← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

“ သခင်လေးရွှမ်… မင်း…”

ရွှေဘုရင်တစ်ယောက် ထိန်လန့်မှုအား မဖုံးကွယ်နိုင်ဘဲ ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ၏ လက်အား ဆန့်ထုတ်ပြီး ရွှမ်ယီအား ထိတွေ့လိုက်၏။

“ ဆက်လုပ်ပါ…”

ရွှမ်ယီက ပြုံးပြလိုက်ပြီး ရွှေဘုရင်အား ဆက်လုပ်ရန်အချက်ပြလိုက်သည်။

ရွှမ်ယီထံမှ ခွင့်ပြုချက်ရလျှင် ရွှေဘုရင်က အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များအား သူ၏ လက်ဖဝါးသို့ စီးဆင်းစေလိုက်၏။ ထို့နောက် သူ၏ လက်ဖဝါးက ရွှေရောင်အလင်းများဖြင့် တောက်ပလာခဲ့သည်။

ဘုန်း…

စိတ်ဝိညာဉ်ဒြပ်စင်၏ လှုံ့ဆော်မှုအောက်တွင် ရွှမ်ယီ၏ ကိုယ်တွင်းမှ ဓားဒြပ်စင်က စူးရှသည့် မြည်ဟည်းသံပေးလျက် အလိုလိုထွက်ပေါ်လာခဲ့သည်။

ထို့နောက် ငွေဖြူရောင်ဓားဒြပ်စင်က ရွှေဘုရင်၏ လက်ထံသို့ တိုး၀င်သွားသည်။ စူးရှသောနာကျင်မှုကြောင့်‌ ရွှေဘုရင်က သူ၏လက်အား ချက်ချင်းပြန်လည်ရုတ်သိမ်းလိုက်ရ၏။

“ အာ့..”

ရွှေဘုရင်က မူလဘုရင်အစောပိုင်း ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော် ရွှမ်ယီ၏ ကိုယ်တွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထိုးသွင်းလိုက်ရာ အလိုလိုတုံ့ပြန်လာသည့် ဓားဒြပ်စင်အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။

“ သခင်လေးရွှမ်က အလယ်အလတ်မူလ ဘုရင်အဆင့်ကိုရောက်နေပြီပဲ…”

ရွှေဘုရင်၏ လေသံက မထိန်းချုပ်နိုင်ပဲ တုန်ခါနေခဲ့သည်။

ရွှမ်ယီက အသက်(၂၄)နှစ်သာရှိသေး၏။ သို့တိုင် နှစ်၀က်အတွင်း အခြေတည်ဝိညာဉ်အဆင့်(၉)မှနေ၍ အဆင့်နှစ်ဆင့်တိုင်တိုင်ခုန်တက်သွားကာ အလယ်အလတ်မူလဘုရင်အဆင့်သို့ ရောက်သွားခဲ့သည်။ ထိုတိုးတက်မှုက ရင်သပ်ရှုမောစရာပင်။

“ အမှန်ပဲ…”

ရွှမ်ယီက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ၏လက်တွင်း၌ အရောင်ငါးရောင်ပါ၀င်သည့် ရောင်စုံအလင်းကြိုးနှစ်ချောင်းထွက်ပေါ်လာခဲ့သည်။

“ ဒါကိုယူလိုက်.. ဒီရတနာထဲမှ ဥပဒေသစွမ်းအားတွေပါတယ်.. အဲ့တာက မင်းတို့ကျင့်ကြံမှုကို တိုးတက်စေလိမ့်မယ်…”

ရွှေဘုရင်က အံ့ဩတုန်လှုပ်စွာဖြင့် ထိုအလွန်ဆန်းကျယ်သည့် ရတနာအား လက်ခံလိုက်သည်။

ဘုရင်အဆင့်သို့ရောက်ရှိပြီးနောက် အဆင့်တစ်ဆင့်တက်ရန် မည်မျှခက်ခဲကြောင်း သူကောင်းစွာနားလည်ထားပေသည်။

သူက အစောပိုင်းမူလဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အလယ်အလတ်အဆင့်သို့ရောက်ရန် မည်ကဲ့သို့စွမ်းရည်မျိုးနှင့် မည်မျှကြိုးစားရန် လိုအပ်ကြောင်း ကောင်းစွာနားလည်ထား၏။

ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ အလွန်၀မ်းသာသွားခဲ့ကြသည်။ ရွှမ်ယီ၏ နောက်သို့လိုက်ပါက အလွန်အကျိုးရှိနိုင်ကြောင်း တွေးမိခဲ့ပြီး သူတို့ဆုံးဖြတ်ချက် မမှားယွင်းခဲ့ချေ။

“ ကျုပ်တို့ သခင်လေးရွှမ်အပေါ် သေတဲ့အထိ သစ္စာရှိပါ့မယ်လို့ ကျိန်ဆိုပါတယ်…”

ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့က ဦးညွှတ်ကာ အရိုအသေပေးပြီး သစ္စာပြုလိုက်ကြသည်။

ရွှမ်ယီက အသာအာပြုံးလိုက်၏။ သူ့တွင် ထိုကဲ့သို့ရတနာများ များစွာကျန်သေး၏။

၎င်းတို့က တစ်စုံတစ်ယောက်အား နောက်တစ်ဆင့်သို့တိုက်ရိုက်တွန်းပို့ပေးနိုင်မည်တော့မဟုတ်ပေ။ သို့သော် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့က ထိုအဆင့်သို့ရောက်နေသည်မှာကြာချေပြီ။ ၎င်းတို့အား အသုံးပြုပြီးလျှင် နောက်တစ်ဆင့်၏ တံခါး‌၀‌သို့ရောက်သွားမည်ဖြစ်၏။

“ ရွှမ်ယီ…”

ဂိုဏ်းချုပ်ကျန်းနန်ထျန်က အနည်းငယ်ပဟေဠိဖြစ်နေဟန်ဖြင့် ရှေ့တိုးလာခဲ့သည်။ သူက ရွှမ်ယီ၏ အရှိန်အဝါအား ခံစားမိနေသည်ဖြစ်ရာ မနေနိုင်ဘဲ အလွန်တုန်လှုပ်သွားခဲ့ရ၏။

‌ရွှမ်ယီကလည်း ရှေ့တိုးလိုက်ပြီး

“ ဂိုဏ်းချုပ်…”

ထို့နောက် အရင်းအမြစ်များစွာပါ၀င်သည့်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။ ထိုအထဲတွင် နက်နဲဓားဂိုဏ်းအား နောက်ထပ်နှစ်ပေါင်း(၁၀၀)လောက် အလွယ်တကူ ထောက်ပံ့ပေးနိုင်သော အရင်းအမြစ်များပါ၀င်သည်။

အတွင်းသို့စစ်ဆေးပြီးနောက် ကျန်းနန်ထျန် အလွန်မှင်သက်သွားခဲ့၏။

“ ကျုပ် တပည့်တွေကို သွားတွေ့လိုက်ဦးမယ်…”

ရွှမ်ယီက ပြုံးကာနှုတ်ဆက်လိုက်ပြီး အလင်းတန်းတစ်ခုအလား ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

တခဏအကြာတွင် ကုယီယီအပါအ၀င် တပည့်များအားလုံးရှေ့၌ ထွက်ပေါ်လာ၏။

ထို့နောက် တပည့်တစ်ဦးချင်းစီတိုင်းအတွက် အထူးတလှယ်ပြင်ဆင်လာသည့် အရင်းအမြစ်များအား ပေးအပ်လိုက်သည်။

ကုယီယီက ရေခဲဝိညာဉ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထား၏။ ၀မ်မိသားစုက နှင်းနယ်မြေတွင်တည်ရှိပြီး ၎င်းတို့ထံတွင် ထိပ်တန်းအဆင့် အအေးဓာတ်နှင့် ပတ်သက်သော ပစ္စည်းများအား ပိုင်ဆိုင်ထားသည်။

