အခန်း (၁၆)
Vol. 2 Ch. 16
မည်သည့် ကမ္ဘာတွင်မဆို ပိုက်ဆံ၏ အရေးပါမှုသည် ယုတ်လျော့မသွားချေ။
ကျင့်ကြံခြင်းနည်းစနစ် ၊ သိုင်းနည်းစနစ် ၊ လက်နက် မဆိုနှင့် နေ့စဉ်သုံး ပစ္စည်းများဖြစ်သော ဆီ၊ဆား၊ ငရုတ် ၊ ကြက်သွန်များကိုပင် ပိုက်ဆံဖြင့် ဝယ်ရသည်။
သံမဏိအရိုးဂိုဏ်းသည် ပိုက်ဆံ ရှိသည် မဟုတ်ချေ။ အရင်ခေါင်းဆောင် ဖြစ်သော ဂိုဏ်းချပ်ဝမ်ထောင်မှ လွတ်စေရန် အတွက် ရှိသမျှသော ပိုက်ဆံများအား အသုံးပြုခဲ့ရသည်။
နောက်ဆုံးမှာတော့ ….
လာဘ်ထိုးပြီး နောက်နေ့မှာပဲ ဂိုဏ်းချုပ်ဝမ်သည် ခေါင်းဖြတ်၍ အသတ်ခံခဲ့ရသည်။
ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသည် ကျပ်တည်းသော အခြေအနေကို ရင်ဆိုင်နေရ၏။ အခြေအနေကို မည်သို့မှ ဆက်လက်သည်းမခံနိုင်တော့သောကြောင့် ကျွင်းချောင်ရှောင်းနှင့် အတူ နောက်ဆုံးကျန်ခဲ့သော တပည့်နှစ်ယောက်သည် နောက်ဆုံးသော ညစာအား စားသောက်ပြီးနောက် ဂိုဏ်းကို စွန့်ခွာ၍ ကိုယ့်အိမ်သို့ ကိုယ်ပြန်သွားခဲ့ကြသည်။
ကျွင်းချောင်ရှောင်း တစ်ယောက်တည်းသည်သာ တစ်နေ့ သုံးနပ် အစား ရေနှင့် ပေါက်စီများကိုသာ စားသောက်၍ အသက်ရှင်နေထိုင်ခဲ့ရသည်။
လုချင်းချင်း ဂိုဏ်းသို့လာရောက်စဉ်က သူစားသောက်နေသော ခေါက်ဆွဲသည် ရွယထဲမှ အဒေါ်ဝမ် ပေးလိုက်သော ခေါက်ဆွဲဖြစ်၏။
ထို့ကြောင့် သံမဏိ အရိုးဂိုဏ်း အနေဖြင့် တိုးတက်လာချင်သည် ဆိုလျှင် ပိုက်ဆံရှာရန် လိုအပ်သည်။
ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် အသိအမြင်အဆောင်၏ အချိန်ကာလ မကုန်ဆုံးသေးသရွေ့ ပိုက်ဆံ ရှာနေခြင်း ဖြစ်သည်။
အရင်တုန်းက သူ့အား မလှောင်ပြောင်ခဲ့သူများ လမ်းညွှန်ချက် လိုအပ်လျှင် …
ငွေစ တစ်ရာ။
သူ့အား လှောင်ပြောင်ခဲ့သူများ လမ်းညွှန်ချက် လိုအပ်လျှင် …
ငွေစ နှစ်ရာ ကျသင့်လိ့မ်မည်။
စီးပွားရေး လုပ်နေခြင်း ဖြစ်သောကြောင့် ဈေးဆစ်ခြင်းအား လက်မခံပေ။
သို့ပေမဲ့ ကိုးလှိုင်းဓားသိုင်း၏ နဝမမြောက် ဓားကွက်အား နားလည်ခဲ့သူ ဖြစ်ပြီး တောင်ပြာဂိုဏ်းအကြီးအကဲ ကိုပင် မှန်ကန်အောင် လမ်းညွှန်ပေးနိုင်ခဲ့သူ ဖြစ်သောကြောင့် ကျင့်ကြံသူများသည် လမ်းညွှန်ချက် အတွက် ငွေသံုံးရန် မတွန့်ဆုတ်ကြပေ။
မိနစ်သုံးဆယ်အတွင်း ကျွင်းချောင်ရှောင်းသည် သိုင်းပညာရှင် နှစ်ဆယ်ကျော်အား လမ်းညွှန်ပေးခဲ့ပြီး ဖြစ်သည့် အပြင် ငွေစ သုံးထောင်ကျော်လည်း ရှာဖွေခဲ့ပြီး ဖြစ်၏။
သူ၏ သိုလှောက်လက်စွပ် အတွင်းရှိ တိုးတက်လာသော ငွေလွှဲစာချုပ် များအား ကြည့်ရင်း ပျော်ရွှင်စွာ တွေလိုက်မိသည်။ “ငါ ဆေးမရောင်းရရင်တောင်မှ ဒီပစ္စည်းကို အသုံးပြုပြီး ပိုက်ဆံ ရှာလို့ရသေးတာပဲ”
“ဂိုဏ်းချုပ်ကျွင်း ….”
