← Chapters

အခန်း (၁၇၄)

Vol. 12 Ch. 174

အခန်း (၁၇၄)

Vol. 12 Ch. 174

ရွှမ်ယီ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ၀မ်မိသားစုခေါင်းဆောင် ဘာတွေးနေမှန်းပြောနိုင်ပေသည်။

သူက ပြုံးလိုက်ပြီး အဆိုပြုမှုအား ငြင်းပယ်လိုက်၏။

“ နေပါစေတော့… ၀မ်မိသားစုထဲမှ ၀မ်ဟူကလွဲပြီး တစ်ခြားဘယ်သူ့ကိုမှမလိုချင်ဘူး…”

သူက ၀မ်မိသားစုတပည့်များကြားထဲတွင် ပါရမီအမှတ်(၄၀၀)ကျော်သူ တစ်ယောက်မှမတွေ့ခဲ့ပေ။

ရွှမ်ယီက ၀မ်မိသားစုက နှိမ့်ချနေခြင်းမဟုတ်ပေ။ ပတ်၀န်းကျင်မှ လူတိုင်း၏ ပါရမီအမှတ်များအား စစ်ဆေးခဲ့ပြီးဖြစ်သည်။

၀မ်မိသားစု၌ ပါရမီရှင်ဟုခေါ်သော လူငယ်များအားလုံး အမှတ်(၁၀၀)ပြည့်သူပင် တစ်ယောက်မှမရှိချေ။

အဆင့်အမြင့်ဆုံးသူကလည်း ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၄)၌သာရှိ၏။ ထို့အပြင် ထိုလူ၏အုတ်မြစ်ကလည်း တည်ငြိမ်ခြင်းမရှိချေ။

အရင်းအမြစ်များအားအသုံးပြုကာ ကျင့်ကြံဆင့်အား လျင်မြန်အောင် အတင်းအကြပ်တိုးမြှင့်ထားဟန်ရသည်။ ထိုကဲ့သို့လူမျိုးက ရွှမ်ယီ၏မျက်လုံးထဲတွင် အနည်းငယ်မျှအဖိုးတန်ခြင်းမရှိချေ။

၀မ်မိသားစုခေါင်းဆောင်၏ မျက်၀န်းများ ပြန်လည်မှိန်ဖျော့သွားခဲ့၏။ ရွှမ်ယီမြင်လျှင် အနည်းငယ်စိတ်ကောင်းသလိုခံစားလိုက်ရသည်။ သို့သော် ဝမ်မိသားစုမှလူငယ်များအားလုံး သူ့မျက်လုံးထဲ၀င်သူတစ်ယောက်မှ မရှိချေ။

၀မ်မိသားစုခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ခေါင်းထဲမှ အတွေးများအား ထုတ်ပစ်လိုက်သည်။

“ ‌ကောင်းပြီ.. ကျုပ်တို့ ၀မ်ဟူရဲ့ မင်္ဂလာပွဲအကြောင်းပြောကြတာပေါ့.. သူကောင်မလေးက ခရမ်းသစ်ခွနိုင်ငံ မူမိသားစုရဲ့ ဒုတိယသခင်မလေးပဲ… ပြောရမယ်ဆိုရင် မူမိသားစုက ခရမ်းသစ်ခွနိုင်ငံမှာတောင် အဆင့်အတန်းမြင့်တဲ့ မိသားစုတစ်ခုပဲ…”

ရွှမ်ယီက ခေတ္တရပ်တန့်ပြီး ပြုံးလိုက်၏။

“ ဒါပေမယ့် ၀မ်ဟူက ကျုပ်တပည့်ဖြစ်တဲ့အတွက် အဆင့်အတန်းခြင်းယှဉ်မယ်ဆိုရင် ဘယ်ဖက်ကမှ မနိမ့်ကျဘူး… ဒါကြောင့် အဆင့်အတန်းမြင့်တာ နိမ့်တာတွေက ထည့်စဉ်းစားနေစရာကိစ္စတော့မဟုတ်ဘူး…”

