အခန်း (၁၁)
Vol. 1 Ch. 11
သူ့ကို ဒုက္ခရောက်စေချင်တာလား။ မဖြစ်နိုင်ဘူး။
ကျွင်းချောင်ရှောင်းသည် အရှေ့ဘက်သို့ ခရီးသွားခြင်း ဝတ္တုအား သေချာ မဖတ်ရှုခဲ့ဘူး ဆိုလျှင်တောင်မှ တီဗွီ စီးရီးကိုတော့ အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ဖူး၏။ ထို့ကြောင့် ထိုဇာတ်လမ်းက တရေးနိုးထမေးလျှင်ပင် အလုံးစုံ ပြောပြနိုင်သည်။
သူ စဉ်းတောင်မစဉ်းစားဘဲ ပြောလိုက်သည် “သူက သံမဏိအရိုးဂိုဏ်း ရဲ့ ပထမဆုံး ဂိုဏ်းခေါင်းဆောင်ပဲ ကောင်းကင် နဲ့ မြေပြင် ၊ နေနဲ့ လ ရဲ့ စွမ်းအင်တွေကို စုပ်ယူခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှာတော့ သူ နတ်ဘုရားကျောက်တုံးထဲကနေ ထွက်လာတယ်။”
တောင်ပြာဂိုဏ်းအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည် “လူသားတွေ ဆိုတာ အသွေးနဲ့ အသားနဲ့ ဖြစ်တည်လာတာ။ ဘယ်လိုလုပ်ပြီး ကျောက်တုံးထဲကနေ ထွက်လာတာလဲ။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့”
“အဘိုးကြီး”
ကျွင်းချောင်ရှောင်း နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည် “သက်ရှိတွေရဲ့ တိုးတက်ပြောင်းလဲလာမှု အကြောင်းကို ခင်ဗျား သေချာမသိပါဘူး။”
“မင်း .. မင်း …”
တောင်ပြာဂိုဏ်းအကြီးအကဲသည် ဒေါသထွက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားရသည်။
ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ခင်ဗျားမေးတာ အားလုံးဖြေပြီးပြီ။ မကျေနပ်သေးဘူး ထပ်ကြားချင်သေးတယ် ဆိုရင် ဆက်မေးလေ။”
တောင်ပြာဂိုဏ်းအကြီးအကဲ သည် မကျေနပ်သေးပေ။ ထို့ကြောင့် ဆက်မေးရန် ကြံရွယ်လိုက်၏။ သို့ပေမဲ လီချင်းယန် က အရင်ဆုံး ပြောလာသည် “သံမဏိအရိုးဂိုဏ်းက ဒီလောက် ရှည်လျားတဲ့သမိုင်းကြောင်း ရှိလိမ့်မယ်လို့ ကျွန်တော် မထင်မိခဲ့ဘူး။”
အားလုံး ငြိမ်သက်သွားကြသည်။
ဇာတ်လမ်းကို လီမိသားစုရဲ့ ပါရမီရှင် ယုံသွားတာလား။
“ဒါပေမဲ့ …”
လီချင်းယန် ခဏလောက် ရပ်တန့်ပြီး ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက အောင်မြင်ကျော်ကြားခဲ့ဖူးတယ်ဆိုရင် အခု ဘာလို့ ဒီလို ဖြစ်နေရတာလဲ။”
သံမဏိအရိုးဂိုဏ်းသည် အားကောင်းလှသော အခြေခံအား ပိုင်ဆိုင်သည် ဆိုလျှင် ယခု အဘယ့်ကြောင့် အဆင့်ကိုး ဂိုဏ်းတစ်ခု ဖြစ်နေရသနည်း။
“ဟင်း …”
ကျွင်းချောင်ရှောင်း သက်ပြင်းရှည်ကြီးချလိုက်သည် “ဒီကမ္ဘာကြီးမှာ မြဲခြင်းတရားဆိုတာ မရှိဘူး။ ဘယ်လောက် အားကောင်းတဲ့ ဂိုဏ်းဖြစ်ဖြစ် တစ်နေ့မှာ အားလျော့သွားရမှာပဲ။ ပျောက်ကွယ်သွားရမှာပဲ။ ငါတို့ သံမဏိအရိုးဂိုဏ်းကလည်း ဒီလိုပဲ။ လောကကြီးရဲ့ မမြဲခြင်းတရားကို အနိုင်မယူနိုင်ဘူးလေ။ ဒါကြောင့် အခုလို အခြေအနေ ဖြစ်သွားတာပဲ”
“သခင်လေးလီ ….”
