အခန်း (၁၈)
Vol. 2 Ch. 18
ကျွင်းချောင်ရှောင်သည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြောင်း ဘာမှမသိပေ။ ထို့ကြောင့် ပြုံးကာ ပြောလိုက်သည် “ဘာကိစ္စလဲ”
“အင်း .. ကိစ္စတစ်ခု ရှိတာပေါ့”
ဝေရင်နုသည် အမြန်လျှောက်လာသည်။ သူ့မျက်လုံးထဲတွင် အထင်သေးမှုတွေနှင့် ပြည့်နှက်နေ၏ “မင်း ငါ့ရဲ့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းတပည့်ကို ရိုက်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်မယ်လို့ တွေးနေတာလဲ”
“ဘာ …”
“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း တပည့်ကို ရိုက်ခဲ့တယ် ဟုတ်လား”
“သံမဏိအရိုးဂိုဏ်းကတော့ ပြဿနာပဲ”
“လွန်ခဲ့တဲ့နှစ်က အဆင့်ရှစ်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းသားတစ်ယောက်က စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းသား တစ်ယောက်ကို ရိုက်နှက်ခဲ့တယ်။ ရလဒ်အနေနဲ့ အဲဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် ဂိုဏ်းတပည့်တွေ အားလုံးကို ခေါ်ပြီး တရားဝင် သွားတောင်းပန်ခဲ့ရတယ်။”
“ပြီးတော့ ဘာဆက်ဖြစ်သေးလဲ”
“ရိုက်ခဲ့တဲ့ တပည့်ကို ဒုက္ခိတ ဖြစ်အောင် ရိုက်နှက်ပြီး ဂိုဏ်းက နှင်ထုတ်ပေးလိုက်ရတယ်။ ဒါအပြင် အဆင့်ရှစ် ဂိုဏ်းတစ်ခု က စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို လျော်ကြေးအနေနဲ့ ပိုက်ဆံ တော်တော် ပေးလိုက်ရသေးတယ်။”
“ဒါဆို သံမဏိ အရိုးဂိုဏ်းကတော့ ဒုက္ခရောက်ပြီပဲ။”
အားလုံးက တီးတိုးဆွေးနွေးရင်းကနေ ကျွင်းချောင်ရှောင်းအား ကိုယ်ချင်းစာသော အကြည့်နှင့် ကြည့်လိုက်မိကြ၏။
တော်ဝင်ဓားမော့ဂိုဏ်းမှ စီမံအုပ်ချုပ်သူ က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည် “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ကို ရန်စတယ် ဆိုတာ ငရဲမင်းကို ရန်စတာနဲ့ တူတူပဲ ဆိုတာ မသိဘူးလား ။ ဒီကောင် ကံဘယ်လောက်ဆိုးလဲ ဆိုတာ စောင့်ကြည့်မယ်”
တည်နေရာထဲမှာ ရှိနေသော ကျင်ကြံသူများသည် ပိုက်ဆံပေးကာ ကျွင်းချောင်ရှောင်းဆီမှ လမ်းညွှန်မှုကို ခံယူခဲ့ရသည်။ သို့ပေမဲ့ သူတို့ကတော့ မသွားခဲ့ကြချေ။ ကျွင်းချောင်ရှောင်းအား အထင်သေး၊ ကဲ့ရဲ့ခဲ့ကြသည်မှာ သူတို့ဂိုဏ်းနှင့် ကျားဟိန်းသံ ဂိုဏ်းက အများဆုံးမဟုတ်လား။
ယခု စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအကြီးအကဲ ထွက်ပေါ်လာသည်ကို မြင်တော့ သူတို့၏ ကျဆင်းနေသော စိတ်ဓာတ်များသည် ပြန်၍ တိုးတက်လာခဲ့သည်။ ကျွင်းချောင်ရှောင်း အနိုင်ကျင့် ၊ တိုက်ခိုက်ခံရသည်ကို သူတို့ မြင်ချင်နေမိသည်။
