အခန်း (၁၇၁)
Vol. 12 Ch. 171
သူတို့အားလုံးအံ့အားသင့်နေစဉ် ရွှမ်ယီနောက်တွင်ပါလာသည့် အဇူရာဘုရင်အားတွေ့လိုက်ရ၏။
“ အဇူရာဘုရင်ကို နှုတ်ဆက်ပါတယ်…”
ထို လူငယ်များအားလုံး အဇူရာဘုရင်အား နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် ရွှမ်ယီအား တချက် လှမ်းကြည့်လိုက်ကြ၏။
သူတို့၏ မျက်၀န်းများထဲ၌ ရှုပ်ထွေးမှုများဖြစ်ပေါ်နေခဲ့သည်။ သူတို့အားလုံး အဇူရာဒေသမှ ထိပ်ဆုံးပါရမီရှင်များဖြစ်ကြသော်လည်း ရွှမ်ယီနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက စိတ်ဓာတ်ကျစရာပင်။
သူတို့က အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများအဖြစ်သာရှိနေကြသေးသော်လည်း ရွှမ်ယီက ဘုရင်အဆင့်သို့ရောက်နေချေပြီ။
ပါရမီရှင်များဖြစ်သည့် အားလျော်စွာ အခြေတည်ဝိညာဉ်အဆင့်၌ အနည်းငယ်အဆင့်ကျော်တိုက်ခိုက်နိုင်ကြသည်။ သို့သော် ရွှမ်ယီကဲ့သို့ အခြေတည်ဝိညာဉ်အဆင့်ဖြင့် ဘုရင်အဆင့်အား တိုက်ခိုက်သတ်ဖြန်ရန်မူ စိတ်ကူးပင် မယဉ်ရဲကြချေ။
ရွှမ်ယီကပြုံးလိုက်ပြီး
“_မင်းတို့ ဗဟိုသူတော်စင်အကယ်ဒမီကိုသွားဖို့ တိုင်ပင်နေကြတာလား…”
မင်ယွဲ့ရှု၏ မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး အာတက်သရောဖြင့်
“ ဟုတ်တယ်.. ရှင်လည်း အဲ့ဒီကိစ္စကို ကြားခဲ့မှာပါ.. အဲ့တာက အရမ်းကိုကြီးမားတဲ့ အခွင့်ကောင်းတစ်ခုလေ…”
ရွှမ်ယီက ခေါင်းညိတ်ပြလိုက်၏။
သို့သော် ထိပ်တန်းအကယ်ဒမီကြီးငါးခု အကြောင်းနှင့် ဗဟိုသူတော်စင်အကယ်ဒမီအကြောင်း များစွာနားလည်ထားခြင်းမရှိချေ။
ဒါပေမယ့် အဇူရာဒေသလိုနေရာမျိုးလေးအတွက်တော့ အလွန်ခမ်းနားကြီးကျယ်သည့် အခွင့်အရေးကြီးဖြစ်ကြောင်း နားလည်ပေသည်။
“ သခင်လေးရွှမ်.. ရှင်လည်း ဗဟိုသူတော်စင် အကယ်ဒမီကိုသွားမှာလား… ရှင့်ရဲ့ ပါရမီနဲ့ဆို တောင်းပိုင်းတိုက်ကြီးက နံပါတ်(၁)ဖြစ်တဲ့ ပိုင်ချန်အကယ်ဒမီ ကိုတောင် အလွယ်တကူ၀င်နိုင်မှာအသေအချာပဲ…”
စကားဆုံးသည်နှင့် မင်ယွဲ့ရှု၏ အမူအရာက တစ်စုံတစ်ခုအားစိုးရိမ်ဟန်ဖြင့် အနည်းငယ်ပျက်ယွင်းသွားခဲ့သည်။
အကယ်၍ ရွှမ်ယီသာ ပိုင်ချန်အကယ်ဒမီသို့ သွားခဲ့ပါက အနာဂါတ်တွင် သူမတို့တွေ့ရဖို့ မလွယ်ကူနိုင်တော့ချေ။
“ ကျုပ်က ဗဟိုသူတော်စင် အကယ်ဒမီကိုသွားဖြစ်မှာပါ… ကျုပ်တို သေချာပေါက် အဲ့မှာ ဆုံနိုင်လိမ့်မယ်…”
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းက မင်ယွဲ့ရှု၏ အတွေးများအား နားလည်ဟန်ဖြင့် အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
