အခန်း (၈)
Vol. 1 Ch. 8
ကျွင်းချောင်ရှောင်းသည် မိမိဘာသာ ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့သည်။ သိုသိုသိပ်သိပ် နေထိုင်ရန် နှင့် ပြဿနာ မတက်မိစေရန် ဖြစ်သည်။
ချင်းယန်မြို့သို့ လာပြီးသည့်နောက် သူသည် မည်သည့် ပြဿနာမှ မတက်စေရန် သိုသိုသိပ်သိပ် ဖြင့် နေထိုင်ခဲ့သည်။ သို့ပေမဲ့ ပြဿနာသည် သူ့အား အလစ်မပေးပေ။ တည့်တည့်ပင် လာရှာခဲ့လေသည်။
အထူးသဖြင့် အဆင့်ရှစ် ဂိုဏ်းနှစ်ခု၏ တပည့်များထံမှ ရိုင်းစိုင်းစွာ ပြောဆိုသော စကားကို ကြားလိုက်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သို့မှ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် စကားလုံးများဖြင့် စတင် တိုက်ခိုက်ခိုက်မိတော့၏။
“ငါ လာမယ်။”
ကျားဟိန်းသံ ဂိုဏ်းများ တပည့်များသည် ဒေါသထွက်သွားကြသည် “ငါ့ရဲ့ ကျားဟိန်းသံ ဂိုဏ်းကို မင်း စော်ကား ပြောဆိုရဲတယ်။ မင်း အသက်ရှင်ရတာ ပင်ပန်းလွန်းနေပြီလား။”
“ရွှစ် ….”
“ရွှစ် ..”
များပြားလှသော ကျားဟိန်းသံ ဂိုဏ်းသားများသည် သူတို့၏ ရွက်ဖျင်တဲဆီမှ ထွက်လာကြသည်။
တော်ဝင်ဓားမော့ဂိုဏ်းသားများသည်လည်း ထွက်လာကြ၏။
ထိုတပည့်များသည် အဆင့်လေး ၊ အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်သာမက ကြီးမား၍ ထွားကြိုင်းလှသော ဗလများအားလည်း ပိုင်ဆိုင်ကြသည်။
ကျွင်းချောင်ရှောင်း မှာတော့ အလွန်ပင် ပိန်ပါးလှပြီး ဗလတောင့်တောင့်နှင့် လူများ၏ ဝိုင်းပတ် ပိတ်ဆို့ခြင်းကို ခံထားရချိန်တွင် အားနည်းကြောင်း ပိုမိုသိသာသွားသည်။ တိုက်ခိုက်ချက် တစ်ချက်လောက်ကိုပင် ခံနိုင်မည်ပုံ မပေါ်ပေ။
ဘာတွေဖြစ်ကုန်တာလဲ
“ကျားဟိန်းသံဂိုဏ်း နဲ့ တော်ဝင်ဓားမော့ ဂိုဏ်းတို့ တိုက်ခိုက်တော့မှာလား”
အနီးအနားရှိ ဂိုဏ်းများသည် စုဝေးလာကြ၏။
သူတို့သည် ကျွင်းချောင်ရှောင်းအား မြင်လိုက်ရချိန်မှာတော့ ဂိုဏ်းချင်းတိုက်ခိုက်သည့် ရန်ပွဲမဟုတ်ဘဲ လူတစ်ဦးအား တိုက်ခိုက်မည့် အခြေအနေဖြစ်နေကြောင်းကို သိရှိလိုက်ကြသည်။
“ဟမ် …”
“ဒါ မြို့ရိုးအပြင်ဘက်မှာ တစ်ယောက်တည်း ကြိမ်းဝါးနေတဲ့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင် မဟုတ်လား။”