သိုင်းပညာရှင် တစ်ယောက်အား လမ်းညွှန်ချက် ပေးပြီးပြီးချင်းမှာပဲ လီမိသားစု ခေါင်းဆောင် သည် ရောက်လာပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသည် “ကျုပ် ဆီမှာလည်း ပြဿနာတစ်ခု ရှိတယ်။ လမ်းညွှန်ပေးနိုင်မလား။”
ကိုးလှိုင်းဓားသိုင်းသည် ကျွင်းချောင်ရှောင်းအား ခက်ခဲစေရန် တမင် ပေးခဲ့သော ဓားသိုင်းဖြစ်သည်။
ယခု များပြားလှသော ကျင့်ကြံသူများ လမ်းညွှန်ချက်အား ရယူပြီး ပျော်ရွှင်စွာ ထွက်ခွာသွားသည်ကို မြင်တော့ သူ နှစ်ပေါင်းများစွာ ကြုံနေရသော ပြဿနာအား ဖြေရှင်းချင်စိတ် ဖြစ်ပေါ်လာသည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငွေစ တစ်ထောင်”
“ဘာကြီး”
လီခေါင်းဆောင် ယိုင်ခနဲတောင် ဖြစ်သွားမိသည်။ သူ တုန်လှုပ်စွာဖြင့် မေးလိုက်မိ၏ “ငွေစ တစ်ထောင် တောင်လား”
ကျွင်းချောင်ရှောင်း ခပ်တည်တည် ဖြင့် ပြောလိုက်၏ “ဟုတ်တယ်။ တစ်ထောင်ပါ”
“……….”
ဘေးတွင်ရှိနေသော ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားကြသည်။
ဂိုဏ်းချုပ်ကျွင်းသည် လီခေါင်းဆောင်အား တမင်ခက်ခဲအောင် ပြုလုပ်နေခြင်း ဖြစ်ပုံပေါ်သည်။ လီချင်းယန်အား သံမဏိအရိုးဂိုဏ်းအတွင်းသို့ မဝင်ရောက်စေရန် လီခေါင်းဆောင်သည် ကြိုးစားပမ်းစားဖြင့် တားဆီးခဲ့လေ၏။
“ဂိုဏ်းချုပ်ကျွင်း …”
လီခေါင်းဆောင်သည် သွေးအန်တော့မလို ဖြစ်နေ၏ “တခြားသူတွေကျတော့ ငွေစ နှစ်ရာထက် မပိုဘူး။ ကျုပ်ကျတော့ ဘာလို့ တစ်ထောင်တောင်လဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လီခေါင်းဆောင် ဝတ်ပုံစားပုံကို ကြည့်ရတာ ပိုက်ဆံမရှိတဲ့ပုံ မပေါ်လို့လေ”
ထိုစကားကိုကြားတော့ လီခေါင်းဆောင်သည် ဒေါသထွက်လွန်းသောကြောင့် မေ့မျောလု မတတ်ပင် ဖြစ်သွားမိ၏။
ကျုပ်ဆီမှာ ပိုက်ဆံရှိတယ်။ ဟုတ်တယ်။ ဒါပေမဲ့ ပိုက်ဆံ ဆိုတာ တွင်းထဲကနေ နှိုက်ထုတ်လို့ရတာ မဟုတ်ဘူး။
“ဂိုဏ်းချုပ် ကျွင်း ….”
လီခေါင်းဆောင် လေးလေးနက်နက် ပြောလိုက်သည် “ကျုပ်ကို အရူးလုပ်နေတာလား”
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်၏ “နားလည်သလို အဓိပ္ပာယ် ကောက်လို့ရပါတယ်”
“မင်း …..”