ထိုအခါမှ မင်ယွဲ့ရှု၏ အမူအရာသက်တောင့်သက်သာဖြစ်သွားပြီး ပြန်လည်ပြုံးရွှင်လာ၏။
“ ကောင်းပြီလေ.. ဒါဆို ဗဟိုသူတော်စင်အကယ်ဒမီမှာ ဆုံကြတာပေါ့…”
ပတ်၀န်းကျင်မှ လူငယ်တစ်စုမှာ မသက်မသာခံစားနေရသည်။ သူတို့၏ နတ်ဘုရားမလေးက သူတို့အား တစ်ကြိမ်တစ်ခါမှ ဤကဲ့သို့ ပြုံးပြဖူးခြင်းမရှိချေ။
သို့သော် ထိုအပြုံးအား လက်ခံရရှိသူမှာ ရွှမ်ယီ ဖြစ်နေသည်ဖြစ်ရာ မည်သည့်မကောင်းသည့် အတွေးမှ မတွေးရဲကြချေ။
လူတိုင်းရှေ့သို့ အနည်းငယ်တိုးလိုက်ကြပြီး
“ ကျုပ်တို့အားလုံး မွေးရပ်မြေတူတဲ့အတွက် ဗဟိုသူတော်စင်အကယ်ဒမီကိုရောက်ရင် သခင်လေးရွှမ်က ဂရုစိုက်ပေးပါဦး…”
“ အမှန်ပဲ.. အဲ့ရောက်ရင် ကျုပ်တို့အားလုံး အတန်းဖော်တွေဖြစ်လာလိမ့်မယ်…”
ဗဟိုသူတော်စင်အကယ်ဒမီက ထိပ်တန်းဒေသကြီး (၁၀)ခုထဲမှ တစ်ခုဖြစ်သည့် သူတော်စင်ဒေသ၌ တည်ရှိသည်။ ထိုနေရာတွင် ကျွမ်းကျင်သူများမှာ တိမ်များအလား ပေါများလှ၏။ ဘုရင်အဆင့်ကျင့်ကြံသူအများအပြားရှိနေမည်ဖြစ်ပြီး ကောင်ကင်ဘုရင်ကဲ့သို့ တည်ရှိမှုမျိုးကိုပါ ကံကောင်းလျှင် တွေ့နိုင်မည်ဖြစ်သည်။
အားလုံး၏ မျက်၀န်းများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော်လည်း ရွှမ်ယီကတော့ ထိုကဲ့သို့မဟုတ်ချေ။ သူ၏ မျက်နှာက အနည်းငယ် အိုးတိုးအမ်းတန်းဖြစ်နေ၏။
သူက ၎င်းတို့မျှော်လင့်ထားသလို အတန်းဖော်ဖြစ်လာလိမ့်မည်မဟုတ်ချေ။ ထိုနေရာသို့ ဆရာအဖြစ် သွားရမည်ဖြစ်သည်။
သို့သော် ထိုကိစ္စအား ဤနေရာ၌ ထုတ်ပြောလိုစိတ်မရှိပေ။
နံဘေးတွင်ရပ်နေသော အဇူရာဘုရင်၏ မျက်၀န်းများက ရှုပ်ထွေးနေခဲ့သည်။ သူ၏ အကြည့်များက ရွှမ်ယီထံသို့ ရောက်သွားပြီးနောက် အနည်းငယ်တုန်လှုပ်သွားခဲ့ရ၏။
တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းအကယ်ဒမီကြီးငါးခုအနက် တစ်ခုအပါ၀င်ဖြစ်သော ဗဟိုသူတော်စင်အကယ်မီမှာ အဆင့်(၄) နေရာတွင်ရှိနေသည်ဖြစ်သော်လည်း သာမန်အကယ်ဒမီများ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
သူသိသလောက်ဆိုလျှင် ထိုနေရာ၌ သင်ကြားမည့်ဆရာတိုင်း ဘုရင်အဆင့်တွင်ရှိသည်ဟုဆိုသည်။
ရွှမ်ယီက ဘုရင်အဆင့်သို့ရောက်နေပြီဖြစ်၏။
‘ ဗဟိုသူတော်စင် အကယ်ဒမီမှာ ဘုရင်အဆင့်ရောက်နေတဲ့ ကျောင်းသားဆိုလို့ နည်းနည်းပဲရှိမယ်… ဒါဆို…’
အတွေးတစ်ခု ပေါ်လာပြီးနောက် အဇူရာဘုရင်တစ်ယောက် အလွန်တုန်လှုပ်သွားခဲ့၏။
‘ သူက ကျောင်းသားအနေနဲ့မဟုတ်ဘဲ ဆရာအနေနဲ့ သွားမယ့်သဘောလား….’