ဝိုင်းရံထားကြသော ကျားဟိန်းသံဂိုဏ်းနှင့် တော်ဝင်ဓားမော့ဂိုဏ်းမှ ဂိုဏ်းသားများပင်လျှင် ဆွံ့အသွားကြသည်။ “ဒီကောင်က သံမဏိအရိုးဂိုဏ်းခေါင်းဆောင်လား။”
ထိုသူတို့၏ မျက်နှာပေါ်မှ အမူအရာကို မြင်တော့ ကျွင်းချောင်ရှောင်း မနေနိုင်တော့ဘဲ ထအော်လိုက်မိသည် “ဟုတ်တယ်။ ငါက ဂိုဏ်းချုပ်ပဲ။ အဲတော့ ဘာဖြစ်လဲ”
သူသည် အလွန်အားနည်းသည်။ ရင့်ကျက်တည်ကြည်သော အမူအရာလည်း မရှိချေ။ အများဆုံး အနေဖြင့် ဂိုဏ်းသားသစ်တစ်ယောက် ဟန်ပန်ပင် ပေါ်နေသေး၏။
တော်ဝင်ဓားမော့ဂိုဏ်း စီမံအုပ်ချုပ်သူ က လက်သီးဆုပ်ကာ ပြောင်ချော်ချော်ဖြင့် ပြောလိုက်သည် “ဒီတော့ မင်းက ဂိုဏ်းချုပ်ပေါ့။ မလေးစားသလို ပြုမူမိရင် တောင်းပန်ပါတယ်လေ။”
ကျားဟိန်းသံဂိုဏ်းတပည့်ကလည်း သွားဖြီးကာ ပြောလိုက်သည် “ဂိုဏ်းချုပ် တစ်ယောက်ကို ရန်စမိတယ် ဆိုတာ ကြောက်စရာကောင်းတယ်။ ကြောက်လိုက်တာ”
အနားပတ်ဝန်းကျင်ရှိ လူအားလုံးတို့ကလည်း လှောင်ပြောင်စရာ အရာတစ်ခုကို မြင်လိုက်ရသလို ပြက်ရယ်ပြုနေကြ၏။
အမှန်တကယ်တန်းတွင်တော့ သူတို့တွင် မိုးလောက်ကြီးသော သတ္တိရှိသည် ဆိုလျှင်တောင်မှ ချင်းယန်မြို့ထဲတွင် မတိုက်ခိုက်ခဲချေ။ မြို့တော်ဝင်သည် တိုက်ခိုက်ခြင်းများအား အထူး တားမြစ်ထားသည်။
ကျွင်းချောင်ရှောင်းသည် တည်ကြည်စွာဖြင့် ပြောလိုက်သည် “အားလုံးက ငါ့ရဲ့ ဂိုဏ်းရွက်ဖျင်တဲ မှာ လာစုနေကြတယ်။ တပည့်စုဆောင်းခြင်းပွဲကို ဆက်မလုပ်ချင်ကြတော့ဘူးလား”
“ဟားဟား…”
ကျားဟိန်းသံဂိုဏ်းသား တစ်ယောက်က ထရယ်လိုက်သည် “ဂိုဏ်းချုပ်ဝမ် မရှိတဲ့ ဂိုဏ်းတစ်ခုက တပည့် လက်ခံချင်သေးတယ်။ ဟာသပဲ”
“မင်းအဲလို ပြောလို့မဖြစ်ဘူး”
တော်ဝင်ဓားမော့ဂိုဏ်းတပည့် တစ်ယောက်က ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားဟန်ဖြင့် ပြောလိုက်သည် “အပြစ်ကင်းစင်တဲ့သခင်လေးတွေကတော့ ဘာမှမသိဘဲ သံမဏိအရိုးဂိုဏ်း ကို ဝင်လာနိုင်လောက်တယ်။”
ကျားဟိန်းသံ ဂိုဏ်း တပည့်သည် လူအုပ်ကြီးဘက်လှည့်ကာ မျက်နှာအရေထူစွာဖြင့် ပြောလိုက်သည် “ဒီခေတ်ကြီးမှာ အဲလောက်ထူတဲ့ လူငယ်ကို ရှာတွေ့နိုင်မှာလား”