စကားဆုံးလျှင် ၀မ်မိသားစုခေါင်းဆောင်၏ ရင်ထဲ၌ ကြည်နူးမှုများဖြစ်ပေါ်လာခဲ့သည်။

ခရမ်းသစ်ခွနိုင်ငံမှ မူမိသားစုနှင့် လက်ထပ်ကြောင်းလမ်းခြင်းဆိုသည်မှာ သူ့အနေဖြင့် ယခင်က အိမ်မက်ပင်မမက်ဖူးသည့်အရာဖြစ်၏။

သို့သော် ယခုတွင် ရွှမ်ယီနှင့် ၀မ်ဟူတို့ကြောင့် လက်တွေ့ဖြစ်လာခဲ့ချေပြီ။

“ ၀မ်မိသားစုကို ကျုပ်လာခဲ့တာ ဒီကိစ္စကိုအကြောင်းကြားမလို့ပဲ… သုံးရက်ပြီးရင် ၀မ်ဟူနဲ့ မူချင်းချင်းတို့ ခရမ်းသစ်ခွနိုင်ငံမှာလက်ထပ်လိမ့်မယ်.. ပြင်ဆင်ထားကြပါ.. ဒီသုံးရက်ကြာရင် အားလုံးကို ကျုပ်လိုက်ပို့ပေးမယ်…”

ရွှမ်ယီက ပြုံးလိုက်ပြီး ၀မ်ဟူအား ၀မ်မိသားစုတွင်ထားခဲ့ကာ ထွက်ခွာလာတော့သည်။ နောက်သုံးရက်ဆိုလျှင် သူတို့အား ပြန်လာခေါ်မည်ဖြစ်၏။

ဤအတောအတွင်း သူ့အနေဖြင့် အဇူရာအင်ပါယာမြို့တော်သို့သွားကာ အဇူရာဘုရင် ၊ နှင်းဘုရင်နှင့် အဇူရာဒေသမှ ထိပ်တန်းပုဂ္ဂိုလ်များအား သွားရောက် ‌ဖိတ်ကြားရန်လိုအပ်သည်။

တပည့်ဖြစ်သူ၏ မင်္ဂလာပွဲဖြစ်သည့်အတွက် အကောင်းဆုံးကြိုးစားပေးရမည်။

…..

အဇူရာဒေသ ၊ ခရမ်းသစ်ခွနိုင်ငံ…

မူမိသားစုမှ မူဇောင်နှင့် မူချင်းချင်း သတို့သမီး၀တ်စုံအတွက် ဈေး၀ယ်နေသည်အား တစ်စုံတစ်ယောက် တွေ့မြင်သွားခဲ့၏။

ဤသို့ဖြင့် မူမိသားစုမှ ဒုတိယသခင်မလေး လက်ထပ်တော့မည့်သတင်းက ဘိုဒါမြို့ တစ်မြို့လုံးသို့ ပြန့်နှံ့သွားတော့သည်။

သတို့သား မည်သူမှန်းမသိကြသော်လည်း မူမိသားစုမှ ဒုတိယသခင်မလေးဖြစ်သည့် မူချင်းချင်းကမူ သူတို့မြို့၌ ကျော်ကြား၏။ သူမက အလွန်အမင်းလှပခြင်းမရှိသော်လည်း ဆက်ဆံရေးကောင်းမွန်သည်ဖြစ်ရာ ခရမ်းသစ်ခွနိုင်ငံရှိ သူမ၏ ပုံရိပ်မှာ ကောင်းမွန်သည်ဟုဆိုရပေမည်။

ဘိုဒါမြို့မှ လူအများစု၏အမြင်တွင် သူမနှင့်လက်ထပ်မည့်လူမှာ ဘိုဒါမြို့၏ ကြီးမြတ်သောမိသားစုသုံးစုထံမှ ဖြစ်သင့်သည်။

မင်္ဂလာပွဲနှင့်ပတ်သက်ပြီး အလျင်လို၍မရချေ။

သို့သော် ထူးဆန်းသည့်ကိစ္စတစ်ခုက မူမိသားစုက မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်းဖြင့် အလုပ်များနေသော်လည်း သတို့သားနှင့်ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာမှ ထွက်ပေါ်လာခြင်းမရှိချေ။

ဤသည်မှာ မူမိသားစုခေါင်းဆောင် မူရွှမ်၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်၏။

