အခန်း (၁၇)
Vol. 2 Ch. 17
“ဒင် ….”
ဂိုဏ်းဝင် - ၅၃ / ၁၀၀။
“ဒင် ….”
ဂိုဏ်းစုဆောင်းမှတ် - ၆၀ / ၁၀၀။
ကျွင်းချောင်ရှောင်း တံဆိပ်တုံးကို ထုရင်း မကြာခင်မှာပဲ ဂိုဏ်းသားငါးဆယ်ကို လက်ခံလိုက်သည်။ စနစ် ဆီမှ အသံသည် သူ၏ နားထဲသို့ တစ်သံပြီး တစ်သံ ဝင်ရောက်လာသည်။ အမှန်ပင် နားထောင်၍ ကောင်းလွန်းလှ၏။
အသစ်ခေါ်ယူထားသော ဂိုဏ်းဝင်များတွင် ဆယ်ယောက်သည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်သူဖြစ်ပြီး ကျန်သော လေးဆယ်မှာ သေမျိုးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကြသည်။
အဝေးမှ ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် မနာလိုမှု အပြည့်နှင့် ဖြစ်နေကြ၏။
သူတို့ သိသလောက်ဆိုလျှင် ယခုနှစ် လူသစ်စုဆောင်းမှု၏ အဓိက လူတွေဖြစ်သော အလယ်အလတ် အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ဆယ်ယောက် နှင့် သေမျိုးအဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူ တော်တော်များများသည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။
ဟင်း …။
သူတို့အနေဖြင့် နောက်နှစ် လူသစ်စုဆောင်းပွဲကိုသာ စောင့်မျှော်ဖို့ ရှိတော့သည်။
တခြားသော ဂိုဏ်းများသည် အလွန်အမင်း စိတ်ဓာတ်ကျလျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်များကိုပါ ဂိုဏ်းသားအဖြစ် လက်ခံနေသောကြောင့်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည်လည်း တခြားသော နည်းလမ်းမရှိချေ။ လူ တစ်ရာ ပြည့်ရန် သူ့အနေနှင့် လက်ခံမှ ဖြစ်မည်။
ထို့အပြင် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီ နည်းပါးသည် ဆိုလျှင်တောင်မှ ကျင့်ကြံ၍တော့ရနိုင်သေးသည်။
“ဒင် ….”
“ဒင် ….”
………
ဂိုဏ်းဝင် - ၁၀၀ / ၁၀၀။
“ဒင် ….”
ဂိုဏ်းစုဆောင်းမှတ် - ၁၀၇ / ၁၀၀။
“ဒင် ….”
“ဂိုဏ်းဝင် ပြည့်သွားပါပြီ။ လက်ခံသူ အနေဖြင့် တပည့် ဆက်လက် လက်မခံခင် ဂိုဏ်းအဆောက်အအုံ အား ထပ်မံတိုးချဲ့ အဆင့်မြင့်တင်ရန် လိုအပ်သည်”
“ဂိုဏ်းဝင် ပြည့်နေသည်ကို အတင်းအကျပ် ဂိုဏ်းသား လက်ခံမည် ဆိုပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ကို သတိပြုပါ”
“ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံနေသည်။ လက်ခံသူအနေဖြင့် ၂၄ နာရီ အတွင်း သုံးစွဲရန် လိုအပ်ပြီး မဟုတ်ပါက ပိုလျှံနေသော စုဆောင်းမှတ်များအား အလိုအလျှောက် လျော့ချသွားမှာဖြစ်သည်။”
“ဂိုဏ်းဝင် ပြည့်ပြီ”
“ဒင် ….”