ထိုနှစ်ယောက်၏ အမူအရာကို ကြည့်၍ ပွဲကြည့်ပရိသတ်အားလုံးက ထရယ်လိုက်ကြတေော့သည်။
ဂိုဏ်းချုပ်ဝမ် မရှိတော့သည့်နောက်တွင် သံမဏိအရိုးဂိုဏ်းသည် နာမည်တောင် ကျန်တော့သည် မဟုတ်ပေ။ မည်သူက ထိုသို့သော ဂိုဏ်းမျိုးထဲ ဝင်ချင်မည်နည်း။
“ဟင်း …”
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်မိသည်။
ဗလနှင့်လူများ ဝိုင်းရံထားသောကြောင့် သူ့အနေဖြင့် ဆက်မတိုက်ခိုက်တော့ဘဲ ကိုယ့်ရွက်ဖျင်တဲ ဆီသို့သာ လှည့်ဝင်လိုက်တော့သည်။
လုချင်းချင်း က တီးတိုးလာပြော၏ “ဂိုဏ်းချုပ် .. တွင်းပုန်းနေဖို့ တွင်းတစ်ခုလောက် တူးပေးရမလား”
ထိုစကားကိုကြားတော့ တည်ငြိမ်ဟန်ပေါ်နေသော ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွားရသည်။
ချင်းယန်မြို့တွင် ဖြစ်နေသောကြောင့် အဆင့်ရှစ် ဂိုဏ်းနှစ်ခုသည် သံမဏိအရိုးဂိုဏ်းအား ပညာပေးချင်သော်လည်း တိုက်ပွဲဖြစ်အောင် မပြုလုပ်ရဲချေ။
ပွဲကြိုက်ခင်တို့သည်လည်း ကိုယ့်နေရာဆီ ကိုယ်ပြန်လှည့်သွားကြ၏။ သို့ပေမဲ့ ပြန်ရောက်ပြီးနောက် သူတို့၏ အပူတပြင်း ဆွေးနွေးစရာ ကိစ္စမှာ သံမဏိအရိုးဂိုဏ်း အကြောင်းဖြစ်လို့ နေတော့သည်။
ကျွင်းချောင်ရှောင်းကတောာ့ မည်သည့်အရာကိုမှ မကြားသလို ဟန်ပန်ဖြင့် ခုံတစ်လုံးပေါ် တက်ထိုင်ပြီး တရေးအိပ်လိုက်၏။
“ဂိုဏ်းချုပ် ….”
လုချင်းချင်း “ရှင်က တကယ့်ကို သဘောထားကြီးတာပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီကမ္ဘာကြီးမှာ နေထိုင်ဖို့ဆိုတာ သဘောထားကြီးဖို့၊ အမြင်ကျယ်ဖို့ လိုတယ်။ အရာအားလုံးကိုတွေးတော ၊ စဉ်းစားနေရရင် အသက်ရှင်သန်ရတာ ဘယ်လောက် ပျင်းဖို့ ကောင်းမလဲ။”
ထိုအရာသည် ကျိုးကြောင်းဆီလျော်သည်ဟု လုချင်းချင်းလည်း ခံစားလိုက်မိသည်။ သို့ပေမဲ့ သူမ ဆက်မေးလိုက်သည် “လူသစ် စုဆောင်းပွဲ က စတော့မယ်။ တပည့်သစ်တွေ ရဖို့ ဘယ်လောက်ထိ ယုံကြည်မှု ရှိလဲ”
ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိရှိဖြင့် ပြုံးကာ ပြောလိုက်သည် “တစ်ရာ ရာခိုင်နှုန်းပေါ့”