ကျွင်းချောင်ရှောင်းသည် အဓိပ္ပာယ်ပါပါနှင့် ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ ဂိုဏ်းက ရှေးဟောင်းဂိုဏ်းတစ်ခုပဲ။ အခုချိန်မှာ အဆင့်ကိုး ဂိုဏ်းတစ်ခု ဖြစ်နေတယ် ဆိုရင်တောင်မှ အခြေခံ ကောင်းမွန်တယ်။ ဥပမာအားဖြင့် မင်းကို တိုက်လိုက်တဲ့ ဆေးကို ကြည့်လေ ။ ဒါက အကောင်းဆုံး သက်သေပဲ”
ဆေးလား။
အားလုံး ဆွံ့အသွားကြ၏။
လီချင်းယန်သည်လည်း ငြိမ်သက်သွားသည်။
အဲအချိန်တုန်းက သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိပြီး သတိလစ် မေ့မျောနေသည်။ သို့ပေမဲ့ သတိပြန်ရလာချိန်မှာ ဆေးတစ်လုံး သောက်ခဲ့ရကြောင်း ခပ်ဝါးဝါး မှတ်မိနေသေး၏။ သူ၏ ဒဏ်ရာများသည်လည်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ပေါက်ကရတွေ လျှောက်ပြောနေသည် ဆိုလျှင်တောင်မှ သူ သောက်ခဲ့သော ဆေးမှာမူ အမှန်တကယ် အစွမ်းထက်လှသည်။ သံမဏိအရိုးဂိုဏ်းသည် ရိုးရှင်းသည့် ဂိုဏ်းတစ်ခုတော့ မဟုတ်လောက်ပေ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ ဂိုဏ်းရဲ့ အရင်လို ဂုဏ်သိက္ခာမျိုးကို ပြန်ယူမယ်။ ဒီတော့ မင်းလို ပါရမီရှင် ရဲ့ အကူအညီ လိုအပ်တယ်။ ပြီးတော့ တခြားဂိုဏ်းတွေ ပေးနိုင်တဲ့ အရာ မှန်သမျှကို ငါပေးနိုင်တယ်။ မင်း သိုင်းအင်ပါယာတစ်ယောက် ဖြစ်ချင်တယ် ဆိုရင် သံမဏိအရိုးဂိုဏ်းကို ဝင်ပါ။”
သိုင်းအင်ပါယာ ဟုတ်လား။
ဒီအကောင် တကယ်ပဲ ဒီလိုစကားမျိုး ပြောရဲတယ်လား။
သိုင်းအင်ပါယာ။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံသော တည်ရှိမှု။
စွမ်းအင်ဖွင့်ခြင်း အဆင့်ငါးတွင်သာ ရှိနေသော သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်သည် လူတစ်ယောက်အား ထိုသို့သော အဆင့်ရောက်ရှိအောင် ပြုလုပ်ပေးမည်ဟု အာမခံလျက်ရှိသည်။ ထိုသူ၏ ပေါက်ပန်းလေးဆယ် ပြောသော စွမ်းရည်သည် သြချရလောက်၏။
“ကောင်းပြီ”
လီချင်းယန်သည် တည့်တည့်ပဲ ပြောလိုက်သည် “ကျွန်တော် သံမဏိအရိုးဂိုဏ်းကို ဝင်မယ်။”
ထိုစကားလုံးသည် လူသစ်စုဆောင်းခြင်း တည်နေရာတစ်ခုလုံးအား ငြိမ်သက်တိတ်ဆိတ်သွားစေသည်။ သိုင်းပညာရှင်များ အားလုံး၏ မျက်နှာများသည် အေးခဲသွားကြ၏။ သူတို့၏ ခန္ဓာကိုယ်သည် သစ်သားရုပ်ထု တစ်ခုလိုပင် ဖြစ်ကုန်ကြ၏။
“ဒင် …”
