← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

သူ၏ သားပါးစပ်မှ ထွက်လာသော သံမဏိအရိုးဂိုဏ်း ဆိုသည့်စကားလုံးကို ကြားတော့ လီခေါင်းဆောင်သည် မိုးကြိုးပစ်ခံရသောကြက်ပေါက်လေး တစ်ကောင်လို တည်နေရာတွင် တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။

လွန်ခဲ့သော နှစ်ဝက် …..

လီချင်းယန်တွင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ရှိသည် ဆိုသော အချက်ကို သိရှိပြီးနောက် သူသည် ဇမ္မူတလူ ဖြစ်ပြီဟု ထင်မှတ်ခဲ့သည်။ လီချင်းယန်၏ ပါရမီကြောင့် လီမိသားစုသည် ကုန်းမြေတိုက်ကြီးတွင် ကျော်ကြားသော မိသားစု တစ်ခု ဖြစ်လာမည်ဟု သူ စိတ်ကူးယဉ်ခဲ့မိသည်။

ထို့ကြောင့်ပင် လီချင်းယန် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်ကြောင်း သိရှိပြီးကတည်း က အကောင်းဆုံးသော အရင်းအမြစ်တို့ဖြင့် ထောက်ပံ့ပေးခဲ့သည်။ ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတွင် နာမည်ကြီး ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်နိုင်ရန် သူ အစွမ်းကုန် ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

သူ မသိလိုက်သော အချိန်တွင် လီချင်းယန်သည် အိမ်မှ ခိုးထွက်၍ လူသစ်စုဆောင်းပွဲသို့ တစ်ဦးတည်း သွားခဲ့သည်။ လီချင်းယန် တစ်ယောက် တောင်ပြာဂိုဏ်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကြောင်း သူ သတင်းရခဲ့သည်။ ထို့ကြောင့် သူ အပြေးတပိုင်းဖြင့် လိုက်လာခြင်း ဖြစ်သည်။

သို့ပေမဲ့ နောက်ဆုံးမှာတော့ မိမဆုံးမ၊ ဖမဆုံးမသားလေးသည် ဘာမှန်းပင် မသိသော သံမဏိအရိုးဂိုဏ်းသို့ ဝင်နှင့်ပြီး ဖြစ်လို့နေ၏။

လီမိသားစုသည် ချင်းယန်မြို့၏ နာမည်ကြီး မိသားစု တစ်ခု ဖြစ်သည်။ ထို့ကြောင့် အဆင့်ရှစ် ဂိုဏ်းတစ်ခုခု နှင့် နှိုင်းယှဉ်၍ ရအောင်ပင် အားကောင်းပြီး ဖြစ်သည်။ ယခု သူ့သား အဆင့်ကိုး ဂိုဏ်းတစ်ခုထဲ ဝင်ရောက်သွားသည်ကို သိရတော့ မည်သို့မှ လက်မခံနိုင်အောင် ဖြစ်မိနေသည်။

ခဏလောက် တွေဝေပြီးသည့်နောက် လီခေါင်းဆောင်သည် လေးလေးနက်နက် ပြောလိုက်၏ “ချင်းယန် .. အဖေ့ကို မနောက်နဲ့”

“အဖေ ….”

လီချင်းယန် ပြောလိုက်သည် “နောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော် အခု သံမဏိအရိုးဂိုဏ်း တပည့် ဖြစ်နေပြီ”

လီမိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ရင်သွားပြီး နောက်သို့ ခြေနှစ်လှမ်းပင် ဆုတ်လိုက်မိ၏။

“ခေါင်းဆောင် …”

အစေခံများသည် အလောတကြီးနှင့် ရှေ့တိုးကာ ခေါင်းဆောင်အား ဖေးမလိုက်ကြသည်။

လီမိသားစုခေါင်းဆောင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်း ထိန်းချုပ်လိုက်သည်။ ပြီးနောက် လီချင်းယန် အား လက်ညိုးထိုးပြီး တုန်ရင်နေသော အသံဖြင့် ပြောလိုက်၏ “ငါတို့ လီမိသားစု ဂုဏ်သိက္ခာက မင်းကြောင့် ပျက်ဆီးရပြီ”

