← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

သိုင်းလေ့ကျင့်ခြင်း ကွင်းပြင်၏ အပြင်ဘက်ရှိ ကျောက်တုံးကြီးသည် ကီလိုရမ် ထောင်ပေါင်းများစွာ လေးလံသည်။ ယခု ကျွင်းချောင်ရှောင်း၏ ဓားချက်ကြောင့် တစစီဖြစ်သွားသည်ကို မြင်တော့ အားလုံးသည် တုန်လှုပ်စွာဖြင့် အသက်ကိုပင် ရဲရဲမရှုရဲသလို ဖြစ်သွားကြရ၏။

စွမ်းအင်ဖွင့်ခြင်း အဆင့် ရှစ် ၊ ကိုး ဒါမှမဟုတ် သိုင်းတပည့် အဆင့် သို့ ရောက်ရှိနှင့်ပြီးသော ကျင့်ကြံသူများ ဆိုလျှင်ပင် ထိုသို့သော ကျောက်တုံးအား တစစီ ဖြစ်အောင် ပြုလုပ်ရန် မဖြစ်နိုင်ချေ။

ကျွင်းချောင်ရှောင်းသည် အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း အဆင့်၌သာ ရှိသေးသည်ကို အားလုံးသိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် ကီလိုဂရမ်ထောင်ချီ ကြီးမားလေးလံသော ကျောက်တုံးကြီးအား ခွဲလိုက်တော့ အံံ့အားသင့်သွားကြခြင်း ဖြစ်၏။

စွမ်းအင်ဖွင့်ခြင်းအဆင့်တွက် မရီဒန် ဖွင့်တိုင်း တစ်စုံတစ်ယောက်၏ အားအင်သည် တိုးတက်လာသည်။ သို့ပေမဲ့ အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ယောက် အနေနှင့် နတ်ဘုရားအားအင်နှင့် မွေးဖွာလာလျင်တောင်မှ ကီလိုဂရမ် နှစ်ထောင်ကျော်လေးသော ကျောက်တုံးအား ခွဲဖို့ မဖြစ်နိုင်ပေ။

ရွှစ် ….။

ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်သည် “လီခေါင်းဆောင် … ဒါ ကိုးလှိုင်းဓားသိုင်း ရဲ့ နဝမမြောက် ဓားကွက်မဟုတ်လား။ ကျုပ် ကျွမ်းကျင်သွားပြီ”

ကျင့်ကြံသူများအားလုံးသည် သူ၏ လက်ထဲရှိ ဓားအားကြည့်လိုက်ကြသည်။ ထူးခြားသော ဓားတစ်ချောင်းလည်း မဟုတ်ချေ။ အဆင့်မြင့် လက်နက်များသည် သိုင်းပညာရှင်များ၏ အားအင်ကို ပိုမိုတိုးတက်အောင် ပြုလုပ် ထောက်ပံ့ပေးနိုင်သည်။ ကျွင်းချောင်ရှောင်း၏ လက်နက်ကတော့ သာမာန်ပင် ဖြစ်၏။ ထိုသို့ဆိုလျှင် ….

“ဒါ တကယ်ပဲ နဝမမြောက် ဓားကွက် ဖြစ်နိုင်တယ်”

“နဝမမြောက်ဓားကွက်ကို ထုတ်ဖော်နိုင်ရင် သေမျိုးအဆင့် သိုင်းနည်းစနစ် တစ်ခု ထက် ဘယ်လိုမှ အားမနည်းတဲ့ အားအင်ကို ဖော်ထုတ်နိုင်တယ်တဲ့”

အားလုံးက ဆွေးနွေးနေတုန်းမှာပဲ ရင်ထဲမှာ အဖြေကို ရရှိနှင့်ပြီး ဖြစ်နေကြ၏။

စွမ်းအင်ဖွင့်ခြင်းအဆင့်ငါး တစ်ယောက် အနေဖြင့် သာမာန်လက်နက်ကို ကိုင်ဆောင်ပြီး ကီလိုဂရမ် နှစ်ထောင်ကျော် လေးလံသော ကျောက်တုံးအား ခွဲခဲ့သည်။ ထိုလုပ်ရပ်သည် သေမျိုးအဆင့် သိုင်းနည်းစနစ် နှင့်သာ ပြုလုပ်မှ ရမည့် အရာမျိး ဖြစ်သည်။

