အခန်း (၁၄)
Vol. 2 Ch. 14
အသိအမြင် အဆောင်အား ချိုးလိုက်သော ကျွင်းချောင်ရှောင်းသည် ဓားသိုင်းအား သေချာပြလည်ကြည့်ရှုလိုက်သည်။ သူ နားမလည်ခဲ့သော သိုင်းကွက် နည်းစနစ် များအား နားလည်နေကြောင်း သိရှိလိုက်ချိန်မှာတော့ အလွန်အမင်း ဝမ်းမြောက်သွားခဲ့သည်။
ဓားသိုင်းစာအုပ်ဆီမှ စာလုံးများသည် အလင်းတန်းတစ်ခုလို ပြောင်းလဲပြီး သူ၏ သိစိတ်ပင်လယ်ထဲသို့ စီးဝင်လျှက် ရှိသည်။ ပြီးနောက် သူ့အစီအစဉ်နှင့်သူ ဦးနှောက်တွင်း၌ တိုးတက်ပြောင်းလဲလာတော့သည်။
“ရွှစ် ..”
ဓားသိုင်းစာအုပ်၏ ပထမဆုံစာမျက်နှာအား မှတ်သားပြီးသည့်နောက် ဒုတိယစာမျက်နှာအား လှန်လှောလိုက်သည်။ ပြီးနောက် တတိယ ၊ စတုတ္ထ …။
ဓားသိုင်းစာအုပ်အား အလျင်အမြန် လှန်လှောနေသော ကျွင်းချောင်ရှောင်းအား ကြည့်ရင်း ရှိရှိသမျှသော ကျင့်ကြံသူများသည် အံ့အားသင့်နေကြ၏။
ဓားသိုင်းသည် တခြားသော သိုင်းပညာများနှင့် မတူညီပေ။ အရင်ဆုံး သိုင်းကွက်အား ရင်းနှီးအောင် မှတ်သားရသည်။ ပြီးနောက် မန္တာန်များအား နားလည်ရသည်။ ယခု စာအုပ်များ လှန်နေပုံကို ကြည့်ရသည်မှာ သိုင်းကွက်ကိုပင် မှတ်မိလောက်မည့် အချိန်ကာလမျိုးမဟုတ်ပေ။
နားလည်ဖို့ ခက်ခဲလွန်းသောကြောင့် အရှုံးပေးလိုက်သည်လား။
“ဝှစ် …”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ကိုးလှိုင်းဓားသိုင်း၏ ပထမဆုံးသော သိုင်းကွက်ကို အလုံးစုံ နားလည်သွားခဲ့ပြီ ဖြစ်သည်။
“ချင်းချင်း…..”
သူ ဓားသိုင်းစာအုပ်အား ပိတ်လိုက်ပြီးပြောလိုက်၏ “ဓားပေး ….”
ကလန် …။
ဓားတစ်ချောင်းသည် ဓားအိမ်ထဲမှ ထွက်၍ ကျွင်းချောင်ရှောင်း၏ လက်တွင်းသို့ ကျရောက်သွားတော့သည်။ သူသည် လက်ကို အသာယမ်းခါလိုက်၏ ။
“ဝှစ် ….”
သုံးပေလောက် ရှည်သော ဓားသည် လေထဲတွင် ဖြတ်သန်းသွားပြီး သာမာန်မျက်စိဖြင့်ပင် မြင်နိုင်သော လေလှိုင်း တစ်ခု ဖြစ်တည်လာသည်။
ဓားလှုပ်ရှားစဉ်အတွင်း လေလှိုင်းများ ဖြစ်ပေါ်သည် ဆိုခြင်းမှာ ကိုးလှိုင်းဓားသိုင်း၏ ပထမဆုံးသော ဓားကွက် အား နားလည်သည် ဆိုသော အဓိပ္ပာယ်ပင် ဖြစ်တော့၏။
ဘယ်လို ဖြစ်နိုင်မှာလဲ။
ပြက်ရယ်ပြုရန် စောင့်မျှော်နေကြသည့် များပြားလှသော ကျင့်ကြံသူများ၏ မျက်နှာများသည် လေထဲရှိ လှိုင်းများကို မြင်တော့ အေးခဲသွားကြတော့သည်။
တောင်ပြာဂိုဏ်းအကြီးအကဲသည်လည်း ဆွံ့အသွား၏။
လေလှိုင်းလို အရာဖြစ်သည်လာခြင်းအား သူ စိတ်မဝင်စားပေ။သူ စိတ်ဝင်စားသည်မှာ ဓားသိုင်းအား နားလည်ရန် ကြာမြင့်ချိန်နှင့် ကျွမ်းကျင်စွာ ထုတ်ဖော်ရန် ကြာမြင့်ချိန်ပင် ဖြစ်သည်။
ဟုတ်ပေသည်။ ထိုအချိန်ကာလသည် တစ်မိနစ်လောက်သာ ကြာမြင့်ခဲ့၏။