“စနစ်သည် ဂိုဏ်း၏ အောင်မြင်မှု အမှတ်နှင့် လက်ခံသူ အတွက် ဂိုဏ်းတာဝန်အား အလိုအလျှောက် ဖွင့်လှစ်ပေးခဲ့သည်”
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ သူ မြန်မြန်ပဲ စနစ်ကို ဖွင့်ကြည့်လိုက်၏။
ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း။
ဂိုဏ်းခေါင်းဆောင် - ကျွင်းချောင်ရှောင်။
ဂိုဏ်းအဆင့် - အဆင့်ကိုး။
ဂိုဏ်းအဆောက်အအုံ - အဆင့်တစ်။
ဂိုဏ်းဝင် - ၁၀၀ / ၁၀၀။
ဂိုဏ်းစုဆောင်းမှတ် ၁၀၇ / ၁၀၀။
ဂိုဏ်းအောင်မြင်မှု - ၀ / ၁၀၀။
ဂိုဏ်းတာဝန် - မရှိ။
ဂိုဏ်း၏ အဓိက တာဝန် - နှစ်တစ်ရာအတွင်း သံမဏိအရိုးဂိုဏ်းအား ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြိုင်စံရှားဂိုဏ်း ဖြစ်အောင် ပြုလုပ်ရန်နှင့် ဂိုဏ်းဝင် တစ်သိန်း စုဆောင်းရန်။ အချိန်ရောက်သည်အထိ တာဝန် မပြည့်စုံပါက လက်ခံသူ၏ ဝိညာဉ်အား ဖျက်ဆီးပစ်မည် ဖြစ်သည်။
“စနစ် …”
ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်သွားသည်။ “ဂိုဏ်းအောင်မြင်မှု အမှတ် နဲ့ ဂိုဏ်းတာဝန် ဆိုတာ ဘာကြီးလဲ”
စနစ်မှ ပြန်ပြောလာသည် “တပည့်လက်ခံ့ရမည့် ဂိုဏ်းတာဝန် ပြည့်စုံသွားခဲ့ပြီ။ တပည့်တွေကလည်း သက်ဆိုင်ရာ ဂိုဏ်းအောင်မြင်မှုကို တာဝန်ယူရမည်။”
ကျွင်းချောင်ရှောင်း နားလည်သွားသည် “အောင်မြင်မှု အမှတ်ကို ဘယ်လိုအသုံးပြုရမလဲ”
စနစ်မှ ရှင်းပြ၏ “အောင်မြင်မှုရမှတ် အများဆုံး ရောက်သွားလျှင် ဂိုဏ်းအား အဆင့်မြင့်တင်နိုင်သည်။”
ကျွင်းချောင်ရှောင်း ဆက်မေးလိုက်သည် “တပည့်လက်ခံခြင်းကလည်း ဂိုဏ်အဆောက်အအုံကို အဆင့်မြင့်တင်နိုင်တယ်လို့ မပြောခဲ့ဘူးလား။ ဒါကို ဘာလို့ နောက်ထပ် တစ်ခု ထပ်ပေါ်လာတာလဲ”
စနစ်မှ တည်ငြိမ်စွာပဲ ရှင်းပြလာသည် “တပည့် လက်ခံခြင်းက ဂိုဏ်းတာဝန်ကို အသက်ဝင်စေပြီး ဂိုဏ်းအဆောက်အအုံကိုလည်း တိုးတက်စေသည်။ တူသလိုလို နှင့် မတူညီပါ။”
“……..”
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။
ဂိုဏ်း၏ စုဆောင်းမှတ်အား သူ အာရုံထားကြည့်ရှုလိုက်သည်။ ပိုလျှံနေသော အမှတ်များအား နှစ်ဆယ့်လေးနာရီ အတွင်း လျော့ချတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ မြန်မြန် အသုံးပြုမှ ဖြစ်မည်။
ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ စဦးစတိုးကို ဖွင့်ကာ ပစ္စည်းတစ်ခုချင်းစီအား သေချာကြည့်ရှုလိုက်သည် ။နောက်ဆုံးမှာတော့ စဦးအဆင့် အအေးဓားကိုသာ ရွေးချယ် လဲလှယ်လိုက်တော့၏။
“ဒင် ….”
“လက်ခံသူသည် စုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြု၍ အအေးဓားအား လက်ခံရယူခဲ့သည်။ ဓားအား သိုလှောက်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပြီ”
“ဒင် ….”
ဂိုဏ်း စုဆောင်းမှတ် - ၉၇ / ၁၀၀။
ကျွင်းချောင်ရှောင်း အအေးဓား ရောင်းချရာ နေရာအား သေချာကြည့်လိုက်သည်။ တစ်လအတွင်း ဓား ၅ လက်သာ ဝယ်ယူနိုင်ကြောင်း ကန့်သတ်ထားသည်ကို တွေ့ရှိလိုက်ရ၏။
ကောင်းကင်ကို ငြင်းဆန်နိုင်လောက်သည့် ဆေးလုံး နှင့် အသိအမြင် အဆောင်တို့သည် တစ်လလျှင် တစ်ခု သာ ဝယ်ယူ၍ ရသည်။ လက်နက်များမှာတော့ ငါးဆ ပိုမို၍ ဝယ်ယူနိုင်ခွင့်ရှိနေသည်။