သူ့သားသည် အဆင့်ငါး ဂိုဏ်းတစ်ခုအား ငြင်းပယ်၍ အဆင့်ခြောက် ဂိုဏ်းတစ်ခု ထဲ ဝင်လျင်ပင် သူ လက်ခံနိုင်သေးသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ခြင်းကိုတော့ မည်သို့မှလက်မခံပေ။ ထို့အပြင် သံမဏိအရိုးဂိုဏ်းသည် အဆင့်ကိုး ဂိုဏ်းတစ်ခုလည်း ဖြစ်လို့နေသည်။

သူ၏ သားသည် အနာဂတ်ပျောက်ဆုံးရုံတင်မကဘဲ လီမိသားစုသည်လည်း တလောကလုံး၏ လှောင်ပြောင်စရာ ဖြစ်လာတော့မည်။

စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြသူအားလုံးသည် စိတ်ထဲမှ ကြိတ်ကာ ရယ်နေကြမှာ သေချာ၏။

ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင်သည် ဦးနှောင်အဆံချောင်ပြီး ပေါက်ပန်းလေးဆယ် ရွေးချယ်မှုကို ပြုလုပ်သွားခဲ့သည်။

“သခင်လေး …”

လီမိသားစု အစေခံ တစ်ယောက်က မြန်မြန် ပြောလိုက်သည် “သခင်ကြီး စိတ်တိုအောင်မလုပ်ပါနဲ့။ အမှိုက်ဂိုဏ်းကနေ ထွက်လိုက်ပါ”

“ဂျွတ် …”

ကျွင်းချောင်ရှောင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ကလန်တစ်ခု၏ အစေခံသည်ပင် သူတို့ဂိုဏ်းအား အမှိုက်ဟု သုံးနှုန်းလျက်ရှိသည်။ ထိုအရာသည် စိတ်တိုစရာ ပင် မဟုတ်လော။

“အဖေ”

လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်သည် “လူတစ်ယောက်က ရိုးသားရမယ်။ သံမဏိအရိုးဂိုဏ်းကို ဝင်ပြီးပြီမို့ ကျွန်တော် ပြန်မထွက်တော့ဘူး”

“မင်း …”

လီမိသားစု ခေါင်းဆောင်သည် ဒေါသထွက်လွန်းသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရင်နေသည်။ သူသည် အံကြိတ်ကာ ပြောလိုက်သည် “သောက်သုံးမကျတဲ့သား ….”

တောင်ပြာဂိုဏ်းအကြီးအကဲသည် ဆက်လက်မကြည့်နိုင်တော့ဟန်ဖြင့် ဝင်ရောက် ဖြောင်းဖျလိုက်၏ “သခင်လေးလီ .. မိဘကို စိတ်ချမ်းသာအောင် ထားရတယ်။”

လီချင်းယန်၏ မျက်နှာပေါ်တွင် တွေဝေမှု အရိပ်အယောင်များ ဖြစ်ပေါ်လာတော့သည်။

ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်သည် “ငါ့ခြံထဲက ကြက်ကို မ ဖို့ ကြံနေတာပဲ”

ခဏလောက် စဉ်းစားပြီးသည့်နောက် လီချင်းယန်သည် လေးနက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် “အဖေ … ငယ်ငယ်ကတည်းက အဖေ လျှောက်ခိုင်းတဲ့ လမ်းအတိုင်းပဲ ကျွန်တော် လျှောက်ခဲ့တယ်။ ဒါပေမဲ့ အခု ကျွန်တော် အရွယ်ရောက်ပြီ။ ကိုယ်ပိုင်ဆုံးဖြတ်ချင်တယ်။”