သူပေးအပ်ခဲ့သည့် အရာများက သူမအား အချိန်တိုအတွင်း များစွာတိုးတက်လာစေလိမ့်မည်။

လင်းဇီရင်၏ ပါရမီက အလွန်အမင်းကောင်းမွန်ခြင်းမရှိသော်လည်း ဓားတာအို၌ အလွန်ထူးချွန်ထက်မြက်သူ တစ်ဦးဖြစ်၏။ ရွှမ်ယီကလည်း ဓားတာအို၌ ထူးချွန်သူတစ်ဦးဖြစ်ရာ လင်းဇီရင်အတွက် အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့ထဲတွင် ဓားရည်ရွယ်ချက်ကျောက်တုံး ၊ ဓားကျောက်တိုင် စသည့်ပစ္စည်းများ များစွာပါ၀င်၏။ သူက ဓားတာအိုနှင့်ပတ်သက်သော လင်းဇီရင်၏စွမ်းရည်အား အပြည့်အ၀တူးဖော်ပေးနိုင်စွမ်းရှိသည်။

စစ်ထူချင်၏ ပါရမီကမူ ကောင်းကင်ကိုပင် အံ့တုနေသည်ဟု ဆိုရပေလိမ့်မည်။ သူမက ပါရမီအမှတ်(၃၀၀)ကျော်ရှိပြီး အင်ပါယာခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူဖြစ်သည်။

အရင်းအမြစ်များသာလုံလောက်ပါက အလွယ်တကူ အဆင့်တက်နိုင်သူဖြစ်၏။

နောက်တစ်ယောက်က ၀မ်ဟူ….

ရွှမ်ယီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ တပည့်များထဲတွင် ၀မ်ဟူ၏ အရည်အချင်းက အောက်ဆုံးဟုဆိုရပေမည်။

၎င်းတို့အား တူညီသည့် အရင်းအမြစ်များပေးထားခဲ့သည့်တိုင် အခြားသူများက ထိထိရောက်ရောက်အသုံးပြုနိုင်ခဲ့သော်လည်း ၀မ်ဟူကမူ အနည်းငယ်မျှသာ အသုံးပြုနိုင်ခဲ့သည်။

“ အင်း.. အဆင်ပြေပါတယ်.. မင်းက ငါ့တပည့်ဖြစ်နေမှတော့ အလွယ်တကူ ‌လက်မလျော့နိုင်ဘူး….”

ရွှမ်ယီက ၀မ်ဟူ၏ရှေ့၌ ရပ်တန့်လိုက်သည်။

ထို့နောက် တစ်ခဏမျှ စဉ်းစားလိုက်ပြီးလျှင် လျှို့ဝှက်နယ်မြေထဲမှ ရခဲ့သော ဆန်းကျယ်သည့်ရတနာအားထုတ်ကာ ၎င်းအတွင်းမှ ဥပဒေသစွမ်းအားများ၏ အသိမ်မွေ့ဆုံးအပိုင်းအားထုတ်ယူလိုက်သည်။

“ ဆရာ…”

၀မ်ဟူက မလှုပ်ဝံ့ပဲ ရေရွတ်လိုက်၏။

“ မျက်စိမှတ်လိုက်.. ပြီးတော့ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ထား…”

ဤ ဥပဒေသစွမ်းအားများက ၀မ်ဟူ၏ မွေးရပါ ပါရမီအား ပြောင်းလဲပေးရန်မလုံလောက်သော်လည်း သူ၏ နားလည်နိုင်စွမ်းအား ယာယီတိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၏ ရတနာများအား ၀မ်ဟူအသုံးပြုရာဥ၌ အလေအလွင့်နည်းစွာ စုပ်ယူနိုင်ပေလိမ့်မည်။

ဤသည်က ၀မ်ဟူ၏ အနာဂတ်ကျင့်ကြံမှုအပေါ် များစွာ အကျိုးသက်ရောက်မှုရှိနိုင်သည်။

တစ်ခဏအကြာတွင် ၀မ်ဟူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ တောက်ပလာခဲ့သည်။

ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၂)မှ အဆင့်(၉)သို့ ရောက်ရှိသွား၏။ သူက တခဏအတွင်း အဆင့်(၇)ဆင့် ခုန်တက်သွားခဲ့သော်လည်း ဥပ‌ဒေသစွမ်းအားများ၏ ထောက်ပံ့မှုအောက်တွင် အခြေအုတ်မြစ်မတည်ငြိမ်ခြင်းများမရှိပေ။

“ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ….”