အားလုံးက စိတ်ဝင်စားမိလာကြသည်။

သတင်းတွေအရဆိုလျှင် မြို့တော်ဝန် တစ်ယောက်သာလျှင် နဝမမြောက် ဓားကွက်ကို နားလည်ခဲ့၏။ ယနေ့မှာတော့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင် သည်လည်း နဝမမြောက် ဓားကွက်ကို နားလည်သူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

လီခေါင်းဆောင်သည် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည် “ဘယ်လိုဖြစ်နိုင်မှာလဲ”

တောင်ပြာဂိုဏ်းအကြီးအကဲ၏ အကြည့်များသည်လည်းဝေခွဲမရသလို ဖြစ်နေသည်။ ခဏလောက်ကြာတော့ လက်သီးဆုပ်ကာ ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. အချိန်တိုအတွင်း နဝမမြောက် ဓားကွက်ကို ထုတ်ဖော်နိုင်တဲ့ အတွက် အံသြချီးကျူးမိပါတယ်။”

ထိုချီးကျူးမှုသည် နှလုံးအိမ်ထဲမှ လာခြင်းဖြစ်သည်။

“မြှောက်ပေးနေပြန်ပြီ”

ကျွင်းချောင်ရှောင်းသည် လုချင်းချင်းထံသို့ ဓားပြန် ပေးလိုက်သည် ။ပြီးနောက် လက်နှစ်ဖက်အား နောက်ပစ်ပြီး ဆရာကြီးတစ်ယောက်၏ ဟန်ပန်မျိုး ပြုမူထားလိုက်၏။

လီခေါင်းဆောင်သည် ခံစားချက်တွေ ရှုပ်ထွေးနေမိသည်။ ကိုးလှိုင်းဓားသိုင်းကို အသုံးပြု၍ သူ့သား ပြန်လည် ခေါ်ဆောင်နိုင်မည် ဟု တွက်ချက်ထားခဲ့မိသည်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ ဂိုဏ်းချုပ်ကျွင်းသည် နဝမမြောက် ဓားကွက်ကို နားလည်သွားခဲ့သည်။

“လီခေါင်းဆောင်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အခု နဝမမြောက် ဓားကွက်ကို ထုတ်ဖော်နိုင်ပြီ ဆိုတော့ ခင်ဗျားသားကို သံမဏိအရိုးဂိုဏ်းထဲ ခေါ်ထားလို့ရပြီ မဟုတ်လား။”

ခေါင်းဆောင်လီ တိတ်ဆိတ်သွားသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “စကားတည်မယ်လို့ ထင်ပါတယ်။”

လီခေါင်းဆောင်၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။

ထိုအချိန်မှာပဲ တောင်ပြာဂိုဏ်းအကြီးအကဲသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ဆီမှာသိုင်းပညာနဲ့ ပတ်သက်ပြီး အလွန်နက်နဲတဲ့ အသိပညာတွေ ရှိနေတာပဲ။ ကျုပ်ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်မိတယ်။ ကူညီနိုင်မလား”

“ကျေးဇူးပြုပြီး ပြောကြည့်ပါ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူသည် ကိုးလှိုင်းဓားသိုင်းအား နားလည်စေရန် နှစ်မိနစ်မျှသာ အသုံးပြုခဲ့ရသည်။ ထို့ကြောင့် အသိအမြင် အဆောင်၏ အချိန်ကာလသည် တော်တော်ကြာကြာ ကျန်ရစ်နေသေး၏။ သူနှင့် သူ့ဂိုဏ်းအတွက် ဂုဏ်သိက္ခာ တိုးတက်စေရန် လုပ်ဆောင်နိုင်သေးသည်။

တောင်ပြာဂိုဏ်းအကြီးအကဲ က ပြောလိုက်သည် “ဒီအဘိုးကြီးမာ က နှစ်အတော်ကြာ ကျင့်ကြံခြင်းနည်းစနစ် တစ်မျိုးကို ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့ စတုတ္ထအဆင့်မှာတော့ နားလည်မှု မရှိတော့တာကြောင့် မတိုးတက်ဘဲ ဖြစ်နေတာ ကြာခဲ့ပြီ။ ဂိုဏ်းချုပ်ကျွင်း အနည်းငယ်လောက် ထောက်ပြပေးနိုင်မယ်လို့ ထင်မိတယ်”