လီမိသားစု ခေါင်းဆောင်သည် သံမဏိအရိုးဂိုဏ်းအလံအား လက်ညိုးညွှန်ပြီး ပြောလိုက်သည် “အဆင့်ကိုး ဂိုဏ်းတစ်ခုကို ဝင်တာ မင်းရဲ့ ရွေးချယ်မှုလား။”

“အမှန်ပါပဲ။”

လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည်။

လီမိသားစု ခေါင်းဆောင်သည် သွေးအန်လုမတတ် ဒေါသထွက်မိနေသည်။ တုန်ရင်နေသော လက်ဖြင့် သူ့ သား အား လက်ညိုးထိုးပြီး ပြောလိုက်သည် “မင်း သံမဏိအရိုးဂိုဏ်းကနေ အခုထွက်။ မဟုတ်ရင် ငါ မင်းအဖေ မဟုတ်တော့ဘူး”

“သခင်လေးလီ .. သံမဏိအရိုးဂိုဏ်းက အနာဂတ်ရှိတာ မဟုတ်ဘူး။ ထွက်လာသင့်တယ်။”

“ဒီမှာ နာမည်ကြီးဂိုဏ်းတွေ အများကြီးရှိတယ်။ အားလုံးက သံမဏိအရိုးဂိုဏ်းထက် သာတာကြီးပဲ။ ခေါင်းမာမနေနဲ့”

“လီမိသားစု ခေါင်းဆောင်က မငယ်တော့ဘူး။ ဒေါသကြောင့် တစ်စုံတစ်ခု ဖြစ်သွားရင် သားတစ်ယောက် အနေနဲ့ တသက်လုံး နောင်တ ရနေမယ်။”

“သခင်လေးလီ .. သေချာစဉ်းစားပါအုံး”

များပြားလှသော ပွဲကြည့်ပရိသတ်တို့သည် ဝိုင်းဝန်း ဖြောင်းဖျနေကြသည်။ သူတို့သည် ထိပ်တန်းပါရမီရှင် တစ်ယောက် စုတ်ပြတ်သပ်နေသော ဂိုဏ်းတွင် ဘဝဆုံးတော့မည်ကို ရပ်ကြည့်မနေနိုင်တော့ချေ။

“အမှိုက်ကောင်တွေ …” ကျွင်းချောင်ရှောင်း တီးတိုး ကျိန်ဆဲလိုက်မိသည်။

“လီမိသားစုခေါင်းဆောင် …”

သူ လက်သီးဆုပ်ပြီး ပြောလိုက်သည် “ခင်ဗျားသားက ကိုယ်ပိုင်ရွေးချယ်မှုကို လုပ်ခဲ့တာ။ အဖေ တစ်ယောက် အနေနဲ့ သားရဲ့ ဆန္ဒကို မတားဆီးဘဲဖြည့်စည်းပေးရမှာ မဟုတ်လား။ ပြီးတော့ သံမဏိအရိုးဂိုဏ်းဆိုတာ ခင်ဗျား ထင်သလို မဆိုးပါဘူး။ သခင်လေးလီ သာ ဂိုဏ်းထဲ ရောက်ရင် အနာဂတ်အောင်မြင်မှုကို ရရှိနိုင်မှာပဲ”

“အောင်မြင်မယ် ဟုတ်လား”

လီမိသားစု ခေါင်းဆောင်သည် ဒေါသကို မြိုသိပ်ရင်း အေးစက်စက် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က အဲလောက်ကြီး တော်တယ်လား”

ကျွင်းချောင်ရှောင်း သည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “သံမဏိ အရိုးဂိုဏ်းဆိုတာ ကျောက်တုံး တစ်တုံး မဟုတ်ဘူး။ မထွင်းရသေးတဲ့ ကျောက်စိမ်းတုံး တစ်တုံးပါ။”

“ဟားဟား ….”

