူဆိုးတစ်ယောက် ဖြစ်အောင် နေတာ ပိုကောင်းမယ်လို့ အကြံပေးချင်တယ်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှာ လူကောင်းတွေက အဆုံးသတ် မလှကြဘူး။”
ဤမိန်းကလေး သူ့အား တမင်သက်သက် ရွဲ့ကာ ပြောနေတာဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိသည်။ ထို့ကြောင့် ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်၏ “ဒီကမ္ဘာကြီးမှာ ကိုယ်ချင်းစာ တရား မရှိဘူး ဆိုတာ မဖြစ်နိုင်ဘူး”
“ကိုယ်ချင်းစာတရားလား”
လုချင်းချင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်တွေ ထွက်ပေါ်လာသည်။ သူမ က အံကို တင်းတင်းကြိတ်ပြီး ပြောလာသည် “လူတစ်ချို့ရဲ့ ကိုယ်ချင်းစာတရား ဆိုတဲ့အရာကို ခွေးတွေ စားသွားတာ ကြာခဲ့ပြီ”
ကျွင်းချောင်ရှောင်း ပခုံးသာ တွန့်ပြလိုက်မိတော့သည်။
လုချင်းချင်း ထုတ်ဖော်နေသော သတ်ဖြတ်လိုခြင်း အရှိန်အဝါတွေသည် အလွန်အမင်း အားကောင်းနေသည်။ ဤ မိန်းကလေး၏ အတိတ်ဇာတ်လမ်းသည် ပေါ့သေးသေးတော့ မဟုတ်တန်ရာ။
......
ကျွင်းချောင်ရှောင်း ထိုလူအား ကယ်တင်လိုက်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာလျှင် သူ၏ သံမဏိအရိုးဂိုဏ်းထဲ ဝင်စေချင်၍ ဖြစ်သည်။
အဆုံးသတ်မှာတော့ ...
ထိုသူသည် ကျေးဇူးတင်စကားတောင်မပြောဘဲ ထွက်ခွာသွားခဲ့သည်။
ကျွင်းချောင်ရှောင်း အကူအညီမဲ့သလိုပင် ခံစားလိုက်မိ၏။ တစ်ချိန်တည်းမှာပဲ ကောင်းမွန်သော ကိစ္စများအား အားတက်တရော လုပ်နေသော သည် ထူးခြားသည့်အရူးတစ်ယောက်လိုပင် ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။
ကမ္ဘာမြေတွင် တရားဝင် တားဆီးချက်များ ရှိသည်။ သို့ပေမဲ့ ဤ နေရာတွင် မရှိချေ။
ကမ္ဘာမြေတွင် လောကဝတ် နှင့် နီတိများ ရှိသည်။ သို့ပေမဲ့ ဤ နေရာတွင် မရှိချေ။
ကျွင်းချောင်ရှောင်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး ဆုံးဖြတ်ချက် ချပြီးသော အကြည့်ဖြင့် ပြောလိုက်သည် “ကြယ်ကြွေကုန်မြေတိုက်ကြီးဆီ ရောက်လာပြီ ဆိုမှတော့ ဒီနေ့ကစပြီး ငါ ဒီကုန်းမြေတိုက်ကြီးရဲ့ နိယာမကို လိုက်နာမယ်။”
ဘာနိယာမလဲ။
ရိုးရှင်းသည်။ အားကောင်းသူသာလျှင် လေးစားမှုနှင့် ထိုက်တန်သည် ဆိုသော နိယာမပင် ဖြစ်တော့၏။
အနိုင်ကျင့် မခံချင်ဘူးလား။ အားအင်နှင့် ပိုက်ဆံအရင်းအမြစ် များများ ရှာ၊ ထိုသို့ဆိုလျှင် မိန်းမ သုံးယောက်၊ ကိုယ်လုပ်တော် လေးယောက်လောက် ယူပြီး ဇိမ်နှင့် နေမည် ဆိုလျှင်တောင်မှ သင့်အား မော်ဖူးနေကြလိမ့်မည်။
ပထမဆုံးအနေဖြင့် သူသည် အားကောင်းသော သူ တစ်ယောက်ဖြစ်လာရန် လိုအပ်နေသည်။ လောကကြီး၏ အားအကောင်းဆုံး လူ။
“ဒင် ....”