ရှိရှိသမျှသော ကျင့်ကြံသူတွေ အားလုံး တုန်လှုပ်သွားကြ၏။

အဆင့်ငါး ဂိုဏ်းတစ်ခု၏ အကြီးအကဲဖြစ်သော ဆရာကြီးမာသည် အဆင့်ကိုး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်အား လမ်းညွှန်ပြသပေးရန် အကူအညီ တောင်းလျက်ရှိသည်။

သူတို့ မျက်စိနှင့်သာ မမြင်ရင် ယုံကြည်မိမည့် ကိစ္စမျိုးမဟုတ်ပေ။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အကြီးအကဲမာသာ ကျင့်ကြံခြင်း နည်းစနစ်ကို ပြောပြမယ် ဆိုရင် ကျုပ် စမ်းကြည့်ပေးနိုင်တယ်”

တောင်ပြာဂိုဏ်းအကြီးအကဲသည် ပြုံး၍ လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်လျှက်ရှိသည်။

ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်သည် “အကြီးအကဲမာက လျှို့ဝှက်အသံပို့ နည်းစနစ်နဲ့ ဆက်သွယ်နေတာပဲ”

“သိုင်းဆရာ အဆင့်ကို ရောက်ပြီးပြီဆိုရင် လျှို့ဝှက်အသံပို့ နည်းစနစ်ကို အသုံးပြုနိုင်ကြတယ်။ ငါလည်း တစ်နေ့ အဲလို အဆင့်မျိုးရောက်နိုင်ဖို့ိ ကြိုစားရမယ်။”

ထိုစကားကို ကြားတော့ အားလုံးသည် မနာလိုသလိုပင် ခံစားမိလိုက်ကြ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းဆရာအဆင့်သို့ ရောက်ရှိသူတိုင်းသည် ထူးခြားသော အတတ်ပညာများအား တတ်ကျွမ်းကြသည်။ လျှို့ဝှက်အသံပို့လွှတ်ခြင်း ဆိုသည်မှာ ထိုထဲမှ အတတ်ပညာတစ်ခုသာ ဖြစ်တော့သည်။

ခဏလောက်ကြာတော့ …

ကျင့်ကြံခြင်းနည်းစနစ်၏ မန္တာန်ကို သင်ယူပြီးသည့်နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါ ပြဿနာကြီးတော့ မဟုတ်ပါဘူး”

တောင်ပြာဂိုဏ်းအကြီးအကဲသည် စိတ်ဓာတ်ပင်ကျသွားရသည်။

သူ ပြောခဲ့သော ကျင့်ကြံခြင်း နည်းးနစ်သည် သေမျိုးအဆင့် နည်းစနစ် ဖြစ်ပြီး ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ပြီးတာတောင်မှ အဆင့်လေး ရောက်အောင်သာ သူ ကျင့်ကြံနိုင်ခဲ့သည်။ သိုပေမဲ့ ထိုသို့သော ကျင့်ကြံခြင်း နည်းစနစ်အား တစ်ဖက်လူသည် ပြဿနာကြီး မဟုတ်ဟု ပြောဆိုနေလေ၏။

ကျွင်းချောင်ရှောင်းသည် မျက်လုံးမှိတ်ကာ မတ်မတ်ရပ်လျက်ရှိနေတုန်းပင် ဖြစ်သည်။ ကျင့်ကြံခြင်း နည်းစနစ် သည် သူ၏ ဦးနှောက်ထဲတွင် လှည့်ပတ်လျက်ရှိသည်။

“အကြီးအကဲမာ ….”