“အမှိုက်ဂိုဏ်းခေါင်းဆောင်ကတော့ သူ့ဂိုဏ်းသူ ကျောက်စိမ်းဂိုဏ်းဆိုပဲ။ ဘယ်လောက် အရှက်မဲ့လဲ။”

“ဒီလို အပြောကောင်းတဲ့ လျှာမျိုး ရှိလို့လည်း တပည့်သစ်ရအောင် လှည့်စား နိုင်တာပေါ့”

တည်နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

လီမိသားစု ခေါင်းဆောင်သည် ဒေါသတကြီးနှင့် ပြောလိုက်၏ “မင်းရဲ့ စကားလုံး လှလှလေးတွေကြောင့် ငါ့သား ပါသွားတာနေမယ်။”

ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း ခေါင်းဆောင် တစ်ယောက် အနေနဲ့ ကျုပ် တပည့် ရွေးချယ်မှုကို မှန်မှန်ကန်ကန်ပဲ လုပ်တယ်။ လူတွေကို လိမ်ညာတဲ့ ကိစ္စကို ဘယ်တော့မှ မလုပ်ဘူး”

လီမိသားစု ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်သည် “မင်းရဲ့ ကျင့်ကြံခြင်းက ကျုပ်တို့ဆီက အစေခံလောက်တောင် မကောင်းဘူး။ ဘယ်လိုလုပ် ဂိုဏ်းခေါင်းဆောင် ဖြစ်ရတာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လီခေါင်းဆောင် .. ကျုပ်ရဲ့ ကျင့်ကြံခြင်းက မမြင့်မားရင်တောင်မှ သခင်လေးလီကို ထိပ်ဆုံးရောက်အောင် သင်ပြပေးနိုင်တယ်။”

“ချီးတဲ့မှ …”

“ဒီကောင် သောက်ကြွား”

“ငါ့အထင်အရ သခင်လေးလီကတောင် သံမဏိအရိုးဂိုဏ်းချုပ်ကို ပြန်သင်ပေးရမယ်။”

အားလုံး က ကျွင်းချောင်ရှောင်းအား ချီးကျူးသလို ကြည့်မိလိုက်ကြသည်။ မည်သို့ပင်ဆိုဆို ဤမျှအရေထူပြီး အရှက်မဲ့ခြင်းကတည်း ပါရမီတစ်ပါး ပင် မဟုတ်လော။

လီမိသားစု ခေါင်းဆောင်သည် ပိုပို၍ ဒေါသထွက်လာသည်။ သူသည် ကျွင်းချောင်ရှောင်းအား လက်ညိုးငေါက်ငေါက် ထိုး၍ ကျိန်ဆဲလိုက်ချင်သော်လည်း ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူကြီး ဖြစ်သောကြောင့် မနည်းစိတ်ထိန်းထားရ၏။

“ဂိုဏ်းချုပ်ကျွင်း …”

ထိုအချိန်မှာပဲ တောင်ပြာဂိုဏ်းခေါင်းဆောင် က ဝင်ပြောလာသည် “တပည့်တစ်ယောက်ကို ထိပ်ဆုံးရအောင် လုပ်ပေးဖို့ ဆိုရင် သိုင်းပညာမှာ သာမာန်ထက် ပိုတဲ့ နားလည်မှု ရှိရမယ် မဟုတ်လား။ ဒီလောက် ယုံကြည်မှု ရှိတယ်လား”

အဘိုးကြီးသည် သူ့အား စတင်၍ ထောင်ချောက်ဆင်နေပြီ ဖြစ်သည်။

သူသာ သိုင်းပညာနှင့် ပတ်သက်သော နားလည်မှု ရှိသည်ဟု ပြောလျှင် သူ့အား ခက်ခဲအောင် မေးခွန်းများ မေးပေတော့မည်။ မရှိဘူးဟု ဆိုလျှင် လီခေါင်းဆောင်သည် သူ့သားအား အတင်းဆွဲခေါ်သွားတော့မှာ ဖြစ်၏။

ဟင်း .. ရှုပ်ထွေးလိုက်တာ။

All Chapters