အခန်း (၇)
Vol. 1 Ch. 7
“မင်းကြားဖူးတယ်မလား။ အဲဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ် က ဆောင်ကြာမြိုင်သွားလို့ အဖမ်းခံခဲ့ရတယ် ဆိုတာ။ ခုတော့ သေသွားပြီ။ ဒီနှစ်ရဲ့ ဂိုဏ်းသားသစ် ခေါ်မယ့်ပွဲကို လာတဲ့ပုံပဲ”
“ဟုတ်လို့လား။ အဲဂိုဏ်း ရှိသေးတာလား။”
“ဒီဦးနှောက်ကောင်းပုံမပေါ်တဲ့ လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် ဂိုဏ်းချုပ် ဆိုပြီး ဂိုဏ်းကို ဆက်ခံလိုက်ပုံပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်နှစ် ဒါမှမဟုတ် အဆင့်သုံး စွမ်းအင်ဖွင့်ခြင်းအဆင့်လောက်ပဲ ရှိနိုင်လောက်တယ်။”
“အဆင့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်လောက်နဲ့ ဂိုဏ်းချုပ် ရာထူးကို ဆက်ခံတယ်ပေါ့။ ငါတို့လို အဆင့်လေး ၊ အဆင့်ငါးတွေသာဆို တိုင်းပြည်ကိုတောင် အုပ်စိုးနိုင်လောက်ပြီ”
ကျွင်းချောင်ရှောင်းကြောင့် မြို့ရိုးနားရှိ လူအားလုံးသည် တီးတိုးဆွေးနွေးမှုတွေ ပြုလုပ်နေကြရပြီ ဖြစ်သည်။ ထိုသို့ ဆွေးနွေးမှုတွင် လှောင်ပြောင်စရာ၊ ရယ်သွမ်းသွေးစရာ က အဓိက ဖြစ်နေတော့၏။
အရင်တုန်းက သံမဏိအရိုးဂိုဏ်းသည် ခေါင်းဆောင်ဝမ် လက်ထက်၌ လူရိုသေ၊ ရှင်ရိုသေ အဖြစ် ရှိခဲ့သည်။ သို့ပေမဲ့ ယခု အချိန်မှာတော့ ဂိုဏ်းဆိုသည်မှာ အခွံသာ ကျန်ရှိတော့၏။ လူများ အနေဖြင့် နာမည်ကို မှတ်မိနေသည်ကပင် ပျော်ရမည့် အခြေအနေပင် ဖြစ်တော့၏။
ချင်းယန်မြို့ ထဲ လျှောက်ဝင်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း ထိုသူတို့ ဆွေးနွေးနေသံ နှင့် အထင်အမြင် သေးစွာ ကြည့်ရှုနေကြသည်ကို ထင်ထင်ရှားရှား မြင်နေ၊ ကြားနေရသည်။
သူသည် ဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည် ဆိုသော်လည်း ဇာတ်လမ်းထဲမှ အမှိုက်ကောင် ကဲ့သို့ ဆက်ဆံခံနေရသည်။
မဖြစ်ဘူး။ မဖြစ်ဘူး။
ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက်မှာတော့ ပါရမီရှင်တွေကို ရိုက်နှက်မယ် ၊ သခင်လေးတွေကို နင်းတက်မယ်။ နတ်ဘုရားတွေ၊ နတ်ဆိုးတွေကို အနိုင်ယူပြီး လှပတဲ့ မိန်းကလေးနဲ့ လက်ထပ်နိုင်ရမယ်။
သူက ဘာလဲ။
စနစ် တစ်ခု နှင့် လူတစ်ယောက်ဖြစ်သည်။ ချိန်ကိုက်ဗုံးပါလာသော စနစ် ဆိုသည်က လွဲလျှင် သူ့အနေနှင့် ဆိုးဆိုးရွားရွား စုတ်ပြတ်သပ်ပြီး လူအထင်သေးခံရမည့် လူတစ်ယောက် မဟုတ်ပေ။
လုချင်းချင်း ပြောလိုက်သည် “ဂိုဏ်းချုပ် … တွင်းတစ်တွင်းလောက် ရှာပြီး ပုန်းနေမလား”