၀မ်ဟူက ခန္ဓာကိုယ်တွင်းမှ အလွန်များပြားစွာတိုးတက်လာသည့် စွမ်းအားများအားခံစားမိလိုက်ပြီး မျက်လုံးများဖွင့်ကာ ရွှမ်ယီအား ကျေးဇူးတင်စကားဆိုလိုက်သည်။ သူ၏ မျက်၀န်းများထဲ၌ ကျေးဇူးတင်မှုများပြည့်နှက်နေခဲ့၏။

အကယ်၍ ရွှမ်ယီနှင့်သာမဆုံခဲ့လျှင် သူက ယခုအချိန်ထိ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာ ရှိနေပေလိမ့်မည်။

“ အင်း.. မင်းရဲ့ စွမ်းအားတွေနဲ့ အသားကျသွားအောင် အရင်လုပ်လိုက်ပါ… မင်းက ငါ့တပည့်တစ်ယောက်ဖြစ်နေတဲ့အတွက် မင်းရဲ့ ကျင့်ကြံခြင်းနိမ့်ကျမှုအပေါ် သူများတွေ လှောင်ရယ်မှာမျိုး ငါ သဘောမကျဘူး…”

ရွှမ်ယီက ကျေနပ်စွာခေါင်းညိတ်လိုက်၏။

ထိုအဆင့်၌ ကျင့်ကြံခြင်းအတွက် ဥပဒေသစွမ်းအားများကို အသုံးပြုခြင်းက အမှန်တကယ်ကို ဖြုန်းတီးမှုကြီးဖြစ်သည်။

အကယ်၍ ၎င်းအား အခြေတည်ဝိညာဉ်ထိပ်ဆုံးအဆင့်၌ အချိန်အကြာကြီးသောင်တင်နေသူတစ်ဦး သုံးလိုက်ပါက ချက်ချင်း ဘုရင်အဆင့်သို့ရောက်သွားစေနိုင်စွမ်းရှိသည်။

သို့သော် သူ့တပည့်အကျိုးအတွက်အသုံးပြုလိုက်သည်ဖြစ်ရာ ဖြုန်းတီးမိသည်ဟု မခံစားရတော့ပေ။

“ ဆရာ.. ဆရာ့ကို အသိပေးစရာတစ်ခုရှိတယ်…”

၀မ်ဟူက ခေါင်းကုတ်လိုက်ပြီး ခေါင်းကုတ်ကာ ရှက်နေဟန်ဖြင့်ပြောလိုက်၏။

“ ကျွန်တော် မူချင်းချင်းနဲ့ လက်ထပ်တော့မယ်…”

ရွှမ်ယီက အနည်းငယ်မျက်ခုံးပင့်လိုက်ပြီး

“ အိုး.. မူချင်းချင်းလား…”

အဇူရာဒေသ မဟာပြိုင်ပွဲကြီး၌ ၀မ်ဟူနှင့် မူချင်းချင်း တစ်ယောက်ကိုတစ်ယောက် တွေ့ခဲ့ကြခြင်းဖြစ်ပြီး အချင်းချင်းခံစားချက်များ ရှိခဲ့ကြသည်။

ရွှမ်ယီက တစ်ကိုယ်ကောင်းဆန်သူမဟုတ်ရာ ၎င်းတို့အား လွတ်လပ်စွာချစ်ကြိုက်ခွင့်ပေးခဲ့၏။

နှစ်၀က်အတွင်း ထိုနှစ်ယောက်က ဒီအခြေအနေထိတောင် ရောက်သွားခဲ့ပြီလော…

“ မင်္ဂလာပွဲကို ဘယ်မှာ ကျင်းပဖို့စိတ်ကူးထားလဲ…”

၀မ်ဟူက ရူးကြောင်ကြောင်အပြုံးတစ်ခု ပြုလုပ်လိုက်ပြီး

“ ချင်းချင်းတို့မိသားစုရှိတဲ့ ခရမ်းသစ်ခွနိုင်ငံမှာပါ….”

“ ကောင်းတယ်.. ဒါဆိုရင် ပထမဆုံး မင်းကို ၀မ်မိသားစုဆီကိုပြန်ပို့ပေးမယ်.. ပြီးရင် မင်းမိသားစုနဲ့အတူ ခရမ်းသစ်ခွနိုင်ငံကိုသွားကြတာပေါ့.. ဒီမင်္ဂလာပွဲကို ငါကိုယ်တိုင် ဦးဆောင်ပြီး ကျင်းပပေးမယ်….”

All Chapters