လီခေါင်းဆောင်သည် ဒေါသူပုန် ထမိနေသည်။
သူ မေးကို မေးရမည် ဆိုသော အချက်ကို ပြန်စဉ်းစားမိတော့ ထွက်ပေါ်လာသော ဒေါသတရားတို့အား အတင်း ဖိနှိပ်ထားလိုက်သည်။
“ဂိုဏ်းချုပ် ”
လီချင်းယန်သည် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည် “ကျွန်တော်က ဂိုဏ်းသား တစ်ယောက်ဖြစ်တာမို့ အဖေ့ကို လျော့ဈေးပေးပါလို့ တောင်းဆိုချင်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့အား ပွတ်သပ်၍ သေချာ စဉ်းစားလိုက်သည်။ ပြီးနောက် ပြောလိုက်၏ “ကောင်းပြီ။ ငါ့ တပည့်ရဲ့ အဖေ ဆိုတော့ ငွေတစ်စ လျော့ပေးလိုက်မယ်။”
အနားမှာ ရှိသော ကျင့်ကြံသူများအားလုံးသည် မြေပေါ် လဲကျတော့မလိုပင် ဖြစ်သွားရသည်။
ငွေတစ်ထောင်ကို တစ်စ လျော့ပေးနေ၏။ သောက်ကျိုးနည်းလှချေသည်တကား။
………..
လီချင်းယန် မျက်နှာ ရှိသည်မို့ ကျွင်းချောင်ရှောင်းသည် လီခေါင်းဆောင်အား ငွေတစ်စ လျော့ဈေးပေးကာ ကျင့်ကြံခြင်း ပြဿနာအား ဖြေရှင်းပေးလိုက်တော့သည်။
“ဒီလိုကိုး .. ဒီလိုကိုး”
လမ်းညွှန်မှုအား လက်ခံရယူပြီးနောက် လီခေါင်းဆောင်သည် ဉာဏ်အလင်းရရှိသွားတော့၏။
နဝမမြောက် ဓားကွက်အား ထုတ်ဖော်ပြသနိုင်ခဲ့သည်တောင်မှ သူသည် ကျွင်းချောင်ရှောင်းအား အလုံးစုံ မယုံခဲ့ပေ။ သို့ပေမဲ့ ယခု သူ၏ ကျင့်ကြံခြင်း ပြဿနာအား ဖြေရှင်းပေးနိုင်ကြောင်း သိလိုက်တော့ သူသည် ကျွင်းချောင်ရှောင်းအား အကြွင်းမဲ့ ယုံကြည်သွားတော့သည်။
သူ၏ သားသည် သံမဏိအရိုးဂိုဏ်းဝင် ဖြစ်နေပြီ ဖြစ်၏။ ဂိုဏ်းချုပ်ကျွင်း၏ လမ်းညွှန်ပြသမှုအောက်တွက် ကျိန်းသေပေါက် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိမှာသေချာ၏။
ခေါင်းဆောင်လီတင် သာမက ကျွင်းချောင်ရှောင်းထံမှ လမ်းညွှန်ချက်အား ရရှိခဲ့သူ မည်သူမဆိုသည် ကျွင်းချောင်ရှောင်း အား အထင်မသေးရဲတော့ချေ။
ကျွင်းချောင်ရှောင်းအနေဖြင့် အသိအမြင် အဆောင် ကျေးဇူးဖြင့် ငွေတော်တော်များများ ရှာနိုင်ခဲ့သည့်အပြင် အားလုံး၏ ချီးကျူးမှုကိုလည်း ရရှိခဲ့သည်။ ခဲတလုံး ဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ခဲ့သည်ဟု ဆိုရမည်။
မဟုတ်သေး။
ခဲတလုံးဖြင့် ငှက်သုံးကောင် ပစ်သည်ဟု ပြောမှရမည်။
အဘယ့်ကြောင့် ဆိုသော် တခြားသော သူများ၏ ကျင့်ကြံခြင်း နည်းစနစ် ပြဿနာများအား ဖြေရှင်းပေးရင်း သူသည်လည်း ထိုနည်းစနစ် များအား ကျွမ်းကျွမ်းကျင်ကျင်ဖြင့် နားလည်သွားသောကြောင့် ဖြစ်သည်။
ထိုကျင့်ကြံခြင်းနည်းစနစ်များသည် မမြင့်မားလှသော်လည်း ဓားနည်းစနစ် ၊ လက်သီးနည်းစနစ်၊ နှလုံးသားကျင့်စဉ် ၊ လက်ဝါးနည်းစနစ် စသဖြင့် အမျိုးအစား စုံလှသည်။ ပိုက်ဆံဖြင့်သာ ပေးဝယ်မည် ဆိုပါက အနည်းဆုံး ငွေစ ထောင်ကျော် ကျသင့်ပေလိမ့်မည်။
အမှန်တကယ်ပင် အမြတ်ရခဲ့သည်ဟု ဆိုရမည်။
“အားလုံးပဲ …..”
