← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

လောကဒေသ ၊ အဆုံးမဲ့ ရွှေနန်းတော်…

ဤရွှေနန်းတော်ကြီးက အလွန်ကြီးမား ကျယ်ပြန့်လှ၏။ အဝေးမှ လှမ်းကြည့်မည်ဆိုလျှင် ဧရာမရွှေစေတီကြီး တစ်ခုအလားပင်။

ရွှေနန်းတော်၏ အနောက်ဖက်က နေမင်းကြီးထွက်ပေါ်လာသည့်အချိန်၌ မီတာ(၁၀၀၀၀) တိုင်အောင် ရွှေရောင်အလင်းတန်းများ ဖြာထွက်သွား၏။

ရွှေနန်းတော် အနီးပတ်၀န်းကျင်တစ်ဝိုက်မှ သားရဲများနှင့် ကျင့်ကြံသူအားလုံး အသက်ရှုကြပ်သွားခဲ့ပြီး မသိစိတ်၏ စေခိုင်းမှုအရ အလိုလိုဦးညွှတ်မိလိုက်ကြသည်။ ၎င်းတို့၏ အမူအရာများက သူတို့ပင် သတိမထားမိဘဲ အလွန်လေးစားနေဟန် ဖြစ်ပေါ်နေ၏။

အဆုံးမဲ့ ရွှေနန်းတော်၏ ထိပ်ဆုံးအထပ် ၊ ကောင်းကင်ဘုံတည်နေရာ နန်းဆောင်ထဲတွင်…

မိုးပြာရောင်အလင်းတန်းများ ရစ်သိုင်းနေသည့် တာအိုဆရာသခင်တစ်ဦးက နှဖူးအား ပွတ်လျက် ထိုင်နေ၏။ သူ၏ နောက်တွင် ထူးဆန်းသည့်သားရဲ‌တစ်ကောင်ရှိနေပြီး ၎င်းထံမှကြောက်မက်ဖွယ် အငွေ့အသက်များ ရံဖန်ရံခါ ထွက်ပေါ်နေသည်။

တာအိုဆရာသခင်၏ တစ်ဖက်တွင်မူ ရွှေနီရောင် အလင်းကြိုးလေးများ ရစ်သိုင်းနေသည့် ရွှေဘုရင်လင်း ထိုင်နေခဲ့ပြီး သူ့လက်တွင်းမှ နယ်ရုပ်တစ်ခုအား စစ်တုရင်ခုံပေါ်သို့ တင်လိုက်သည်။

“ ထပ်…”

တိုးညှင်းသောအသံတစ်ခု ထွက်ပေါ်လာပြီး၌ ရွှေဘုရင်လင်း၏ မျက်နှာထက်တွင် အံ့အားသင့်နေဟန်များ ထွက်ပေါ်လာခဲ့သည်။

“ ဘာဖြစ်လို့လဲ…”

တာအိုသခင်က အနည်းငယ် အံ့ဩသွားပြီးမေးလိုက်သည်။ ရွှေဘုရင်လင်းက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး တော်တန်ရုံကိစ္စများက သူ့အား မျက်နှာပျက်စေမည်မဟုတ်ပေ။

“ အခြားဒေသက တစ်စုံတစ်ယောက်က ကျုပ်ရဲ့ ကျောက်စိမ်းကို ချိုးဖျက်လိုက်ပြီ… ကျုပ်သွားဖို့လိုအပ်နေပြီ…”

ကောင်းကင်ဒေသမှ ဖီးနစ်ဘိုးဘေးက ‌ကျောက်စိမ်းအား ချိုးဖျက်လိုက်ခြင်းဖြစ်သည်။

ရွှေဘုရင်လင်းက အနည်းငယ်ပြုံးလိုက်ပြီး

“ တာအိုဆရာ.. ကကျုပ်သွားလိုက်ဦးမယ်..”