“သီးခြားတာဝန်အား ပြည့်စုံစေသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စုဆောင်းမှတ် ၅ မှတ် ရရှိသည်။”
“ဒင် …”
စုဆောင်းမှတ် - ၁၉ / ၁၀၀
စနစ်ဆီမှ အသံကို ကြားလိုက်ရတော့ ကျွင်းချောင်ရှောင်း အနည်းငယ် ဆွံ့အသွားမိသည်။ “ဒီလိုရတယ်လား။ ချင်းယန်မြို့ရဲ့ ပါရမီကို ဒီလိုပဲ အရူးလုပ်လို့ ရတယ်ပေါ့”
“ချင်းချင်း …”
ခဏလောက် ဆွံ့အပြီးနောက် ကျွင်းချောင်းသည် ချင်းချင်း အားအမိန့်ပေးလိုက်သည် “ဝင်ခွင့်စာရွက်တွေ ငါ့ဆီ ယူခဲ့”
ချင်းချင်းသည် စာရွက်စာတမ်းများအား စားပွဲပေါ် လာတင်ပေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် စားပွဲနောက်ရှိ ထိုင်ခုံတွင် ခပ်တည်တည် နှင့် ဝင်ထိုင်လိုက်ပြီး “နာမည် ….”
“လီချင်းယန်”
“လိင်”
“ကျား”
“အသက်”
“ဆယ့်ခြောက်နှစ်”
“ပင်ကိုယ်စွမ်းရည်”
“အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်”
“အဆင့် ..”
“စွမ်းအင်ဖွင့်ခြင်းအဆင့် တစ်ဆယ်”
ကျွင်းချောင်ရှောင်း ခုံပေါ်မှ ပြုတ်ကျမလို ဖြစ်သွားမိသည်။
ဂိုဏ်းချုပ်ဖြစ်သော သူသည်ပင် စွမ်းအင်ဖွင့်ခြင်း အဆင့်ငါးတွင်သာ ရှိသေးသည်။ သူ၏ ဒုတိယ တပည့်မှာတော့ စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ဆယ် သို့ပင် ရောက်လျက်ရှိ၏။
ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင် ပီသလှပေသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်ကောက်ထဲမှ ဂိုဏ်းချုပ်စည်း ကို ယူကာ ဝင်ခွင့်စာရွက်တွင် ထုနှက်လိုက်သည် “ဒီနေ့ကစပြီး မင်းက သံမဏိအရိုးဂိုဏ်းရဲ့ တပည့် ဖြစ်ပြီ”
လီချင်းယန်သည် လက်သီးဆုပ်ကာ လေးလေးစားစားဖြင့် ပြောလိုက်၏ “ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
“ဒင် …”
ဂိုဏ်းဝင် ၃ / ၁၀၀။
“ဒင် …”
စုဆောင်းမှတ် - ၂၀ / ၁၀၀။
ဂိုဏ်းဝင်တိုးတက်လာသည်နှင့် စုဆောင်းမှတ်လည်း တိုးလာသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း စိတ်ချမ်းသာသွားမိသည်။
……
အဆင့်ငါး ဂိုဏ်းတစ်ခုအား ငြင်းပယ်ခဲ့သော လီချင်းယန်သည် သံမဏိအရိုးဂိုဏ်းအား ရွေးချယ်လိမ့်မည်ဟု မည်သူမှ မထင်မိခဲ့ကြချေ။ ယခုတော့ ဝင်ခွင့်အသိအမှတ်ပြုခြင်း လုပ်ငန်းဆောင်တာများပင် မြန်မြန်ဆန်ဆန် ဖြင့် ပြီးစီးသွားခဲ့၏။