ဒီမိန်းကလေး …။
ငါ့ကို စိတ်သက်သာအောင် နှစ်သိမ့်ပေးလို့မရဘူးလား။
“ဟူး ….”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “မပူနဲ့။ ငါ က မုန်တိုင်းတွေ ၊ လှိုင်းတွေကို ကျော်ဖြတ်လာခဲ့သူပဲ။ တခြားသူတွေ ရဲ့ အတင်းအဖျင်း ပြောဆိုမှုတွေကို ဘယ်လိုလုပ် ဂရုစိုက်နေမှာလဲ။”
“မုန်တိုင်းတွေ၊ လှိုင်းတွေ ဟုတ်လား”
လုချင်းချင်း တီးတိုးပြောလိုက်သည် “ဂိုဏ်းချုပ် ငယ်ငယ်လေးကတည်းက ရွာကနေ ဘယ်မှကို မထွက်ဖူးဘူး လို့ ကြားတယ်နော်။”
ဟားဟား ..။ ငါက တစ်ကြိမ် သေဆုံးခဲ့ပြီးပြီလေ။ ဒါက ကြီးမားလွန်းတဲ့ မုန်တိုင်း နဲ့ လှိုင်းပဲ။
ကျွင်းချောင်ရှောင်းသည် အေးစက်ပြီး ထက်မြက်လွန်းသော မိန်းကလေး၏ လျှာစောင်းထက်မှုကို လျစ်လျူရှု ပြီး ဂိုဏ်းသား ခေါ်ယူပွဲ ကျင်းပမည့် မြို့၏ အနောက်ပိုင်း ဆီသို့သာ ဟန်ပါပါ နှင့် လျှောက်သွားလိုက်တော့သည်။
လမ်းတစ်လျှောက်မှာတော့ …
လူပေါင်းများစွာတို့သည် သူ့နောက်ကျောအား လက်ညိုးညွှန်ရင်း တီးတိုး ဝေဖန်နေကြတော့သည်။
အားလုံး၏ ပြောဆိုနေမှုများအား မသိကျိုးကျွံပြုရင်း ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ ရင်ကော့ကာ ရှေ့သို့သာ တစိုက်မက်မက် လျှောက်လျက်ရှိလေသည်။
ဝိညာဉ်ကူးပြောင်းရောက်ရှိလာသူ တစ်ယောက် အနေနှင့် သူ့တွင် ထူထဲလွန်းသော မျက်နှာအရေပြားရှိသည်။ ဆိုရလျှင် အရှက်မဲ့သည့်အရာတွင် သူသည် ပရိုမက် အဆင့် ဖြစ်၏။
မူလ လက်ဟောင်း ကျွင်းချောင်ရှောင်း သာ ဆိုလျှင် အားလုံး၏ ဆွေးနွေးဝေဖန် လှောင်ရယ်သံများကြားတွင် ခံစားရင်း သွေးအန်နေမှာ သေချာသည်။
မျက်နှာထားတည်တည် ဖြင့် ခပ်တည်တည် လျှောက်သွားတော့ ဂိုဏ်းချုပ် အား ကြည့်ရင်း နောက်မှ လိုက်လာသော လုချင်းချင်းပင်လျှင် နဝေတိမ်တောင် ဖြစ်မိလာ၏ “ဒီလို ကိစ္စမျိုးကိုတောင် သည်းခံနိုင်တယ်လား။”
သို့ပေမဲ့ သည်းမခံတော့ရော ဘာလုပ်၍ ရမည်နည်း။
ကျွင်းချောင်ရှောင်း၏ အမြင်အရ ဆိုလျှင် ထိုသူတို့၏ ပါးစပ်ကို ပိတ်စေသော အရာမှာ အားအင်သာ ရှိသည်။ ထို့ကြောင့် စောင့်ရုံသာ ရှိသည် မဟုတ်လော။
မနှေးနှင့်မမြန် ဆိုသလို သင့်တင့်လျှောက်ပတ်သာ အချိန်ကာလ တစ်ခု အကြာမှာတော့ သံမဏိအရိုးဂိုဏ်း အကြောင်း ပြောဆိုမည် ဆိုလျှင် အားလုံးသော သူများသည် ချီးကျူး၊ မြှောက်ပင့်မှုများဖြင့် ပြောဆိုကြလာလိမ့်မည်မှာ သေချာသည်။
…..