ကျွင်းချောင်ရှောင်း အဘယ့်ကြောင့် ဓားအား ရွေးချယ် ဝယ်ယူလိုက်သနည်း ဆိုသော် သူသည် ကိုးလှိုင်းဓားသိုင်း အား လေ့ကျင့်သောကြောင့် ဖြစ်သည်။ ဤဓား နည်းစနစ် သည် အဆင့်နိမ့်သော်လည်း နဝမမြောက် ဓားကွက်ကတော့ အလွန်အားကောင်းလှ၏။
သူ သိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ ပို့လွှတ်လိုက်သည်။
ချိန်ကိုက်ဗုံး၏ ဘေးတွင် ဓားတစ်လက်သည် လေထဲ လွင့်မျောနေကြောင်း သူ မြင်လိုက်ရသည်။ ဓားအိမ်တွင် ပုလဲလုံး နှစ်လုံး ရှိနေပြီး အပြာရောင် ဖျော့ဖျော့လေး လင်းလျက် ရှိ၏။
လျှောက်သွားပြီး အအေးဓားအား ကိုင်လိုက်တော့ သူ့လက်ဝါးဆီမှ အေးစက်တဲ့ ခံစားချက်တွေ စီးဝင်လာသည်။
“တော်တော်အေးတာပဲ”
“ဘယ်လောက်ကောင်းလဲ မသိဘူး”
ကျွင်းချောင်ရှောင်း ဓားလက်ကိုင်အား ဆွဲကိုင်ပြီး အသာဆွဲထုတ်လိုက်သည်။ သုံးပေရှည်သော ဓားရှည်တစ်ချောင်း ထွက်ပေါ်လာ၏။
“ဟူး … ဟူး …”
အေးစက်သော အော်ရာများသည် မျက်နှာကို လာရောက်ရိုက်ခတ်ပြီး သူ့ကိုပင် တုန်ခနဲ ဖြစ်သွားစေသည်။
စဦးအဆင့် အအေးဓား၏ ဗျက်နှင့် အရှည်သည် သာမာန်ဓားတစ်စင်းနှင့် ဘာမှမကွာခြားချေ။ သို့ပေမဲ့ ဓားဆီမှ အေးစက်သော အော်ရာတွ ထွက်ပေါ်နေသောကြောင့် သာမာန်ထက်ပိုသော ခံစားချက်ကို ရရှိစေ၏။
ကျွင်းချောင်ရှောင်းသည် ဓားနှင့် ပတ်သက်၍ နက်နက်နဲနဲ နားမလည်သော်လည်း သူ့နှလုံးသားထဲကတော့ ချီးကျူးလိုက်မိသည် “ဓားကောင်းတစ်လက်ပဲ.. ဈေးသက်သာလိုက်တာ”
“ဂိုဏ်းချုပ် …”
လုချင်းချင်း မျက်နှာသုန်မှုန်စွာဖြင့် မေး၏ “ဘယ်သူ့ကို ဈေးသက်သာတယ်လို့ ပြောနေတာလဲ”
ကျွင်းချောင်ရှောင်း ရယ်လိုက်သည် “ကိုယ့်ကိုယ်ကိုယ် ပြောနေတာပါ”
“…….”
လီချင်းယန် နှင့် တခြားသောသူများသည် ဆွံ့အသွားကြသည်။
ကိုယ့်ကိုယ်ကိုယ် ဈေးပေါသည် ဟု ပြောနေခြင်း … သူတို့၏ ဂိုဏ်းချုပ်သည် အနည်းငယ်တော့ ထူးဆန်းလွန်း၏။
လုချင်းချင်းသည် မျက်လုံးတွေ ချာချာလည်သွားရ၏ “လူတွေအများကြီး စောင့်နေကြတယ်။ မြန်မြန်ပဲ တံဆိပ်တုံး ထုပေးပါ ဂိုဏ်းချုပ်”
“မလိုဘူး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အရေအတွက်က လုံလောက်ပြီ။ လူအရမ်းများရင် ငါ စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။”
စနစ်ကလည်း တပည့်တွေ အများကြီး မခေါ်ယူရန် သတိပေးထားပြီးဖြစ်ပြီ။ မလိုက်နာပါက အပြစ်ပေးခံရလိမ့်မည်။ ထို့ကြောင့် လက်လွတ်စပယ် မပြုလုပ်ရဲချေ။
ထို့အပြင် ကျန်ရှိနေသေးသော လူငယ်များသည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် ကိုသာ ပိုင်ဆိုင်ကြပြီး စွမ်းအင်ဖွင့်ခြင်း အဆင့်တစ် ၌သာ ရှိနေကြသည်။ ထို့ကြောင့် တကူးတက ခေါ်ယူဖို့ မလိုချေ။
“ချင်းယန်”
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်သည် “ပစ္စည်းတွေ သိမ်းတော့ … ပြန်မယ်”
“ဟမ်.. လူ ထပ်မခေါ်တော့ဘူးလား”
“ဂိုဏ်းချုပ်ကျွင်း .. ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂိုဏ်းထဲ ခေါ်ပါအုံး”
များပြားလှသော လူငယ်များသည် တစ်ယောက်ပြီး တစ်ယောက် တောင်းပန်လာကြသည်။