တော်တော်များများ၏ ကျင့်ကြံခြင်း ပြဿနာများအား အဖြေရှာပေးပြီးနောက် ကျွင်းချောင်ရှောင်း၏ ပုံသဏ္ဍာန်သည် ပင်ပန်းနွမ်းနယ်နေပုံပေါ်သည် “ကျုပ် မောပြီ။ ဒီမှာ နားကြတာပေါ့”
“ဆရာကျွင်း .. မလုပ်ပါနဲ့”
တန်းစီးနေသော်လည်း အလှည့်မရောက်သေးသော ကျင့်ကြံသူများသည် မျက်နှာပျက်သွားကြ၏။
ကျင့်ကြံသူတစ်ယောက်သည် ငွေလွှဲစာချုပ်လေးရွက်အား ထုတ်ယူပြီး ပြောလိုက်သည် “ဆရာကျွင်း … ကျုပ် ငွေလေးရာကို ပေးချင်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “ဒီကလူတွေကို ကူညီပေးရတာ ကျုပ် အားတော်တော် ကုန်သွားတယ်။ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်တောင်နားရမယ် ထင်တယ်”
သူ ပိုက်ဆံ ဆက်၍ ရှာချင်သေးသည်။ သို့ပေမဲ့ အဆောင်၏ အချိန်ကာလ မှာ နောက်ဆုံးတစ်ယောက်အား ညွှန်ပြ ပေးပြီးသည့်နောက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် နောက်ထပ် အဆောင်တစ်ခု အား ထပ်မံ အသုံးပြုရန် စဉ်းစားလိုက်သော်လည်း ကုန်သွယ်စတိုးထဲ ဝင်ကြည့်လိုက်ချိန်မှတော့ အသိအမြင် အဆောင် နေရာတွင် အမဲရောင် အကွက်တစ်ခုကိုသာ မြင်လိုက်ရသည်။ ထိုအရာသည် တစ်လလျှင် တစ်ခုသာ ဝယ်ယူ၍ ရနိုင်သော အရာ ဖြစ်လို့နေ၏။
သေစမ်း.။
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် အကန့်အသတ် ရှိသလို အဆောင်သည်လည်း အကန့်အသတ် ရှိနေသည်။
ငါ ပျော်ပျော်ကြီး ပိုက်ဆံရှာနေလို့ မရဘူးလား။
အသိအမြင်အဆောင်၏ အစွမ်းမရှိလျှင် ကျွင်းချောင်ရှောင်းသည် ဘာမှ တတ်သူမဟုတ်ချေ။ ထို့ကြောင့် သူ အလွန်အမင်း မောပန်းသွားသလို သရုပ်ဆောင်လိုက်၏။
“ဟင်း ….”
များပြားလှသော ကျင့်ကြံသူများသည် ကိုယ့်နေရာကိုယ် ပြန်သွားကြပြီး ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲကို ဆက်လက် ကျင်းပကြတော့သည်။
“ချင်းယန်”
လီခေါင်းဆောင် ပြောလိုက်၏ “ဆရာကျွင်းနောက်လိုက်ပြီး သေချာကျင့်ကြံ။ မင်းအဖေကို စိတ်မပျက်စေရအောင် ကြိုးစားပါ”
“ဟုတ်”
လီချင်းယန် ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင်လီသည် ကျွင်းချောင်ရှောင်းအား နှုတ်ဆက်ပြီး သူ၏ စံအိမ်ရှိရာသို့ အလျှင်အမြန် ပြန်တော့သည်။ သူ ရရှိခဲ့သော ဉာဏ်အလင်းများအား အသုံးပြု၍ တံခါးပိတ် ကျင့်ကြံဖို့ ပြေးသွားခြင်းပင် ဖြစ်တော့၏။
……….