တဲချင်းကပ်နေသောကြောင့် တစ်ဖက်ခြမ်းရှိ တော်ဝင်ဓားမော့ဂိုဏ်း နှင့် ကျားဟိန်းသံဂိုဏ်း တို့သည် ကျွင်းချောင်ရှောင်း ပြောသည်ကို အတိုင်းသား ကြားနေရ၏။ ဂိုဏ်းနှစ်ခု မှ ဂိုဏ်းသားများ၏ မျက်နှာများသည် ရှုံ့မဲ့သွားကြ၏။
သံမဏိအရိုးဂိုဏ်း မှ ခေါင်းဆောင်ဆိုသူသည် ငယ်ရွယ်သည့်အပြင် ကျင့်ကြံခြင်းအဆင့်ကလည်း မမြင့်မားချေ။ သို့ပေမဲ့ သောက်ပေါက်ကရတွေ ပြောသည့်နေရာတွင်တော့ ဆရာတဆူ ဖြစ်သည်။
“တော်ဝင်ဓားမော့ ဂိုဏ်းသား”
ကျားဟိန်းသံဂိုဏ်းမှ တပည့်တစ်ယောက်သည် ထွက်လာပြီး အော်လိုက်သည် “မင်း နားလည်နေတယ်ဆိုရင် ငါတို့ အပျင်းပြေ လောင်းကစားလုပ်ရအောင်”
“အွန်း ….” တော်ဝင်ဓားမော့ဂိုဏ်းသားက ပြုံးကာ ပြောလိုက်သည် “ဘာလောင်းချင်လဲ”
ကျားဟိန်းသံ ဂိုဏ်းသားသည် ရည်ရွယ်ချက်ရှိရှိဖြင့် သံမဏိအရိုးဂိုဏ်းချုပ်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည် “အမှိုက်ဂိုဏ်း ဂိုဏ်းဝင်သစ် ဘယ်လောက်လောက် ရမယ်လို့ မှန်းလဲ။ အဲတာကို လောင်းရအောင်”
သူ ရည်ညွှန်းသော အမှိုက်ဂိုဏ်းဆိုသည်မှာ သံမဏိအရိုးဂိုဏ်းအား ပြောခြင်းဖြစ်၏။
“စိတ်ဝင်စားစရာပဲ”
တော်ဝင်ဓားမော့ဂိုဏ်းသားသည် ပြုံးကာ ပြောလိုက်သည် “လောင်းတာပေါ့”
ကျားဟိန်းသံဂိုဏ်းသား က ပြောလိုက်၏ “ဘယ်သူမှ လာမဆွေးနွေးတဲ့ဘက်က လောင်းမယ်။ ငွေ တစ်တေးလ်”
တော်ဝင်ဓားမော့ဂိုဏ်းသားက ပြောလိုက်သည် “ဒီလောက်လူတွေများတာ။ ဂိုဏ်းထဲမဝင်ရင်တောင်မှ တစ်ယောက်လောက်တော့ လာဆွေးနွေးနိုင်တယ်။ ငွေတစ်တေးလ်း လောင်းမယ်။”
ငွေတစ်တေးလ်း ဆိုသည်မှာ များပြားလှသော ပမာဏမဟုတ်ပေ။ ထိုနှစ်ယောက်၏ အဓိက ရည်ရွယ်ချက်သည် သံမဏိအရိုးဂိုဏ်းအား လှောင်ပြောင်လိုခြင်း ဖြစ်သည်။
အဆင့်ကိုး ဂိုဏ်းလေးတစ်ခု အနေဖြင့် မည်သို့သော သတ္တိဖြင့် သူတို့လို အဆင့်ရှစ် ဂိုဏ်းနှစ်ခုကြားတွင် နေရာ လာယူနေရသနည်း။ ထိုသို့သော လုပ်ရပ်အတွက် ထိုက်တန်သည့် ပေးဆပ်မှုတောာ့ ရှိရမည်။
နှစ်ဖက်ဂိုဏ်းသား နှစ်ယောက်၏ ပြောဆိုနေသံကို ကြားတော့ အားလုံးက ဆွေးနွေးနေမိကြ၏။
“သံမဏိအရိုးဂိုဏ်းရဲ့ လက်ရှိ အခြေအနေအရ ဘယ်သူမှ လာပြီး ဆွေးနွေးမေးမြန်းတာကို လုပ်မှာ မဟုတ်ဘူး”
“ထူးဆန်းလိုက်တာ။ သံမဏိအရိုးဂိုဏ်းမှာ ဘယ်လိုကြောင့် လှပတဲ့ မိန်းကလေး ရှိနေတာလဲ။ သူမက ဂိုဏ်းသားလား”