ခဏလောက်ကြာတော့ ကျွင်းချောင်ရှောင်းသည် အကြီးအကဲမာ၏ နားထဲသို့ တီးတိုးပြောဆိုလိုက်တော့သည်။

ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်း ဘာပြောသည် ဆိုသည်ကို မကြားနိုင်ကြသော်လည်း အကြီးအကဲမာ၏ မျက်နှာအမူအရာကိုတော့ ကောင်းကောင်း မြင်နေကြရ၏။ အကြီးအကဲမာသည် ပထမ ဆွံ့အသွားသည်။ ပြီးနောက် မျက်နှာတစ်ခုလုံး လင်းထိန်သွားကာ စိတ်အားတက်ကြွလာသည်ကို အားလုံးမြင်လိုက်ကြ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်အကြံပေးချင်တာက။ အခု ပြန်ပြီး တစ်လ၊ နှစ်လလောက် ကျင့်ကြံလိုက်ရင် အခုထက်ပိုတဲ့ အဆင့်တစ်ခုကို ရောက်သွားနိုင်မယ် ထင်တယ်”

အကြီးအကဲမာသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “ကျင့်ကြံခြင်း နည်းစနစ် ကို ဒီအဘိုးကြီး နှစ်ပေါင်းများစွာ နားမလည်နိုင်ခဲ့တာ။ ဒီနေ့မှာတော့ ဂိုဏ်းချုပ်ကျွင်းကြောင့် နားလည်ခဲ့ရပြီ”

လီခေါင်းဆောင် ဆွံ့အသွားသည်။

အဆင့်ကိုး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် တကယ်ပဲ အကြီးအကဲမာ၏ ကျင့်ကြံခြင်း ပြဿနာကို ဖြေရှင်းပေးခဲ့သည်လား။

ကျွင်းချောင်ရှောင်း တည်ငြိမ်စွာပဲပြောလိုက်သည် “အကြီးအကဲမာ စိတ်လောနေလို့ပါ။ တခြားသူတွေသာ ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါပဲ”

တောင်ပြာဂိုဏ်းအကြီးအကဲသည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ရဲ့ သိုင်းပညာတာအိုက နက်နဲလွန်းတယ်။ အဘိုးကြီးမာ ဆိုရင် တစ်သက်လုံး ဖြေရှင်းနိုင်မှာ မဟုတ်တာ သေချာပါတယ်”

အကြီးအကဲမာ ဆီမှ ထိုမျှသော ချီးကျူးစကားကို ကြားရချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အမှန်ပင် တော်သူ ဖြစ်ကြောင်း အားလုံး လက်ခံလိုက်ကြရသည်။

သိုင်းပညာအဆင့် မမြင့်မားသော်လည်း သိုင်းတာအိုအား နက်နက်နဲနဲ နားလည်နေသောသူ ဤလောကကြီးတွင် အမှန်တကယ် ရှိနေလေသည်လား။

ကျင့်ကြံသူများအားလုံးသည် ကြိတ်ကာ သုံးသပ်နေမိကြ၏။

“ဂိုဏ်းချုပ်ကျွင်း …. ”

တောင်ပြာဂိုဏ်းအကြီးအကဲမာ သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဒီအဘိုးကြီးမာ ကိစ္စတစ်ချို့ရှိလို့ ဂိုဏ်းကို ပြန်မှဖြစ်တော့မယ်။ အနာဂတ်မှာ ဆုံကြရင် ခင်ဗျားရဲ့ လမ်းညွှန်မှုကို ထပ်မံ တောင်းဆိုချင်ပါသေးတယ်။”

လမ်းညွှန်မှုကို ရရှိပြီးသည့်နောက် သူသည် ပြန်ပြီး တံခါးပိတ်ကျင့်ကြံဖို့ စိတ်အားထက်သန်လျက် ရှိသည်။ ကျင့်ကြံခြင်း နည်းစနစ်၏ အဆင့်ငါးကို တက်ရောက်ပြီးလျှင် သူသည် အဆင့်တက်နိုင်တော့မည် ဖြစ်သည်။

ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာ ပြောလိုက်သည် “ထပ်တွေ့ကြတာပေါ့”

တောင်ပြာဂိုဏ်းအကြီးအကဲသည် တစ်ချက်ကလေးမှ မဆိုင်းတော့ဘဲ တပည့်များနှင့် ထားရစ်ကာ အပြေးပြန်သွားတော့သည်။

အကြီးအကဲမာ ထွက်ခွာသွားသည်ကို ကြည့်ပြီးသည့်နောက် သက်လတ်ပိုင်း လူရွယ် တစ်ယောက်သည် မချိပြုံး ပြုံးကာ ပြောလာသည် “ဂိုဏ်းချုပ်ကျွင်း .. ကျုပ်ဆီမှာလည်း ပြဿနာလေး ရှိနေပါတယ်။ အကြံပေးနိုင်မယ်လို့ မျှော်လင့်မိတယ်”