“အဖေ ….. သား သံမဏိအရိုးဂိုဏ်းကို ဝင်ချင်တယ်။”
“အဖေ၊ အမေ … သား တွေးထားပြီးပြီ။ သံမဏိအရိုးဂိုဏ်းကို ဝင်တော့မယ်။”
“သမီး .. ဘာကိုစောင့်နေတာလဲ။ သွားပြီး သံမဏိအရိုးဂိုဏ်းမှာ စာရင်းပေးတော့လေ”
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲ ပြန်စတော့ တခြားသော ဂိုဏ်းများဆီ ဝင်ရောက်ရန် စဉ်းစားခဲ့ကြသော လူငယ်များသည် သံမဏိအရိုးဂိုဏ်း ရှေ့သို့ ရောက်လာကြတော့သည်။ ပြီးနောက် အလုအယက်ဖြင့် စာရင်းပေးကြတော့၏။
လီချင်းယန် သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်သွားချိန်မှာ သူတို့တွေ စိတ်လှုပ်ရှားခဲ့ကြသည်။ ကျွင်းချောင်ရှောင်း သည် တောင်ပြာဂိုဏ်းအကြီးအကဲ နှင့် တခြားသော ဂိုဏ်းမှ စီနီယာများအား လမ်းညွှန်ပေးခဲ့သည်ကို မြင်ချိန်မှာတော့ သူတို့အားလုံး၏ ဆုံးဖြတ်ချက်များသည် ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
တခြားသော ဂိုဏ်းများ၏ ရှေ့တွင် လူသူဟူ၍ တစ်ယောက်မှ မရှိတော့ဘဲ သံမဏိ အရိုးဂိုဏ်းရှေ့တွင်တော့ ပျားပန်းခတ်မျှ စည်ကားလျက် ရှိသည်။
“မတွန်းနဲ့။ မတွန်းနဲ့။”
ကျွင်းချောင်ရှောင်း အော်လိုက်သည် “တစ်ယောက်ပြီး တစ်ယောက်လာကြပါ”
“ချင်းယန်”
“အဲမှာ ရပ်မနေနဲ့။ လာပြီး ကူညီလေ”
များပြားလှသော လူငယ်၊ လူရွယ်တွေ တန်းစီနေသောကြောင့် ကျွင်းချောင်ရှောင်းသည် အလျှင်အမြန်ပဲ စာရင်းသွင်းမှုကို ပြုလုပ်နေရသည်။
မဖြစ်သေးဘူး။
လူတွေ များလွန်းသည် ဆိုတော့ သူ့အနေဖြင့် အကောင်းဆုံးကို ရွေးချယ်ရမည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား ဖြည့်ခိုင်းပြီး ပင်ကိုယ် သန္ဓေစွမ်းရည် နှင့် ကျင့်ကြံခြင်း ပေါ် မူတည်ပြီး လက်ခံရန် စဉ်းစားလိုက်သည်။
စနစ် မှ ပေးအပ်သော တာဝန်သည် သံမဏိအရိုးဂိုဏ်းအား ပြိုင်စံရှားဂိုဏ်းဖြစ်လာစေရန် ဖြစ်၏။
ပြိုင်စံရှားဖြစ်စေရန် ဘာလိုအပ်သနည်း။ အလွန်အမင်း အားကောင်းရန် ပင်။ ထိုသို့ အားကောင်းရန် ထူးချွန်သော ဂိုဏ်းသားများ လိုအပ်သည်။ လူများပြီး ပွဲမစည်ပါက အလကားပင် ဖြစ်မည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လက်ရွေးစင် ဂိုဏ်းသားများအား ရွေးချယ်ရန် စဉ်းစားလိုက်ခြင်း ဖြစ်တော့သည်။
ဂိုဏ်းသို့ ဝင်ရောက်ချင်သူများ အနေဖြင့် ပထမဆုံး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကိုပိုင်ဆိုင် ရန် လိုအပ်ပြီး အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ရှိလျှင် ပို၍ သင့်တော်သည်။
သို့ပေမဲ့ စာရင်းသွင်းသူများအား စစ်ဆေးကြည့်လိုက်ချိန်မှာတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် အား ပိုင်ဆိုင်သူ မှာ တစ်ရာတွင် ဆယ်ယောက်လောက်သာ ရှိပြီး တခြားသောသူများသည် အဆင့်နိမ့် သို့မဟုတ် သေမျိုးအဆင့် တွေသာ ရှိသည်။ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် အား ပိုင်ဆိုင်သူဟူ၍ မတွေ့ချေ
ချင်းယန်တစ်မြို့လုံးတွင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်အား ပိုင်ဆိုင်သူသည် လီချင်းယန်တစ်ယောက်သာ ရှိလေသည်။ ထို့ကြောင့်ပင် လီချင်းယန် ကျော်ကြားခြင်း ဖြစ်မည်။
“ဘာပဲဖြစ်ဖြစ် ဂိုဏ်းဝင်ကို တစ်ရာပဲ လက်ခံလို့ရမယ်။”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ် စည်းကို ယူကာ အလတ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူ များ၏ ဖောင် အား ထုနှက်ကာ ဂိုဏ်းသားအဖြစ် အသိအမှတ်ပြုလိုက်၏။
“ဒင် …”
ဂိုဏ်းသား - ၄ / ၁၀၀။
“ဒင် …”
ဂိုဏ်းစုဆောင်းမှတ် - ၁၁ / ၁၀၀။
…..
…..