ထိုအတွေးများက အဇူရာဘုရင်၏ နှလုံးသားအား မုန်တိုင်းသဖွယ်ရိုက်ခတ်သွားလေသည်။
သူ၏ နှလုံးသားအတွင်းမှ တုန်လှုပ်မှုအား ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။ သူ၏ မျက်၀န်းများ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ပြီး အရှိန်အဝါက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ရွှမ်ယီက အဇူရာဘုရင်အား တစ်ချက်ကြည့်လိုက်ပြီး ထိုလူ ရိပ်မိသွားပြီးဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် ပြုံးရုံသာပြုံးလိုက်ပြီး ရှင်းပြမနေတော့ချေ။
ကျန်းချန်၏ မျက်၀န်းများက ရွှမ်ယီအား စိုက်ကြည့်ကာ တောက်ပလာခဲ့သည်။
ရွှမ်ယီက ဗဟိုသူတော်စင် အကယ်ဒမီသို့ သွားမည်ဖြစ်ကြောင်း ကြားပြီးနောက် သူ့မျက်၀န်းများက တောက်ပလာခဲ့ကာ နှလုံးသားထဲမှ ဓားရည်ရွယ်ချက်ပင် လှုပ်ခါလာခဲ့သည်။
သူက ရွှမ်ယီ၏ ခြေရာအတိုင်း လိုက်နင်းမည်ဟု ဆုံးဖြတ်ထားပြီး ရွှမ်ယီဆိုသည်မှာ သူ့အား ရှေ့သို့ဆက်သွားစေနိုင်မည့် တွန်းအားလည်းဖြစ်သလို လမ်းပြမီးအိမ်တစ်ခုလည်းဖြစ်၏။
သူသာ ဗဟိုသူတော်စင်အကယ်ဒမီသို့ ၀င်ရောက်နိုင်ပါက ရွှမ်ယီနှင့်အတူ ကျောင်းတစ်ခုတည်းတက်နိုင်တော့မည်။ တနည်းအားဖြင့်ဆိုရလျှင် ပညာအတူတူသင်ကြားနိုင်တော့မည်ဖြစ်၏။
“ အကယ်ဒမီကိုရောက်ရင် ဆရာဘယ်လိုရွေးချယ်ရမယ်ဆိုတာငါမသိဘူး.. ဒါပေမယ့် ငါကျန်းချန်.. ရွှမ်ယီနောက်ကိုပဲ လိုက်မယ်လို့ ဆုံးဖြတ်ထားတယ်…”
ရွှမ်ယီနှင့် အတူထိုင်ကာ သင်ကြားနိုင်တော့မည့်အဖြစ်အား တွေးကြည့်မိလိုက်လျှင် ကျန်းချန်၏ တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။
ကျန်းချန်၏ စကားကြောင့် နံဘေးမှ ချွန်ရှန်းအားလည်း တုန်လှုပ်သွားခဲ့အပြီး ပြူးကျယ်နေသော မျက်၀န်းများဖြင့် ရွှမ်ယီအား အထက်အောက် ကြည့်လိုက်မိသည်။
ထို ရွှမ်ယီဆိုသည့်က တခြားသော ရွေးချယ်ခံများနှင့် မတူညီကြောင်း သူမခံစားမိနေ၏။
သူမ၏ နောက်ခံကတော်တော်လေး ကြီးမားသည်ဖြစ်ရာ အဇူရာဒေသမှလူတိုင်းထက် ပိုမိုဗဟုသုတကြွယ်၀ပေသည်။
ထိုရွှမ်ယီ ရောက်လာချိန်၌ အဇူရာဘုရင်နှင့် တန်းတူလျှောက်လှမ်းလာခဲ့သည်။ ကြည့်ရသည်မှာ အဇူရာဘုရင်က ရွှမ်ယီအား အဆင့်တူဆက်ဆံနေဟန်ရ၏။
အဇူရာဘုရင်ကားမည်သူနည်း…