ဘုန်း…

လေဟာနယ်အက်ကွဲသွားခဲ့ပြီး ကျောက်စိမ်းအဆောင်၏ ဆွဲငင်လမ်းကြောင်းပေးမှုအတိုင်း ရွှေဘုရင်လင်းက အတွင်းသို့‌၀င်ရောက်လိုက်သည်။

တာအိုဆရာဆိုသူက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး စားပွဲထက်မှ လက်ဖက်ရည်ခွက်အား ယူကာ အနည်းငယ်စုပ်သောက်လိုက်၏။

သို့သော် တခဏအကြာတွင် လေဟာနယ်အက်ကွဲသွားခဲ့ပြီး ရွှေဘုရင်လင်းက အရုပ်ဆိုးနေသော အမူအရာဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

“ ဘာဖြစ်လို့လဲ…”

တာအိုဆရာသခင်က အံ့အားသင့်စွာမေးလိုက်သည်။ သူ၏ လက်တွင်းမှ လဖက်ရည်ခွက်ကိုပင် အောက်သို့ ပြန်မချရသေးပေ။

မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်လည်း ကောင်းကင်ဘုရင်တစ်ယောက်ဖြစ်သည့် အားလျော်စွာ ရွှေဘုရင်လင်း၏စွမ်းအားကို ကောင်စွာနားလည်ထားသည်။

“ မဖြစ်နိုင်ဘူး…”

ရွှေဘုရင်လင်း၏ အမူအရာက ပျက်ယွင်းလျက်ရှိပြီး မယုံကြည်နိုင်ဟန်များလည်း အတိုင်းသား ပေါ်လွင်နေ၏။

“ အိုး…”

တာအိုဆရာသခင်၏ မျက်နှာထက်၌ စိတ်၀င်စားမှုများဖြစ်ပေါ်လာခဲ့သည်။

“ ဘယ်လိုလဲ.. ခင်ဗျား မဖြေရှင်းနိုင်ခဲ့ဘူးလား…”

သူတို့‌နေထိုင်သည့် လောကဒေသက တောင်းပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ (၁၀)ခုထဲတွင်ပါ၀င်သည်။ ဘုရင်လင်း ထွက်သွားသည့် ‌‌ဒေသမှ စိတ်ဝိညာဉ်စွမ်းအင်များအရဆိုလျှင် ၎င်းက ထိပ်တန်း(၂၀)အတွင်းမှဖြစ်နိုင်၏။

ထိုဒေသများတွင် အဆင့်အမြင့်ဆုံးက လူသားဘုရင်မဟုတ်ပေလော။

“ တခြားတစ်ဖက်ကလူကလည်း ကောင်းကင်ဘုရင်အဆင့်ပဲ…”

ရွှေဘုရင်လင်းက အသက်ပြင်းပြင်းရှုရင်းပြောလိုက်သည်။ သူ့မျက်၀န်းများထဲ၌ ထိတ်လန့်မှုနှင့် သံသယများဖြစ်ပေါ်နေ၏။

“ အဆင့်(၂၀)ထဲက ဒေသတစ်ခုမှာ ကောင်းကင်ဘုရင်အဆင့်တစ်ယောက် ရှိနေတာလား.. အဲ့‌ဒေသတော့ မြင့်တက်လာတော့မှာပဲ.. ဒါနဲ့ ဘယ်ဒေသများလဲ…”

မိုးပြာရောင်အလင်းတန်းများ ရစ်သိုင်းနေသည့် တာအိုဘုရင်ကမေးလိုက်သည်။ သူတို့၏ ‌ဒေသ၌ပင် ကောင်းကင်ဘုရင်ဆိုသည်မှာ ထိပ်ဆုံးစွမ်းအားဖြစ်၏။

ထိပ်တန်းဒေသ(၁၀)ခုမှလွဲ၍ တခြားဒေသများ၌ ကောင်းကင်ဘုရင်တစ်ဦး ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ ကောင်းကင်ဒေသ…”

ပင်းယု၏ တည်ရှိမှုအကြောင်းကိုတွေးမိလိုက်တိုင်း ဘုရင်လင်း၏ နှလုံးသားမှာ တုန်လှုပ်နေဆဲဖြစ်၏။

“ ဒါတင်မကသေးဘူး.? သူမက အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့်ပဲ…”

ဘုန်း…

အကန့်အသတ်မဲ့သည့် မိုးပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ တာအိုဆရာသခင်တစ်ယောက် ခေတ္တမျှ ထိန်းချုပ်မှုလွတ်သွားခြင်းဖြစ်ကာ ရှေ့မှ စစ်တုရင်ခုံပင် ပေါက်ကွဲသွားခဲ့သည်။