“ကြယ်ကြွေကုန်းမြေတိုက်ကြီရဲ့ နိယာမကို နားလည်သွားသည့်အတွက် လက်ခံသူ အား ဂုဏ်ပြုပါသည်။ ထိုအရာသည် တိမ်မြုပ်ဖွက်ကွယ်ထားသော တာဝန်တစ်ခု ဖြစ်ပြီး ဆုလဒ်မှာ စုဆောင်းမှတ် ဆယ်မှတ် ဖြစ်သည်”
“ဒင် ....”
စုဆောင်းမှတ် - ၁၄/ ၁၀၀။
ကျွင်းချောင်ရှောင်း အံ့အားသင့်သွားမိသည် “ဖုံးကွယ်ထားတဲ့ တာဝန် ဆိုတာ ရှိသေးတာလား”
“ဟုတ်ပါတယ်”
စနစ်၏ အသံ ထွက်ပေါ်လာသည် “ပြိုင်စံရှားဂိုဏ်း စနစ်မှာ အဓိက တာဝန်၊ သီးခြား တာဝန် နှင့် ဖုံးကွယ်ထားသော တာဝန် ဆို၍ ရှိသည်။”
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
“လေးခုမြောက် တာဝန် ဖြစ်တဲ့ အထူး တာဝန်လည်း ရှိပါသေးသည်။”
“အထူးတာဝန် ဟုတ်လား။” ကျွင်းချောင်ရှောင်း သေချာ နားစွင့်ထားလိုက်မိသည်။
စနစ်မှ ရှင်းပြလိုက်သည် “လက်ခံသူ အနေဖြင့် သတ်မှတ်ထားသော အဆင့်တစ်ခု သို့ ရောက်ရှိလာလျှင် အထူးတာဝန် ပေါ်လာမှာ ဖြစ်သည်။ ထိုတာဝန်အတွက် ဆုလဒ်ကလည်း ကြီးမားသည်”
“ဆုကြီးလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တလက်လက် နှင့် တောက်ပလာသည်။
စနစ်မှ ဆက်ပြောသည် “အထူးတာဝန် ၏ ဆု ဆိုသည်မှာ လက်ခံသူ၏ ကျင့်ကြံခြင်းအဆင့် နှင့် တိုက်ရိုက် သက်ဆိုင်သည်။”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ဆိုလိုတာ အထူးတာဝန်ကို ပိုပြီး ပြည့်စုံအောင် လုပ်နိုင်လေ ဆုက ပိုကြီးလေပေါ့”
“အမှန်ပါပဲ”
“အထူးတာဝန်ကို ဘယ်အချိန်မှာ ရမလဲ”
“တောင်းပန်ပါသည်။ လက်ခံသူ ကြုံလာရပါလိမ့်မည်။ စနစ် မှ ပြောပြမည် မဟုတ်”
“ထားပါတော့”
ကျွင်းချောင်ရှောင်း စနစ် ထဲ ဝင်၍ ကုန်သွယ်စတိုးထဲ ကြည့်လိုက်သည်။ ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေခဲ့သောကြောင့် စုဆောင်းမှတ် ဆယ်မှတ် ရရှိခဲ့သည်။ ထိုအမှတ် များအား မည်သို့ အသုံးပြုရမည်နည်း ဆိုသည်ကို ရှာဖွေရမည်။
“ငါ ဘာကို ရွေးရင် ကောင်းမလဲ”
ကုန်ပစ္စည်းများအား ကြည့်ရင်း ကျွင်းချောင်ရှောင်း တွန့်ဆုတ်နေမိ၏။
……
“ဂိုဏ်းခေါင်းဆောင်”
ရှေ့မှ လမ်းလျှောက်နေသော ချင်းချင်းသည် အေးစက်စက် နှင့် ပြောလာသည် “ချင်းယန်မြို့ကို ရောက်တော့မယ်။”