အဇူရာဒေသ၏ ထိပ်သီးကျွမ်းကျင်သူ ဆယ်ယောက်ထဲမှတစ်ယောက် ၊ အဇူရာအင်ပါယာမြို့တော်၏ အရှင်သခင်ဖြစ်သည်။
ဤအခြေအနေက ပင်လယ်နက်ဒေသရှိ ထိပ်တန်းအားအားစုကြီးသုံးခုအနက် တစ်ခုမှ ဆင်းသက်လာသည့် ချွန်ရှန်းအာကိုပင် မှင်သက်သွားစေသည်။
ရွှမ်ယီက ဤနေရာမှ လူများနှင့် ခေတ္တမျှ စကားပြောခဲ့ပြီးနောက် အဇူရာဘုရင်အာ အပြုံးတစ်ခုဖြင့် ဦးညွှတ်ကာ ပြုံးပြလိုက်၏။
သူ၏ ခန္ဓာကိုယ်က အနည်းငယ်တောက်ပလာခဲ့ပြီး ရှေ့မှ လေဟာနယ်က ရုတ်တရက် ကွဲအက်သွားခဲ့သည်။
ဘုန်း…
နက်နဲဓားဂိုဏ်း ၊ လိပ်နက်တောင်ထိပ်…
လေဟာနယ်အက်ကြောင်းတစ်ခုဖြစ်ပေါ်လာပြီး ၎င်းအတွင်းမှ ရွှမ်ယီထွက်ပေါ်လာခဲ့သည်။
“ ဘယ်သူလဲ…”
“ နက်နဲဓားဂိုဏ်းကို ဘယ်သူကျုးကျော်ရဲတာလဲကွ…”
နက်နဲဓားဂိုဏ်း၏ အနောက်ဘက်အခြမ်းရှိ တောင်တစ်လုံးထက်တွင် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ နေထိုင်ကြသည်။
သူတို့နှစ်ဦးလုံး ရွှမ်ယီ၏ အမိန့်အတိုင်း နက်နဲဓားဂိုဏ်းအား ကောင်းစွာ စောင့်ရှောက်ထားခဲ့ကြသည်။
ရွှမ်ယီ နက်နဲဓားဂိုဏ်းမှ ထွက်ခွာသွားသည်မှာ နှစ်၀က်မျှသာရှိသေး၏။
ထို့ကြောင့် သူတို့နှစ်ဦးလုံး သတိမလျော့ကြသေးဘဲ ယခင်အတိုင်း စောင့်ရှောက်နေကြသည်ဖြစ်ရာ လေဟာနယ် အက်ကွဲသွားသည်နှင့် ချက်ချင်းသတိထားမိခဲ့ကြသည်။
ချက်ချင်း ၎င်းတို့၏ ဖိအားများကို ထုတ်လွှတ်လိုက်ကြ၏။
ထို့နောက် ရွှမ်ယီ၏ရှေ့တွင် သတ်ဖြတ်ငွေ့များ ထွက်ပေါ်နေသည့် လူနှစ်ဦး ထွက်ပေါ်လာခဲ့သည်။
ဆေဘာဘုရင်၏ ဓားက ပေါက်ကွဲသံနှင့်အတူ လေထုအား ခွင်းလျက်ထွက်ပေါ်လာသော်လည်း ချက်ချင်းရပ်တန့်သွား၏။
“ သခင်လေး…”
ဆေဘာဘုရင်၏ မျက်၀န်းများပြူးကျယ်လျက် ကျူးကျော်လာသူအား ကြည့်နေခဲ့သည်။
ထိုကဲ့သို့ လေဟာနယ်အားခွဲဖွင့်ကာ တစ်နေရာနှင့် တစ်နေရာသို့ခရီးသွားခြင်းမှာ ဘုရင်အဆင့်ကျင့်ကြံသူသာ လုပ်နိုင်သည့်အရာဖြစ်ပေသည်။
သူတို့ သခင်လေးက အဇူရာဒေသမှ ထွက်သွားသည်မှာ တစ်နှစ်ပင်မကြာသေးဘဲ ဘုရင်အဆင့်သို့ရောက်နေပြီတဲ့လား…?
အသက်(၂၄)နှစ်အရွယ် ဘုရင်အဆင့်ကျင့်ကြံသူ…
ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့နှစ်ယောက်လုံး အလွန်အံ့အားသင့်သွားခဲ့ပြီး မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တင်းသွားခဲ့ကြသည်။