ထို့အပြင် ရွှေနန်းတော်၏ ထိပ်ဆုံးအထပ်မှ ပတ်၀န်းကျင်သို့ ဖိအားများ ဖြာထွက်သွားခဲ့ပြီး မရေမတွက်နိုင်သည့်လူများ မျက်နှာများဖြူဖျော့လျက် ဒူးထောက်ကျသွားခဲ့ကြ၏။

“ ကောင်းကင်ဒေသ…”

“ အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့်…”

အမြဲလိုလိုတည်ငြိမ်နေခဲ့သော တာအိုဘုရင်၏ မျက်နှာကား ထိတ်လန့်အံ့ဩမှုများဖြင့် ပြည့်နှက်ကာ ပျက်ယွင်းနေချေပြီ။

ထို အထွတ်အထိပ်ကောင်းကင်ဘုရင်က သူတို့လောကဒေသသို့ ရောက်လာလျှင်တောင် ‌ဒေသတစ်ခုလုံးတွင် အထွတ်အထိပ်တည်ရှိမှုဖြစ်သွားနိုင်သည်။

အထွတ်အထိပ် ကောင်းကင်ဘုရင်တစ်ဦးက သေးငယ်တဲ့ ဒေသလေးမှာတွက်ပေါ်လာတာလား…

ဒါက ကောင်းကင်ကို အံ့တုနေခြင်းမဟုတ်ပေလော…

……….

ကောင်းကင်ဒေသ၌..

အနောက်ပိုင်းနယ်မြေက ၀မ်မိသားစုနှင့် အရှေ့ပိုင်းနယ်မြေမှ ဖီးနစ်လှိုဏ်ဂူ ပျက်စီးသွားခဲ့ချေပြီ။

နှစ်ပေါင်းများစွာ တည်ငြိမ်လာခဲ့သော ကောင်းကင်ဒေသ၏ ဟန်ချက်မှာ နေ့၀က်အတွင်း ပျက်စီးသွားခဲ့၏။

ထို့အပြင် ထိပ်သီးအင်အားစုကြီးနှစ်ခု တစ်ပြိုင်နက်တည်း ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

ကိုင်မိသားစုလက်ချက်လား…?

ဒါမှမဟုတ် ချင်အင်ပါယားလား…?

ကောင်းကင်ဒေသမှလူများ ပဟေဠိဖြစ်နေခဲ့ကြသည်။ ၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူ ပျက်စီးသွားခဲ့သော်လည်း ထိုအင်အားစုနှစ်ခုကမူ ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့၏။

ထို့ကြောင့် လူပေါင်းများစွာတို့၏ သံသယများက ၎င်းတို့အပေါ် ကျရောက်သွားတော့သည်။

ကောင်းကင်ဒေသတစ်ခုလုံးတွင် ထိုသို့ပြုလုပ်နိုင်သော စွမ်းအားမှာလည်း ၎င်းတို့၌သာရှိ၏။

သို့သော် ထိပ်တန်းအင်အားစုကြီးနှစ်ခုက နေ့၀က်အတွင်းဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ကိုင်မိသားစုနှင့် ချင်အင်ပါယာတို့လက်ချက်ဆိုလျှင် ၎င်းတို့က အလွန်အံ့ဩဖွယ်ကောင်းနေမည်မဟုတ်ပေလော။

ထို့ကြောင့် လူအများစုက ကိုင်မိသားစုနှင့် ချင်အင်ပါယာကို တိတ်တဆိတ်စောင့်ကြည့်နေကြ၏။

အရှေ့ပိုင်းနယ်မြေနှင့် အနောက်ပိုင်းနယ်မြေဆိုသည်မှာ အလွန်ကြီးမားသည့် ကိတ်မုန့်ကြီးနှစ်လုံးဖြစ်သည်။ ၎င်းတို့၏ ဦးသျှောင်များ မရှိတော့သည်ဖြစ်ရာ လူတိုင်း စိတ်၀င်စားနေခဲ့ကြ၏။

ထိပ်သီးအင်အားစုကြီး လေးခုတွင် နှစ်ခုသာ ကျန်တော့သည်။

၎င်းတို့က အရှေ့ပိုင်းနယ်မြေနှင့် အနောက်ပိုင်းနယ်မြေအား သိမ်းပိုက်ရန်လာပါက သူတို့နှင့် ပူပေါင်းကာ အကူအညီပေးရန် ပြင်ဆင်ထားကြ၏။