တော်ဝင်ဓားမော့ဂိုဏ်း၏ စီမံအုပ်ချုပ်သူသည် မြေပေါ်ထိုင်ချလိုက်ပြီး အရူးတစ်ယောက်လို ရေရွတ်နေမိသည် “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒါ အိမ်မက် မက်နေတာပဲ ဖြစ်ရမယ်”
ပျက်ဆီးတော့မလို ဖြစ်နေပြီး ဂိုဏ်းနာမည်သာ ကျန်တော့သည့် သံမဏိအရိုးဂိုဏ်းသည် ချင်းယန်မြို့၏ နံပါတ်စ် ပါရမီရှင်အား ဂိုဏ်းဝင်အဖြစ် ခေါ်ဆောင်နိုင်ခဲ့သည်။
ထိုသို့သော ကိစ္စသည် သူ့အတွက် လက်ခံဖို့ ခက်ခဲလှသည်။
ကျားဟိန်းသံဂိုဏ်းမှ တပည့်သည်လည်း ဆွံ့အနေမိ၏။
တိတိကျကျ ပြောရလျှင် လီချင်းယန် သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ပြီးနောက်တွင် လူသစ်စုဆောင်းပွဲ တည်နေရာ တစ်ခုလုံးရှိ လူအားလုံးသည် ဆွံ့အလျက်ရှိသည်။ သူတို့အနေဖြင့် အိမ်မက်ဆိုးတွေ မက်နေသည်ဟုပင် ခံစားနေရသည်။
“သခင်လေးလီ …”
တောင်ပြာဂိုဏ်းအကြီးအကဲက အလေးအနက် ပြောလိုက်သည် “မင်းဆီမှာ အဆင့်မြစ် စိတ်ဝိညာဉ်အမြစ် ရှိတယ်။ မင်းရဲ့ အနာဂတ်က အကန့်အသတ် မဲ့လွန်းတယ်။ ဒီလိုမျိုး စုတ်ပြတ်သပ်နေတဲ့ သံမဏိအရိုးဂိုဏ်းကို ဝင်တယ်ဆိုတာ ကိုယ့်ရဲ့ အနာဂတ်ကို ဖျက်ဆီးတာနဲ့ တူတူပဲ”
“အဘိုးကြီး …”
ကျွင်းချောင်ရှောင်းသည် အေးစက်စက် မျက်နှာပေးနှင့် ပြောလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက အဆင့်နိမ့်တယ် ဆိုပေမဲ့ ဒါက ခဏတာပဲ။ ဒီနေ့မှာကျုပ်ပြောလိုက်မယ်။ နောက် နှစ်အနည်းငယ်အတွင်း သံမဏိအရိုးဂိုဏ်းက ခင်ဗျားတို့ တောင်ပြာဂိုဏ်းကို ကျော်ဖြတ်သွားလိမ့်မယ်။”
သူ၏ အသံသည် လေးနက်ပြီး အားပါလှသည်။
တကယ်လည်း လေးလေးနက်နက် သူ ပြောမိခြင်းဖြစ်သည်။ ဂိုဏ်းခေါင်းဆောင် တစ်ယောက် အနေနှင့် သူ၏ ဂိုဏ်းအား လူများ အထင်သေး၊ ပြက်ရယ်ပြုကြသည်ကို သူ မုန်းတီးမိသည်။
သူ ပို၍ အားကောင်းလာရမည်။ ထိုသို့သော အချိန်ရောက်မှ အားလုံး၏ မျက်ခွက်များအား ဖြတ်ရိုက်မည်။
“ငါတို့ တောင်ပြာဂိုဏ်းကို ကျော်ဖြတ်မယ် ဟုတ်လား။”
တောင်ပြာဂိုဏ်းအကြီးအကဲသည် နှာခေါင်းရှုံ့လိုက်သည် “ကလေးလေး .. မင်း ပါးစပ်ကနေ လျှောက်ပြောတိုင်း တကယ်ဖြစ်လာမယ် ထင်နေတာလား”
ဤကိစ္စသည် လုံးဝမဖြစ်နိုင်သော ကိစ္စဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ထိုမျှယုံကြည်ချက် ရှိနေခြင်းသည် သူ့တွင် စနစ် ၊ စုဆောင်းမှတ် နှင့် ကုန်သွယ်စတိုး ရှိနေသောကြောင့် ဖြစ်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျင့်ကြံသူများသည် အချိန်၊ စိတ်ဝိညာဉ်စွမ်းအင်များအား စုဆောင်းပြီး ကျင့်ကြံရသည်။ သူကတော့ စုဆောင်းမှတ်များအား အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ပြုလုပ်နိုင်သည်။