မူမိသားစု အမြင်တွင် ၀မ်ဟူ၏ဆရာမှာ ရွှမ်ယီဖြစ်သည်။ ထိုလူက အလွန်အစွမ်းထက်လှ၏။

ထိုကဲ့သို့ သန်မာသူများမှာ အားကောင်း‌သလောက် ထူးဆန်းသောစိတ်ထားလည်းရှိတတ်ကြသည်။ မမျှော်လင့်ထားသောကိစ္စများ ဖြစ်မလာနိုင်ဟု မည်သူမှမပြောနိုင်ပေ။

ယခု ၀မ်ဟူနှင့် မူချင်းချင်းတို့ လက်ထပ်ကြတော့မည်ဖြစ်သော်လည်း မူရွှမ်၏အမြင်တွင် ၎င်းက ၀မ်ဟူ၏ ဆုံးဖြတ်ချက်သာဖြစ်သည်။

မူမိသားစုကလည်း သူ့အား ငြင်းပယ်စရာမရှိချေ။ သို့သော် ၀မ်ဟူ၏ဆရာ ရွှမ်ယီက အဇူရာဒေသ၌မရှိပေ။ သူက မည်သည့်အချိန်တွင် ပြန်လာမည်ဖြစ်ကြောင်းမသိသလို ၀မ်ဟူ၏ မင်္ဂလာပွဲကိစ္စကိုလည်း သိရှိသေးဟန်မတူပေ။

ထို့ကြောင့် ဤလက်ထပ်ပွဲ၌ ရွှမ်ယီ၏ သဘောတူညီမှုလည်း မရထားသေးသည်ဖြစ်ရာ သူ၏ ဂုဏ်သတင်းကိုလည်း ယူငင်အသုံးပြု၍မရချေ။ အကယ်၍ ထိုလူပြန်လာချိန်၌ စိတ်တိုင်းမကျပါက မည်သို့လုပ်မည်နည်း။

ထိုအခါ မူမိသားစုတစ်ခုလုံး ဒုက္ခရောက်သွားနိုင်၏။

သူတို့ မူမိသားစုအနေဖြင့် ယခင်ကတည်းက ရွှမ်ယီကဲ့သို့ ရွှေပေါက်ကြီးအား ဖက်ထားရန် ဆုံးဖြတ်ထားကြသည်။ ဤသို့ဖြင့် အလွန်ကြီးမားသော နောက်ခံတစ်ခုအား ပိုင်ဆိုင်နိုင်မည်ဖြစ်၏။ သို့သော် သူတို့က ရွှမ်ယီ၏ ခွင့်ပြုချက်မရှိဘဲ ဘာမှမလုပ်ရဲကြချေ။

အဇူရာ ဒေသ၌ ရွှမ်ယီမရှိလျှင်တောင် ပတ်သက်ကြောင်းသတင်းများလွှင့်ကာ သူတို့၏ ဂုဏ်သတင်းမြင့်တက်လာစေရန် မဆောက်ရွက်ရဲကြပေ။

မူမိသားစုအသာထား ခရမ်းသစ်ခွနိုင်ငံမှ အဓိကမိသားစုကြီးသုံးခုပင် ရွှမ်ယီရှေ့၌ အနည်းငယ်မျှ မောက်မာရဲခြင်းမရှိချေ။

“ ဒီလက်ထပ်ပွဲသာ ကောင်းကောင်းမွန်မွန်နဲ့ဖြစ်လာပြီး အဆင်ပြေသွားမယ်ဆိုရင် ငါတို့မူမိသားစုက ခရမ်းသစ်ခွနိုင်ငံရဲ့ ထိပ်တန်းမိသားစုကြီးတစ်ခုဖြစ်လာလိမ့်မယ်… အဓိကမိသားစုကြီးသုံးခုမဟုတ်တော့ဘဲ လီ ၊ ဇောင် ၊ ဖန်း နဲ့ မူဆိုပြီး လေးခုဖြစ်လာမှာ အသေအချာဘဲ…”

မူမိသားစုခေါင်းဆောင်တစ်ယောက် ရေရွတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားမိလိုက်သည်။

ထိုအချိန်တွင်

ခရမ်းသစ်ခွနိုင်ငံရှိ အဓိကမိသားစုကြီးသုံးခုအနက် တစ်ခုဖြစ်သော ဖန်းမိသားစုတွင်

ခလွမ်း…

ဖန်းရှန်က ဖန်ခွက်တစ်လုံးအား ရိုက်ခွဲပစ်လိုက်သည်။ သူ့ မျက်နှာတစ်ခုလုံး မှောင်မဲနေပြီး အလွန်ဒေါသထွက်နေ၏။