ကိုင်မိသားစုလာလျှင် ကိုင်မိသားစုနှင့် လက်တွဲမည်ဖြစ်ပြီး ချင်အင်ပါယာ ရောက်လာပါက ချင်အင်ပါယာနှင့် လက်တွဲမည်ဖြစ်သည်။

ဝမ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူတို့၌ အရင်းအမြစ်များ မရေမတွက်နိုင်လောက်အောင်ပေါများသည်။ ကိုင်မိသားစုဖြစ်စေ ၊ ချင်အင်ပါယာဖြစ်စေ ၎င်းတို့အား သိမ်းပိုက်ပြီးပါက အနာဂါတ်တွင် အလွန်ကြီးထွားလာပေတော့မည်။

လူတိုင်း အချိန်တစ်ခုကြာအောင် စောင့်ဆိုင်ခဲ့ကြသော်လည်း သူတို့မျှော်လင့်ထားသလို ကိုင်မိသားစုနှင့် ချင်အင်ပါယာက လှုပ်ရှားလာခြင်းမရှိချေ။

တစ်ချို့ အင်အားစုများက စနည်းနာရန်အတွက် ၎င်းတို့၏ လူများအား အနောက်ပိုင်း‌နှင့် အရှေ့ပိုင်းနယ်မြေသို့ စေလွှတ်ခဲ့သည်။

သို့သော် သူတို့ပြန်လာချိန်၌ ၎င်းတို့၏ အမူအရာက အလွန်ရှုပ်ထွေးနေဟန်ရ၏။

“ အခြေအနေဘယ်လိုရှိလဲ…”

ထိုအင်အားစုခေါင်းဆောင်များက မျက်မှောင်ကြုတ်ကာ သူတို့လူများအား မေးလိုက်ကြသည်။

၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူအား ဖျက်ဆီးခဲ့သူက မည်သူဖြစ်စေ ၎င်းတို့၏ အနာဂါတ်အား ထိုအင်အားစုအပေါ်တွင် ပုံ၍လောင်းကြေးထပ်ရန် ထိုက်တန်၏။

ယခုအချိန်တွင် လက်အောက်သို့ ခို၀င်ထားမှ တန်ကာကျပေမည်။ မြန်လေကောင်းလေဖြစ်၏။

“ အဲ့တာက ရွှမ်မိသားစုပဲ…”

ထို သွားလေ့လာခဲ့သည့်လူက ထိတ်လန့်မှု မပျယ်သေးပုံပင်။ အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ခေါင်းဆောင်ဖြစ်သူအားကြည့်ကာ

“ အဲ့တာက ရွှမ်မိသားစု လက်ချက်ပဲ.. ရွှမ်မိသားစုဆိုတာ ကိုင်မိသားစု လက်အောက်ခံလေ.. သူတို့က ဟိုတလောက လွန်ခဲ့တဲ့ နှစ်(၂၀)တုန်းက ဖြန့်ကျက်ထားခဲ့တဲ့ မျိုးဆက်တွေကို ပြန်ခေါ်လာခဲ့တယ်… ဒါပေမယ့် အဲ့အထဲက ရွှမ်ယီဆိုတဲ့ တစ်ယောက်မှာ ကောင်းကင်ဘုရင်အဆင့် နောက်ခံ ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ…”

“ ၀မ်မိသားစု နဲ့ ဖီးနစ်လှိုဏ်ဂူက ရွှမ်ယီကို သတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ရွှမ်ယီနောက်က ကောင်းကင်ဘုရင်က အဲ့ဒီအင်အားစု နှစ်ခုလုံးကို ဖျက်ဆီးခဲ့တာပဲ… ဖီးနစ်လှိုဏ်ဂူကို ကူညီဖို့ရောက်လာတဲ့ ကောင်းကင်ဘုရင်တောင်မှ ရွှမ်ယီရဲ့ ဆရာကိုတွေ့ပြီး ချက်ချင်းထွက်ပြေးသွားခဲ့တယ်…”

“ ရွှမ်မိသားစု…! ကောင်းကင်ဘုရင်…”

ဘုန်း….

ထိုသတင်းအား သိ‌လိုက်ရသူတိုင်း အလွန်အမင်းအံ့ဩထိတ်လန့် သွားခဲ့ကြသည်။

All Chapters