“ရတာပေါ့။ ရတာပေါ့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါပေမဲ့ ငွေစ တစ်ရာအရင်ပေးရမယ်”

တောင်ပြာဂိုဏ်းသည် အဆင့်ငါး ဂိုဏ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အကြံပေးခြင်းဖြင့် အကြီးအကဲမာ အား မျက်နှာသာ ပေးခြင်းဖြစ်၏။ သို့ပေမဲ့ အဆင့်ရှစ် ၊ အဆင့်ကိုး ဂိုဏ်းများ အနေနှင့်တော့ သူ့ဆီမှ အကြံ လိုချင်လျှင် ပိုက်ဆံပေးရလိမ့်မည်။

“ဟုတ်တာပေ့ါ။ ဟုတ်တာပေါ့”

သက်လတ်ပိုင်းလူသည် ငွေစတစ်ရာ ငွေလွှဲစာချုပ် အား အမြန်ပေးလိုက်သည်။ အကြီးအကဲမာ၏ ပြဿနာကိုပင် ဖြေရှင်းပေးနိုင်ခဲ့သူ ဖြစ်သောကြောင့် ငွေစတစ်ရာ ပေးရသည် မှာ ထိုက်တန်သည်ဟု သူ ထင်သည်။

ကျွင်းချောင်ရှောင်း ငွေလွှဲစာချုပ်အား လှမ်းယူပြီး ပြောလိုက်၏ “ပြောပါ”

သက်လတ်ပိုင်းလူသည် တခြားသူများ ကြားသွားမည်ကို စိုးရိမ်သောကြောင့် မြန်မြန်ပဲရှေ့တိုးလာပြီး နား နားကပ်ကာ တီးတိုပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ သုံးသပ်ပြီး မှန်ကန်သည့် သုံးသပ်ချက်အား ပြောဆိုလိုက်၏။

“မှန်တာပဲ”

သက်လတ်ပိုင်းလူသည် သူ့နဖူးသူ လက်ဖြင့် အသာရိုက်ပြီး ပြောလိုက်သည် “ဘာလို့ ကျုပ် ဒါကို မသိခဲ့တာလဲ”

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ ဂိုဏ်းချုပ် ကျွင်း … ကျုပ် အရင်သွားလိုက်ပါအုံးမယ်။”

ထိုသူ အပြေးတပိုင်း ထွက်ခွာသွားသည်ကို မြင်တော့ မည်မျှ ဦးနှောက်မကောင်းသော ကျင့်ကြံသူဖြစ်ဖြစ် သံမဏိအရိုးဂိုဏ်းချုပ်သည် အမှန်ပင် ပါရမီရှင် ဖြစ်မှန်း သိရှိသွားကြတော့သည်

“ဂိုဏ်းချုပ်ကျွင်း … ကျုပ်ဆီမှာလည်း ပြဿနာလေး ရှိနေပါတယ်။ ကျေးဇူးပြုပြီး …”

“ငွေစ တစ်ရာ”

“ရတာပေါ့။ ရတာပေါ့”

ချောင်ဟု ခေါ်သော ကျင့်ကြံသူသည် ပိုက်ဆံကို မြန်မြန်ထုတ်ပေးလိုက်သည်။ ပြီးနောက် လမ်းညွှန်ချက် အား နားထောင်ပြီး မြန်မြန်ပဲ ပြန်လည် ထွက်ခွာသွား၏။

နောက်ဆုံးမှာတော့ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး နားမလည်နိုင်သော ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာတော့သည်။

ကျွင်းချောင်ရှောင်းသည် အကုန်လုံးအား မှတ်သားထားသူဖြစ်သည်။

လမ်းညွှန်မှုကို ခံယူချင်သည်လား။ သူ့အား မလှောင်ပြောင်ခဲ့သူ ဆိုလျှင် ငွေစ တစ်ရာ ကျသင့်မည် ဖြစ်ပြီး သူ့ အား လှောင်ပြောင်ခဲ့သူများကတော့ ငွေစ နှစ်ရာ ပေးရမည်။

All Chapters