တစ်မိနစ် ဆိုသော အချိန်ကာလသည် အိမ်သာသွားလျှင်ပင် ဘောင်းဘီချွတ်၍ ပြီးသေးမည့် အချိန်ကာလ မဟုတ်ပေ။ ထိုသိုသော အချိန်အတွင်း ကျွင်းချောင်ရှောင်းသည် ဓားသိုင်းအား နားလည်ခဲ့သည်။
သိုင်းဆရာ အဆင့် ထိပ်ဆုံး ဖြစ်သော သူသည်ပင် အဆင့်နိမ့်သိုင်းအား ကျင့်လျင် ထိုမျှ မြန်ဆန်မည် မဟုတ်ချေ။
အရင်တုန်းက ကျင့်ကြံဖူးပြီးသား ဖြစ်သည်က လွဲလျင်ပေါ့။
“ရွှစ် …”
ကျွင်းချောင်ရှောင်းသည် ခြေကို လှည့်၍ လက်ကို ပြန်ရုတ်ကာ ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။
“ဟုန်း …”
လေထဲတွင် ဒုတိယ လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပထမလှိုင်းနှင့် ချိတ်ဆက်သွား၏။ ဒုတိယ ဓားကွက် အား တတ်ကျွမ်းရန် တစ်မိနစ် နှင့် ငါးစက္ကန့်သာလျင် ကြာမြင့်ခဲ့၏။
ဤအချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသား နှင့် ဖြစ်နေကြပြီ ဖြစ်သည်။
ဟာသပဲ။
အမှိုက်ဂိုဏ်းခေါင်းဆောင်သည် အဘယ့်ကြောင့် အသက်ရှုရှိုက်စာ အနည်းငယ်အတွင်း ကိုးလှိုင်းဓားသိုင်း၏ ဒုတိယ သိုင်းကွက်အား တတ်ကျွမ်းသွားရသနည်း။
လီခေါင်းဆောင်၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သော အရိပ်အယောင်တွေ ထင်ပေါ်လာတော့သည်။
ဒုတိယ သိုင်းကွက်ကို နားလည်ရန် သူကိုယ်တိုင်သည်ပင် စုစုပေါင်း ငါးရက်လောက် အချိန်ယူခဲ့ရ၏။ ဂိုဏ်းချုပ်ကျွင်း မည်သို့ လုပ်လိုက်သနည်း။
ဒါမှမဟုတ် ကိုးလှိုင်းဓားသိုင်းအား အရင်ကတည်းက ကျင့်ကြံဖူးပြီးသားလား။ မတတ်သလို ဟန်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။
လီခေါင်းဆောင်သည်လည်း တောင်ပြာဂိုဏ်းအကြီးအကဲလို အတွေးတူညီနေ၏။
မည်သည့်သိုင်းပညာရှင် မဆို ထိုသို့ တွေးမိမှာ သေချာသည်။ ထို့အပြင် မိနစ် အနည်းငယ်အတွင်း မည်သို့သော သူက ကိုးလှိုင်းဓားသိုင်း ပထမ နှင့် ဒုတိယ သိုင်းကွက်အား အချိန်ခဏ အတွင်း တတ်ကျွမ်းနိုင်မည်နည်း။
မည်သို့ပင် ဆိုစေကာမူ အသိအမြင် အဆောင်၏ အကူအညီနှင့် အတူ ကျွင်းချောင်ရှောင်းသည် အမှန်တကယ် လုပ်နိုင်နေသည်။
“ရွှစ် …”
ဓားကို ထပ်မံ လှုပ်ရှားလိုက်တောာ့ တတိယမြောက် ချီလှိုင်းတစ်ခု ထပ်မံဖြစ်ပေါ်ပြီး အရင် ချီလှိုင်းများနှင့် သွားရောက် ချိတ်ဆက်တော့သည်။
လီချင်းယန်၏ မျက်လုံးများသည် တောက်ပသွား၏ “ဂိုဏ်းချုပ် ရဲ့ နားလည်နိုင်မှု စွမ်းရည်က ငါ့ထက် ဆယ်ဆလောက်သာတယ်။ ကြည့်ရတာ ငါ လူရွေးမှန်ခဲ့ပြီ”
လုချင်းချင်း သည်လည်း တွေးလိုက်မိသည် “ဂိုဏ်းချုပ် ရဲ့ စိတ်ဝိညာဉ်အမြစ် က ဒုတိယ ဂျုနီယာ မောင်လေး ထက် ပိုပြီး အဆင့်မြင့်တာ ဖြစ်မယ်။”
“ရွှစ် ..”