“ဒီတော့ ခင်ဗျားက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကလား”
ကျွင်းချောင်ရှောင်း ယခုမှ သိသလို အမူအရာမျိုး ဟန်လုပ်ကာ ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ သူတို့ကို ရိုက်ခဲ့တယ်။ ကျုပ် သူတို့ကို ရိုက်ခဲ့တယ်” သူ ပြန်လည်တွက်ချက်ကာ ပြောလိုက်သည် “စုစုပေါင်း ငါးယောက် ဖြစ်မယ်”
ငါးယောက်တောင်လား။
ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။
လွန်ခဲ့သောနှစ်က တစ်ယောက်တည်းကို ရိုက်နှက်ခဲ့သော အဆင့်ရှစ် ဂိုဏ်းသားသည် ဘဝပျက် ဒုက္ခရောက်ခဲ့ရ၏။ ယခု ငါးယောက်တောင် ရိုက်နှက်ခဲ့သည် ဆိုတော့ ပြန်လည် တောင်းပန်၍ပင် ရမည် မဟုတ်တော့ချေ။
ဝေရင်နု ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ဝန်ခံပြီဆိုတော့ ရိုက်ခံလိုက်ရတဲ့ တပည့်တွေ အတွက် ကျုပ်က တရားမျှတမှု လိုချင်တယ်”
“ဒင် ……”
“တာဝန် အသက်ဝင်”
နောက်ထပ် တာဝန်လား။
ကျွင်းချောင်ရှောင်း မြန်မြန်ပဲ စနစ်ကို ဖွင့်ကြည့်လိုက်တော့ သီးခြားတာဝန် တစ်ခုကို မြင်လိုက်ရ၏ ။ ပြဿနာ လာရှာသော စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအကြီးအကဲ အား သင်ခန်းစာ ပေးရန် [အထူး တာဝန်]
“အထူးတာဝန်လား”
အထူးတာဝန်သည် ခက်ခဲသည်။ သို့သော် ရရှိမည့် ဆုလဒ်ကလည်း များပြားလှ၏။
စိတ်ဝင်စားစရာပဲ။
ကျွင်းချောင်ရှောင်း အကျင့်အတိုင်း သူ၏ နှာခေါင်းအား ပွတ်သပ်ရင်း ပြောလိုက်သည် “ခင်ဗျား တပည့်က ကျုပ် ဂိုဏ်းက မိန်းကလေးတပည့် ကို ထိကပါး ရိကပါး လုပ်တယ်။ ဒါကြောင့် ကျုပ်က ကြင်နာတဲ့အနေနဲ့ အပြစ်နည်းနည်းပေးလိုက်တာ။ အဲတာကို ဘယ်လိုသောက်ခွက်မျိုးနဲ့ ကျုပ်ရှေ့မှာ တရားမျှတမှု လာတောင်းဆိုနေရတာလဲ”
ရှိရှိသမျှသော ကျင့်ကြံသူများအားလုံး ဆွံ့အသွားကြသည်။
သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်သည် သောက်ရမ်းကြမ်းလွန်းသည်။ တစ်ဖက်လူ စိတ်ဆိုး ဒေါသထွက်မည် ကို အလုံးစုံ ဂရုမစိုက်ဘဲ မာမာထန်ထန် ပင် ပြန်လည် ပြောဆိုလျက်ရှိ၏။
တစ်ဖက်က ပြဿနာ လာရှာခြင်းဖြစ်ပြီး တစ်ဖက်ကတော့ တာဝန် ပြည့်ဝအောင် ပြုလုပ်ချင်နေသည်။
တရားမျှတမှုလား။
အဲတာ ဘာကို ပြောချင်တာလဲ။
တော်ဝင်ဓားမော့ဂိုဏ်း နှင့် ကျားဟိန်းသံဂိုဏ်း မှ တပည့်များသည် ကြိတ်ကာ ဝမ်းသာသွားကြသည်။
စိတ်ဝိညာဉ်စမ်းချောင်းအကြီးအကဲအား မဆဲရုံတမယ် မာမာထန်ထန် ပြောဆိုခြင်းသည် သေလမ်းရှာခြင်း နှင့် အတူတူပင် ဖြစ်၏။
ဝေရင်နု၏ မျက်နှာသည် မဲမှောင်သွားသည်။ မျက်လုံးထဲတွင် ဒေါသခိုးတွေ အပြည့်နှင့် ပြောလာသည် “အမှိုက်လေး .. မင်း သေလမ်းရှာနေတာလား”
“ခရက် …”