ကျွင်းချောင်ရှောင်း လှမ်းကြည့်လိုက်တော့ သူ့မျက်စိရှေ့တွင် မြို့ကြီးတစ်မြို့ ရှိနေကြောင်း မြင်လိုက်ရ၏။ သူ ခေါင်းခါယမ်းပြီး ပြောလိုက်မိသည် “ဒါက ချင်းယန်မြို့လား။ မြို့ကြီးပေါ့။ ငါ ထင်ထားသလို မဟုတ်ဘူးပဲ”
သူတို့လျှောက်သွားရင်း နောက်ဆုံးမှာတော့ မြို့အဝင်ဂိတ်ရှေ့သို့ရောက်လာကြသည်။ သူသည် မီတာအနည်းငယ်မြင့်သော မြို့ရိုးကို ကြည့်ကာ ပြောလိုက်မိသည် “မြင့်တော့မြင့်တာပဲ”
သူ၏ အမူအရာကို မြင်တော့ ဖြတ်သွားဖြတ်လာ အားလုံးက သူ့အား အထင်သေးသလို ကြည့်လိုက်ကြသည်။
တစ်ယောက်ဆိုလျှင် တီးတိုးပင် ပြောလာသည် “ဒီလူ ချင်းယန်မြို့ကို မြင်တောင်မမြင်ဖူးဘူးထင်တယ်။”
“မိန်းကလေးကတော့ လှလိုက်တာ။ သူနဲ့အတူ ပါလာတာလား”
ချင်းချင်း မျက်မှောင်ကုတ်ပြီး ကျွင်းချောင်ရှောင်း၏ အနားကနေ အသာ ခွာလိုက်သည်။ သူမသည် ဂိုဏ်းခေါင်းဆောင် နှင့် ဘာမှ မသက်ဆိုင် ဆိုသော အကွာအဝေးထိ ဆုတ်လိုက်ခြင်း ဖြစ်သည်။ ထိုမှသာ တခြားသူများသည် သူမ အား အရူးနှင့် တူတူလာသော သူဟု မထင်ကြမည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် မြို့ရိုးပေါ် မော့ကြည့်ရာကနေ ဖယ်လိုက်ပြီး သွားဖြီးကာ ပြောလိုက်သည် “အနာဂတ်မှာ သံမဏိအရိုးဂိုဏ်းကို ဒီမြို့ထက် ပိုပြီး ခန့်ညားအောင် လုပ်ရမယ်။”
သံမဏိ အရိုးဂိုဏ်းလား။
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက တပည့်လား။”
“မဟုတ်လား”
ကျွင်းချောင်ရှောင်း အသာလှည့်ပြီး ခါးထောက်ကာ ဟန်ပါပါဖြင့်ပြောလိုက်သည် “ကျုပ်က ဂိုဏ်းချုပ်ပဲ”
ဂါး ….။
မြို့ရိုးတစ်လျောက် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ ပြီးနောက် အားရပါးရ ရယ်မောသံတွေ ထွက်ပေါ်လာတော့သည်။
“ဟားဟား ….”
“ဒီကောင်က ဂိုဏ်းချုပ် ဟုတ်လား။”
“တော်စမ်း ။ ဟာသ ဟေ့ .. ဒီကောင်ကတော့ တကယ့် ဟာသပဲ”
“သံမဏိအရိုးဂိုဏ်းက နာမည်ပဲ ကျန်တော့တယ်။ ဒါကြောင့် လူငယ်လေး တစ်ယောက်ကတောင် ဂိုဏ်းချုပ် ဖြစ်နေပြီ”
“ဟားဟား .. ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်တယ်”