ချင်းယန်မြို့သည် အမှန်ပင် ကြီးမားလှသည်။
မြို့၏ အနောက်ဘက်ပိုင်းနေရာတွင်တော့ ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲ ကျင်းပမည့် နေရာ စီစဉ်ထားပြီး တည်နေရာ အကျယ်အဝန်းသည်လည်း ကျယ်ပြောလှ၏။
ကျွင်းချောင်ရှောင်းသည် လုချင်းချင်းနှင့် အတူ တည်နေရာထဲသို့ လျှောက်ဝင်သွားလိုက်တော့ များပြားလှသော ယာယီရွက်ဖျင်တဲများ နှင့် ဂိုဏ်းများ ၊ ကျောင်းများအား မြင်လိုက်ရသည်။ ထိုရွက်ဖျင်တဲများ၏ ရှေ့တွင် ကိုယ်ပိုင် အလံ၊ အမှတ်တံဆိပ်တို့ စိုက်ထူထားကြသည်။
တော်ဝင်ဓားမော့ဂိုဏ်း။
ရွှေနဂါးဂိုဏ်း။
တော်ဝင်တောင်ထွတ်ဂိုဏ်း။
ကျားဟိန်းသံဂိုဏ်း။
များပြားလှသော ဂိုဏ်းနာမည်၊ အမှတ်တံဆိပ် နှင့် အလံများသည် အားလုံး၏ မျက်စိရှေ့တွင် တည်ရှိနေကြသည်။
တစ်ချို့သော လူငယ်၊ လူရွယ်လေးများသည် မိဘ၊ သူငယ်ချင်းများနှင့် အတူူ စောစော ရောက်လာကြပြီး အခြေအနေအား သေချာ စနည်းနာနေကြ၏။
ထိုသူတို့ စနည်းနာခြင်းမှာ …
ဘယ်လိုဂိုဏ်းမျိုးလဲ။
ဂိုဏ်းဝင် ဘယ်လောက်ရှိလဲ။
မည်သည့်အဆင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို ပိုင်ဆိုင်သလဲ။
ကျင့်ကြံမည် ဆိုလျှင် အနာဂတ်တွင် မည်သည့်အဆင့် ကျင့်ကြံသူတစ်ယောက်ထိ ရောက်ရှိလာနိုင်သနည်း ဆိုသော အချက်အလက်များပင် ဖြစ်သည်။
ခဏလောက်နားထောင်ပြီးနောက် ကျွင်းချောင်ရှောင်းသည် အသာ ခေါင်းယမ်းပြီး တီးတိုးပြောလိုက်သည် “ဒါက ဂိုဏ်းသားခေါ်ယူပွဲလား။ အလုပ်အကိုင် ပြပွဲ လို့တောင် ထင်ရတယ်။”
“ဂိုဏ်းချုပ် ….”
လုချင်းချင်း တီးတိုးပြောလိုက်သည် “ကျွန်မတို့လည်း နေရာတစ်ခု ရှာပြီး စီစဉ်စရာ ရှိတာ စီစဉ်ရမယ်။ ဒါမှတခြားသူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်လား။”
သူတို့ ဤ နေရာသို့ ရောက်လာကြပြီဖြစ်သည်။ ထို့ကြောင့် ရောမ ရောက်ပြီ ဆိုမှတော့ ရောမ လို ကျင့်မှ ဖြစ်မည်။
ကျွင်းချောင်ရှောင်း အသာလှည့်ပတ်ကြည့်လိုက်ပြီး အဝေးတစ်နေရာရှိ နေရာလွတ် တစ်ခုအား လက်ညိုး ထိုးပြလိုက်သည် “ဟိုနေရာ ဆီ သွားမယ်။”
တည်နေရာသို့ လှမ်းကြည့်ပြီးသည့်နောက် လုချင်းချင်းသည် မျက်မှောင်ကုတ်သွားမိသည် “ဘယ်ဘက်က တော်ဝင် ဓားမော့ ဂိုဏ်း ၊ ညာဘက်က ကျားဟိန်းသံ ဂိုဏ်း … နှစ်ခုလုံးက အဆင့်ရှစ်ဂိုဏ်းတွေကြီးပဲ။ အလယ်မှာ နေချင်တာ သေချာလို့လား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဂိုဏ်းနှစ်ခုလုံးက အဆင့်ရှစ်တွေ မဟုတ်လား။ ဒီတော့ ပွဲစရင် လူတွေက အာရုံစိုက်မှာပဲ။ ငါတို့က သူတို့ကြားထဲမှာ ဆိုတော့ လူတွေ အလွယ်တကူ အာရုံစိုက်ကြလိမ့်မယ်”