“ရွှစ် …”
ကျွင်းချောင်ရှောင်းသည် ဓားနည်းစနစ် များအား ပေါင်းထည့်ရင်း ကိုးလှိုင်းဓားသိုင်းအား နာမည်နှင့် လိုက်အောင် ချီလှိုင်းတွေ အဖြစ် တစ်ခုပြီး တစ်ခု ပုံဖော်လျက်ရှိ၏။
“ဝှစ် ….”
ကျွင်းချောင်ရှောင်းသည် ဓားကို လွှဲရမ်လိုက်သည် ။ ခုနှစ်ခုမြောက် ချီလှိုင်းသည် အားလုံး၏ မျက်စိရှေ့၌ ပေါ်လာတော့သည်။
ခုနှစ်ခုမြောက် တိုက်ကွက်ကို ထုတ်ဖော်ဖို့ သူသည် တစ်မိနစ် နှင့် သုံးဆယ် စက္ကန့်သာ အချိန်ယူခဲ့၏။
“ဟမ့်”
လီခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်သည် “ကိုးလှိုင်းဓားသိုင်းကို အရင်ကတည်းက ကျင့်ဖူးတာပဲ။ အရှက်မဲ့လိုက်တာ။ လိမ်ချက်”
ဤမျှ မြန်ဆန်အောင် ထုတ်ဖော်နေနိုင်သည်မှာ အစောကတည်းက လေ့ကျင့်ဖူးထားသောကြောင့်ပင် ဖြစ်ရမည်။ ထိုအရာမှာ သေချာလှသည်။
“ငါ သူ့ရဲ့ အရူးလုပ်တာကို ခံရတော့မလို့ပဲ”
“သရုပ်ဆောင် ကောင်းလိုက်တာ။”
“ဒီကောင် ဟန်ပြလုပ်နေတာပဲ”
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရှစ်ကွက်မြောက် ဓားကွက်ကို ထုတ်ဖော်ချိန်မှာတော့ အားလုံး၏ မျက်နှာပေါ်တွင် ချီးကျူးခြင်း အရိပ်အယောင်တွေ ထင်ပေါ်လာ၏။
အဆင့်ကိုး ဂိုဏ်းတစ်ခု ၏ ဂိုဏ်းချုပ်သည် သရုပ်ဆောင်ပညာတွင် ပထမတန်းစား လူတစ်ယောက် ဖြစ်နေ၏။
ဒီကောင် တကယ့်ကောင်းပဲ။
တောင်ပြာဂိုဏ်းအကြီးအကဲက အသာပြောလိုက်သည် “သူ ဘယ်လောက်ပဲ သရုပ်ဆောင်ဆောင် နဝမ ဓားကွက်ကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် အဖြစ်မှန် ပေါ်သွားမှာပဲ”
အားလုံး က ထိုစကားအား ထောက်ခံလိုက်မိသည်။
သရုပ်ဆောင်ရတာ နှစ်သက်တယ်မဟုတ်လား။ နဝမမြောက် ဓားကွက် ထိ သရုပ်ဆောင်စမ်း။
လီခေါင်းဆောင်သည် လက်နှစ်ဖက်အား နောက်ပစ်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဝှစ် …”
ရှစ်ကွက်မြောက်အား ထုတ်ဖော်ပြီးနောက်မှာတော့ ကျွင်းချောင်းရှောင်းသည် ဓားကို ပြန်ရုတ်ကာ မတ်မတ်ရပ်လျက် ရှိ၏။ သူသည် နောက်ဆုံး ဓားကွက်ကို ရှာဖွေရန် အတွေးနက်နေပုံပေါ်၏။
“ဆက်ပြီး သရုပ်မဆောင်တော့ဘူးလား။”
အားလုံးက ရယ်သွမ်းသွေးလိုက်ကြသည်။
အပြင်ကမ္ဘာရှိ ပြောဆိုနေသံများအား ကျွင်းချောင်ရှောင်း မကြားတော့ပေ။ သူသည် ဓားသိုင်းအား နားလည်ပြီးချိန်မှာတော့ ရုတ်တရက် ဉာဏ်အလင်းရသောအခြေအနေ တစ်ခု ဆီ ရောက်ရှိသွား၏။
သူ၏ ခန္ဓာကိုယ်ဆီမှ ထက်မြလှသော အရှိန်အဝါတွေ ထွက်ပေါ်လာသည်။
တောင်ပြာဂိုဏ်းအကြီးအကဲသည် ဆွံ့အသွား၏။
“ဒါ .. ဒါ …” လီချင်းယန် မျက်မှောင်ကုတ်သွားမိသည် “ဓားနယ်မြေ”
“ဘာလဲ”
များပြားလှသော ကျင့်ကြံသူများသည် ထိုစကားကို ကြားတော့ မျက်လုံးတွေ ပြူးထွက်ကုန်ကြ၏။
ဓားနယ်မြေ .. ထိုအရာကို ဓားဆန္ဒ နယ်မြေဟုလည်း ခေါ်ဆိုသည်။
ထိုအရာသည် ဓားနှင့် ပတ်သက်သော ဉာဏ်အလင်းပင် ဖြစ်တော့၏။ ဓားနယ်မြေ ဉာဏ်အလင်းရရှိခြင်း ဆိုသည်မှာ အလွန်တရာအကျိုးများသော ကိစ္စပင် ဖြစ်၏။
“ကောင်းကင်ဘုံ ….”