များပြားလှသော ကျင့်ကြံသူများ၏ အကြည့်သည် လုချင်းချင်းဆီသို့ ရောက်ရှိသွားတော့သည်။
“ချင်းချင်း …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လာ .. ဂိုဏ်းချုပ်ရဲ့ ပခုံးကို နှိပ်ပေး”
လုချင်းချင်း မျက်မှောင်ကုတ်သွားသည်။
ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်၏ “လူတွေ အများကြီး ကြည့်နေတာ။ငါ့ကို မျက်နှာသာ ပေးအုံး”
“………..”
လုချင်းချင်းသည် အနားသို့ ရောက်လာပြီး သူမ ၏ လက်တွေကို မြှောက်လိုက်သည်။ ပြီးနောက် စည်းချက်ကျနစွာဖြင့် ထုနှက်တော့သည်။
အားအင်သည် သဲအိတ်ကို ထိုးနေသကဲ့သို့ပင်။ ကျွင်းချောင်ရှောင်သည် နာကျင်သော်လည်း အားလုံးက ကြည့်နေသည်မို့ ဇိမ်ကျနေသော မျက်နှာအမူအရာမျိုး ပြုလုပ်ထားရ၏။
“ချီးတဲ့မှ …”
“တကယ့်ကို သံမဏိအရိုးဂိုဏ်း တပည့်ပဲ”
“တရားမျှတမှု ဆိုတာ ဘယ်မှာလဲ။”
လုချင်းချင်း တစ်ယောက် ကျွင်းချောင်ရှောင်း၏ ပခုံးကို နှိပ်ပေးနေတာမြင်တော့ ကျင့်ကြံသူများသည် အံ့အားသင့်ရုံတင်မဟုတ်ဘဲ မနာလိုတောင် ဖြစ်မိသွားကြသည်။
….
သုံးရက် ကြာမြင့်ပြီးနောက် ….
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲ စတင်ပါပြီ။
ကျွင်းချောင်ရှောင်းသည် ခုံတစ်လုံးပေါ်တွင် ထိုင်ပြီး ပွဲကျင်းပရာ တည်နေရာထဲ သွားလာနေကြသော လူငယ် ၊ လူရွယ် များအား ငြိမ်ငြိမ်သက်သက် ဖြင့် ကြည့်နေသည်။
လုချင်းချင်း “ဂိုဏ်းချုပ် .. ပခုံးနှိပ်ပေးရအုံးမလား။”
“ရတယ်။ မလိုဘူး။ မလိုဘူး”
ကျွင်းချောင်ရှောင်း အလောတကြီး ပြောလိုက်သည် “နောက်ထပ် နှစ်နှစ်လောက် အသက်ဆက်ရှင်ချင်သေးတယ်”
လူသစ်စုဆောင်းပွဲ အစနေ့ ဖြစ်သောကြောင့် ဂိုဏ်းများသည် အလွန်အလုပ်များနေကြသည်။ ထို့ကြောင့် သံမဏိ အရိုးဂိုဏ်းအား လှောင်ပြောင်ဖို့ အချိန်မရှိကြတော့ချေ။
ရက်အနည်းငယ်အတွင်း ကျွင်းချောင်ရှောင်းသည် များပြားလှသော ဂိုဏ်းတို့၏ အကြောင်းအား အတော်အသင့် သိရှိခဲ့ပြီဖြစ်သည်။ ဤပွဲအတွင်း အနီးအနားရွာ ၊ ပတ်ဝန်းကျင်မှ ပါရမီရှင် လူငယ်တို့သည် မိမိဝင်ရောက်မည့် ဂိုဏ်းအား လေ့လာကြမည် ဖြစ်သည်။