လက်သီးကို ဆုပ်လိုက်တော့ လက်ကောက်ဝတ်တွင် အလင်းကွင်း ဆယ့်နှစ်ကွင်း ပေါ်လာသည်။
“ဟမ့်…”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲ ဆိုတော့ ဆရာကြီး တစ်ယောက် မှတ်နေတာ။ စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ်ပဲ ရှိသေးတာကိုး။ တကယ့် အမှိုက်ပဲ”
အားလုံး ဆွံ့အသွားကြ၏။
မင်းတောင် ဂိုဏ်းချုပ်ဖြစ်ပြီး စွမ်းအင်ဖွင့်ခြင်းအဆင့်ငါးပဲ ရှိသေးတာ မဟုတ်လား။ ဘယ်လိုကြောင့် ဒီလို ပြောနိုင်တာလဲ။
အမှိုက်ဆိုသော စကားလုံးကိုကြားတော့ ဝေရင်နု၏ ဒေါသတရားသည် ပိုမို၍ ကြီးမားလာသည်။ ချက်ချင်းဆိုသလိုပဲ ဘေးတစ်ဖက်ဆီ လက်ညိုးထိုးပြကာ ပြောလိုက်သည် “အမှိုက်လေး .. မင်း သတ္တိရှိရင် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှာ စိန်ခေါ်ရဲလား”
အားလုံးက ဘေးတစ်ဖက်သို့ ဖယ်ပေးလိုက်တော့ ဆယ်မီတာ လောက် ကျယ်ပြန့်ပြီး သုံးမီတာလောက် မြင့်သော စင်မြင့်တစ်ခု ပေါ်လာသည်။
ထိုအရာသည် ချင်းယန်မြို့၏ သေခြင်းရှင်ခြင်း စင်မြင့်ပင် ဖြစ်သည်။
မြို့၏ စည်းကမ်းချက် လေးချက်ထဲတွင် တစ်ခုဖြစ်သော သိုင်းပညာရှင်များ မြို့တွင်း မတိုက်ခိုက်ရ ဟူသော စည်းမျဉ်းအား ချိုးဖျက်၍ တိုက်ခိုက်ချင်လျှင် သေခြင်းရှင်ခြင်း စင့်မြင့်ပေါ်တွင် စိန်ခေါ်နိုင်သည်။
“အကြီးအကဲဝေ စိန်ခေါ်လိုက်ပြီ”
တစ်ယောက် က ထအော်လိုက်၏။
သိုင်းပညာကို အခြေခံသော ကမ္ဘာဖြစ်သည်မို့ သိုင်းပညာချင်း ယှဉ်ပြိုင်ရန် ဖိတ်ခေါ်မှုသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း လက်ခံနိုင်လား”
“အားအင် ကွာခြားချက် က ကြီးမားလွန်းတယ်။ သူ့ဆီမှ ငြင်းပိုင်ခွင့်ရှိတယ်။ ဂိုဏ်းချုပ်ကျွင်းက သိုင်းတာအို နဲ့ ပတ်သက်ပြီး နုက်နက်နဲနဲ နားလည်တယ် ဆိုပေမဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျလွန်းတယ်။ သူ စိန်ခေါ်မှုကို လက်ခံမှာ မဟုတ်လောက်ဘူး”
“အမှန်ပဲ။ဒါပေမဲ့ သူက ဂိုဏ်းခေါင်းဆောင်လေ။ အကြီးအကဲဝေက စိန်ခေါ်တယ် ဆိုတော့ သူ့အနေနဲ့ လက်ခံမှ ဖြစ်မယ်။”
အားလုံးက ဆွေးနွေးရင်း ကျွင်းချောင်ရှောင်းအား ကြည့်နေကြသည်။ ထို့အပြင် သူတို့ မည်မျှ ဆွေးနွေးနေကြသည် ဖြစ်စေ စိန်ခေါ်ပွဲအား လက်ခံခြင်း ၊ လက်မခံခြင်းသည် ကျွင်းချောင်ရှောင်း ပေါ်တွင် မူတည်နေသည် မဟုတ်လား။
“ဂိုဏ်းချုပ်…”
လီချင်းယန်သည် တီးတိုးပြောလိုက်သည် “သေခြင်းရှင်ခြင်း စင်မြင့်ပေါ်ရောက်ရင် သေတာ၊ ရှင်တာ ဂရုစိုက်ကြတော့မှာ မဟုတ်ဘူးနော်”
“ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။
လီချင်းယန်သည် ဝေရင်နုအား ကြည့်ကာ ပြောလိုက်သည် “ဒီတပည့်က ဂိုဏ်းချုပ်အစား စိန်ခေါ်မှုကို လက်ခံပါတယ်”
ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းကာ ပြောလိုက်သည် “စိန်ခေါ်မှုကို အကြီးအကဲ တစ်ယောက်က လုပ်တာ။ ဂိုဏ်းသားတစ်ယောက် က ဝင်ပြီး စွန့်စားစရာ မလိုဘူးလေ”
ပြောပြီးတဲ့နောက် သူသည် သေခြင်းရှင်ခြင်း စင့်မြင့်ပေါ်သို့ လျှောက်တက်သွားလိုက်သည်။
“သူ စိန်ခေါ်မှုကို လက်ခံလိုက်တာပဲ”
“ဂိုဏ်းချုပ်ကျွင်း စိန်ခေါ်မှုကို လက်ခံလိုက်ပြီ”
“သူ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ပြာနှမ်းနေအေင် အရိုက်ခံရဖို့ များတယ်”
ကျင့်ကြံသူများ၏ စကားသံသည် ပိုမို၍ ကျယ်လောင်လာကြ၏။
အားလုံးထဲတွင် တော်ဝင်ဓားမော့ဂိုဏ်းနှင့် ကျားဟိန်းသံ ဂိုဏ်းမှ တပည့်များ၏ အသံသည် ပို၍ ဆူညံနေကြသည်။ သူတို့သည် အလွန်ပျော်ရွှင်နေကြသည်။
“ဒါက အဆင်အခြင်မဲ့လွန်းတယ်” လုချင်းချင်း မျက်မှောင်ကုတ်သွား၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း မှ အကြီးအကဲသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် တွင် ရှိနေသော ကျင့်ကြံသူဖြစ်ပြီး သူမတို့၏ ဂိုဏ်းချုပ်မှာတော့ စွမ်းအင်ဖွင့်ခြင်း အဆင့် ငါး တွင်သာ ရှိသည်။ ထိုမျှ ကွာခြားချက် ကြီးမားသည်ကို လက်ခံသည် ဆိုတော့ သေချင်နေတာပင် ဖြစ်နိုင်သည်။
တပည့်သစ်များသည်လည်း စိတ်ပူသွားကြသည်။ သူတို့၏ ဂိုဏ်းချုပ်သည် သိုင်းတာအို အပေါ် နားလည်မှုတွင် အလွန်နက်နဲသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်မှာ အလွန်နိမ့်ပါးသည်။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှ အကြီးအကဲအား မည်သို့ ရင်ဆိုင်မည်နည်း။
“ဟားဟားဟား …” ဝေရင်နုသည် သေခြင်းရှင်ခြင်း စင့်မြင့် ပေါ်သို့ ဟန်ပါပါ နှင့် တက်လာသည် “ကောင်လေး .. မင်းသာ ငကြောက်လေး ဆိုရင် ဒီအကြီးအကဲက လွှတ်ပေးလိုက်မလို့ပဲ။ အခု စင်မြင့်ပေါ် တက်ပြီးပြီ ဆိုတော့ သေဖို့သာ ပြင်လိုက်တော့”
“အဲလိုလား”
ကျွင်းချောင်ရှောင်း အလိုမကျသလို ပြန်မေးလိုက်သည်။
ဝေရင်နု အင်္ကျီလက်အား လိပ်တင်လိုက်၏။ သူ၏ ကြီးမားလှသော လက်မောင်းကြွက်သွားများ ပေါ်လာ၏။
“အကြီးအကဲဝေ ရဲ့ အဓိက ကျင့်ကြံခြင်းက ခန္ဓာကိုယ်ပဲ။ ဘာသိုင်းပညာကိုမှ ထုတ်မသုံးရင်တောင်မှ သူ့ရဲ့ လက်သီးတစ်ချက် က ဂျင်နှစ်ထောင် ကျောက်တုံးကို တစစီဖြစ်အောင် လုပ်လို့ရတယ်”
“ကောင်းကင်ဘုံ”
အားလုံးက သက်မချမိလိုက်ကြသည်။
စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် လက်သီးတစ်ချက်ဖြင့် ဂျင်နှစ်ထောင် ကျောက်တုံးအား ထိုးခွဲသည် ဆိုသည်မှာ အလွန်အားကောင်းကြောင်း သိသာ၏။
“အဲတာ ဘာမှမဟုတ်သေးဘူး”