“အဘိုးကြီး …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်း အားကောင်းလာပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လှုပ်ခါနိုင်မယ့်နေ့ကို စောင့်နေ”
တောင်ပြာဂိုဏ်းအကြီးအကဲသည် နှာခေါင်းရှုံ့လိုက်သည် “ကောင်းပြီ။ ကျုပ်စောင့်နေမယ်။”
ပြောပြီးသည့်နောက် သူ၏ အင်္ကျီလက်အား ယမ်းခါပြီး လှည့်ထွက်သွားလိုက်သည်။
အတော်ဆုံး ပါရမီရှင်သည် တခြားသူဆီ ပါသွားပြီဖြစ်သောကြောင့် သူ့အနေဖြင့် ဤနေရာတွင် ဆက်နေစရာ မလိုတော့ချေ။ ထို့ကြောင့် တပည့်များအား ခေါ်ပြီး တောင်ပြာဂိုဏ်း စခန်းချရာ နေရာဆီသို့ သွားရန် ပြင်လိုက်၏။
“အကြီးအကဲမာ …”
သို့ပေမဲ့ သူ ထွက်ခွာခါနီးမှာပဲ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် အပြေးတပိုင်းဖြင့် လှမ်းလာသည်ကို မြင်လိုက်ရသည် “ကျေးဇူးပြုပြီး စောင့်ပါအုံး”
“ဒါ လီမိသားစု ခေါင်းဆောင်ပဲ”
အားလုံးသည် လီချင်းယန်၏ ဖခင် လီမိသားစု ခေါင်းဆောင်အား သိရှိကြ၏။
လီမိသားစု ခေါင်းဆောင်သည် အစေခံ အနည်းငယ် ချံရံ၍ ရောက်ရှိလာပြီး ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည် “အကြီးအကဲမာ .. ကျုပ်သား ချင်းယန်က ငယ်ရွယ်ပြီး ဘယ်အရာက ကောင်းတယ် ဆိုတာကို မသိပါဘူး။ အကြီးအကဲရဲ့ ဖိတ်ခေါ်မှုကို ကျုပ် သားအစား လေးလေးနက်နက် လက်ခံပါရစေ”
“လီမိသားစု ခေါင်းဆောင်”
တောင်ပြာဂိုဏ်းအကြီးအကဲသည် အလိုမကျသလို ပြောလိုက်သည် “ခင်ဗျားသား က တခြားဂိုဏ်းထဲ ရောက်သွားပြီ”
“ဘာကြီး ….”
လီမိသားစု ခေါင်းဆောင်သည် ဆွံ့အသွားသည်။ သူသည် အဝေးတွင် ရှိနေသော လီချင်းယန်အား လှည့်ကြည့်လိုက်ပြီး ခက်ထန်စွာ ပြောလိုက်သည် “ခွေးကောင်လေ .. မင်းအဖေ ကို မစောင့်ဘဲ ဘာလို့ တစ်ယောက်တည်း ရောက်လာပြီး ကြိုက်သလို ဆုံးဖြတ်သွားရတာလဲ။”
သူ့သား ရပ်နေရာ ခေါင်းအထက်ရှိ ဂိုဏ်းအလံကို မော့ကြည့်မိတော့ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားမိသည် “မင်း ဘယ်ဂိုဏ်းကို ရွေးလိုက်တာလဲ”
လီချင်းယန်သည် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းပါ။”