“ဒီကောင် ဘယ်လောက် ကံကောင်းလဲ။ ဓားနယ်မြေထဲတောင် ရောက်သွားတယ်လား။”
“ဒီလို အခွင့်အရေးမျိုးရဖို့ ကြိုးစားရင်း သေသွားတဲ့ ဓားသမားတွေ ဘယ်လောက်များလဲ။”
အဖြစ်အပျက်ကို ကြည့်ရှုရင်း တစ်ချို့သော ကျင့်ကြံသူများ၏ အသံသည် ကျယ်လောင်လာကြသည်။
တောင်ပြာဂိုဏ်းအကြီးအကဲသည် လေးလေးနက်နက် နှင့် ပြောလိုက်၏ “ဒီကောင်လေးက ဓားနယ်မြေထဲ ရောက်နေတာပဲ။ သူ့ကို အနှောက်အယှက် မဖြစ်စေနဲ့။”
များပြားလှသော ကျင့်ကြံသူများသည် ချက်ချင်းပဲ ပါးစပ် ပိတ်သွာကြသည်။
တောင်ပြာဂိုဏ်းအကြီးအကဲသည် အားလုံးအား ငြိမ်ငြိမ်သက်သက် နေရန် သတိပေးလိုက်သည်။ သူသည် လူဆိုးတစ်ယောက်မဟုတ်ပေ။
ကျွင်းချောင်ရှောင်း၏ ဂိုဏ်းကိစ္စတွင် ဝင်ရောက်ရှုပ်ခဲ့သည်မှာ လီချင်းယန်၏ ကျင့်ကြံခြင်းလမ်းစဉ်သည် သွေဖယ်ပြီး မအောင်မြင်သော ကျင့်ကြသူ တစ်ယောက် ဖြစ်သွားမည် ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် အား သူ နှမျောသည်။
တောင်ပြာဂိုဏ်းအကြီးအကဲ၏ သတိပေးသံကို ကြားတော့ အားလုံး ငြိမ်သက်သွားသည်။အားလုံး၏ နှလုံးသား ထဲတွင် မနာလိုမှုတွေနှင့် ပြည့်နှက်သွားကြ၏။
ထိုသို့သော အခွင့်အရေးမျိုးကို သူတို့လည်း တစ်ကြိမ်လောက် ကြုံဖူးချင်သည်။
ဝှစ် …။
ရပ်တန့်လျက်ရှိသော ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းတွေ ထွက်ပေါ်လာသည်။ သူ၏ ညာလက်သည် လေထဲတွင် လှုပ်ရှားသွားသည်။
“ဝှစ် .. ဝှစ် …”
ပထမတစ်ကွက် ၊ ဒုတိယ တစ်ကွက် … သိုင်းကွက် ရှစ်ကွက်လုံးကို ထုတ်ဖော်ပြီးသည့်နောက် သူသည် လေထဲတွင် ခုန်ပြီး ဓားနှင့် ခုတ်ပိုင်းလိုက်သည်။
ဝှစ် …။
လေထဲတွင် လှိုင်းရှစ်ခု ပေါ်လာသည်။ ပြီးနောက် ဓားအလင်းနှင့် ပေါင်းစပ်ပြီး လေ့ကျင့်ရေး တည်နေရာ အပြင်ဘက်ရှိ ကျောက်တုံးကြီးအား သွားရောက် ထိမှန်တော့၏။
ဘန်း ….။
ကျယ်လောင်လှသော ပေါက်ကွဲသံ နှင့် အတူ ပေါင် ထောင်ချီ လေးလံသော ကျောက်တုံးကြီးသည် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့သည်။
ဟား .…..။
ထိုအရာကို မြင်တော့ ရှိရှိသမျှသော ကျင့်ကြံသူများအားလုံး သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထအော်လိုက်မိ၏။