ကျွင်းချောင်ရှောင် အကူအညီမဲ့စွာ ပြောလိုက်သည် “ငါ့ရဲ့ သံမဏိအရိုးဂိုဏ်က အရမ်းသေးတယ်။ ဒါကြောင့် လူအများကြီးမခေါ်နိုင်ဘူး။ မင်းတို့ ဂိုဏ်းထဲ ဝင်ချင်တယ် ဆိုရင် သိုင်းတပည့် အဆင့်ထိ ရောက်အောင် လေ့ကျင့်ပြီးရင် ငါ့ရဲ့ ဂိုဏ်းဆီ လာခဲ့ပါ”
“ဟင်း …”
လူငယ်လူရွယ်များသည် စိတ်ပျက်သွားကြသည်။
ထူးချွန်လှသောဆရာ၊ အရင်းအမြစ် စသော အခွင့်အရေး တွေ မရှိဘဲနှင့် သူတို့သည် သိုင်းတပည့်အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်သည်ကို နားလည်ကြ၏။
“ဂိုဏ်းချုပ် …”
လီချင်းယန် ပြောလိုက်သည် “ကျွန်တော်တို့ သွားလို့ရပါပြီ။”
“ဒါဆို သွားကြစို့”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီး လှည့်ကာ ထွက်လိုက်သည်။
ချင်းယန်မြို့သို့ ရောက်ရှိစဉ်က သူ့တွင် တပည့် တစ်ဦးသာ ရှိသည်။ ထို့အပြင် ငွေကြေးအရလည်း အလွန်ဆင်းရဲ၏။ ယခု ချင်းယန်မြို့မှ ပြန်လည် ထွက်ခွာစဉ်မှာတော့ ပိုက်ဆံ၊ သိုင်းနည်းစနစ်၊ ကျင့်ကြံခြင်း နည်းစနစ် တို့အပြင် တပည့်တပန်းတွေသည်လည်း အများအပြား ပါလာတော့၏။
“ရပ်စမ်း”
သို့ပေမဲ့ သူတို့ လူသစ်စုဆောင်းခြင်း တည်နေရာထဲကနေ မထွက်ခွာရသေးခင်မှာပဲ အေးစက်စက် အသံတစ်ခုသည် သူတို့နောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။
“ဟမ်…”
ကျွင်းချောင်ရှောင်း ရပ်တန့်ကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။
အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် လူငယ် တပည့်တပန်းတွေ ခြံရံ၍ လျှောက်လှမ်းလာ၏။
“ဒါ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းရဲ့ အကြီးအကဲ ဝေရင်နု မဟုတ်လား”
“မျက်နှာပုံစံကို ကြည့်ရတာ သံမဏိအရိုးဂိုဏ်းကို ပြဿနာ လာရှာတာ နေမယ်။”
“အကြီးအကဲဝေ က ဒေါသကြီးတယ်။ သူ ဒါမှမဟုတ် သူ့ဂိုဏ်းမှ တပည့် တစ်ယောက်ယောက်ကို ရန်စမိရင် လုံးဝ လက်လွှတ်ပေးတတ်သူ မဟုတ်ဘူး။”
များပြားလှသော ကျင့်ကြံသူများသည် တီးတိုးဆွေးနွေးနေကြသည်။
ဝေရင်နု တို့ လျှောက်လာသည်ကို မြင်တော့ အသာနောက်ဆုတ်ပြီး လမ်းဖယ်ပေးလိုက်ကြ၏။
ထိုအရာကို မြင်တော့ ကျွင်းချောင်ရှောင်းတွေးလိုက်သည် “ဒီလူက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကလား။ ဘာလို့ လူတွေ အများကြီး ခေါ်လာတာလဲ”
ဝေရင်နု တို့သည် စုစုပေါင်း ညီအစ်ကို လေးယောက်ရှိကြသည်။ သူတို့အားလုံးသည် အဆင့်ငါး နတ်စမ်းချောင်းဂိုဏ်း၏ တပည့်များ ဖြစ်ဖူးကြသည်။ ကျင့်ကြံအောင်မြင်ပြီးနောက်မှာတော့ သူတို့သည် ဂိုဏ်းမှ တရားဝင် ဆင်းသက်လာပြီး စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား တည်ထောင်ခဲ့ကြသည်။ အကြီးဆုံး အစ်ကိုကြီးသည် ဂိုဏ်းချုပ်ဖြစ်ပြီး ကျန် ညီအစ်ကို သုံးယောက်မှာ အကြီးအကဲများ အဖြစ် တာဝန်ယူကြသည်။
ဂိုဏ်းတော်တော်များများသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား မကြောက်ရွံ့ကြချေ။ သို့ပေမဲ့ နတ်စမ်းချောင်း ဂိုဏ်းအားတော့ ကြောက်လန့်ကြ၏။
ဆိုရလျှင် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် ကြီးမားလှသော နောက်ခံကို ပိုင်ဆိုင်သော ဂိုဏ်းတစ်ခု ဖြစ်တော့သည်။