သတင်းလာပေးသည့် အစေခံက တုန်ယင်စွာဖြင့် ကြမ်းပြင်၌ ဒူးထောက်နေခဲ့သည်။

ဖန်းမိသားစုမှ ဒုတိယသခင်လေး ဖန်းရှန်က မူချင်းချင်းအား ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်နေသည်မှာ ဘိုဒါတစ်မြို့လုံး မသိသူမရှိပေ။ အစက အဇူရာဒေသ မဟာပြိုင်ပွဲကြီးပြီးဆုံးလျှင် မူမိသားစုထံသို့ သွားရောက်နားဖောက်မည်ဟု ‌ဆုံးဖြတ်ခဲ့သော်လည်း အဆုံးတွင် မူချင်းချင်း၏ အေးစက်စက်သဘောထားကြောင့် ဖန်းရှန်က ဤကိစ္စအား နောက်ဆုတ်ထားခဲ့သည်။

အဇူရာဒေသ မဟာပြိုင်ပွဲကြီးပြီးဆုံးတာ ဘယ်လောက်ကြာသေးလို့လဲ။

မူချင်းချင်း ရုတ်တရက်ကြီး လက်ထပ်လိမ့်မည်ဟု မည်သူမျှ တွေးမိထားခြင်းမရှိချေ။

“ ဘယ်ခွေးသားလဲကွ…”

ဖန်းရှန်တစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်၏။ သူ၏ မျက်နှာက ရဲတွတ်နေချေပြီ။

ခရမ်းသစ်ခွနိုင်ငံ၏ ထိပ်တန်း မိသားစုကြီးဖြစ်သော ဖန်းမိသားစုမှ ဒုတိယသခင်လေးတစ်ယောက် အနေဖြင့် သူ၏ပုံရိပ်က နိမ့်ကျခြင်းမရှိချေ။ မူချင်းချင်းက လူတိုင်းလည်ပြန်ငေးရလောက်အောင် မလှပသော်လည်း သူမ၏ ပုံစံလေးအား သူအလွန်အမင်းနှစ်သက်ပေသည်။

သူ့စိတ်ထဲတွင် သူမနှင့် သင့်တော်သူမှာ သူမှတပါးတခြားသူမရှိဟု မူလကတွေးထားခဲ့၏။

ခရမ်းသစ်ခွတစ်နိုင်ငံလုံး လိုက်ရှာကြည့်လျှင်တောင် မူချင်းချင်းနှင့် ထိုက်တန်သူမှာ သူ ဖန်းရှန်မှ လွဲ၍ တခြားလူမဖြစ်နိုင်ပေ။

ထို့ကြောင့် မူချင်းချင်းက သူ့အပေါ် အေးစက်နေသည့်တိုင် ဖန်းရှန်က အနည်းငယ်မျှ စိတ်ပူခဲ့ခြင်းမရှိချေ။ မူချင်းချင်းက သူ့ရင်ခွင်ထဲသို့ ရောက်လာမည်ဟု တထစ်ချယုံကြည်ထားခဲ့သည်။ အနှေးနဲ့ အမြန်သာ ကွာခြားသွားပေလိမ့်မည်။

မူချင်းချင်းအား သူ၏ အပိုင်အဖြစ် သတ်မှတ်ထားခဲ့ပြီးသားဖြစ်သည်။

သို့သော် ယခုတွင် မူချင်းချင်းကား လက်ထပ်တော့မည်။ သူက ဖန်းမိသားစုမှ ဒုတိယသခင်လေးဖြစ်သည့်တိုင် သူမ မည်သူနှင့် လက်ထပ်မလဲဆိုတာကိုပင် မသိခဲ့ရချေ။

“ အမှိုက်…”

သူ၏ ဒေါသများအားက ရှေ့တွင်းဒူးထောက်နေသည့် အစေခံထံသို့ ပုံချကာ ကန်ကျောက်လိုက်သည်။

“ ရှေ့ကဖယ်စမ်း… ငါ့အစ်ကိုကို ချက်ချင်းသွားတွေ့ရမယ်…”

All Chapters