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား တစ်ယောက်သည် ဂုဏ်ယူစွာဖြင့် ဝင်ပြောလိုက်သည် “ကျုပ်တို့ အကြီးအကဲဝေ က တောနက်ထဲမှ သိုင်းတပည့်အဆင့် သားရဲကို လက်ဗလာ နဲ့ အနိုင်ယူခဲ့တာ”
“ဘာ …”
အားလုံး တုန်လှုပ်သွားကြသည်။
သိုင်းတပည့်အဆင့် သားရဲအား လက်ဗလာနှင့် သတ်ဖြတ်ခြင်း။ စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်ခြင်းသည် အလွန်အားကောင်းလှကြောင်း ထင်သာမြင်သာ နေပြီ ဖြစ်သည်။
သားရဲသည် သူ မသတ်ဖြတ်နိုင်ခင်မှာ ဒဏ်ရာပြင်းထန်စွာ ရထားခဲ့သည် ဆိုသော်လည်း အားလုံးသော ကျင့်ကြံသူများ၏ တုန်လှုပ်နေသော မျက်နှာအမူအရာကို ကြည့်ပြီး ဝေရင်နု ဂုဏ်ယူစွာ ပြုံးလိုက်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား ကြည့်လိုက်တော့ နှပ်ချေးဖတ် နှိုက်ကာ မခိုးမခန့်နှင့် ရပ်လျှက် ရှိကြောင်း မြင်လိုက်ရ၏။
“ဟင် …”
ဂိုဏ်းအသီးသီးရှိ ကျင့်ကြံသူများသည် ဆွံ့အသွားကြသည်။
ဂုဏ်သိက္ခာကြီးမား၍ သေခြင်း၊ရှင်ခြင်း ဂုဏ်ဒြပ်တွေ ပိုင်ဆိုင်ထားသောကြောင့် အရှိံန်အဝါ ကြီးမားလှပါသည် ဆိုသော စင်မြင့်ပေါ်တွင် ရောက်နေသော်လည်း ကျွင်းချောင်းရှောင်း ဆိုသော အဆင့်ကိုး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် မထီမဲ့မြင်နှင့် နှပ်ချေးဖတ်ပင် နှိုက်လျှက် ရှိနေ၏။
ပို၍ ဆိုးရွားသည်မှာ နှိုက်၍ ပါလာသော နှပ်ချေးဖတ်ကာ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အကြီးအကဲ ဝေရင်နု၏ ဖိနပ်ရှိရာသို့ပင် လှမ်းပစ်လိုက်သေးသည်။
“အား …”
ဝေရင်နုသည် အရှက်ခွဲခံလိုက်ရသလို ခံစားမိသောကြောင့် ဒေါသတကြီး အော်ဟစ်ကာ ညာလက်သီးနှင့် ထိုးလွှတ်လိုက်တော့သည်။
“ဟူး ..ဟူး..”
ဝေရင်နု၏ တိုက်ခိုက်ချက်သည် စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ် ၏ အားအင်များ ပါဝင်သောကြောင့် ပတ်ဝန်းကျင်တွင် လေလှိုင်းများပင် ပေါ်လာသည်ကို မြင်လိုက်ကြရ၏။
ကျွင်းချောင်ရှောင်းမှာတော့ လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်နှာအမူအရာသည် ထူးမခြားနားသလို အေးအေးသက်သာပင် ရှိနေသည်။
“ဂိုဏ်းချုပ် ….”
လီချင်းယန်၏ မျက်နှာအမူအရာသည် အေးစက်သွား၏။
အမြဲတန်း အေးစက်စက် နေတတ်သော လုချင်းချင်း၏ မျက်နှာပေါ်တွင်လည်း စိတ်ပူသော အရိပ်အယောင် တွေ ထွက်ပေါ်လာသည်။
“သွားပြီ”
“ဒီကောင်တော့ မသေရင်တောင်မှ ဒဏ်ရာပြင်းထန်မှာ သေချာတယ်”
ဘုန်း …။
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော လေလှိုင်းတို့ကြောင့် ရှိရှိသမျှသော လူအားလုံးတို့၏ ဆံပင်တွေပင် လှုပ်ခါသွားတော့သည်။