လုချင်းချင်း ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ပြောတာ အဓိပ္ပာယ်ရှိတယ်”
“သွားစို့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပြင်ကြရအောင်”
သူသည် လုချင်းချင်းအား ခေါ်၍ အဆင့်ရှစ် ဂိုဏ်း နှစ်ခုကြားတွင် နေရာယူလိုက်သည်။ အဝတ်တန်းများအား ကျွမ်းကျင်စွာ တပ်ဆင်ပြီး နောက်မှာတော့ ရိုးရှင်းလှသော ရွက်ဖျင်တဲသေးလေး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အလွန်အားကောင်းလှသော ဂိုဏ်းကြီးများမှလွဲ၍ တခြားသော ဂိုဏ်းများသည် ထိုကဲ့သို့ လေကာ၊ မိုးကာရုံ တဲဖျင်များကိုသာ ခင်းကျင်းထားနိုင်၏။
သို့ပေမဲ့ သူတို့တဲ၏ ဘေးနှစ်ဖက်တွင် ရှိနေသော တော်ဝင်ဓားမော့ဂိုဏ်းနှင့် ကျားဟိန်းသံ ဂိုဏ်းတို့မှာမှ ခမ်းခမ်းနားနား နှင့် လူစိတ်ဝင်စားအောင် ဆောက်လုပ်ထားကြသည်။
ထို့ကြောင့်ပင် ကြားထဲရှိ သံမဏိအရိုးဂိုဏ်းသည် ဆွမ်းဆန်ထဲရောက်နေသော ကြွက်ချေးလို အခြေအနေ ဖြစ်လို့နေ၏။
သို့ပေမဲ့ ထိုသို့သော အခြေအနေမျိုးကိုပင် ကျွင်းချောင်ရှောင်းက လိုချင်ခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ သူ၏ ရွက်ဖျက်တဲအား လူပို၍ စိတ်ဝင်စားမည် မဟုတ်လော။
တော်ဝင်ဓားမော့ဂိုဏ်း၏ စီမံသူသည် လူငယ်တစ်ယောက်နှင့် ပြောဆို ဆွေးနွေးပြီးသည့်နောက် ဘေးဖက်ရှိ ဘယ်ကရောက်လာမှန်းမသိသာ ရွက်ဖျင်တဲ တစ်ခုအား မြင်လိုက်ရသည်။ ထို့ကြောင့် ဒေါသတကြီးနှင့် ထအော်လိုက်၏ “ဘယ်သူက ဒီနေရာမှာ ရွက်ဖျင်တဲ လာဆောက်ရဲရတာလဲ”
ကျားဟိန်းသံ ဂိုဏ်းမှ လူများသည်လည်း သတိပြုမိသွားကြသည်။
တပည့်တစ်ယောက်သည် အင်္ကျီလက်အား လိပ်တင်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည် “ငါတို့ ကျားဟိန်းသံဂိုဏ်းဘေးကို လာရဲတယ် ဆိုတော့ ကျားသစ်အသည်းများစားထားလေသလား။”
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ထိုအချိန်မှာပဲ ဂိုဏ်းအလံအား ရှေ့တွင် လာရောက် စိုက်ထူချိန်ဖြစ်နေသည်။
သံမဏိအရိုးဂိုဏ်းဆိုသော စာသားကို မြင်ချိန်မှာတော့ ဂိုဏ်းနှစ်ခုမှ ဂိုဏ်းသားများ၏ မျက်နှာသည် ရှုံ့မဲ့သွားကြတော့၏။
ကျားဟိန်းသံဂိုဏ်းမှ တပည့်က ပြောလိုက်သည် “ဆောင်ကြာမြိုင်သွားရင်း အသတ်ခံလိုက်ရတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ဂိုဏ်းပဲဟေ့။ ဘေးနားကို ရောက်လာတယ် ဆိုတော့ ဒါ ငါတို့ကိုပါ ရောပြီး အရှက်ရစေတယ်။”
“ဟေး … ဟေး…”
တော်ဝင်ဓားမော့ဂိုဏ်း စီမံသူက ကျွင်းချောင်ရှောင်းးအား လက်ညိုးညွှန်ရင်း စိတ်မရှည်သလို ပြောလိုက်သည် “ဒါ ငါတို့ တော်ဝင်ဓားမော့ဂိုဏ်း နေရာပဲ။ မင်းတို့ တခြားကို သွားကြ”