လူငယ်၊လူရွယ်များသည် ဂိုဏ်းအား စိတ်ကြိုက်ရွေးချယ်နိုင်သလို ၊ ဂိုဏ်းများဘက်မှလည်း မိမိတို့ လိုချင်သော အရည်အသွေးကို သတ်မှတ်ကြပြီ ဖြစ်၏။
အဆင့်မြင့်ဂိုဏ်းများဆီ ဝင်ရောက်ခွင့်ရရှိရန် လိုအပ်သောအရည်အချင်းကလည်း မသေးကွေးချေ။
“ဒီဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲမှာ အကျော်ကြားဆုံး လူငယ်က လီချင်းယန်ပဲ။ ချင်းယန်မြို့ လီမိသားစု ရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်တယ်။”
“အသက် ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ အဲကလေးက အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ရှိတယ်လို့ ကြားတယ်။ ဒီလိုပါရမီရှင်မျိုးကို ဂိုဏ်းထဲ ခေါ်နိုင်ရင် အကျိုးအမြတ် ရပြီပဲ”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်ကိုကြားတော့ အနားပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ပြီးနောက် တစ်ဖက်တစ်ချပ်ရှိ ဂိုဏ်းများဆီမှ ဂိုဏ်းသားတို့သည် သူ့အား အံ့အားတကြီးဖြင့် လှမ်းကြည့်လိုက်ကြ၏။
“ဝါး .. ဟားဟား…”
“လီချင်းယန်က ချင်းယန်မြို့ရဲ့ ရှားပါးတဲ့ ပါရမီရှင်ပဲ။ ဂိုဏ်းကြီးတွေတောင်မှ သူ့ကို လိုချင်တယ်။ ဒါကို သံမဏိအရိုးဂိုဏ်းက လိုချင်သေးတယ်လား။ ဒီကောင့် ဦးနှောက်က တစ်ခုခုတော့ မှားယွင်းနေပြီ”
“လူငယ်ဖြစ်ရတာ ကောင်းလိုက်တာ။ ဘာမှမစဉ်းစားဘဲ ပြောချင်တာ ပြောနိုင်တယ်။”
အားလုံးက ပြက်ရယ်ပြုနေကြသည်။
ကျွင်းချောင်ရှောင်း ဆွံ့အနေမိ၏။ သူ မမှတ်မထင် ပြောလိုက်သော စကားလုံးသည် တခြားသူတွေအတွက် ဤမျှ လှောင်ရယ်စရာ ဖြစ်ခဲ့သည်လား။ သူ့အပေါ် အဘယ့်ကြောင့် လူပေါင်းများစွာက အသားလွတ် မုန်းတီးနေရသနည်း။ လူမုန်းများခြင်းသည် သူ၏ သန္ဓေပါရမီပင် ဖြစ်နေလောက်သည်။
“ဂိုဏ်းချုပ် …”
လုချင်းချင်း တီးတိုးပြောလိုက်သည် “နေခင်းဘက်ကြီး အိမ်မက် မက်မနေနဲ့”
ထိုစကားသည် ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲသို့ ဓားထက်ထက်ဖြင့် ထိုးလိုက်သလိုပင်။ သူ ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည် “ငါ ဂိုဏ်းချုပ်တစ်ယောက်ရော ဟုတ်သေးရဲ့လား”