ဂိုဏ်းနှစ်ခုလုံးသည် သံမဏိအရိုးဂိုဏ်းအား မျက်လုံးထဲ မထည့်ကြချေ။ ထို့အပြင် သူတို့ထက် တစ်ဆင့်နိမ့်သော အဆင့်ကိုး ဂိုဏ်းတစ်ခု မဟုတ်လော။
လုချင်းချင်း က ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်၏ “ဒီနေရာကို ချင်းယန်မြို့ဝန်က ပေးထားတာလေ။ ဘယ်တုန်းက အဆင့်ရှစ် ဂိုဏ်းလေးတစ်ခုရဲ့နေရာဖြစ်သွားတာလဲ”
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။
အဆင့်ရှစ် ဂိုဏ်းလေးတစ်ခုတဲ့လား။ သူမသည် အမှန်ပင် လျှာစောင်းထက်လွန်းလှ၏။
လုချင်းချင်း၏ စကားသံကိုကြားတော့ တော်ဝင်ဓားမော့ဂိုဏ်း စီမံအုပ်ချုပ်သူသည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားသည်။ သို့သော်လည်း မည်သည့်စကားမှမဆိုနိုင်ချေ။
ဤနေရာသည် အမှန်ပင် ချင်းယန်မြို့ဝန် ပေးထားသော နေရာဖြစ်သည်။
အဆင့်ရှစ် ဂိုဏ်းတစ်ခုမပြောနှင့် အဆင့်ခုနှစ် ဂိုဏ်းတစ်ခုသည်ပင် သူတို့၏ နေရာဟု စကားမကြွယ်ရဲချေ။
လုချင်းချင်း၏ အဆင့်ရှစ်ဂိုဏ်းလေးဟု ဆိုသောစကားသည် သူတို့အားလည်း ထိခိုက်သောကြောင့် ကျားဟိန်းသံဂိုဏ်းသည်လည်း ဒေါသထွက်သွားသည်။
ကျွင်းချောင်ရှောင်းအပြင်သို့ ထွက်လာပြီး ကြေညာလိုက်သည် “ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲ က စတင်တော့မယ်။ ကျုပ်တို့က ရောက်လာကြတဲ့ ရည်ရွယ်ချက် တူတူပဲလေ။ ဒီတော့ တစ်ယောက် နဲ့ တစ်ယောက် စိတ်တိုနေကြဖို့ မလိုပါဘူး”
“ဆရာဝမ် ရှိနေသေးတယ် ဆိုရင်တော့ အဲလို သတ်မှတ်မှာပေါ့။ ဒါပေမဲ့ အခုက …” တော်ဝင်ဓားမော့ ဂိုဏ်းမှ စီမံအုပ်ချုပ်သူသည် ခပ်တည်တည် ဖြင့် ပြောလိုက်၏ “အခုတော့ အီးတောင် လှည့်မပေါက်ချင်ဘူး”
“ဟုတ်တာပေါ့”
ကျားဟိန်းသံ ဂိုဏ်းမှ တပည့်တစ်ယောက်ကလည်း မျက်ခုံးကို ပင့်ကာ ဟန်ပါပါဖြင့် ပြောလိုက်သည် “အပျော်လာတာဆိုရင် ဘာထူးမှာလဲ။”
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ လမ်းမှာတုန်းက တီးတိုးပြောဆို ဝေဖန်မှုများအား သူ သည်းခံနိုင်သည်။ သာမာန်လူများသည် အတင်းအဖျင်းထဲတွင် ပျော်မွေ့တတ်သူများ ဖြစ်ကြသည်ကို သူ နားလည်ပြီး ဖြစ်၏။ သို့ပေမဲ့ လက်ရှိမှာတော့ အဆင့်ရှစ် ဂိုဏ်းနှစ်ခု၏ ကြားတွင် နေရယူလိုက်သောကြောင့် နှစ်ပြားမတန်အောင် ပြောဆိုခံနေရလေသည်။ သူ သည်းမခံနိုင်ပေ။
“မင်းတို့နှစ်ယောက် ….”
သူ့အကျင့်အတိုင်း နှာခေါင်းကို အသာကုတ်ကာ ပြုံး၍ ပြောလိုက်၏ “ဒီနေ့ ဒီနေရာမှာ ငါ နေမယ်။ မင်းတို့ မကြိုက်တဲ့သူရှိရင် ငါ့ကို လာကိုက်ကြ။ မဟုတ်ရင်လည်း ကိုယ့်တဲကို ဖျက်ပြီး လစ်ကြတော့”